ကျောင်းဟိုင်၌ အာဏာဖြန့်ကြက်ခြင်း
Vol. 5 Ch. 475
အဓိက ခန်းမသည် အလွန်ကြီးမား ကျယ်ပြန့်၏။
ထိုအရာက မီတာရာချီကာ ကျယ်ဝန်းပြီး ဘုရားကျောင်းကြီး တစ်ကျောင်း၏ အရွယ်အစားခန့် ရှိသည်။
ချန်းဖန်တို့ အဓိက ခန်းမ အတွင်း နေရာယူပြီးသည်နှင့် အစေခံများက စားပွဲများကို လဲလှယ်ရှင်းလင်းကာ အစားအသောက် အသစ်များ လာချပေးကြသည်။
ဟွာမိသားစုသည် ယခု စားသောက်ပွဲ အတွက် ကြယ်ငါးပွင့် ဟော်တယ်ကြီး တစ်ခုမှ စားဖိုမှူးများကို ငှားရမ်းထားခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ချန်းဖန်၏ရှေ့ စားပွဲပေါ်ရှိ အစားအသောက်များမှာ အကောင်းတကာ့ အကောင်းဆုံးဟု ဆိုနိုင်သော အစားအသောက်များ ဖြစ်ကြသည်။
"တန်ခိုးရှင် ဆရာချန်း တက်ရောက်လာတာက ကျုပ်တို့ ဟွာမိသားစု အတွက် တကယ်ပဲ ဂုဏ်တက်စေပါတယ် …"
"ကဲ... ဆရာချန်းရဲ့ နာမည်အတွက် တစ်ခွက်လောက် သောက်ရအောင်ဟေ့ …"
ဟွာရန်ဖန်းက ထိုင်ရာမှ ထရင်း ခွက်ကို မြှောက်လိုက်၏။
ယခု တည်ခင်းထားသော အရက်များမှာ ဟွာမိသားစု နှစ်ရာချီကြာအောင် သိမ်းဆည်းထားသည့် အရက်အိုးမှ ဖြစ်သည်။ ချန်းဖန်အား ဧည့်ခံလိုသောကြောင့်သာ ဟွာရန်ဖန်းမှာ ထိုအရက်အိုးကို ဖောက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
"ကမ်းပေ့ …"
ချန်းဖန်က ထိုင်ရာမှပင် ခွက်ကို မြှောက်ကာ မော့ချလိုက်၏။
သူ၏ ပုံစံက ပေါ့ပေါ့တန်တန် နိုင်သည့်တိုင် မည်သူမျှ အပြစ် မပြောရဲကြချေ။ မည်သို့ပင် ဆိုစေ သူကား လူတိုင်း ခေါင်းမော့ကြည့်ရသည့် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူ့တွင် ထိုထက်ပင် ပို၍ မောက်မာခွင့် ရှိသည်။
"ဆရာချန်း အတွက် …"
အခြားသော မိသားစု ခေါင်းဆောင်များက ခွက်များကို မြှောက်ရင်း မော့ချလိုက်၏။
***
ထိုအချိန် အဓိက ခန်းမ အပြင်ဘက် စားပွဲဝိုင်း တစ်ခု၌ ...
