← Chapters

အထွတ်အထိပ် တစ်ယောက်နှင့် တိုက်ပွဲ

Vol. 5 Ch. 473

အထွတ်အထိပ် တစ်ယောက်နှင့် တိုက်ပွဲ

Vol. 5 Ch. 473

လင်းပို့ကျွင်းသည် သူလွဲခဲ့သည့် အရာကို သဘောပေါက် နားလည် သွားခဲ့၏။

သူကား ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ယုံကြည်ချက် ရှိခဲ့ကာ ချန်းပေ့ရွှမ်းအား လျှော့တွက်မိခဲ့သည်။

သူ၏ အဘိုး လင်းရှု့မင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကပင် ကျော်ကြားခဲ့သူ ဖြစ်သည့်တိုင် လူမြင်ကွင်းသို့ ပေါ်ထွက်မလာသည်က ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ လင်းရှု့မင် အသက်ရှင် နေလိမ့်ဦးမည်ဟု မည်သူမျှ အသေအချာ မပြောနိုင်ချေ။

အခြား တစ်ဖက်၌ ချန်းဖန်မှာမူ ကမ္ဘာပေါ်၌ တစ်ဦးတည်းသော တန်ခိုးရှင် အဖြစ် ကျော်ကြား နေခဲ့သူ ဖြစ်သည်။

သူကား အသက်ရှင်သန်နေဆဲ ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူ့ကြောင့်သာလျှင် စီအိုင်အေ၏ နတ်ဘုရား သတ်မှတ်ချက် ပြန်လည် ရှင်သန် အသက်ဝင်လာခြင်း ဖြစ်သည်။

ချန်းဖန်၏ လတ်တလော အောင်မြင်မှုများနှင့် စာလျှင် လင်းမိသားစု၏ ကျော်ကြားမှုများမှာ မှိုတက်နေပြီ ဟုပင် ဆိုနိုင်သည်။

"တန်ခိုးရှင် ဆရာချန်းကို တွေ့ရတာ တကယ်ပဲ ဂုဏ်ယူမိပါတယ် …"

လူအုပ်က အနည်းငယ် ဘေးသို့ဖယ်ရင်း အသစ်ရောက်လာသော လူများ အတွက် လမ်းဖွင့်ပေးကြသည်။

ချန်းဖန်က အသံလာရာသို့ လှမ်းကြည့်လိုက်ရာ အဘိုးအို တစ်ယောက် ဦးဆောင်လာသော လူအုပ်စု တစ်စုကို တွေ့ရသည်။

စားသောက်ပွဲတွင် ရှိနေသော လူများစွာမှာ  အဘိုးအို၏ ဘေး၌ ဝန်းရံ၍ လိုက်ပါလာသော လူများကို ကြည့်ရင်း ဆွံ့အသွားကြ၏။

"ချမ့်တန့်ချင် …"

သူမကား ကျောင်းဟိုင် မြေအောက်လောက၏ ဘုရင်မ ဖြစ်သလို ကျော်ကြားသည့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

"ဟွာချင်ရှုံး …"

သူကား ဟွာလုပ်ငန်းစု၏ စီအီးအို ဖြစ်ကာ လက်ရှိ ဟွာမိသားစု ခေါင်းဆောင်လည်း ဖြစ်သည်။ သူ၏ နာမည်မှာ ကျောင်းဟိုင်၏ လူချမ်းသာ ဆယ်ယောက် စာရင်းတွင်ပင် ပါဝင်သည်။

"ဟွာယွမ်ဟူ …"

သူကမူ ဟွာမိသားစုကို ဆက်ခံမည့်သူ ဖြစ်သည်။

အဘိုးအိုသည် ထိုကဲ့သို့ အကျော်အမော်များကို ခေါင်းဆောင်လာသည့်တိုင် အမူအရာ ကင်းမဲ့ကာ တည်ငြိမ်နေ၏။ သူ၏ ခြေလှမ်းများက စည်းချက် မှန်ကန်နေကာ သူ၏ အကြည့်များကလည်း စူးရှနေသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်တွင်လည်း သန့်စင်သော အဖြူရောင် အင်္ကျီကို ဆင်မြန်းထားရာ သူ၏ အသွင် သဏ္ဌာန်ကား မသေမျိုး ကျင့်စဉ်ကို ကျင့်ကြံထားသည့် သူတော်စင် တစ်ပါးဟုပင် ထင်မှတ်ရသည်။

