ကျောင်းဟိုင်ကို ဒူးထောက်စေခြင်း
Vol. 5 Ch. 474
"ဟမ် …"
သာမန်လူများ မဆိုထားနှင့် ဟွာရန်ဖန်းပင်လျှင် ယူကီရှီရိုဆာ၏ ဓားကို ကြည့်ရင်း ဆွံ့အ နေခဲ့မိသည်။
ထိုမိန်းကလေးကား သာမန် အတွင်းအား ထိပ်သီး ပညာရှင် တစ်ယောက် ဖြစ်သည်မှာ သေချာသည်။ သို့သော်လည်း သူမ၏ ဓားမှာမူ အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် အလား အစွမ်းထက် နေခဲ့သည်။
လင်းမိသားစု၏ ပါရမီရှင် လင်းပို့ကျွင်းပင်လျှင် သူမ ထုတ်ဖော်ခဲ့သော ဓားတစ်ကွက်ကို မခုခံနိုင်ခဲ့ချေ။
သို့သော်လည်း ထိုမိန်းကလေးမှာ သိုင်းပညာကို လွန်ခဲ့သည့် တစ်နှစ်မှ စ၍သာ သင်ခဲ့သည်ဟု ဆိုသည်။
ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ချန်းပေ့ရွှမ်း လိမ်လည်နေခြင်းသာ ဖြစ်ရမည်။
"ချန်းပေ့ရွှမ်းရဲ့ အစေခံ မိန်းကလေးကတောင် အထွတ်အထိပ် တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာပဲ …"
ဟွာရန်ဖန်းက ခေါင်းအား ဘယ်ပြန် ညာပြန် ခါယမ်းလိုက်သည်။
"ငါ … ရှုံးသွားတာလား"
လင်းပို့ကျွင်းက မယုံကြည်နိုင်စွာဖြင့် ထုတ်ချင်းပေါက်နေသော သူ၏ ရင်ဘတ်အား ငုံ့ကြည့်လိုက်၏။
သူကား လင်းမိသားစု၏ ဂုဏ်ယူရသော မျိုးဆက် ဖြစ်ကာ တရုတ် အရှေ့တောင်ပိုင်း ဒေသ၏ အကျော်ကြားဆုံး လူငယ် ဖြစ်သည်။
ထို့အပြင် သူသည် အစစ်အမှန် နဂါးများနှင့် နှိုင်းယှဉ်ကြသည့် အထွတ်အထိပ် အဆင့်သို့ပင် ရောက်နေခဲ့သူ ဖြစ်သည်။ များစွာသော မိသားစု ခေါင်းဆောင်များ၊ အကြီးအကဲ မျိုးဆက်များကပင် သူနှင့် ရဲ့မိသားစုမှ မိန်းကလေးကို လူငယ်မျိုးဆက်၏ အတော်ဆုံးများဟု နှိုင်းယှဉ် ချီးကျူးကြသည်။
သို့သော်လည်း ယခုတွင်မူ အသက် နှစ်ဆယ်လောက်သာ ရှိသည့် အစေခံ မိန်းကလေး တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့ရ၏။ ထိုရှုံးနိမ့်မှုက သူ့ဘဝ တစ်ခုလုံး၌ အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။
"ကလန့် …"
ယူကီရှီရိုဆာက ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်၏။
သူမကား ချန်းဖန်၏ စကားတိုင်းကို တစ်သဝေမသိမ်း လိုက်နာသူ ဖြစ်သည်။ အကယ်၍ ချန်းဖန်ကသာ လင်းပို့ကျွင်းကို သေစေလိုလျှင် သူမကလည်း အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
"ဘုန်း …"
ပေါက်ကွဲသံနှင့်အတူ မီတာ အနည်းငယ်ခန့် ရှည်သော ဓားအလင်း ဖြစ်ပေါ်လာကာ လင်းပို့ကျွင်းအား ထက်ဝက် ပိုင်းဖြတ်လိုက်၏။
