သူရောက်လာပြီ
Vol. 5 Ch. 470
"သူရောက်လာပြီ ဆိုတော့ … လင်းမိသားစု အတွက် သိပ်လွယ်ကူတော့မယ် မထင်ဘူး…"
ဟွာရန်ဖန်းက ခပ်တိုးတိုး ရယ်မော လိုက်သည်။
"ဆရာ… သူက ဘယ်သူလဲ"
ချမ့်တန့်ချင်က တံခါးဝကို ဖြတ်ကျော်၍ ဝင်လာသည့် သုံးယောက်ကို အကဲခတ်ရင်း မေးလိုက်သည်။ ထိုသုံးယောက်တွင် မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် ပါဝင်သည်။ သုံးယောက် စလုံးမှာ အလွန် ငယ်ရွယ် နုပျိုကြ၏။
ထိုအထဲမှ မိန်းကလေး တစ်ယောက်မှာမူ ထူးဆန်းစွာပင် ကျော၌ ဓားတစ်ချောင်းကို လွယ်ထားသည်။ သူမကား ဝူရှ ဝတ္ထုများထဲမှ ဓားသမား တစ်ယောက်နှင့်ပင် ဆင်တူ နေခဲ့သည်။
"သူတို့က … တကယ့် ပြဿနာအိုးတွေပဲကွ"
ဟွာရန်ဖန်းက ပြုံးရင်း ပြောလိုက်၏။
"အဲဒီ အထဲက တစ်ယောက်က နင်အမြဲ တွေ့ချင်နေတဲ့ သူလေ"
"ဆရာ ပြောတာက သူ ရောက်လာပြီလား…"
ချမ့်တန့်ချင်၏ မျက်နှာမှာ မယုံကြည်နိုင်မှုဖြင့် ဖြူရော် သွားတော့သည်။
***
"ရှောင်ဖန်… ယူကီရှီရိုဆာကို ဘာလို့ ဓားကြီး ယူလာခိုင်းတာလဲ"
အန်ရာက လက်ထဲမှ ဖိတ်စာကို ဂိတ်စောင့်ထံ ကမ်းပေးရင်း ချန်းဖန်အား မေးလိုက်၏။
"ကျွန်မက ဆရာ့ရဲ့ အစေခံပဲ… လက်နက်က သူ့ကို ကာကွယ်ဖို့ပေါ့"
ယူကီရှီရိုဆာက အလေးအနက် ပြန်ဖြေလိုက်သည်။
ချန်းဖန်နှင့် အန်ရာတို့မှာမူ ယူကီရှီရိုဆာ၏ စကားကြောင့် ဆွံ့အသွားတော့၏။ ထိုဂျပန် မိန်းကလေးကား တကယ်ကြီး လုပ်တော့မည့်ပုံပင်။
ထို့နောက် ဂိတ်စောင့်၏ ခွင့်ပြုချက်ဖြင့် သူတို့ သုံးယောက်မှာ စားသောက်ပွဲ ရှိရာ နေရာသို့ လျှောက်လာ ခဲ့တော့သည်။
"အာ… ဟိုလာနေတဲ့ တစ်ယောက်က ကျင်းရှု့ လုပ်ငန်းစုက မိန်းကလေး အန်ရာ မလား"
"သူ့ဘေးက ကောင်က ဘယ်သူများလဲ … သူတို့ ကြည့်ရတာ တော်တော်လေး ရင်းနှီးပုံ ပေါ်တယ်"
ကျောင်းဟိုင်ရှိ လူငယ်များက ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ယောက်နှင့် တစ်ယောက် တီးတိုး ပြောလိုက် ကြသည်။
အန်ရာ၏ အလှအပမှာ ကျောင်းဟိုင် အထက်တန်းစား အသိုင်းအဝိုင်းတွင် အတော်လေး ကျော်ကြားသည်။ အန်ရာအား လိုက်နေကြသော လူငယ်များမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အသည်းကွဲ နေကြတော့သည်။
ထိုစားသောက်ပွဲတွင် ရှိနေသည့် သခင်လေး ဖုန့်မှာလည်း ချန်းဖန်နှင့် အန်ရာတို့ကို ကြည့်ရင်း မျက်စိ မျက်နှာ ပျက်နေခဲ့သည်။