"ဟွာရန်ဖန်း …"

သူကား ကျောင်းဟိုင်မြို့၏ စောင့်ရှောက်သူ တစ်ဖြစ်လဲ အစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ သူ၏ အဆင့်က ကောင်းကင် စာအုပ်တွင်ပင် နံပါတ်လေး နေရာ ရှိသည်။

အားလုံး၏ အကြည့်များ အောက်တွင်ပင် အဘိုးအိုက ချန်းဖန်ထံသို့ တန်းတန်းမတ်မတ် သွားကာ ဦးညွှတ်လိုက်၏။

"တန်ခိုးရှင် ခင်ဗျာ … ကျုပ်ရဲ့ပွဲကို ကြွရောက်ချီးမြှင့်ပေးတဲ့ အတွက် တကယ်ပဲ ဂုဏ်ယူမိပါတယ် … တန်ခိုးရှင်ကို စောစောစီးစီး လာရောက် ဂါဝရ မပြုမိတာ ခွင့်လွှတ်ပေးပါ ခင်ဗျာ …"

ချန်းဖန်က ဦးညွှတ်နေသော အဘိုးအိုအား အကဲခတ်ရင်း ပြန်မေးလိုက်၏။

"ခင်ဗျားက ဟွာရန်ဖန်းလား  … ခင်ဗျားရဲ့ အစစ်အမှန် စွမ်းအားက ကောင်းကင် သတ်မှတ်ချက် နံပါတ်လေး ဆိုတဲ့ နေရာထက်  ပိုမြင့်မားတာပဲ …"

ချန်းဖန်က သာမန်ကာလျှံကာ ချီးကျူးလိုက်သည်။ ထိုအဘိုးအိုထံတွင် သူ စိတ်ဝင်စားလောက်သော အရည်အချင်း မရှိချေ။

သို့သော်လည်း အဘိုးအို၏ နောက်ရှိ ချမ့်တန့်ချင်းကမူ ချန်းဖန်၏ စိတ်ဝင်စားမှုကို ဖမ်းစားလိုက်နိုင်သည်။ သူမ၏ စွမ်းအားမှာ အဘိုးအို ဟွာရန်ဖန်းထက်ပင် ထူခြားနေသည်။

"ကျွန်တော့်ရဲ့ အဆင့်က ဆရာနဲ့ယှဉ်ရင် ရယ်စရာလောက်ပါပဲ …"

ဟွာရန်ဖန်းက ခေါင်းခါရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သို့သော်လည်း သူ၏ စိတ်တွင်မူ ချန်းဖန်၏ စူးရှသော အမြင်ကို အံ့အားသင့် နေမိ၏။

ဟွာရန်ဖန်းသည် သူ၏ ကျင့်ကြံခြင်း အဆင့်ကို အထွတ်အထိပ်မျှသာဟု တစ်လောကလုံး ထင်အောင် ပြုမူနေထိုင်ခဲ့သည်။ သူ မတိုက်ခိုက်ခဲ့သည့် ကာလမှာလည်း အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အစစ် အမှန်တွင်မူ ယခု သူ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင် အဆင့်သို့ပင် အလွန် နီးကပ် နေခဲ့ပြီ ဖြစ်သည်။

"အင်း … ကျုပ်က ဒီစားသောက်ပွဲကို အပျော် အနေနဲ့ တက်ရောက် လာတာပါ … ဒါပေမဲ့ မထင်မှတ်ပဲ လူတချို့ကို သတ်မိပြီး ခင်ဗျားကို မျက်နှာပျက် စေခဲ့တယ် … ဒီအတွက် ဗွေမယူဖို့ မျှော်လင့်ပါတယ်"

ချန်းဖန်က အနည်းငယ် ပြုံးရင်း တောင်းပန်လိုက်သည်။

"တန်ခိုးရှင် ခင်ဗျာ … ဒီကိစ္စမှာ တန်ခိုးရှင် မမှားပါဘူး … တန်ခိုးရှင်ကို အရင် ပြစ်မှားခဲ့တာ တစ်ခုနဲ့တင် သူတို့ သေဖို့ ထိုက်တန်နေပါပြီ"