ထိုတိုက်ခိုက်မှုက အလွန်အမင်း ပြင်းထန်ရာ အစွမ်းထက်သော အထွတ်အထိပ် တစ်ယောက်ပင်လျှင် ရှောင်နိုင်မည် မဟုတ်ပေ။
"ရပ်လိုက် …"
ဟွာရန်ဖန်းက အော်ဟစ်ကာ တားလိုက်၏။ သို့သော်လည်း နောက်ကျ သွားချေပြီ ဖြစ်သည်။
ယူကီရှီရိုဆာ၏ ဓားက လေထုကို ပိုင်းဖြတ်ကာ လင်းပို့ကျွင်း၏ လည်ပင်းဆီသို့ တည်တည့် ကျဆင်းသွားခဲ့ပြီ ဖြစ်၏။
ထိုစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"လင်းမိသားစုက ငါ့ရဲ့ ကလေးကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ …"
လူတိုင်းက ခေါင်းကို ချာချာလည် လှည့်ရင်း စကားပြောသူကို ရှာဖွေလိုက်ကြ၏။
ရုတ်တရက်ပင် လင်းပို့ကျွင်း၏ ရင်ဘတ်ရှိ ကျောက်စိမ်း လည်ဆွဲမှ အလင်းတန်း တစ်ခု ရုတ်တရက် ထွန်းတောက်လာသည်အား လူတိုင်း သတိထားမိလိုက်ကြသည်။
ထိုအလင်းတန်းက ခဏအတွင်းမှာပင် ပိုမို များပြားလာကာ လင်းပို့ကျွင်းအား ဝန်းရံသည်။ မှော်ပညာ ဆန်ဆန်ပင် ထိုအလင်းများက ဝန်းရံ၍ ပုံရိပ် တစ်ခုကို ဖန်တီးသည်။ ထိုပုံရိပ်က ခဏချင်းပင် ဆယ်မီတာခန့် အထိ ကြီးမားလာကာ ရွှေရောင် အလင်းတန်းများ စတင် တောက်ပလာသည်။
လူအများမှာ ထိုပုံရိပ်ကို ကြည့်ရင်း နတ်ဘုရား တစ်ပါးဟုပင် မှတ်ယူနေမိကြတော့သည်။
"ဘုန်း …"
ရွှေရောင် ပုံရိပ်က လင်းပို့ကျွင်း၏ ဦးခေါင်းထက်တွင် အုပ်မိုးရင်း ယူကီရှီရိုဆာ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
"ဘုန်း …"
အဇူရာ ဓားကား ရွှေရောင် ပုံရိပ်နှင့် ထိတွေ့ရာ နောက်သို့ ပြန်ကန် ထွက်လာ၏။ ထို အရှိန်ကြောင့် ယူကီရှီရိုဆာပင်လျှင် နောက်သို့ ခြေဆယ်လှမ်းမျှ ဆုတ်လိုက်ရသည်။
"အဲဒါက နတ်ဘုရားလား... နတ်ဆိုးလား …"
များစွာသော လူများကား ရွှေရောင် ပုံရိပ်ကြီးကို ကြည့်ရင်း ကြက်သီး ထလာကြသည်။
"အဲဒါက နတ်ဘုရားလည်း မဟုတ်ဘူး … နတ်ဆိုးလည်း မဟုတ်ဘူး … တန်ခိုးရှင် သခင်ကြီး ရှု့မင်ရဲ့ ပုံရိပ်ယောင် ပုံစံပဲ …"
ဟွာရန်ဖန်းက ရွှေရောင် ပုံရိပ်ကြီးကို ကြည့်ရင်း တုန်တုန်ရီရီ ပြောလိုက်သည်။
ထိုအချိန်၌ ချမ့်တန့်ချင်ကမူ ထိုရွှေရောင် ပုံရိပ်ကို မျက်တောင် မခတ်ပဲ ငေးမော ကြည့်နေမိသည်။
သို့သော်လည်း ပုံရိပ်ကြီးကား အလင်းများဖြင့် ဖန်တီးထားခြင်း ဖြစ်ရာ မျက်နှာကို ထင်ထင်ရှားရှား မမြင်ရချေ။ ထိုအရာက ခါးတွင် ဓားတစ်လက် ချိတ်ထားသော ရှေးဟောင်း စားသင်သား ဝတ်စုံဝတ် လူရွယ် တစ်ယောက် ဖြစ်ကြောင်းကိုမူ သူမ ခန့်မှန်း၍ ရသည်။