"ဦလေး … ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ … ဘာလို့ လူတိုင်းက သူ့ကို ဖားယားနေကြတာလဲ … သခင်ကြီးဟွာကရော ဘာလို့ သူ့ကို အကြီးအကဲ တစ်ယောက်လို ဆက်ဆံနေတာလဲ …"
အနက်ရောင် မီနီစကပ် ဝတ်ဆင်ထားသော မိန်းမငယ်လေး တစ်ယောက်က နားမလည်စွာ မေးသည်။
"ဟုတ်တယ် ဖေဖေ … ခုနဟာတွေက အရမ်း ကြောက်စရာ ကောင်းတယ် … ကျောင်းဟိုင်ရဲ့ သူဌေးကြီးတွေတောင် သူ့ကို ဒူးထောက်ရတယ် … နောက်ပြီး လင်းမိသားစုက သခင်လေးကိုလည်း သူ့အစေခံက သတ်ပစ်လိုက်သေးတယ် …"
မိတ်ကပ်ပါးပါးနှင့် ဆွဲဆောင်မှု ရှိနေသော မိန်းကလေး တစ်ယောက်ကလည်း မေးသည်။
သူတို့ကား သာမန် အဆင့်အတန်းသာ ရှိသော သူများဖြစ်ရာ အဓိက ခန်းမ အတွင်းသို့ ဝင်ခွင့် မရှိပေ။
မိန်းကလေး နှစ်ယောက်၏ မေးခွန်းကြောင့် အခြား သခင်လေးများမှာလည်း စိတ်ဝင်စားကာ ထိုစားပွဲသို့ လာရောက် ပူးပေါင်းကြသည်။
နတ်ဘုရား သတ်မှတ်ချက်မှာ မြို့၏ ထိပ်တန်း သူဌေးကြီးများသာ သိကြသည့် အချက်အလက် ဖြစ်သည်။ လူငယ်များ ချန်းဖန်၏ အကြောင်းကို မသိကြသည်မှာ မထူးဆန်းချေ။
"ကောင်းပြီ … ချန်းပေ့ရွှမ်းက ဘာကြောင့် ခုလောက်ထိ လေးစားခံရသလဲ ဆိုတာ ရှင်းပြရမှာပေါ့ …"
ထိုစားပွဲဝိုင်း၌ ရှိသည့် အသက်လတ် လူကြီးက သက်ပြင်းချရင်း တဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ခုနက လူငယ်လေးရဲ့ နာမည် အရင်းက ချန်းဖန်တဲ့ … သူ့ကို ချန်းပေ့ရွှမ်းလို့လည်း ခေါ်ကြတယ် … သူက ကျင်းရှို့ လုပ်ငန်းစု ပိုင်ရှင်ရဲ့ သားပဲ … ခုနက ကျင်းရှို့ရဲ့ အန်ရာတောင် သူ့ဘေးမှာ ရပ်နေသေးတယ် … မင်းတို့ တွေ့ကြတယ် မလား …"
"ဦးလေးဟူ … ကျွန်တော် သူ့ကို ကြားဖူးတယ် … သူ့ကို ကျန်းပေ့ရဲ့ ဆရာချန်းလို့ ခေါ်ကြတယ် … နောက်ပြီး သူက ထန်လုံ တပ်ဖွဲ့မှာ ဗိုလ်ချုပ် ရာထူးကို ပိုင်ဆိုင်ထားတယ်တဲ့ …"
လူငယ် တစ်ယောက်က ဝင်ရောက်ပြောသည်။
"ဗိုလ်ချုပ် ဆိုတာနဲ့ ဟွာမိသားစုကို ဒူးထောက်ခိုင်းဖို့ မဖြစ်နိုင်ပါဘူးကွာ … လီဝူချန်းတောင် အဲဒီလို မလုပ်နိုင်ဘူး …"
အခြား လူငယ် တစ်ယောက်က ဝင်ပြောလိုက်သည်။
"ဟားဟား … ဟွာမိသားစုတင် မဟုတ်ဘူး … သူသာ ဆန္ဒရှိရင် တစ်ကမ္ဘာလုံးကိုတောင် ဒူးထောက်စေနိုင်တယ် …"
ဦးလေးဟူက ရယ်မောရင်း ဆိုသည်။
"ဟမ် …"
ဦးလေးဟူ၏ စကားကြောင့် လူငယ်များမှာ တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်မိကြသည်။
