နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင်....
Vol. 28 Ch. 435
" မင်းတို့က ကြယ်သခင်ရဲ့ တပည့်တွေဖြစ်ရမယ်။ " ချွန်းပိုက လင်းယွမ်၏ ညွှန်ကြားချက်ဖြင့် ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။
နဂါးငွေ့တန်းကြယ်နယ်မြေက ကြီးထွားချဲ့ထွင်လိုလျှင် ဆင့်ကဲပြောင်းလဲသူ အများအပြားကို လိုအပ်လေသည်။ ချီခွန်မျိုးနွယ်တွင် လင်းယွမ်၏ လက်အောက်ငယ်သားများက အလွန်ကောင်းမွန်သော ကိုယ်စားလှယ်လောင်းများဖြစ်ကြလေသည်။
" ဝူလန်နဲ့ မိုလီတို့ ရောက်လာပြီ။ " လင်းယွမ်က တစ်ချက်မော့ကြည့်လိုက်ပြီး သူတို့ကို သိပ်အာရုံမထားပေ။
" ငါ့ရဲ့ နိယာမပေါင်းစည်းမှုက ၉၉.၉ ရာခိုင်နှုန်း ရှိသွားပြီ။ အချိန်မရွေးပေါင်းစည်းနိုင်တယ်။ "
လင်းယွမ်က သူ့ကိုသူ စစ်ဆေးလိုက်သည်။ " အခြားဆင့်ကဲပြောင်းလဲသူတွေရဲ့ အတွေ့အကြုံအရ သူတို့က နိယာမတွေ ပေါင်းစည်းပြီးတာနဲ့ ခဏအတွင်း နဝမအလွှာကို တက်ရောက်သွားကြတယ်။ "
" အဲ့ဒီခဏက အလိုအလျောက် ဆင့်ကဲပြောင်းလဲခြင်းကို ဆိုလိုတာပဲ။ ပေါင်းစည်းမှုကနေရတဲ့ စွမ်းအားက အတွင်းကမ္ဘာကို သက်ရောက်လာပြီး အဆင့်တစ်ခုရောက်တာနဲ့ နဝမအလွှာကို အလိုအလျောက် တက်လှမ်းသွားလိမ့်မယ်။ "
လင်းယွမ်က နဝမအလွှာသို့ မတက်လှမ်းမီ လုပ်စရာတစ်ခု ရှိနေသေးသည်။ သူက VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်ပြီး တောင်ထိပ်တစ်ခုတွင် ပေါ်လာသည်။ ကောင်းကင်အောက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြည့်လိုက်သည်။
" ငါ အခု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၀၁ခုကို နားလည်သွားပြီ။ နောက်ထပ် သုံးကျော်ဆို ငါက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဆိုးကျောက်စိမ်းနေရာမှ ကျောက်ရုပ်တုရှန်းကျိနှင့် တွေ့ဆုံပြီးနောက် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်အကြောင်း သတင်းအချက်အလက်များ ရရှိခဲ့သည်။
ထိုထဲတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် မည်မျှလိုအပ်ကြောင်းနှင့် အဆင့်မြင့်အဖွဲ့ဝင်ဖြစ်လာရန် မည်မျှလိုအပ်ကြောင်း ပါဝင်လေသည်။
လူတစ်ယောက် နားလည်ရန် လိုအပ်သော နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အရေအတွက် ထိုလူ၏ ခွန်အားနှင့် အဆင့်ပေါ်တွင်လည်း မူတည်လေသည်။
အဋ္ဌမအလွှာ သို့မဟုတ် အောက်အဆင့်မှသူများအတွက် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်လျှင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင် အလိုအလျောက် ဖြစ်မည်ဖြစ်သည်။
နဝမအလွှာများက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၆၆၆၆ခုကို နားလည်ရန် လိုအပ်လေသည်။
ဒသမအလွှာများကတော့ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အနည်းဆုံး ၁၀၀၀၀ သို့မဟုတ် ထိုထက်ပို၍ နားလည်ရန် လိုအပ်လေသည်။
ယခု လင်းယွမ်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်တော့မည်ဖြစ်သည်။ ၎င်းက အဋ္ဌမအလွှာတစ်ယောက်အတွက် နတ်ဆိုးကျောက်စိမ်းမျှော်စင်ရှိ သူတို့၏ အဖွဲ့ဝင်အဆင့်ကို မြှင့်တင်ရန် ကန့်သတ်ချက်ဖြစ်သည်။
လင်းယွမ်က နဝမအလွှာသို့ ဝင်ရောက်သွားလျှင် ထိုကန့်သတ်ချက်က ထပ်မံမြင့်တက်လာပေလိမ့်မည်။
" အခုကစပြီး ကျန်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို နားလည်အောင် လုပ်ရမယ်။ "
နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်ပြီးနောက် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကို သူသိချင်လေသည်။