"သူ့ကြည့်ရတာ မြောက်ကြွ မြောက်ကြွနဲ့ တော်တော် အမြင်ကပ်စရာ ကောင်ပဲ…"
အလှပဂေး နှစ်ယောက်ကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် ခြံရံ၍ လာသော ချန်းဖန်အား လူငယ်များစွာမှာ မနာလို ဖြစ်နေကြသည်။ သို့သော်လည်း ကျင်းရှို့ လုပ်ငန်းစုကို ကြောက်သောကြောင့် အတွေးများကို သူတို့ ထုတ်မပြောဝံ့ကြချေ။
ချန်းဖန်တို့ တစ်သိုက်ကား ထိုစားသောက်ပွဲကို သာမန် စားသောက်ပွဲ တစ်ခုဟု ထင်မှတ်ကြရာ အဓိက ခန်းမထဲသို့ပင် သွားမနေတော့ပဲ အပြင်ဝိုင်း၌သာ ထိုင်လိုက် ကြသည်။
"ယူကီရှီရိုဆာ…"
ချန်းဖန်နှင့် မိန်းကလေး နှစ်ယောက် လာချပေးသော အစားအသောက်များကို ငုံ့ကာ စားသောက် နေစဉ်မှာပင် မိန်းမ တစ်ယောက်က ယူကီရှီရိုဆာ၏ နာမည်ကို အံ့အားတကြီး ခေါ်လိုက်သည်။
ချန်းဖန်တို့ လှည့်ကြည့်လိုက်ကြရာ အိကျင့်ချီကို တွေ့လိုက်ရသည်။
"ဒါပေမဲ့…"
အိကျင့်ချီက ချန်းဖန်အား စူးစမ်းဟန် ကြည့်လိုက်၏။
"ရှင်က ချန်းပေ့ရွှမ်းနဲ့ အတူ မဟုတ်ဘူးလား… ဒီလူကြီးမင်းက ဘယ်သူများလဲ…"
ယခု၌ ချန်းဖန်မှာ သူ၏ ပုံသဏ္ဌာန်ကို သာမန် အဖြစ်သို့ ပြောင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အိကျင့်ချီက သူ့ကို မမှတ်မိခြင်း ဖြစ်၏။
"အော် ရှောင်ချီ … နင်မလား … မတွေ့တာတောင် ကြာပြီ…"
ချန်းဖန်က မိန်းကလေးကို နှုတ်ဆက်လိုက်သည်။
ကံကြမ္မာက ထိုမိန်းကလေးနှင့် သူ့အား ဂျပန်တွင် ငါးကြိမ်တိုင်တိုင် ဆုံစေခဲ့သည်။ ထို့ကြောင့် ချန်းဖန် သူမကို မှတ်မိနေခြင်း ဖြစ်သည်။
"ရှင်က ချန်းပေ့ရွှမ်းလား…"
အိကျင့်ချီမှာ ချန်းဖန်၏ အသံကို ချက်ချင်းပင် မှတ်မိသွားသည်။ သူမက မျက်လုံးများကို အတင်းပြူးရင်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
သို့သော်လည်း ချက်ချင်းပင် တစ်စုံတစ်ရာကို သူမ တွေးမိသွားသည်။ ချန်းဖန်ကား စစ်တပ်ကြီး တစ်တပ်လုံးနှင့်ပင် ယှဉ်တိုက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရုပ်ပြောင်း၊ ရုပ်လွှဲ လုပ်နိုင်ခြင်းမှာ အံ့အားသင့် စရာ မရှိချေ။
"ရှင် ကျောင်းဟိုင်ကို ဘာလာလုပ်တာလဲ… မတွေ့ရတာ ကြာပြီနော် ရှင်တို့တွေကို ပြန်မတွေ့ရတော့ဘူး ထင်နေတာ ပျံလွှားနီလေး ဆိုတဲ့ မိန်းမကို ကျွန်မ ဆက်သွယ် ကြည့်သေးတယ်။ ဒါပေမဲ့ အကြောင်း မထူးပါဘူး …"
