တကယ့် သခင်လေး
Vol. 5 Ch. 468
"အပြတ် ငှားထားတာ…"
ဝမ်ရှောက်ယွင်က မျက်မှောင်ကြုတ်ရင်း မန်နေဂျာအား စူးစိုက် ကြည့်လိုက်သည်။
"ငါ့အတွင်းရေးမှူးက လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက ဖုန်းခေါ်ပြီး ပြောထားတယ် မဟုတ်လား… အဲဒီတုန်းက ရှင်ဘာမှ မပြောပါလား… ပိုင်ရှင်ကို အခု ခေါ်လိုက်စမ်း…"
ဝမ်ရှောက်ယွင်၏ စကားကြောင့် မန်နေဂျာမှာ ဖိအားများ ခံစားလာရတော့သည်။ ဝမ်ရှောက်ယွင်ကား ယွမ်ထရီလျံတန်သော ကုမ္ပဏီကြီး၏ ပိုင်ရှင် ဖြစ်သည်။ သူမ၏ ဒေါသက သူ၏ အလုပ်ကိုပင် ခြိမ်းခြောက် နိုင်သည်။
"သူဌေးဝမ်… ခဏလောက် နေပါဦး… ကျွန်တော် ရှင်းပြပါ့မယ်… ဧည့်သည်က သူဌေးရဲ့ သူငယ်ချင်းပါ… ဒါကြောင့် ကျွန်တော်တို့ သူ့ကို ငြင်းပိုင်ခွင့် မရှိပါဘူး"
မန်နေဂျာက ရှင်းပြနေသော်လည်း ဝမ်ရှောက်ယွင်က ဂရု မစိုက်ချေ။ အခြားနေ့များ ဆိုလျှင် သူမ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည် ဖြစ်သော်လည်း ယနေ့တွင်မူ မရချေ။ ဤနေ့မှာ သားဖြစ်သူ ချန်းဖန်နှင့် အချိန်ဖြုန်းရန် ရှားရှားပါးပါး အခွင့်အရေးရသောနေ့ ဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့၌ သူမ စိတ်အနှောက်အယှက် မဖြစ်လိုပေ။
"အော်… ဘယ်သူလဲ လို့ အန်တီဝမ်ကိုး… ကျွန်တော့် ဘော်ဒီဂတ်တွေကို ဘယ်သူက အော်ရဲတာလဲလို့ တွေးနေတာ"
အာလေးလျှာလေး အသံတစ်ခု စားသောက်ဆိုင် အတွင်းမှ ထွက်ပေါ်လာခဲ့၏။ ချန်းဖန်က အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ကောင်းမွန်စွာ ဝတ်စားထားသည့် ပိန်ပါးသော လူငယ်လေး တစ်ယောက်အား တွေ့လိုက်ရသည်။
"နင်ကိုး… ရီချမ်း…"
လူငယ်အား တွေ့သည်နှင့် ဝမ်ရှောက်ယွင်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ ထိုလူငယ်မှာ ကျောင်းဟိုင် အငြိမ်းစား အရာရှိကြီး တစ်ယောက်၏ သားဖြစ်သည်။ သူတို့ကား ကျိမိသားစုနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။
"အန်တီဝမ်… စိတ်မရှိပါနဲ့… လင်းနန်နယ်က ဧည့်သည်တွေ လာလို့ပါ"
ရီချန်းက ပေါ့တီးပေါ့ပျက် တောင်းပန်လိုက်သည်။
သူ၏ စကားကြောင့် ဝမ်ရှောက်ယွင်၏ မျက်လုံးများထဲတွင် စိတ်ပျက် ဒေါသများ ပေါ်လာခဲ့သည်။ သူမက ထိုလူငယ်ကို တစ်ခုခု ပြန်ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် အခန်း အတွင်းမှ အခြား အသံတစ်ခု ပေါ်ထွက် လာခဲ့သည်။
