အောင်မြင်လု နီးပါး
Vol. 5 Ch. 469
များစွာသော မိသားစု သခင်ကြီးများ၏ ဝန်းရံမှုဖြင့် လူငယ်မှာ အခန်း အတွင်း ယုံကြည်ချက် ရှိစွာ ဝင်ရောက်လာခဲ့၏။
ဖြူရော်ပြီး အားနည်းဟန် ရသော ပုံစံနှင့် ဆန့်ကျင်ဘက်ပင် လူငယ်၏ နက်မှောင် သန်မားသော ဆံပင်များမှာ ပခုံးထက်၌ ပြေလျော့ကျ နေခဲ့သည်။ ဘေးတွင် ရှိသော မိသားစု ခေါင်းဆောင်ကြီးများပင် သူနှင့် ယှဉ်ပါက မှေးမှိန်သွား သလို ထင်ရသည်။
"သူက ချန်းပေ့ရွှမ်းနဲ့ တူသလိုပဲ…"
စားပွဲ တစ်ခု၌ ထိုင်နေသော အရပ် ရှည်ရှည် ဆွဲဆောင်မှု ရှိသည့် မိန်းကလေး တစ်ယောက်က လူငယ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူမကား ချန်းဖန်နှင့် ဂျပန်တွင် တွေ့ဆုံခဲ့သည့် အိကျင့်ချီပင် ဖြစ်သည်။
"မဟုတ်ပါဘူး… သူက ချန်းပေ့ရွှမ်းနဲ့ နည်းနည်းတောင် မတူဘူး … ချန်းပေ့ရွှမ်းက သူ့ရဲ့ စွမ်းအားကို ဖော်ပြဖို့ ဒီလောက် လူအုပ်ရဲ့ ရှေ့မှာတောင် ရပ်စရာ မလိုဘူး … ဒီလူငယ်က ချန်းပေ့ရွှမ်းနဲ့ နည်းနည်းတောင် မယှဉ်နိုင်ဘူး"
နှိုင်းယှဉ်မှု အချို့ လုပ်ပြီးနောက် အိကျင့်ချီက ခေါင်းခါရင်း ကောက်ချက် ချလိုက်သည်။ သို့သော်လည်း ထိုလူငယ်မှာ လျှင်မြန်စွာပင် စားသောက်ဝိုင်းတွင် ရှိနေသည့် မိန်းမပျို များစွာ၏ နှလုံးသားများကို သိမ်းပိုက်သွားသည်။ သူမတို့က သူ့အား လေးစား ချစ်ခင်သော မျက်လုံးများဖြင့် ငေးမော ကြည့်ရှု့ နေကြသည်။
"အားလုံးပဲ မိတ်ဆက်ပေးပါရစေ…"
ကျိလော့ချန်းက ရှေ့သို့ တစ်လှမ်းတိုးရင်း ကြေညာ လိုက်သည်။
"ဒီလူကြီးမင်းက တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုက လင်းပို့ကျွင်းပါ…"
ကျိမိသားစု သခင်လေး၏ စကားကြောင့် လူတိုင်းက လင်းပို့ကျွင်းအား လှမ်းကြည့် လိုက်မိကြသည်။
"သူက သခင်လေး ဆိုတဲ့ တစ်ယောက်လား"
"ဒါဆို သူက ကျောင်းဟိုင် မိသားစုတွေရဲ့ မိတ်ဖက် ဆိုတာပေါ့ … ကျွတ် ကျွတ် … ဒီလို စွမ်းအား ဒီလို လွှမ်းမိုးမှုမျိုး…"
"ငါ တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစု အကြောင်း ကြားဖူးတယ် … လင်းမိသားစု တရုတ်ရဲ့ နံပါတ်တစ်လို့ ငါငယ်ငယ်က အဘိုးက ပြောပြဖူးတယ်လေ"
များစွာသော ဧည့်သည်များ၏ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။