ဟွာရန်ဖန်းက သမာသမတ်ကျသော လေသံဖြင့် ဆိုလိုက်သည်။

တန်ခိုးရှင် အဆင့်များမှာ သိုင်းပညာရှင် အဖွဲ့အစည်း၌ နတ်ဘုရားများ သဖွယ် ဖြစ်သည်။

ဒဏ္ဍာရီများအရ ဆိုလျှင် တန်ခိုးရှင်များမှာ သူတို့ကို ဆန့်ကျင်သူများအား ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံး အပြစ်ပေးနိုင်သည်ဟု ဆိုကြသည်။  ယခု ချန်းပေ့ရွှမ်းမှာ သူတို့၏ ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ် လောင်ကျွမ်းခြင်း ကဲ့သို့သော အပြစ်ပေးခြင်းမျိုးနှင့် ယှဉ်ပါက ခန္ဓာ ပျက်စီးခြင်းမှာ အသေးအဖွဲလောက်သာ ဖြစ်သည်။

"သခင်ကြီးဟွာ … ဒါက ဘာအဓိပ္ပာယ်လဲ"

လင်းပို့ကျွင်းက ဟွာရန်ဖန်းကို တင်းမာစွာ ကြည့်ရင်း မေးလိုက်သည်။

"ဟမ့် …"

ဟွာရန်ဖန်းက သူ့အား အဖက်လုပ်၍ပင် ပြန်မပြောခဲ့ချေ။

သူကား ကျောင်းဟိုင်ကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည့် သခင်ကြီးဟွာ ဖြစ်သည်။ လင်းရှု့မင်မှာ သူ့အသက်ကို ကယ်ခဲ့ဖူးသည် ဆိုသော်လည်း အသက်နှင့် ဂုဏ်သိက္ခာအရ သူ့အနေဖြင့် လူငယ် မျိုးဆက်များကို လေးစားရန် မလိုချေ။

"အရမ်းကို ကောင်းပါတယ် …"

လင်းပို့ကျွင်းက ရွဲ့တဲ့တဲ့ ဆိုရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"ချန်းပေ့ရွှမ်း ဟွာရန်ဖန်း … မင်းတို့ အားလုံး ဒီအတွက် ပြန်ပေးဆပ် ရမယ် … ဘိုးဘိုးကြီးကို မင်းတို့ လုပ်ခဲ့တာတွေ အတွက် ပြန်တိုင်မယ်ကွ"

"သောက်ရူးကောင်ပဲ … မင်း နားမလည်တာလား … သခင်ကြီး လင်းရှု့မင်တောင် တန်ခိုးရှင် အဆင့်ကို အနည်းဆုံး တန်းတူ ဆက်ဆံရမှာ … မင်းက လင်းမိသားစု နောက်ခံနဲ့ ထင်ရာစိုင်း ချင်တယ်ပေါ့ … မင်းအဖေတွေ မင်းအဘိုးတွေက မင်းကို မဆုံးမထားဘူးလား"

ဟွာရန်ဖန်းက ခေါင်းခါရင်း သက်ပြင်း ချလိုက်သည်။

အဘိုးအို၏ စကား အဆုံး၌ လင်းပို့ကျွင်းမှာ ရေခဲ ရုပ်တု တစ်ခုအလား တိတ်ဆိတ် ငြိမ်သက် သွားမိတော့၏။

ဟွာရန်ဖန်း ပြောသည်မှာ မှန်ကန်ပေသည်။

ချန်းပေ့ရွှမ်းကား သူ၏ အဘိုး လင်းရှု့မင်နှင့်ပင် အဆင့်အတန်း တူညီသောသူ ဖြစ်သည်။

သူကမူ လင်းရှု့မင်၏ မြေးမြစ် တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ချန်းပေ့ရွှမ်းကို မလေးမစား လုပ်ခွင့် မရှိချေ။

လင်းပို့ကျွင်းမှာ ပထမ၌ တွေဝေနေသေးသော်လည်း ဆက်စပ် တွေးမိသည်နှင့် ချက်ချင်းပင် ဟွာရန်ဖန်းကို ဦးညွှတ်လိုက်၏။

"ဆုံးမ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် … ဒီ အဖြစ်အပျက်ကို သင်ခန်းစာ ယူပြီး အနာဂတ်မှာ ပြုပြင်ပါ့မယ်"