"ရီချန်း… သူလေးက ကျောင်းဟိုင်ရဲ့ ဘုရင်မလား… ကျွတ် ကျွတ် အမို့အမောက် လေးတွေနဲ့ ဘယ်လောက်တောင် မိုက်လိုက်လဲ"
လူငယ်တစ်စုက စားသောက်ခန်းထဲမှ ထွက်လာကာ ရီချန်း၏ နောက်၌ ရပ်သည်။ စောစောမှ အသံမှာ ထိုအဖွဲ့ထဲမှ လူငယ် တစ်ယောက်က ဝမ်ရှောက်ယွင်ကို ငမ်းရင်း ပါးစပ် သရမ်းလိုက်ခြင်း ဖြစ်၏။ လူငယ်၏ စကားကြောင့် ချန်းဖန်၏ မျက်နှာက မည်းမှောင်သွားပြီး လှုပ်ရှားရန် ပြင်လိုက်သည်။
"သေချင်နေတာပဲ…"
သို့သော်လည်း ယူကီရှီရိုဆာက ချန်းဖန်ထက် ဦးအောင် လှုပ်ရှားကာ လူငယ်အား ပါးရိုက်ချလိုက်၏။
ယခုတွင် သူမသည် အတွင်းအား ထိပ်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်ရာ ထိုတိုက်ခိုက်မှုက လူငယ်အား မီတာ ဒါဇင်များစွာ အထိ လွင့်ပျံ သွားစေခဲ့သည်။
"ခွေးမ နင်က သခင်လေးချိုးကို ရိုက်ရဲတယ်ပေါ့"
"သေချင်နေတာပဲ သခင်လေးချိုး ဘယ်သူ ဆိုတာ မသိဘူးလား"
"အစောင့်တွေ ဘယ်ရောက်နေလဲ အစောင့်တွေ"
ယူကီရှီရိုဆာ၏ လှုပ်ရှားမှုက လူငယ် အုပ်စုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူတို့က ချန်းဖန်တို့ကို ဒေါသတကြီး ကြည့်ရင်း သူတို့၏ ဘော်ဒီဂတ်များအား တိုက်ခိုက်ရန် စေခိုင်းလိုက်ကြသည်။
"ဘုန်း ဘုန်း ဘုန်း … "
ယူကီရှီရိုဆာက လိပ်ပြာ တစ်ကောင်ကဲ့သို့ ကခုန်ရင်း တိုးဝင်လာသော ဘော်ဒီဂိတ်များကို တိုက်ခိုက်လိုက်သည်။ စက္ကန့်ဝက်မျှ မကြာသော အချိန် အတွင်းမှာပင် ဘော်ဒီဂတ်များမှာ မြေပေါ်၌ ပြားပြားဝပ် သွားကြတော့သည်။ သို့သော်လည်း ယူကီရှီရိုဆာက မရပ်ဘဲ ထိုလူများ၏ အရိုးများကိုပါ ချိုးချေလိုက်သည်။
ထိုနေရာ တစ်ခုလုံးကား လုံးဝ တိတ်ဆိတ် သွားတော့သည်။ လူငယ် အုပ်စုကမူ ရီချန်းကိုသာ အားကိုးတကြီး လှည့်ကြည့် လိုက်ကြတော့သည်။ အနည်းဆုံးတော့ ရီချန်းမှာ အိမ်ရှင် ဖြစ်သည် မဟုတ်ပါလား။
"အန်တီဝမ် ဒါက ဘာအဓိပ္ပာယ်လဲ"
ရီချန်းက ယူကီရှီရိုဆာကို ကြောက်ရွံ့စွာ ကြည့်နေရာမှ ဝမ်ရှောက်ယွင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ထွက်သွားကြစမ်း…"
ဝမ်ရှောက်ယွင်က မျက်မှောင်ကြုတ်ရင်း လူငယ်အား ငေါက်ငမ်း လိုက်သည်။
ဝမ်ရှောက်ယွင်၏ ယခု အဆင့်အတန်း အရဆိုလျှင် ရီချန်းတို့ ကဲ့သို့ လူငယ်မျိုးကို ထည့်တွက်စရာပင် မလိုချေ။ ရီချန်း၏ အဘိုးပင်လျှင် သူမအား လေးလေးစားစား စကားပြောဆိုရသည်။
"ခင်ဗျား…"