ဦးလေးဟူက ခဏမျှ ရပ်ရင်း ဆက်ပြောလိုက်၏။
"ငါလည်း သခင်ကြီးကျိုးနဲ့ မတွေ့ခင်အထိ အဲဒီကိစ္စတွေကို မသိခဲ့ဘူး … အတွင်းရေးမှူးချိုက် ဆီက အဲဒီသတင်းကို ကြားကြားချင်း ငါဆို ယုံတောင် မယုံနိုင်ခဲ့ဘူး …"
"မင်းတို့တွေ တရုတ်ရဲ့ ကောင်းကင်စာအုပ် သတ်မှတ်ချက် ဆိုတာတော့ သိကြတယ် မလား …"
ဦးလေးဟူက လူငယ်များကို အကဲခတ်ရင်း မေးလိုက်သည်။
"ကောင်းကင် စာအုပ် …"
လူငယ်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ကောင်းကင် စာအုပ် ဆိုသည့် အရာကို သူတို့ သေချာ မသိကြသော်လည်း ကောင်းကင်စာအုပ် နံပါတ်လေး ဆိုသော သခင်ကြီး ဟွာရန်ဖန်း၏ ဂုဏ်ပုဒ်ကိုမူ သူတို့ ကြားဖူးကြသည်။
"ကောင်းကင်စာအုပ် သတ်မှတ်ချက် ဆိုတာ တရုတ်က ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်ပဲ … အဲဒီ အထဲမှာ တရုတ်နိုင်ငံရဲ့ အစွမ်း အထက်ဆုံး ပညာရှင်တွေ ပါတယ် …"
"တရုတ်ရဲ့ ကောင်းကင်စာအုပ်လိုပဲ စီအိုင်အေက ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ အစွမ်းအထက်ဆုံး လူတွေကို စုစည်းပြီး အမှောင်သတ်မှတ်ချက်ကို ထုတ်ပြန်ထားတယ် …"
လူငယ်များ၏ စိတ်ဝင်စားသော မျက်လုံးများကို တစ်ချက် ဝှေ့ကြည့်ပြီးနောက် ဦးလေးဟူက စကားဆက်လိုက်သည်။
"အမှောင်သတ်မှတ်ချက်ရဲ့ အထက်မှာ နတ်ဘုရား သတ်မှတ်ချက် ဆိုတာ ရှိတယ် … အဲဒီ နတ်ဘုရား သတ်မှတ်ချက်ဝင်တဲ့ ပုဂ္ဂိုလ်ကတော့ တစ်ယောက်ပဲ ရှိတယ် … သူက စောစောက မင်းတို့ တွေ့ခဲ့ရတဲ့ ချန်းပေ့ရွှမ်းပဲ …"
"သူ့ကိုဆိုရင် နိုင်ငံခေါင်းဆောင်တွေကတောင် လေးလေးစားစား ဆက်ဆံရတယ် … လွန်ခဲ့တဲ့ရက်ကဆိုရင် ချန်းပေ့ရွှမ်းက ရုရှားစစ်တပ် တစ်ခုလုံးကို အနိုင်ယူခဲ့ပြီး ရှရှား ဗိုလ်ချုပ် တစ်ယောက်ကိုပါ သတ်ပစ်ခဲ့တယ် …"
"ဒါပေမဲ့ ရုရှားက သူ့ကို အရေးမယူခဲ့တဲ့ အပြင် ငြိမ်းချမ်းရေးတောင် စပြီး ကမ်းလှမ်းခဲ့ရတယ် …"
"သူ အစွမ်းထက်လား မထက်လား ဆိုတာ မင်းတို့သာ စဉ်းစားကြည့်ကြတော့ …"
"ဘယ်လို …"
ဦးလေးဟူ၏ သမီးနှင့် တူမလေးတို့မှာ မယုံကြည်နိုင်မှုကြောင့် ပါးစပ်များကိုပင် ပိတ်လိုက်မိကြသည်။
"အဲဒါက ခုနက မင်းတို့မေးတဲ့ ကျောင်းဟိုင်ရဲ့ သူဌေးကြီးတွေဟာ သူ့ကို ဘာလို့ ကြောက်ရသလဲ ဆိုတာရဲ့ အဖြေပဲ …"
ဦးလေးဟူက အပြုံးဖြင့် နိဂုံးချုပ်လိုက်၏။