အိကျင့်ချီ၏ စကားများသော စရိုက်မှကား ပြောင်းလဲခြင်း မရှိချေ။
"အာ နေဦး… လင်းမိသားစုရဲ့ သခင်လေးက ကျောင်းဟိုင်မှာ ပထမဆုံး စီးပွားရေး မဟာမိတ်ဂိုဏ်း ထောင်မလို့တဲ့ ရှင် သိပြီးပြီလား"
"လင်းမိသားစုက သခင်လေး…"
"စီးပွားရေး မဟာမိတ်ဂိုဏ်း…"
ချန်းဖန်နှင့် မိန်းကလေး နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ နားလည်ပုံ မရသော ပုံစံကို ကြည့်၍ အိကျင့်ချီက အလျှင်အမြန်ပင် ရှင်းပြလိုက်သည်။
"ခုရက်ထဲ ကျိမိသားစု ဘာလို့ မောက်မာနေလဲ ဆိုတာ ငါစဉ်းစား မရဖြစ်နေတာ... တကယ်တော့ တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုက သူတို့ကို ထောက်ပံ့ပေးထားတာတဲ့... နောက် လင်းမိသားစုရဲ့ တံခါးပိတ် ကျင့်ကြံနေတဲ့ တန်ခိုးရှင် ဆိုလား … သူက အရမ်း အစွမ်းထက်တယ် တဲ့"
ချန်းဖန်က အိကျင့်ချီ၏ စကားကို နားထောင်ရင်း မျက်မှောင် ကြုတ်လိုက်သည်။
လင်းရှု့မင်ကား လွန်ခဲ့သည့် နှစ်တစ်ရာ ကျော်ကပင် ကျော်ကြားခဲ့ခြင်း ဖြစ်ရာ ခန့်မှန်းခြေ ဆိုရလျှင် သူ၏ အသက်က နှစ်တစ်ရာ့ ငါးဆယ်လောက် ရှိနေလောက်ပြီ ဖြစ်သည်။ အကယ်၍ သူသာ အသက်ရှင် နေသေးဆဲ ဆိုလျှင် တန်ခိုးရှင် အဆင့်ပင် မကလောက်တော့ချေ။
သို့သော် သူကိုယ်တိုင်သည်လည်း ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ဤကမ္ဘာ၌ သူ သတိထားရမည့် အရာဆို၍ မူလဝိညာဉ် အဆင့် ကျင့်ကြံသူနှင့် နျူကလိယ လက်နက် နှစ်ခုသာ ရှိတော့သည်။
အိကျင့်ချီက ချန်းဖန်တို့အား နားပူအောင် စကားပြောတော့ရန် အားခဲ လိုက်စဉ်မှာပင် ဒေါသထွက်နေသော အသံတစ်ခု ပေါ်ထွက်လာခဲ့၏။
"အဲဒါသူတို့ပဲ ကျွန်တော်တို့ နေ့လည်စာ စားတုန်းက ရိုက်ခဲ့တာ…"
ချန်းဖန် လှည့်ကြည့်လိုက်ရာ သူတို့ထံသို့ ဦးတည် လာနေသည့် လူအုပ်စု တစ်စုကို တွေ့လိုက်ရသည်။ ထိုအုပ်စု ခေါင်းဆောင်များမှာ ရီချန်းနှင့် သခင်လေးချိုးတို့ ဖြစ်၏။
"ဟေး… မင်းတို့ ငါ့ ဘရိုကို ရိုက်ခဲ့တာလား"
လူတစ်ယောက်က ရှေ့သို့ထွက်ကာ ချန်းဖန်တို့အား အေးစက်စွာ မေးလိုက်၏။ ချန်းဖန်မှာ ထိုလူငယ်ကို တစ်ခါမျှ မမြင်ဖူးချေ။
သို့သော်လည်း အိကျင့်ချီမှာမူ ထိုလူငယ်ကို မြင်သည်နှင့် မျက်နှာ တစ်ခုလုံး ဖြူရော် သွားတော့သည်။