ရီချန်းမှာ သူငယ်ချင်း အပေါင်းအသင်း ဆယ်ကျော်သက်များ အကြား၌ အရှက်ခွဲ ခံလိုက်ရသဖြင့် မျက်နှာ တစ်ခုလုံး နီရဲသွားသည်။ သို့သော်လည်း ယူကီရှီရိုဆာ အကြောင်းကို ပြန်တွေးမိသည်နှင့် ကြောက်စိတ်များ ပြန်ဝင်လာခဲ့သည်။
"အရမ်းကောင်းတယ် အန်တီဝမ်… ဒီအတွက် တစ်နေ့မှာ ခင်ဗျား ပြန်ပေးရမယ်"
သူက ပြောပြီးသည်နှင့် အပေါင်းအသင်းများကို ခေါ်ကာ ထွက်ခွာ သွားတော့သည်။
ရီချန်းတို့ ပျောက်ကွယ်သွားသည်နှင့် ဝမ်ရှောက်ယွင်က ခေါင်းခါရင်း …
"ခါတိုင်းဆို ငါလည်း ခုလောက် ဒေါသထွက်ဖြစ်မှာ မဟုတ်ဘူး… ဒီနေ့က အထူးနေ့ ဖြစ်နေလို့ ခုလို လုပ်လိုက်တာ"
"အမေ... အရမ်းမိုက်တယ်"
ချန်းဖန်က ပြုံးရင်း လက်မ ထောင်ပြလိုက်သည်။
ထိုခဏတွင်ပင် စားသောက်ဆိုင် ပိုင်ရှင် ရောက်လာကာ သူတို့အား တောင်းပန်လိုက်၏။
"သူဌေးဝမ် ခုန အဖြစ်အပျက် အတွက် စိတ်မကောင်းပါဘူး… ဒါပေမဲ့ သူတို့က လင်းနန်နယ် အင်အားကြီး မိသားစုတွေ ကပါ… ဒီမိန်းကလေး ရိုက်လိုက်တဲ့ တစ်ယောက် ဆိုရင် လင်းနန်နယ် စစ်စခန်းက ဗိုလ်ချုပ်ရဲ့ သားပါ… သူတို့က…"
"ကိစ္စ မရှိဘူး…"
ချန်းဖန်က လက်ခါပြရင်း သူ၏ စကားကို ဖြတ်တောက်လိုက်သည်။ အကယ်၍ ယူကီရှီရိုဆာ ကြောင့်သာ မဟုတ်လျှင် ထိုလူငယ်များကို ချန်းဖန် သတ်ပစ်လိုက်ပြီ ဖြစ်သည်။ သူတို့ ဖခင်၊ မိသားစု မည်သူမည်ဝါ ဖြစ်မည်ကို သူဂရုမစိုက်ပေ။
ချန်းဖန်တို့ စားသောက်ခန်းမ အတွင်းသို့ လှမ်းဝင်လိုက်ချိန်၌ ရီချန်းတို့ လူစုမှာ ဟိုတယ်ထဲမှ ထွက်ခွာ လာခဲ့ပြီ ဖြစ်သည်။ အပြင်သို့ ရောက်သည်နှင့် ရီချန်းက သူငယ်ချင်းများအား တစ်ချက် ဝှေ့ကြည့်ရင်း မေးလိုက်သည်။
"သခင်လေးချိုး အဆင်ပြေရဲ့လား"
"လူကတော့ ကောင်းသေးတယ်… ဒါပေမဲ့ မျက်နှာကတော့ ဖူးယောင်နေပြီ ဟိုခွေးမက မေးရိုးတွေကိုပါ ချိုးပစ်လိုက်သလား မသိဘူး"
လူငယ် တစ်ယောက်က အဖြေပေးလိုက်သည်။
"ဟွန့်… ငါတို့ လင်းနန်မှာသာဆို သူတို့ကို အရည်ခွံ ခွာပစ်လိုက်ပြီ"
မလုံ့တလုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်ကလည်း နှာခေါင်းရှုံ့ လိုက်သည်။
"သိပ်ပြဿနာ မရှာကြနဲ့… ငါတို့ ဒီကိုလာတာ သခင်လေးရဲ့ ကိစ္စ အတွက်… ဒီသောက်ရေး မပါတဲ့ ဟာတွေကြောင့် တော်ကြာ သခင်လေးရဲ့ အစီအစဉ် ပျက်စီး သွားဦးမယ်"