"အဲဒီလိုကိုး …"
လူငယ်များက နားလည် သဘောပေါက်ဟန် ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ စိတ်များကမူ ချန်းဖန်၏ အကြောင်းဖြင့် ခဲဆွဲထား သကဲ့သို့ လေးလံ နေကြတုန်းပင်။
ချန်းပေ့ရွှမ်းကား နိုင်ငံတစ်နိုင်ငံကိုပင် အနိုင်ယူနိုင်သော လူဖြစ်သည်။ စောစောပိုင်း၌ သူတို့ မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် မဟုတ်လျှင် ဦးလေးဟူ၏ စကားများကို ယုံကြည်မိမည်ပင် မဟုတ်ပေ။
"ကျိမိသားစု တန့်မိသားစု ရှီဟောင်ရီ … သူတို့တော့ ဂြိုဟ်ဆိုးဝင်ပြီပဲ …"
စားပွဲဝိုင်း၌ ရှိသော လူငယ် တစ်ယောက်က ဖြူရော်စွာ ရေရွတ်လိုက်သည်။
***
ထိုအချိန် အဓိကခန်းမ အတွင်းတွင်မူ …
"ဆရာချန်း … ကျွန်တော် ဆရာချန်းရဲ့ နံမည်ကို ဂုဏ်ပြုပြီး တစ်ခွက်လောက် သောက်လို့ ရနိုင်မလား …"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်းဖန်က အန်ရာနွှင်ပေးသော ပုစွန်တုပ်ကြီးကို စားနေရာမှ မော့ကြည့်လိုက်၏။
သူ့အား စကားပြောလိုက်သူမှာ လက်နှစ်ဖက်ဖြင့် ဝိုင်ခွက်ကို ကိုင်ထားသည့် လူကြီးတစ်ယောက် ဖြစ်သည်။ ထိုလူကြီးက နှုတ်ခမ်းမှ အပြုံးကို အစွမ်းကုန် ချိုသာထားကာ ချန်းဖန်အား မျက်နှာလုပ်ရန် ကြိုးစားနေသည်။
"အဲဒါက တုန်းချန် လုပ်ငန်းစုရဲ့ စီအီးအို နင်းချန်တုန်း မလား … သူက ဘာလုပ်နေတာလဲ …"
လူအများက သူ့ကို စိတ်ဝင်တစား ကြည့်ကြသည်။
"ဆရာ … အဲလေ တန်ခိုးရှင် ဆရာချန်းကို ကျုပ်သားရဲ့ ရူးကြောင်ကြောင် အပြုအမူတွေ အတွက် တောင်းပန်ချင်လို့ပါ … နောက်ပြီး ခုကနေ စလို့ ချန်းမိသားစုကို ဘယ်တော့မှ မဆန့်ကျင်ပါဘူး ဆိုတဲ့ ကတိကိုလည်း ပေးချင်ပါတယ် …"
နင်းချန်တုန်းက ပြောရင်း ချန်းဖန် ရှေ့တွင် ဒူးထောက်ချလိုက်သည်။
ချန်းဖန်က ဝိုင်ခွက်ကိုကိုင်ရင်း တိတ်တဆိတ် စဉ်းစားလိုက်၏။ သူ၏ မျက်လုံးများကမူ အေးစက်ပြီး အမူအရာ ကင်းမဲ့နေသည်။
တစ်မိနစ် …
နှစ်မိနစ် …
သုံးမိနစ် …
ငါးမိနစ် အကြာ၌ နင်းချန်တုန်း၏ ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် စတင် တုန်ရီလာခဲ့သည်။
"ရှောင်ဖန် … သူဌေးနင်းက ရိုးသားပုံ ပေါ်ပါတယ် … ဒီတစ်ကြိမ်တော့ သူ့ကို အခွင့်အရေး ပေးလိုက်ပါ …"