"အနာဂတ် ဟုတ်လား …"

ချန်းဖန်က လင်းပို့ကျွင်းကို ထူးမခြားနားစွာ ကြည့်လိုက်၏။

"မင်း ကျောင်းဟိုင်ကနေ ဘယ်လို ထွက်သွားနိုင်မလဲ ဆိုတာကိုပဲ အရင်ဆုံး တွေးသင့်တယ်"

ချန်းဖန်၏ စကားက စားသောက်ပွဲတွင် ရှိနေသည့် လူများစွာကို ဆွံ့အ သွားစေ၏။

"သူက လင်းပို့ကျွင်းကိုပါ သတ်ပစ်ချင်နေတာလား …"

"လင်းပို့ကျွင်းက ဝမ်ချီရှန်း၊ သခင်လေးချိုးတို့နဲ့ အဆင့်အတန်း မတူဘူး ဆိုတာ သူမသိဘူးလား …"

လင်းပို့ကျွင်းကား သခင်ကြီး လင်းရှု့မင်၏ တိုက်ရိုက် မျိုးဆက်ဖြစ်ပြီး လင်းမိသားစု၏ ဂုဏ်ယူရသော ဆက်ခံသူလောင်း တစ်ယောက်ဖြစ်သည်။ သူ့ကို သတ်ခြင်းက လင်းရှု့မင်ကို စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင်။

အကျိုးဆက် အနေဖြင့် ချန်းပေ့ရွှမ်းနှင့် လင်းရှု့မင်တို့ အကြား၌ တိုက်ပွဲပင် ဖြစ်လာနိုင်သည်။ ထိုတိုက်ပွဲသာ ဖြစ်လာမည် ဆိုပါက ကမ္ဘာ့သမိုင်း၏ အကြီးကျယ်ဆုံး တိုက်ပွဲများ အနက်မှ တစ်ခု ဖြစ်လာပေလိမ့်မည်။

"တန်ခိုးရှင် ခင်ဗျာ … သူ့အသက်ကို ချမ်းသာ ပေးလိုက်ပါ …"

ဟွာရန်ဖန်းက လက်နှစ်ဖက်ကို ဆုပ်ရင်း လေးလေးနက်နက် တောင်းဆိုလိုက်သည်။

"အင်း … ငါစဉ်းစားထားတာ ရှိတယ် …"

ချန်းဖန်က ခေါင်းညိတ်ရင်း  ယူကီရှီရိုဆာကို လက်ညှိုး ထိုးပြလိုက်သည်။

"သူက ငါ့ရဲ့အစေခံ မိန်းကလေးပဲ … လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ သိုင်းပညာကို စသင်ခဲ့တာ … လင်းပို့ကျွင်းသာ သူ့ကို အနိုင်တိုက်နိုင်ရင် ထွက်သွားခွင့် ပေးမယ် …"

"ကောင်းပြီလေ …"

လင်းပို့ကျွင်းက အနည်းငယ် ပြုံးရင်း ဓားရှည် တစ်ချောင်းကို ထုတ်ယူလိုက်၏။ "ချန်းပေ့ရွှမ်း … ကျုပ်က ဓားတာအိုကို နှစ်သုံးဆယ်လောက် လေ့ကျင့်ခဲ့တယ် … အခု ဆိုရင် အထွတ်အထိပ် အဆင့် အထိ ရောက်နေခဲ့ပြီ … ကျုပ် လက်လွန်လို့ ဒီကောင်မလေး သေသွားရင် ကျုပ် အပြစ်မဟုတ်ဘူးနော် … ခင်ဗျားရဲ့ မောက်မာမှုကြောင့်ပဲ"

လင်းပို့ကျွင်းမှာ ချန်းဖန်၏ အထင်သေးသော အပြုအမူကြောင့် စိတ်ထဲမှ ကျိတ်၍ ဒေါသထွက် နေခဲ့၏။

ချန်းပေ့ရွှမ်း၏ ဘေးနားရှိ ဓားလွယ်ထားသော မိန်းကလေးမှာ အတွင်းအား ထိပ်သီး အဆင့်တွင်သာ ရှိနေသေးကြောင်း သူကောင်းစွာ အကဲခတ်နိုင်သည်။ ထိုမိန်းကလေးနှင့် သူ၏ အဆင့်က မိုးနှင့် မြေလောက် ကွာခြားပေသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက မောက်မာစွာပင် ထိုမိန်းကလေးကို သူနှင့် ယှဉ်ပြိုင် ခိုင်းသည်။