လင်းမိသားစုမှာ နှစ်ခြောက်ဆယ်ခန့် ပျောက်ကွယ်နေသည့်တိုင် သူတို့၏ လွှမ်းမိုးမှုက တည်ရှိနေတုန်းပင်။ ယခု တဖန် လင်းပို့ကျွင်း၏ ပေါ်ထွက်လာမှုက လူများစွာအား လင်းမိသားစု မောက်မာ ထင်ရာစိုင်းခဲ့သည့် အချိန်များကို ပြန်လည် အမှတ်ရစေသည်။
"ကျိမိသားစု တန်မိသားစုနဲ့ နင်းမိသားစုတို့က ကျန်းနန်နယ်က မပြစ်မှားသင့်တဲ့ တစ်ယောက်ကို ပြစ်မှားမိတယ် လို့ ငါကြားတယ် … အခု သူတို့မှာ လင်းမိသားစုရဲ့ ထောက်ခံမှု ရှိနေပြီ ဆိုတော့ အခြေအနေတွေ တစ်မျိုး ပြောင်းလဲတော့မှာပဲ"
အချို့ အထက်တန်းစား သူဌေး အချို့မှာ ထိုမိသားစု သုံးခုနှင့် ချန်းဖန်တို့ ကြားမှ ပြဿနာကို ကြားဖူးကြသည်။
ယခု ကျိလော့ချန်း၏ မျက်နှာကို ကြည့်ရသည်မှာ လွန်ခဲ့သော သုံးလ မျောက်မှိုင် မှိုင်နေသော မျက်နှာနှင့် လုံးလုံး ခြားနားနေခဲ့ပြီ ဖြစ်သည်။ ထို့အတူ သခင်ကြီးတန်၊ သခင်ကြီးနင်းတို့မှာလည်း ခေါင်းမော့၊ ရင်ကော့ကာ သူတို့၏ ယုံကြည်ချက်ကို အပြည့်အဝ ဖော်ပြနေသည်။
"အားလုံးပဲ ကျုပ် ဒီကိုလာတဲ့ အကြောင်းရင်းက ကျောင်းဟိုင်မှာ မဟာမိတ် တစ်ဖွဲ့ ထူထောင်ဖို့ပါ … ကျုပ်တို့ရဲ့ ပြိုင်ဘက်တွေက အရမ်းများတဲ့ အတွက် ကျုပ်တို့ စုစည်းမှ ဖြစ်မယ် … အကယ်၍ ကျုပ်တို့သာ အသင်းအဖွဲ့ တစ်ခု အဖြစ် ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ကိုရီးယား ဂျပန် အမေရိကန် ဘယ်နိုင်ငံရဲ့ စီးပွားရေး အဖွဲ့အစည်းကို မဆို အန်တုနိုင်ပြီ"
လင်းပို့ကျွင်းက ရှေ့သို့ ထွက်ရင်း ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။
"ဘယ်လို…"
သူ၏ စကားကြောင့် လူများစွာအား စိတ်ဝင်စား သွားစေသည်။ ကျောင်းဟိုင်ရှိ လုပ်ငန်းများ အားလုံးပေါင်း၍ မဟာမိတ် ဖွဲ့ရန် မည်သူမျှ မတွေးခဲ့ဖူးကြချေ။
သို့သော်လည်း လင်းပို့ကျွင်း၏ စကားက မှန်ကန်ပေသည်။ အကယ်၍ ကျောင်းဟိုင်၏ လုပ်ငန်းများ အားလုံး ပေါင်းစည်း၍ မဟာမိတ် ဖွဲ့ပါက နိုင်ငံ တကာရှိ မည်သည့် အဖွဲ့အစည်းကို မဆို ယှဉ်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော်လည်း မေးစရာ ရှိသည်မှာ ထိုမဟာမိတ် အဖွဲ့အား မည်သူက ဦးဆောင်မည်နည်း။
"မဟာမိတ် အဖွဲ့ ဖြစ်ဖို့ အတွက် ခေါင်းဆောင် လုပ်မယ့်သူက အားလုံး ယုံကြည်ရတဲ့သူ ဖြစ်ဖို့ လိုတယ် … အဲဒါမှပဲ စီးပွားရေး သမားတွေ အားလုံး ပူးပေါင်း ကြမှာ … အဲဒီ မဟာမိတ်ကို ဘယ်သူ ဦးဆောင်မှာလဲ သခင်လေးလား … ဒါပေမဲ့ သခင်လေးက ငယ်သေးတော့ ကျွန်တော်တို့ ယုံကြည်ဖို့က …"
တစ်ယောက်က ထရပ်ကာ လင်းပို့ကျွင်းအား ကြည့်ရင်း ပြောလိုက်သည်။