"သခင်ကြီးရှု့မင် သိုင်းလောကကို မဝင်ခင်မှာ စာပေပညာကို လိုက်စားခဲ့တယ် … ဒါပေမဲ့ အရာရှိ စာမေးပွဲ ကျခဲ့ပြီးတဲ့နောက် မိသားစုရဲ့ ဝိုင်းပယ်တာကို ခံခဲ့ရတယ် …"
"ဒါကြောင့်ပဲ သူက တောထဲ တောင်ထဲမှာ သွားပြီး နေထိုင်ခဲ့တယ် … အဲဒီမှာပဲ ဉာဏ်အလင်းရပြီး ဓားသမား တစ်ယောက် ဖြစ်လာခဲ့တယ် … ဒါကြောင့်မလို့ သခင်ကြီးရှု့မင်ရဲ့ ပုံစံက စာပေသမား တစ်ယောက်နဲ့ တူနေတာ"
ဟွာရန်ဖန်းက ချမ့်တန့်ချင်၏ သံသယကို သတိထားမိဟန် ရှင်းပြလိုက်၏။
ထိုအချိန်၌ လင်းပို့ကျွင်းမှာမူ လင်းရှု့မင်၏ ပုံရိပ်ယောင်ကို ကြည့်ကာ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ လင်းရှု့မင်ကား လင်းမိသားစု၏ ကိုးကွယ်ရာ နတ်ဘုရား ဖြစ်သည်။
သူက ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ ရွှေရောင် ပုံရိပ်ကို ဦးခိုက်လိုက်၏။
"ကျွန်တော်က အသုံးမကျတဲ့ မျိုးဆက် လင်းပို့ကျွင်းပါ … ဘိုးဘိုးကြီးကို တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ် … ကျွန်တော်က တာဝန်ကို ကျရှုံးပြီး မိသားစုကို အရှက်ရစေခဲ့ပါတယ် … ကျွန်တော့်အတွက် တရားမျှတမှုကို ယူဆောင်ပေးဖို့ ဘိုးဘိုးကြီးကို တောင်းပန်ပါတယ် …"
လူများစွာမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေကြဆဲပင်။ ဝိညာဉ် စွမ်းအားကို အသုံးပြု၍ မိုင်ပေါင်းများစွာ အကွာမှ ပုံရိပ်ယောင်ကို ထိန်းချုပ်ထားခြင်း...။
လင်းမိသားစု၏ အဘိုးကြီးမှာ နတ်ဘုရား တစ်ပါးကဲ့သို့ အစွမ်းထက် နေခြင်း ဖြစ်ရမည်။
ထိတ်လန့်ဖွယ် အတွေးကြောင့် များစွာသော လူများမှာ ကြောက်ဒူးတုန်ကာ ကြမ်းပြင်ပေါ်သို့ပင် လဲကျကုန်ကြတော့သည်။ လင်းမိသားစုကို သစ္စာဖောက်မိသော တန်၊ နင်း၊ ကော မိသားစုများ၏ ကြောက်ရွံ့မှုမှာမူ အခြားသူများထက်ပင် ပိုမို အကဲပို နေသေး၏။
ယူကီရှီရိုဆာက ဓားကို ဆွဲထုတ်ကာ နောက်တစ်ခေါက် တိုက်ခိုက်ရန် ပြင်လိုက်၏။ သူမ၏ အစစ်အမှန်ချီများက ရှေးဟောင်းဓားကို ရစ်သိုင်းကာ တိုက်ကွက် တစ်ကွက်ကို ခင်းကျင်းသည်။
"အနားယူလိုက်ဦး …"
ချန်းဖန်က ယူကီရှီရိုဆာအား ညင်သာစွာ လှမ်းပြောလိုက်၏။
ယူကီရှီရိုဆာက ကျွမ်းကျင်စွာပင် တိုက်ကွက်ကို ပြန်လည် ရုပ်သိမ်းကာ နောက်ဆုတ်လိုက်၏။
သူမသည် အဇူရာပန်းပွင့် ဓားနည်းစနစ်ဖြင့် လင်းပို့ကျွင်းကို အနိုင်ယူနိုင်ခဲ့သည့်တိုင် တန်ခိုးရှင် အဆင့်၏ ပုံရိပ်ယောင်ကိုမူ ယှဉ်နိုင်မည် မဟုတ်ပေ။