"ရွှမ်း …"

လင်းပို့ကျွင်းက ဓားကို ဝှေ့ယမ်းရင်း မိန်းကလေးအား ကြည့်လိုက်၏။

သူကား ခဏအတွင်းမှာပင် မောက်မာသော သခင်လေးလင်းမှ ထက်မြက်သော ဓားသမား တစ်ယောက် အသွင်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

"အထွတ်အထိပ် … သူက အထွတ်အထိပ် အဆင့်ပဲ …"

လူအုပ်ထဲ၌ ရှိနေသည့် သိုင်းပညာရှင်များက လင်းပို့ကျွင်းအား ကြည့်ရင်း ပင့်သက် ရှိုက်လိုက်ကြသည်။

ချန်းဖန်မှလွဲလျှင် အထွတ်အထိပ် အဆင့်သို့ အသက် အငယ်ဆုံး ဝင်ရောက်ခဲ့သူမှာ ရဲ့နန်ထင်း ဖြစ်သည်။ သို့သော်လည်း ယခုမူ လင်းပို့ကျွင်းမှာ ထိုမှတ်တမ်းကို ချိုးဖျက်ခဲ့ပြီ ဖြစ်၏။ သူကား လင်းမျိုးဆက်၏ အထူးချွန်ဆုံး လူငယ်ဟူသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်ပါပေသည်။

"ကလန့်..."

ယူကီရှီရိုဆာက တည်ငြိမ်စွာပင် ဓားကို ဖြည်းညင်းစွာ ထုတ်ယူလိုက်၏။

သူမကား အဖြူရောင် အင်္ကျီနှင့် အေးစက်စက် အပြုအမူတို့ကို ဆင်မြန်းထားရာ ရေခဲရုပ်တု တစ်ခု အလားပင် ထင်မှတ်ရစေသည်။

သူမသည် အသက်နှစ်ဆယ်သာ ရှိသေးသည့် မိန်းကလေး ဖြစ်သည်။ ထို့အပြင် အစိမ်းရောင် နဂါးအစီအရင် အတွင်း၌လည်း တစ်နှစ်ကျော်ခန့် နေခဲ့သည် ဖြစ်ရာ သူမ၏ အသားအရေက နူးညံ့ချောမွတ်နေကာ နှင်းပွင့် ကဲ့သို့ ဆွတ်ဆွတ်ဖြူနေ၏။

ထိုအရာနှင့် ဆန့်ကျင်ဘက်ပင် ပခုံးထက် ပြန့်ကျဲကျနေသော ဆံပင်များကမူ နက်မှောင်နေသည်။ လက်ထဲရှိ ဓားပါ ထည့်သွင်း ပေါင်းစပ်ပါက သူမ၏ ပုံစံမှာ ဝူရှ ဝတ္ထုများထဲမှ သူရဲကောင်းမ တစ်ဦးနှင့်ပင် တူညီနေခဲ့၏။

"ဆရာ … ဒီမိန်းကလေးက အတွင်းအား ထိပ်သီး အဆင့်ပဲ ရောက်သေးတာ ဆိုတော့ လင်းပို့ကျွင်းကို ယှဉ်နိုင်ပါ့ မလား"

ချမ့်တန့်ချင်က ဟွာရန်ဖန်း အနားသို့ ကပ်ကာ မေးလိုက်သည်။

ဟွာရန်ဖန်းက သူမ၏ အမေးကို ချက်ချင်း ပြန်မဖြေသေးပဲ မျက်မှောင် ကြုတ်လိုက်၏။ ထိုမိန်းကလေးမှာ အတွင်းအား ထိပ်သီး အဆင့်ကိုသာ ရောက်သေးကြောင်း သူ ကောင်းစွာ ခံစား၍ ရသည်။ မည်သည့် အထွတ်အထိပ်ပင် ဖြစ်စေ သူမအား လွယ်ကူစွာ အနိုင်ယူနိုင်သည်။

"ချန်းပေ့ရွှမ်းမှာ လှည့်ကွက်တွေ ရှိချင် ရှိမှာပေါ့ … ငါလည်း သေသေချာချာ မသိဘူး"