VR ကမ္ဘာ တောင်ထိပ်များပေါ်တွင် ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြပြီး ကောင်းကင်အောက်မှ ခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်ရန် ကြိုးစားနေကြသည်။ စကြာဝဠာကို ကျော်လွန်နေသော ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို VR ကမ္ဘာတွင် သတ္တမအလွှာနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ လေ့လာနိုင်ရန် အဆင့်နိမ့်ထားခဲ့သည်။
" ကြည့်စမ် နဂါးငွေ့တန်းကြယ်သခင် ရှိနေတယ်။ "
"ဟုတ်တယ်။ သူက နဂါးငွေ့တန်းကြယ်သခင်ပဲ။ "
" အိုး နောက်ဆုံးတော့ နဂါးငွေ့တန်းကြယ်သခင်ကို ကိုယ်တိုင်တွေ့လိုက်ရပြီ။ "
အခြားတောင်ထိပ်များမှ ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကို သတိထားမိသွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
လင်းယွမ်၏ ဂုဏ်သတင်းက လူသားမျိုးနွယ်၏ ကြယ်ဒေသငါးခုတွင် ပျံ့နှံ့နေပြီး မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက အံ့ဩစရာများ ဆက်တိုက်ဖန်တီးနေသော နဂါးငွေ့တန်းကြယ်သခင်ကို လေးစားအားကျကြလေသည်။
" နဂါးငွေ့တန်းကြယ်သခင်က ဒီမှာရှိနေတော့ ငါတို့က နဂါးငွေ့တန်းကြယ်သခင်နဲ့ အတူတူ လေ့ကျင့်တာလို့ ပြောလို့ရတယ်မဟုတ်လား။ "
" နဂါးငွေ့တန်ကြယ်သခင်က ဒီလောက်အားကောင်းတာတောင် သေချာလေ့ကျင့်နေတော့ ငါတို့လည်း အပါးခိုနေလို့မရတော့ဘူး။ "
ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အတွေးများကို ဖလှယ်နေကြပြီး အချို့က စိတ်အားထက်သန်လာကြသည်။
လင်းယွမ်က အခြားတောင်ထိပ်မှ ဆင့်ကဲပြောင်းလဲသူများကို သတိထားမိလေသည်။ သို့သော် သူက သူတို့ကို သိပ်အာရုံမထားပေ။ သူ၏ အာရုံမှာ ခန္ဓာကိုယ်အစိတ်အပိုင်းရှိ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအား လေ့လာခြင်းအပေါ်တွင်သာ နစ်မြှုပ်ထားသည်။
နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုသည်မှာ ကျောက်ရုပ်တုရှန်းကျိက ထိုခန္ဓာကိုယ်အစိတ်အပိုင်းအတွင်းရှိ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ခေါ်ဆိုသည့် နာမည်ဖြစ်လေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိခန္ဓာကိုယ်ကို လေ့လာပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၂၅ခုမြောက်ကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိခန္ဓာကိုယ်ကို လေ့လာပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၂၆ ခုမြောက်ကို နားလည်သွားပါပြီ။ ]
အခြားသူများက နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်ရန် လပေါင်းများစွာ ကြိုးစားနေရသော်လည်း လင်းယွမ်က မိနစ်သုံးဆယ်ပင်မကြာဘဲ နားလည်သွားခဲ့သည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကလည်း သူရောက်ရှိနေသော အဆင့်အပေါ်တွင် မူတည်လေသည်။ သူက သတ္တမအလွှာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းကို ပထမဆုံးလေ့လာခဲ့စဉ်က နားလည်ရန် အချိန်အတော်ယူခဲ့ရသည်။
ယခု သူက အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ပြီး နဝမအလွှာနှင့် ခြေတစ်လှမ်းသာလိုသောကြောင့် သူ၏ နားလည်နိုင်စွမ်းကလည်း များစွာ တိုးတက်လာသည်။
" ၃၃၃၃၃ခုမြောက် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." မကြာမီ လင်းယွမ်က နောက်ဆုံး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ရန် စတင်ကြိုးစားလိုက်သည်။
" ဒီနတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ခံစားချက်တွေအကြောင်းပဲ။ " လင်းယွမ်က ဂရုတစိုက်ခံစားလိုက်သည်။