"မင်းက သူ့ကို ပုံရိပ်ယောင် အဆောင်တစ်ခု ပေးထားတဲ့ အထိ တန်ဖိုးထားလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး … ဘာပဲဖြစ်ဖြစ်လေ … ပုံရိပ်ယောင် မပြောနဲ့ မင်းကိုယ်တိုင် လာရင်တောင် ငါ့ကို မတားနိုင်ပါဘူး …"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လေထုအား ဆုပ်ကိုင်လိုက်၏။
ရုတ်တရက် မရေမတွက်နိုင်သော ငွေရောင် အလင်းများ သူ၏ မျက်လုံးမှ ထွက်ပေါ်လာ၏။ ထိုအလင်းများက တစ်နေရာတည်းတွင် စုစည်းကာ တစ်ဆယ် စင်တီမီတာခန့် ရှည်လျားသော ဓားတစ်လက်ကို ဖန်တီးလိုက်၏။
ထိုဓားက လေထုသို့ ပျံတက်ကာ ကမ္ဘာအား တုန်ခါစေသည်။
များစွာသော သာမန် လူများမှာ ဓားကို ကြည့်ရင်း တဆတ်ဆတ် တုန်အောင် ကြောက်လန့် လာခဲ့ကြသည်။ ထိုဓားက အရှိန်အဝါက သူတို့၏ ဝိညာဉ်ကိုပင် ပိုင်းဖြတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သူတို့ ခံစား၍ ရနေခဲ့သည်။
"နတ်ဘုရား စိတ်ဆန္ဒ၏ဓား …"
ထိုဓားကား နတ်ဆိုး ဝိညာဉ်များနှင့် နတ်ဘုရား ဝိညာဉ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည့် ဓားဖြစ်သည်။ စိတ်ဝိညာဉ် စွမ်းအားဖြင့် ဖန်တီးထားသော မည်သည့် ပုံရိပ်ယောင်မဆို နတ်ဘုရား စိတ်ဆန္ဒ၏ ဓားအောက်တွင် ပျက်စီးရသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုဓားကို ဖော်ထုတ်နိုင်ရန် အတွက် ချန်းဖန် စွမ်းအား အများအပြားကို ထုတ်သုံးခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ သူသည် ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား စိတ်ဆန္ဒ၏ ဓားကို ဖော်ထုတ်ရန် အနည်းငယ်ပင် အားစိုက်ထုတ် စရာပင် မလိုတော့ချေ။
"လူငယ် ကျင့်ကြံသူ … နားထောင် …"
ပုံရိပ်ယောင်က ချန်းဖန်ကို တစ်ခုခု ပြောရန် အားထုတ်သော်လည်း ချန်းဖန်က အခွင့်အရေး မပေးခဲ့ချေ။
"နိုးထ …"
အလင်း၏ အရှိန်နှုန်းဖြင့် နတ်ဘုရား စိတ်ဆန္ဒ၏ ဓားက ငွေရောင် စည်းမျဉ်းကို ချန်ရစ်ကာ ရွေ့လျားသည်။
ရွှေရောင် ပုံရိပ်ယောင်ကြီးက လက်ထဲမှ ဓားကို ဝှေ့ယမ်းကာ ငွေရောင်ဓားကို တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း ငွေရောင်ဓားက ယိမ်းနွဲ့ကာ ရွှေရောင် ပုံရိပ်ယောင်အား ထောပတ်ကဲ့သို့ အကြိမ်ကြိမ် လှီးဖြတ်၏။
စက္ကန့်ပိုင်း အတွင်းမှာပင် တစ်ဆယ် မီတာခန့် ရှိသော ရွှေရောင် ပုံရိပ်ယောင်ကြီးမှာ ငွေရောင် ဓားငယ်၏ တိုက်ခိုက်မှု အောက်တွင် ရုပ်ပျက် ဆင်းပျက် ပျက်စီးရတော့သည်။
"အဲဒါက …"
လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေမိကြတော့သည်။