ထိုစဉ်မှာပင် …
"ကျုပ်ကတော့ သခင်လေးလင်းရဲ့ အကြံကို သဘောတူတယ်ဟေ့…"
အပေါက်ဝဆီမှ အသံတစ်ခုထွက်ပေါ် လာခဲ့သည်။ လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ပြုံးရွှင်သော မျက်နှာဖြင့် လမ်းလျှောက် ဝင်လာသည့် အသက်လတ် လူကြီး တစ်ယောက်ကို တွေ့ရသည်။ သူကား ကျောင်းဟိုင်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ရှီဟောင်ရီပင်။
သူသည် တရုတ်တွင် ဒေါ်လာ ဘီလျံဆယ်နှင့် ချီသော တန်ကြေးများကို ရင်းနှီး မြှုပ်နှံထားပြီး Forbes လူချမ်းသာ စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်တွင်ပင် ပါဝင်သည်။ သို့သော်လည်း ထိုကဲ့သို့သော သူက လူငယ် တစ်ယောက်ကို ရိုသေစွာ ထောက်ခံ ပြောဆိုနေသည်။ ထိုအရာသည်ကား...။
"သူက ကျောင်းဟိုင်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ရှီဟောင်ရီလေ… ဘာလို့ လူငယ် တစ်ယောက်ကို လေးလေးစားစား ဆက်ဆံ နေရတာလဲ"
လူအများမှာ စိတ်ထဲမှ မေးခွန်းများ ထုတ်နေမိသော်လည်း အပြင်ပန်းတွင်မူ ငြိမ်သက်စွာပင် ကြည့်နေမိကြသည်။ ယနေ့ည၌ အပြောင်းအလဲ တစ်ခု ကြီးကြီးမားမား ဖြစ်တော့မည် ဖြစ်ကြောင်းကိုမူ သူတို့ အာရုံ ရနေခဲ့သည်။
ထိုအချိန် စားသောက်ပွဲ ခန်းမ၏ ဒုတိယ အထပ်၌ …
အဘိုးအို တစ်ဦးမှာ လက်ဘက်ရည် တစ်ခွက်ကို အရသာခံကာ သောက်နေခဲ့၏။ ထိုအဘိုးအိုအား ဘေးတွင် ရပ်နေသော လူကြီးက ခါးကို အနည်းငယ် ကိုင်းညွှတ်ရင်း ပြောလိုက်သည်။
"ရှီဟောင်ရီ ကျိမိသားစု တန့်မိသားစု နင်းမိသားစုနဲ့ ရှန်းမိသားစု … သူတို့ အားလုံးပေါင်းရင် ကျောင်းဟိုင်ရဲ့ ငါးပုံ တစ်ပုံလောက်ထိ ချမ်းသာတယ်… သူတို့က ပူးပေါင်းပြီး လှုပ်ရှား ကြတော့မယ့် ပုံပဲ"
"ရှောင်ချိုက် … ဒီပွဲရဲ့ အိမ်ရှင်ကို မင်း မေ့နေတာလား"
အဘိုးအိုက လက်ဘက်ရည်အား စုပ်ယူကာ အရသာ ခံသောက်ရင်း ဆိုလိုက်သည်။
"သခင်ကြီးကျိုး … ဟွာမိသားစုက သူတို့နဲ့ တကယ်ပဲ ပူးပေါင်းတော့မှာလား"
လူကြီးက သူ၏ ရွှေရောင်ကိုင်း မျက်မှန်ထူကြီးကို ပင့်တင်ရင်း အံ့အားတကြီး မေးလိုက်သည်။
တန်မိသားစု၊ နင်းမိသားစု၊ ရှန်း မိသားစုတို့နှင့် ခြားနားစွာပင် ဟွာမိသားစုမှာ ကျောင်းဟိုင်၏ အစစ်အမှန် အုပ်စိုးသူ မိသားစု ဖြစ်သည်။ ကျိမိသားစု ပင်လျှင် ဟွာမိသားစုနှင့် ယှဉ်ပါက ဖျော့တော့ရသည်။