ထိုလူငယ်မှာ လင်းပို့ကျွင်း၏ ဘေးတွင် ထိုင်နေသော လူငယ် ဖြစ်ကြောင်း သူမ မှတ်မိသည်။ သူမ မိတ်ဆွေ တစ်ယောက်၏ စကားအရ ဆိုလျှင် ထိုလူငယ်၏ အမည်မှာ လင်းထျန်းရှု့ဖြစ်သည်။ ထိုလူငယ်မှာ တရုတ် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နာဂ အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ယောက် ဟုလည်း သိရသေးသည်။
"အာ… မင်းက ဒီကို ရောက်နေတာပဲ"
ချန်းဖန်က သခင်လေးချိုးကို ကြည့်ရင်း လှောင်ပြုံး ပြုံးလိုက်သည်။ သခင်လေးချိုး၏ မျက်နှာကား တစ်ခြမ်းလုံး ရောင်ကိုင်း နေခဲ့တော့သည်။
ယူကီရှီရိုဆာကမူ သူ၏ အကောင်းအတိုင်း ကျန်နေသေးသော တစ်ဖက်ကို ကြည့်ရင်း မျက်စ ပစ်နေတော့သည်။
"လင်းမိသားစုက ဘယ်တော့မှ အကြောင်းပြချက် မရှိဘဲ လူတစ်ယောက်ကို မတိုက်ခိုက်ဘူး … မင်းတို့သာ ငါ့ဘရို ခွင့်လွှတ်အောင် တောင်းပန်နိုင်ရင် ဒီကိစ္စကို ကြေအေး ပေးလိုက်မယ်"
လင်းထျန်းရှု့က သမာသမတ် ကျဟန် ဆိုလိုက်သည်။
"ခွင့်လွှတ်ဖို့လား… ရတယ်လေ ငါ့ကို ရိုက်ခဲ့တဲ့ တစ်ယောက်နဲ့ သုံးည ပေးအိပ်ရင် ခွင့်လွှတ်ပေးမယ်"
သခင်လေးချိုးက နှာခေါင်းရှုံ့ရင်း ယူကီရှီရိုဆာအား တပ်မက်စွာ ကြည့်လိုက်သည်။
"အရူးပဲ…"
ချန်းဖန်က သက်ပြင်းချရင်း ခေါင်းကို ခါယမ်းလိုက်သည်။ သူ၏ အသက်ကို တစ်ကြိမ် ခွင့်လွှတ်ပြီးပြီ ဖြစ်သည့်တိုင် လူငယ်က နောင်တရဟန် မပေါ်ချေ။
"ခရက်…"
ချန်းဖန်က လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ယူကီရှီရိုဆာ၏ ကျောမှ ရှေ့ဟောင်းဓား ထွက်ပေါ်လာသည်။ ထိုဓားက လျှင်မြန်စွာပင် အလင်းကဲ့သို့ ရွေ့လျားပြီး လူငယ်၏ ခေါင်းကို ဖြတ်တောက်သည်။ ပြီးသည်နှင့် ချက်ချင်းပင် ဓားအိမ် အတွင်းသို့ ပြန်လည် ဆင်းသက် သွားတော့သည်။
"ပန့်…"
ရုတ်တရက် သခင်လေးချိုး၏ လည်ပင်းပြတ်မှ သွေးများ ပန်းထွက်လာကာ ဘေးရှိ လူများနှင့် ကြမ်းပြင်ကို ရွှဲရွှဲစို သွားစေတော့သည်။
ရီချန်းက မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်ရင်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့ကဲ့သို့ ချမ်းသာသော ဆက်ခံသူ တစ်ယောက်ပင် ထိုမျှ မောက်မာသော ပြဿနာ ဖြေရှင်းနည်းမျိုးကို မတွေ့ခဲ့ဖူးချေ။
"ပညာရှင်ပဲ…"