ဟွာရန်ဖန်းက ခေါင်းခါရင်း ဖြူရော်စွာ ပြုံးလိုက်သည်။

"ကလန့် …"

ယူကီရှီရိုဆာက ဓားကို မြဲမြံစွာ ကိုင်ရင်း လင်းပို့ကျွင်းအား ကြည့်လိုက်၏။ သူမကား ရန်သူကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"လင်းမိသားစု ဓားကကြိုး နည်းစနစ် …"

လင်းပို့ကျွင်း၏ ဓားက သူ၏ လက်နှစ်ဖက်၌ ကခုန်ရင်း ယူကီရှီရိုဆာကို စတင် တိုက်ခိုက်လိုက်၏။

ဓားက ထက်မြက်သော အလင်းအား ထုတ်ဖော်ရာ ပတ်ဝန်းကျင် တစ်ခုလုံး နေ့ခင်း အလားပင် လင်းလက်လာခဲ့၏။ ထိုအလင်းက လင်းပို့ကျွင်း၏ ထိန်းချုပ်မှု အောက်၌ မရေမတွက်နိုင်သော ဓားလှိုင်းများ အဖြစ်သို့ ပြောင်းလဲကာ ယူကီရှီရိုဆာထံသို့ အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝင်တိုက်ခိုက်သည်။

သူ၏ တိုက်ခိုက်ပုံကြောင့် ဟွာရန်ဖန်းပင်လျှင် ပင့်သက်ရှိုက်လိုက်မိ၏။ ထိုစွမ်းအား တစ်ခုနှင့်ပင် လင်းပို့ကျွင်းကား ကောင်းကင် စာအုပ် စာရင်း ဝင်ရန် ထိုက်တန်နေပြီ ဖြစ်သည်။

"အဇူရာပန်းပွင့် ဓမ္မဓား … ပထမ ဓားချက် …"

ယူကီရှီရိုဆာ၏ မျက်နှာက ခံစားချက် မရှိပဲ တည်ငြိမ်နေခဲ့၏။ သူမ၏ မျက်လုံးများကမူ စကြဝဠာ တွင်းနက်ကြီးများ အလား နက်မှောင်တောက်ပ နေခဲ့သည်။

"ကလန့် …"

ရှေးဟောင်းဓားက စက်ဝိုင်းသဏ္ဌာန် ရွေ့လျားရင်း အဇူရာ ကြာပန်းပွင့် အသွင်ကို ဆောင်သည်။ ညင်သာ ညက်ညောသော လှုပ်ရှားမှုအောက်တွင် အဇူရာ ကြာပန်းလွှာများက ဖြည်းညင်းစွာ ကြွေလွင့်ရင်း ငွေရောင်ဓားငယ်များကို ဖန်တီးသည်။

"ကလန့် …"

ငွေရောင်ဓားငယ်များက လင်းပို့ကျွင်း၏ အလင်းဓားလှိုင်း အလုံးစုံကို ချေဖျက်လိုက်၏။

တစ်ဆက်တည်းပင် ယူကီရှီရိုဆာ၏ ခန္ဓာကိုယ်က အရိပ်အသွင် ပြောင်းလဲကာ ရန်သူထံသို့ တိုးဝင်သည်။ သူမ၏ လက်ထဲမှ ရှေးဟောင်းဓားကလည်း မရေမတွက်နိုင်သော အဇူရာ ဓားအလင်းများ အသွင် ပြောင်းလဲကာ လင်းပို့ကျွင်းအား တိုက်ခိုက်သည်။

ထိုတိုက်ပွဲကား စက္ကန့်ပိုင်းမျှ အကြာတွင်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယူကီရှီရိုဆာ၏ ဓားချက်များစွာ အနက်မှ တစ်ခုမှာ လင်းပို့ကျွင်း၏ အကာအကွယ် အလင်းကို ထောပတ်ကဲ့သို့ ဖြတ်သန်းကာ ရင်ဘတ်မှ ကျောအထိ ထိုးဖောက်နိုင်ခဲ့၏။

ထိုတစ်ချက်ဖြင့်ပင် လင်းပို့ကျွင်းမှာ ယူကီရှီရိုဆာထံ၌ ဆိုးဝါးစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။

***

All Chapters