"ဟုတ်တယ် အစ်ကိုပို့ကျွင်းက ကျောင်းဟိုင်နဲ့ ကျန်းနန်နယ် နှစ်ခုမှာ ပုန်းကွယ်နေသော နဂါး အဖွဲ့ရဲ့ လွှမ်းမိုးမှုကို ဖြန့်ကျက် ချင်နေတာ၊ တကယ်လို့ အစ်ကို ပို့ကျွင်းသာ အချိန်ရမယ် ဆိုရင် အဲဒီမိန်းမကို ကျိန်းသေ သတ်လိမ့်မယ်"
လူငယ်အုပ်စု၏ ခေါင်းဆောင်က ပြောလိုက်သည်။
"ဟုတ်တယ်…"
များစွာသော လူငယ်များက ခေါင်းညိတ် လိုက်သည်။ ရီချန်းမှာမူ ထိုလူငယ်များ၏ စကားကို နားထောင်ရင်း လေးစားစိတ်များ ပေါ်လာခဲ့သည်။
ထိုအဖွဲ့ထဲမှ လူငယ်၊ မိန်းမငယ် တစ်ယောက်ချင်းစီ တိုင်းမှာ သူ့ထက် လွှမ်းမိုးမှု မလျော့နည်းကြချေ။ သို့သော်လည်း သခင်လေး ဆိုသူ၏ အကြောင်းကို ပြောတိုင်း သူတို့ အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့ လေးစားခြင်းများက တဖွားဖွား ပေါ်ခဲ့သည်။
"သူက လင်းမိသားစုက လင်းပို့ကျွင်းပဲလေ အဘိုးကြီးကတောင် သူ့ကို ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး လူငယ်လို့ ရည်ညွှန်းခဲ့ သေးတာပဲ"
ရီချန်းက ခေါင်းငုံ့ရင်း ရေရွတ်လိုက်တော့သည်။
***
နေ့လည်စာ စားပြီးသည်နှင့် အန်ရာက ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ကို မြို့ထဲရှိ နာမည်ကြီး နေရာများအား လိုက်လံ ပို့ဆောင်သည်။
"ကျောင်းဟိုင်က တကယ်ပဲ ကြီးကျယ် ခမ်းနားတာပဲ ဒီလို နေရာမျိုးကို လွှမ်းမိုးမယ် ဆိုရင် တကယ်ပဲ အင်အားကြီးမှ ဖြစ်နိုင်မယ် ငါ ကျိမိသားစုကို အထင်သေးမိတာပဲ"
ချန်းဖန်က တွေးလိုက်မိ၏။
သို့သော်လည်း ကျိမိသားစု မည်မျှပင် အင်အား ကြီးမားစေကာမူ ရုရှားကို မှီလိမ့်မည် မဟုတ်ပေ။ ထိုမိသားစုကို နှိပ်ကွပ်ရန် ချန်းဖန် အတွက် ဓားတစ်ချက်သာ လိုအပ်သည်။
"ရှောင်ဖန် … အမေက ညစာစားချိန် ရောက်ရင် သူ့ဆီကို ပြန်လာဖို့ ပြောထားတယ် ဟွာမိသားစုက ပါ့ကျင်းတောင်မှာ စားသောက်ပွဲ တစ်ခု လုပ်ဖို့ ဖိတ်ထားတယ် တဲ့"
အန်ရာက ဖုန်းကိုချရင်း ပြောလိုက်သည်။
"ဟွာရန်ဖန်းရဲ့ ဟွာမိသားစုလား… ကောင်းပြီလေ အလျင်မှ မလိုတာပဲ"
ချမ်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
နေမင်းမှာ တဖြည်းဖြည်း အနောက် အရပ်သို့ တိုးဝင်သွားသည်နှင့် ကျောင်းဟိုင်မှာ ရောင်စုံ မီးအလင်းရောင်များဖြင့် သက်ဝင် လှုပ်ရှားလာခဲ့၏။
ထိုအချိန်… ပါ့ကျင်းတောင်ထိပ်ရှိ ဟွာမိသားစု ခြံဝင်းမှာမူ လူများစွာဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။ မရေမတွက်နိုင်သော လူများမှာ ခြံဝန်း အတွင်း စီးဆင်း ဝင်ထွက် နေကြသည်။