သက်ရှိတိုင်းတွင် ခံစားချက်များရှိပြီး ပြဿနာမှာ အတိုင်းအတာတစ်ခုတွင်သာ ဖြစ်သည်။ ခံစားချက်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက မိမိကိုယ်ကို ထိန်းချုပ်ခြင်းဖြစ်ပြီး မိမိတို့၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ကြသော သက်ရှိများကိုပင် ထိန်းချုပ်နိုင်လေသည်။
" သက်ရှိတွေရဲ့ ခံစားချက်တွေကို ဒီလိုအသုံးပြုရမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
သူက ကျယ်ပြန့်သော နိယာမများအပေါ်တွင်သာ အာရုံစိတ်ခဲ့ပြီး သက်ရှိများ၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသော ခံစားချက်များကို ထိုမျှ အသုံးဝင်နိုင်သည်ဟု မတွေးမိခဲ့ပေ။
လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ခံစားချက်များနှင့် စိတ်ဆန္ဒများကို အသုံးပြုခြင်းရှိသော်ခည်း နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကဲ့သို့ အသေးစိတ် တိကျခြင်းမရှိပေ။
" ခံစားချက်တွေနဲ့ ဆန္ဒတွေက ငါ့ရဲ့ အစိတ်အပိုင်းတွေပဲ။ သူတို့ကို ဘေးဖယ်ထားဖို့ မလိုဘူး။ " လင်းယွမ်က တိတ်ဆိတ်စွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။
တစ်ချိန်တည်းတ်ခင် သူက ထိနတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားသည်နှင့် တပြိုင်နက်...
ဝုန်း...
သူ၏ စိတ်ဝိညာဉ်အတွင်းရှိ နတ်ဆိုးကျောက်စိမ်းအမှတ်အသားဖြစ်သော အနက်ရောင်မျှော်စင်က ပို၍ အရောင်ရင့်လာပြီး အစစ်အမှန်တစ်ခုကဲ့သို့ ဖြစ်လာသည်။
ထိုအချိန်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းမှ စိတ်ဝိညာဉ်ဖိအားမှ ကြားရသော တီးတိုးသံများက တဖြည်းဖြည်း ကြည်လင်လာပြီး အမျိုးသားတစ်ယောက်၏ အသံက ပဲ့တင်ထပ်သွားသည်။
" နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်ခဲ့တဲ့ အဋ္ဌမအလွှာ သက်ရှိကို နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်အဖြစ် အလိုအလျောက် လက်ခံလိုက်ပြီ။ "
" နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်..."
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင်များက သာမန်အဖွဲ့ဝင်များထက် အဆင့်အတန်းမြင့်မားလေသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင် အထွတ်အထိပ်တွင် ရှိနေလျှင် အဓိကအဖွဲ့ဝင်တစ်ယောက်ကို မျှော်စင်သခင်က ဆင့်ခေါ်ပေလိမ့်မည်။ ယခု မျှော်စင်သခင် မရှိတော့လျှင်တောင် နည်းစနစ်များကို ဆက်ခံနိုင်သေးသည်။
ထို့ကြောင့်လည်း လင်းယွမ်က နဝမအလွှာသို့ မတက်သေးဘဲ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင် ဖြစ်လာနိုင်မည့်နည်းလမ်းကို ဉာဏ်ပညာနတ်ဘုရားအား တင်ပြထားသော်လည်း ယနေ့အထိ လူသားဆင့်ကဲပြောင်းလဲသူများက သာမန်အဖွဲ့ဝင် ဖြစ်မလာကြသေးပေ။
နဝမအလွှာနှင့် ဒသမအလွှာကရော။ သူတို့အားလုံးက ထူးချွန်သော ဆင့်ကဲပြောင်းလဲသူများဖြစ်ကြသည်။ သူတို့၏ နားလည်နိုင်စွမ်းက လင်းယွမ်နှင့် မတူလျှင်တောင် အချိန်ယူပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်နိုင်ကြလေသည်။ သို့သော် ၎င်းက အသုံးမဝင်ပေ။ အဆင့်ပိုမြင့်သူများအတွက် ပိုမြင့်သော ကန့်သတ်ချက်များ လိုအပ်လေသည်။
" သွားဖို့အချိန်တန်ပြီ။ " လင်းယွမ်က VR ကမ္ဘာမှ ထွက်ခွာသွားသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" အခု နတ်ဆိုးကျောက်စိမ်းနေရာကို သွားရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိကို နတ်ဆိုးကျောက်စိမ်းအမှတ်အသားဆီသို့ ပို့လွှတ်လိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ချန်ခဲ့သော လျို့ဝှက်နည်းစနစ်များမှ တစ်ခုကို ရယူရန် နတ်ဆိုးကျောက်စိမ်းနေရာသို့ သွားရမည်ဖြစ်သည်။