"အဲဒါက … ပြီးသွားတာလား …"
ချမ့်တန့်ချင်းက တီးတိုး ရေရွတ်လိုက်၏။
လင်းမိသားစု ဘိုးဘေး၏ ပုံရိပ်ယောင် ပုံစံမှာ မည်မျှ အစွမ်းထက်ကြောင်း သူမ ခံစား၍ ရသည်။ သို့သော်လည်း ချန်းပေ့ရွှမ်း အတွက်မူ ထိုပုံရိပ်ယောင်ကို ဖျက်ဆီးရန် အားစိုက်ထုတ် စရာပင် လိုခဲ့ပုံ မရချေ။
"ဂန္ထဝင် ပုဂ္ဂိုလ်ကြီး … သူက ဒီဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်တာပဲ … စီအိုင်အေက သူ့အတွက် နတ်ဘုရား သတ်မှတ်ချက်ကို ပြန် အသက်သွင်းခဲ့တာ မဆန်းဘူးပဲ …"
ဟွာရန်ဖန်းက သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်သည်။
"အရင်က ကောင်းကင် စာအုပ်မှာတောင် သူ့က နံပါတ် ငါးနေရာလောက်ပဲ ရှိသင့်တယ်လို့ ငါတွေးခဲ့မိသေးတယ် … ဘယ်လောက်တောင် ရူးလိုက်သလဲ …"
ထိုအချိန်၌ ရှ၊ ချူ၊ ကော မိသားစုများမှာမူ ပင့်သက်ကိုသာ ရှိုက်နေမိကြသည်။
သူတို့ ချန်းပေ့ရွှမ်းအား ရွေးချယ်ခဲ့သည်မှာ ကံကောင်းလွန်းသည်။ ပြီးဆုံးသွားသော တိုက်ပွဲ အရဆိုလျှင် ချန်းဖန်မှာ လင်းမိသားစုမှ တန်ခိုးရှင်ထက် ပိုမို အစွမ်းထက်ကြောင်း အရူးပင်လျှင် ပြောနိုင်ပေသည်။
ထိုအချိန်၌ လင်းပို့ကျွင်း၏ အဆုတ်များမှာမူ အောက်ဆီဂျင် ပြတ်လတ် နေခဲ့ပြီ ဖြစ်၏။ သူ၏ အသက်မဲ့သော မျက်လုံးများနကမူ တစ်စုံ တစ်ခုကို တီးတိုး ရေရွတ်နေခဲ့၏။
"မဖြစ်နိုင်ပါဘူး … ဘိုးဘိုးကြီးက ပြိုင်ဘက်ကင်းပဲဟာ … သူက ဘာလို့ ရှုံးရမှာလဲ … မဖြစ်နိုင်ပါဘူး …"
"အဲဒီ မေးခွန်းကို သူနဲ့ ငရဲမှာ တွေ့တဲ့ အချိန်ကျမှ မေးလိုက်တော့ …"
ယူကီရှီရိုဆာက နှာခေါင်းရှုံ့ရင်း ဓားကို နောက်တစ်ကြိမ် ထုတ်ယူလိုက်သည်။
"ဟမ့် … အစေခံ ကောင်မ … နင် ငါ့ကို သတ်ရင် လင်းမိသားစုက နင့်ကို အဆများစွာ ပြန်ခံစားရအောင် လုပ်လိမ့်မယ် …"
လင်းပို့ကျွင်းက ကြုံးဝါးရင်း လက်ကျန် စွမ်းအင်များကို စုစည်းကာ အမှန်တရား လေးပါး အကာအကွယ် အလင်းကို ဖော်ထုတ်လိုက်သည်။
သို့သော်လည်း ယူကီရှီရိုဆာ လေ့ကျင့်ထားသော ဓားမှာ တန်ခိုးရှင် ကျင့်ကြံခြင်း လောက၏ အဇူရာ ပန်းပွင့် ဓမ္မဓား ကျင့်စဉ် ဖြစ်သည်။ သူ မည်သို့ တားနိုင်ပါမည်နည်း။
"ကလန့် …"
ရှေးဟောင်းဓား ပေါ်ထွက်လာသည်နှင့် အမှန်တရား လေးပါး အကာအကွယ် အလင်းမှာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားတော့သည်။ ဓားက ထိုမျှနှင့် မရပ်တန့်ပဲ လင်းပို့ကျွင်း၏ နှလုံးကို ဆက်လက် ထိုးဖောက်သည်။
"နင် … နင် လုပ်ရဲတယ်ပေါ့ …"