ချန်းဖန်၏ ဓားပျံ ထိန်းချုပ်သော နည်းစနစ်ကို ကြည့်ရင်း လင်းထျန်းရှု့၏ မျက်နှာမှာ မည်းမှောင်သွားသည်။
"လင်းမိသားစု အပြင်ဘက်က လူတစ်ယောက်မှာ ခုလို စွမ်းအားမျိုး ရှိမယ်လို့ မမျှော်လင့်ခဲ့ဘူး… မင်းက ဘယ်သူလဲ… ဘယ်မိသားစုကလဲ… လင်းမိသားစုနဲ့ ရန်သူ ဖြစ်ချင်တာ သေချာပြီလား"
"ငါ့မှာ မင်းနဲ့ စကားပြောဖို့ အချိန် မရှိဘူး… လင်းပို့ကျွင်းကို ခေါ်စမ်း"
ချန်းဖန်က အမိန့်ပေးရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
"ဒူးထောက်စမ်း…"
ရုတ်တရက် လူငယ် အုပ်စုမှာ တစ်စုံတစ်ရာ၏ ဖိအားပေးခြင်း ခံရသည့် အလား ကြမ်းပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။
"အား…"
လင်းထျန်းရှု့က အတွင်းအားကို ထုတ်သုံးကာ အတင်းအကြပ် မတ်တပ်ရပ်ရန် ကြိုးစားသည်။ သို့သော်လည်း သူကား အခြားလူများ ကဲ့သို့ တုတ်တုတ်ပင် မလှုပ်နိုင်ချေ။
"မင်းက ချန်းပေ့…"
လင်းထျန်းရှု့က ချန်းဖန်ကို မော့ကြည့်ကာ မေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မေးခွန်း မဆုံးခင်မှာပင် သူ၏ မျက်နှာက ကြမ်းပြင်နှင့် အရှိန်ပြင်းစွာ ဆောင့်ကျ သွားတော့သည်။ များစွာသော လူများကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ နေကြတော့သည်။
သူတို့၏ ပထမ အမြင်၌ လင်းမိသားစုမှာ အလွန် ကြီးကျယ်ခမ်းနားခဲ့သည်။ ထိုမိသားစုမှာ ကျောင်းဟိုင်နယ်ကိုပင် စိုးမိုး သိမ်းသွင်း နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း အသစ်ရောက်လာသော လူငယ်လေးက မောက်မာစွာပင် ထိုအထဲမှ တစ်ယောက်ကို သတ်ကာ တစ်ဖွဲ့လုံးအား ဒူးထောက် စေခဲ့သည်။
ထိုအပြုအမူက သခင်လေး လင်းပို့ကျွင်းကို စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင်။
"ဒီလို မောက်မာမှု ဒီလို စွမ်းအား … သူ့လို လူမျိုး အရင်က ကျောင်းဟိုင်မှာ မရှိခဲ့ပါဘူး"
"သခင်လေးချိုးရဲ့ အဖေက ဗိုလ်ချုပ် တစ်ယောက်တဲ့… ဒါပေမဲ့ သူက အင်းဆက် တစ်ကောင်လိုတောင် သတ်ပစ်လိုက်တယ်"
"သခင်လေးလင်းတော့ ပြိုင်ဘက်ကောင်းနဲ့ တွေ့ပြီ ထင်တယ်"
လူများစွာက တီးတိုး ရေရွတ်လိုက်ကြသည်။
"ချန်းပေ့ရွှမ်း… သူက တကယ်ပဲ"
အိကျင့်ချီက ချန်းဖန်အား ငေးမောရင်း ဖြူရော်စွာ ပြုံးလိုက်တော့သည်။
***