အကယ်၍ ဟွာမိသားစုသာ ပူးပေါင်းမည် ဆိုပါက လင်းပို့ကျွင်း အနေဖြင့် ကျောင်းဟိုင် တစ်နယ်လုံးကို အုပ်စိုးရန် ဖြစ်နိုင် ပေလိမ့်မည်။
"ငါ့အဖေ ပြောခဲ့တာ အရဆို လင်းမိသားစု ခေါင်းဆောင်ကြီးက ဟွာမိသားစု အပေါ် ကျေးဇူးတွေ ရှိဖူးတယ် တဲ့… ဟွာမိသားစုပုံကတော့ လင်းမိသားစုကို သိပ် ကူညီချင်ပုံ မရဘူး … သူတို့ရဲ့ ပါဝင်မှုက အစစ်အမှန် ထောက်ပံ့တာမျိုးထက် ဟန်ပြလောက်ပဲ ဖြစ်လိမ့်မယ်"
အဘိုးအိုက လက်ဘက်ရည် ခွက်ကို တဒေါက်ဒေါက် ခေါက်ရင်းမှ ပြောလိုက်သည်။ ထိုအချိန်၌ လင်းပို့ကျွင်းမှာမူ ပိုင်နိုင်သော အပြုံးတစ်ခုကို သယ်ဆောင်ရင်း စားပွဲဝိုင်း တစ်ခုရှိ ထိုင်ခုံ၌ ထိုင်နေခဲ့၏။ အရာရာက သူ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေရာ အဆင်မပြေ စရာ မရှိပေ။
ရှီဟောင်ရီ၏ ပေါ်ထွက်လာမှုက သံသယ ရှိနေသော သူများကို အတွေးများ ရှင်းလင်း သွားစေခဲ့သည်။ ရှီဟောင်ရီနှင့် ကျိ၊ တန်၊ နင်း၊ ရှန်း မိသားစုများ၏ စုပေါင်း အင်အားက ကျောင်းဟိုင်မြို့ တစ်ဝက်မျှနှင့်ပင် ညီမျှသည်။
ရုတ်တရက် ကျိလော့ချန်းမှာ လင်းပို့ကျွင်းအား လက်ဘက်ရည် ငှဲ့ပေးနေသည့် မိန်းကလေး တစ်ယောက်ကို သတိထားမိသွားသည်။ သူမကား အလွန်အမင်း လှပရာ စုရှောင်၊ ဖန့်ချုံး နှင့် အန်ရာတို့ကိုပင် ပြန်လည် အမှတ်ရစေသည်။
"သခင်လေးက လင်းနန်နယ်ကို ထိန်းချုပ်နိုင်ရုံတင် မကဘူး … အခု ဟွာမိသားစုကိုပါ စည်းရုံးထားနိုင်ပုံပဲ… ကျောင်းဟိုင်တော့ သခင်လေးရဲ့ လက်ထဲကို လွယ်လွယ်ကူကူ ရောက်တော့မှာပဲ … လင်းမိသားစုရဲ့ လွှမ်းမိုးမှုက တကယ် အံ့မခန်းပဲကွာ"
လင်းပို့ကျွင်းနှင့် တစ်ဝိုင်းတည်း ထိုင်နေသော လူငယ် တစ်ယောက်က ချီးကျူးလိုက်၏။
အကယ်၍ ချန်းဖန်သာ ထိုလူငယ်ကို မြင်ပါက သူတို့နှင့် ဟော်တယ်တွင် ပြဿနာ ဖြစ်ခဲ့သည့် အဖွဲ့ထဲမှ တစ်ယောက် ဖြစ်ကြောင်း သိရှိပေလိမ့်မည်။
"ကျောင်းဟိုင်ရဲ့ ဟွာမိသားစု၊ ထျန်းဟယ်ရဲ့ လုမိသားစု၊ ကျန်းနန်ရဲ့ တန့်မိသားစု တွေကို ထိန်းချုပ်နိုင်တာနဲ့ တရုတ် အရှေ့ခြမ်း တစ်ခုလုံးက ငါ့ရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်ပြီလို့ ဆိုနိုင်တယ်… ဒီဒေသ တစ်ခုလုံးရဲ့ စီးပွားရေး လောကနဲ့ မြေအောက်လောက နှစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီ ဆိုတာနဲ့ ရန်တောင်က ရဲ့မိသားစုကို ငါတို့ ယှဉ်နိုင်ပြီ"