လင်းပို့ကျွင်းက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။
သူကား ရဲ့မိသားစုကို တိုက်ခိုက်မည့် လင်းမိသားစု၏ အစီအစဉ်တွင် အဓိက တစ်နေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်တွင်မူ မထင်မရှား အစေခံ မိန်းကလေး တစ်ယောက်၏ သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရသည်။
"ဘုန်း …"
စက္ကန့်ပိုင်း အတွင်းမှာပင် လင်းပို့ကျွင်း၏ အသက်မဲ့ ခန္ဓာမှာ မြေပြင်ပေါ်သို့ လဲပြိုကျသွားတော့၏။
"ဟင်း … လင်းပို့ကျွင်း … လင်းပို့ကျွင်း … ဘဝက မင်းအတွက် တကယ် ကောင်းခဲ့ပါတယ် … ဒါပေမဲ့ မင်းရဲ့ မောက်မာမှုက မင်းကို ဖျက်ဆီးခဲ့တာပဲ …"
ဟွာရန်ဖန်းက လင်းပို့ကျွင်း၏ ခန္ဓာကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
ချန်းပေ့ရွှမ်းသည် လင်းပို့ကျွင်းကို သတ်ခဲ့ပြီး လင်းရှု့မင်၏ ပုံရိပ်ယောင်ကို ဖျက်ဆီးခဲ့သည်။
ထိုတန်ခိုးရှင် နှစ်ယောက်ကြားမှ တိုက်ပွဲကား ရှောင်လွှဲ၍ မရတော့ချေ။ မကြာခင် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေမည့် ကိစ္စ တစ်ရပ် ဖြစ်လာတော့မည်မှာ ကျိန်းသေသည်။
"တန်ခိုးရှင် အဆင့်တွေဟာ သေမျိုးတွေရဲ့ အလွှာနဲ့ ဆန့်ကျင်တဲ့ အရပ်မှာ တည်ရှိတယ်တဲ့ … အဲဒီစကားရဲ့ အဓိပ္ပာယ်ကို အရင်က နားမလည်ခဲ့ဘူး … ဒါပေမဲ့ အခုတော့ ငါ နားလည်ခဲ့ပြီ"
ချမ့်တန့်ချင်က ဖြူရော်စွာ ပြုံးရင်း တွေးနေခဲ့မိသည်။
တိုက်ပွဲပြီးသည်နှင့် များစွာသော မိသားစု ခေါင်းဆောင်များမှာ ချန်းဖန်ထံသို့ လာရင်း မြှောက်ပင့်စကားများ ပြောဆိုကြ၏။
အိကျင့်ချီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းသာ ချနေမိသည်။
ချန်းဖန်အား ဖားယားနေကြသည့် အထဲမှ အချို့ဆိုလျှင် သူမ၏ ဖခင်ပင် လေးလေးစားစား ဆက်ဆံရသော သူများ ဖြစ်ကြသည်။ သူမ၏ ချန်းဖန် အပေါ် စိတ်ကူးယဉ်မှုများကား တိမ်ပေါ်တွင် အရုပ်ရေးနေမိခြင်းနှင့် အတူတူပင်။
"ဒါက တန်ခိုးရှင် ဆိုတာရဲ့ စွမ်းအားလား … သူ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ ကျောင်းဟိုင် တစ်ခုလုံး ဒူးထောက်ရတော့တာပဲ …"
အိကျင့်ချီက စိတ်ရှုပ်ထွေးစွာပင် တွေးလိုက်မိသည်။
ထိုအချိန်မှာပင် ဟွာရန်ဖန်းက ချန်းဖန် အနားသို့ လျှောက်လာရင်း ဖိတ်ခေါ်လိုက်၏။
"တန်ခိုးရှင် ဆရာချန်း … အဓိက ခန်းမထဲကို ကြွပါ ခင်ဗျာ … ကျွန်တော်တို့ ဧည့်ဝတ်ကျေပါရစေ …"
"ကောင်းပြီလေ …"
ချန်းဖန်က ခေါင်းညိတ်လိုက်တော့သည်။
***