"ဟေး သူဌေးလီ… ဒီမှာ တွေ့ရတာ ဝမ်းသာ စရာပဲ"
"ဟွာမိသားစုက ဖိတ်တော့လည်း မဖြစ်မနေ လာရတာပေါ့ဗျာ…"
"ဟဟ သူဌေးလီ ငါလည်း မင်းလိုပါပဲ… ဒါနဲ့ ဟွာမိသားစုက ဒီလို စားသောက်ပွဲကြီး မကျင်းပတာ ကြာပြီနော် ငါမှတ်မိ သလောက်ဆို သူတို့ရဲ့ လေးဆက်မြောက် ဆက်ခံသူ မွေးတုန်းက နောက်ဆုံး လုပ်ခဲ့တာ"
ခြံဝန်း တစ်ခုလုံးကား များစွာသော ဧည့်များ၏ နှုတ်ဆက်သံများဖြင့် စီစီညံနေတော့သည်။
"ဒါနဲ့ သူဌေးလီ… ဒီစားသောက်ပွဲရဲ့ ရည်ရွယ်ချက်ကို မင်း သိပြီးပြီလား"
"သေတော့ မသေချာဘူးဗျ၊ ဒါပေမဲ့ လင်းနန်နယ်က လာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက် နေမယ်တော့ ထင်တာပဲ… တစ်ခုခုတော့ တစ်ခုခုပဲဟေ့"
"မဖြစ်နိုင်ဘူး ထင်တယ်ဗျ ကျောင်းဟိုင်ရဲ့ ဟွာမိသားစုက တရုတ်ရဲ့ အင်အား အကြီးဆုံး မိသားစုတွေ ထဲက တစ်ခုဟာ ရန်ကျင်းက လာတဲ့ ဧည့်သည်တွေကိုပဲ ခုလို ဧည့်ခံရင် ဧည့်ခံလိမ့်မယ် ခုလာတဲ့ သူက သာမန် မဟုတ်တဲ့ အထူးဧည့်သည် တစ်ယောက်ပဲ ဖြစ်မယ်"
"ဟုတ်တယ် သခင်လေး ဆိုလား ဘာဆိုလား ကျုပ် နားစွန် နားဖျားတော့ ကြားခဲ့တယ် ဗျ"
"တရုတ် အရှေ့တောင်ပိုင်းက သခင်လေးများလား ခင်ဗျား သူကို သိသလား"
"သူက တရုတ် အရှေ့တောင်ပိုင်းမှာ ပုန်းကွယ်နေတဲ့ နဂါး လို့ အမည်ရတဲ့ ဂိုဏ်းကို ထောင်ထားတယ်တဲ့ ... အဲဒီ ဂိုဏ်းဝင်တွေက အထက်တန်းစား မိသားစုတွေက လူငယ်တွေ တဲ့ဗျ ... အဲထဲက အချို့ဆို ပြည်နယ် ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေ တဲ့"
တစ်ယောက်က ပြောလိုက်သည်။
"ဒါဆို သူပဲ ဖြစ်မယ် ထင်တယ်"
"အင်း သူက အရမ်းကို ကြောက်ဖို့ ကောင်းတဲ့ လျှို့ဝှက် မိသားစုကတဲ့ … သူတို့ရဲ့ လွှမ်းမိုးမှုက ဟောင်ကောင်နဲ့ အရှေ့တောင် အာရှကိုတောင် ရောက်တယ် ဆိုပဲ … အချို့ ပြောပုံ အရဆို အဲဒီ မိသားစုက တရုတ်ရဲ့ နံပါတ်တစ် မိသားစုတဲ့"
တစ်ယောက်က ဖြည့်စွက် ပြောသည်။
သူတို့ ဆွေးနွေးနေစဉ်မှာပင် တစ်စုံတစ်ယောက်၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။
"သခင်ကြီးကျိ သခင်ကြီးရှန်း သခင်ကြီးတန် သခင်ကြီးလော့ သခင်ကြီးနင်းနဲ့ အခြား မိသားစု သခင်ကြီးတွေ ရောက်လာပြီပဲ…"
"အာ... နေဦး သူတို့ကို ခေါင်းဆောင်ပြီး လျှောက်လာတဲ့ လူငယ်က ဘယ်သူလဲ…"
များစွာသော လူများကား ဝင်ပေါက်ရှိရာသို့ လှမ်းမျှော်ကြည့်ရင်း ဆွံ့အ သွားကြတော့သည်။
***