လင်းပို့ကျွင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ လင်းမိသားစုမှာ ထိုအစီအစဉ်ကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ဥပမာ ရှီဟောင်ရီ ဆိုလျှင် လင်းမိသားစုမှ ကျောင်းဟိုင်ကို အုပ်စိုးရန် အတွက် စေလွှတ်ထားခဲ့သူ ဖြစ်သည်။ သူကား လင်းမိသားစု၏ အစီအစဉ်ကြောင့်သာ မဟုတ်လျှင် ယခုနေရာ၌ ရှိနေခဲ့မည် မဟုတ်ပေ။
သို့သော်လည်း ထိုအရာမှာ လင်းမိသားစု၏ အစီအစဉ် ဖြစ်ကြောင်း မည်သူမျှ မရိပ်မိကြချေ။
"ဒါပေမဲ့ သခင်လေး … ကျန်းနန်နယ်က ချန်းမိသားစုကိုရော ဘယ်လိုလုပ်မလဲ"
ကျိလော့ချန်းက နားမလည်စွာ မေးလိုက်သည်။ သူ၏ မေးခွန်းကြောင့် တန့်နှင့် နင်းမိသားစုတို့မှ လူများပါ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။
"ချန်းပေ့ရွှမ်းက အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက် ဆိုပေမဲ့ ငါတို့ မိသားစုမှာလည်း တန်ခိုးရှင် အဆင့်တွေ ရှိတယ် တကယ်လို့ မင်းတို့ အားလုံးသာ လင်းမိသားစုရဲ့ ကာကွယ်မှု အောက်မှာ ရှိနေမယ် ဆိုရင် ချန်းပေ့ရွှမ်း ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"
လင်းပို့ကျွင်းက အေးဆေးစွာပင် အဖြေပေးလိုက်သည်။
"ဒါပေါ့ …"
ကျိလော့ချန်းနှင့် အခြားလူများက ခေါင်းညိတ်လိုက်ကြ၏။
ထိုအချိန်၌ …
ဟွာမိသားစု၏ ခေါင်းဆောင် နှစ်ယောက်မှာ အဆောက်အဦ၏ အပေါ်ဆုံး ထပ်မှ နေ၍ အောက်ရှိ အဖြစ်အပျက်များကို ကြည့်နေခဲ့၏။
"ဆရာ… လင်းပို့ကျွင်းက သူလိုချင်တာတွေကို ရလိမ့်မယ်လို့ ထင်လား…"
ချမ့်တန့်ချင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"လင်းမိသားစုက ဒီလောက် စိတ်ရှည်ရှည်နဲ့ အစီအစဉ် ချထားလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"
ဟွာရန်ဖန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ရှီဟောင်ရီ၏ ပါဝင်လာမှုက သူ့အား တစ်ခုခုကို ရိပ်မိစေသည်။
"ဘာပဲ ဖြစ်ဖြစ်လေ… လင်းပို့ကျွင်းက လင်းမိသားစု တကယ်ပဲ ဂုဏ်ယူ ရလောက်တဲ့ ဆက်ခံသူပဲ… သခင်ကြီးရှု့မင်ရဲ့ မျိုးဆက် ပီသပါပေတယ်"
ဟွာရန်ဖန်းက တီးတိုးရေရွတ်ရင်း အဝေးသို့ လမ်းမျှော် ကြည့်လိုက်သည်။ ရုတ်တရက် ဖာရာရီ ကားတစ်စီးနှင့် ထွက်ပေါ်လာသော လူသုံးယောက်မှာ သူ၏ စိတ်အာရုံအား ဖမ်းစား သွားခဲ့၏။
ထိုသုံးယောက်ထဲမှ တစ်ယောက်၏ မျက်နှာကို တွေ့လိုက်သည်နှင့် ဟွာရန်ဖန်း၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ခါသွားသည်။
"သူ ဒီကို ဘာလာလုပ်တာလဲ…"
***