အန်ရာက ချန်းဖန်အား ဝင်ရောက် ဖျောင်းဖျလိုက်သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် … နင်းမိသားစုက ဆရာ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး … နောက်ပြီး မိန်းကလေး အန်ရာရဲ့ စီမံမှုကိုလည်း နာခံဖို့ အသင့်ပါပဲ …"
နင်းချန်တုန်းက ကပျာကယာ ဝင်ပြောလိုက်သည်။
"ကောင်းပြီလေ … ဒီတစ်ကြိမ်တော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ် …"
ချန်းဖန်က စိတ်ကိုလျှော့ချရင်း ပြောလိုက်သည်။
နင်းချန်တုန်းမှာ ချန်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် ချန်းဖန်နှင့် အန်ရာတို့ကို ဦးအခါခါညွှတ်ရင်း သူ၏ မူလထိုင်ခုံရှိရာသို့ ပြန်သွားလိုက်တော့သည်။
နင်းချန်တုန်း ပြီးသည့်နောက်တွင် တန်မိသားစု သခင်ကြီးနှင့် ရှီဟောင်ရီတို့ကလည်း ချန်းဖန်ထံသို့ သွားကာ ဒူးထောက် တောင်းပန်ကြသည်။
အခြားသော ဧည့်သည်များမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ပင့်သက်သာ ရှိုက်မိတော့သည်။ ထိုအရာက တန်ခိုးရှင် တစ်ယောက်၏ အဓိပ္ပာယ် ဖြစ်ပေလိမ့်မည်။
ဧည့်သည်များထဲမှ ကိုးဆယ်ရာနှုန်းခန့်မှာ တန်ခိုးရှင် အဆင့်၊ နတ်ဘုရား သတ်မှတ်ချက် စသည်တို့ကို သေချာ မသိ နားမလည်ခဲ့ကြချေ။ သို့သော်လည်း ယနေ့ အဖြစ်အပျက်များ နောက်တွင်မူ တန်ခိုးရှင် အဆင့်ဆိုသော တည်ရှိမှုမှာ သူတို့၏ မှတ်ဉာဏ်များ အတွင်း ထာဝရ စွဲထင်သွားတော့မည် ဖြစ်သည်။
ရီမိသားစု ခေါင်းဆောင်မှ ရီချန်း၏ အပြုအမူများ အတွက် တောင်းပန်ပြီး နောက်တွင်မူ စားသောက်ပွဲမှာလည်း ပြီးဆုံးလုပြီ ဖြစ်သည်။
"တန်ခိုးရှင် ဆရာချန်း... ဆရာ … ကျွန်မတို့ လင်းနန်က ကိုလိုနီတွေကို ဘယ်လို စီမံလိုက်ရမလဲ …"
ချမ့်တန့်ချင်က ချန်းဖန်နှင့် ဟွာရန်ဖန်းတို့ကို ကြည့်ရင်း မေးလိုက်သည်။
"ဒီနေရာက ဟွာမိသားစု ပိုင်နက်ပဲ … ဆိုတော့ သခင်ကြီးဟွာပဲ ဆုံးဖြတ်ပါစေ …"
ချန်းဖန်က ပြန်ပြောလိုက်သည်။
"သူတို့ရဲ့ ခြေထောက်တွေကို ချိုးပြီး ကျောင်းဟိုင်ကနေ ထွက်သွားခိုင်းလိုက် …"
ဟွာရန်ဖန်းက ခဏမျှ စဉ်းစားရင်း ဆုံးဖြတ်ချက် ချလိုက်သည်။
"အဖေ … ဒါက …"
ဟွာချင်ရှုံးမှာ ဟွာရန်ဖန်း၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် ပြင်လိုက်သည်။
လင်းပို့ကျွင်းနှင့်အတူ ပါလာသော လူငယ်များမှာ လင်းနန်နယ်၏ ထိပ်တန်း ဆက်ခံသူများ ဖြစ်သည်။ အကယ်၍ သူတို့၏ ခြေထောက်များကိုသာ ချိုးပစ်လိုက်လျှင် ဟွာမိသားစုမှာ လင်းနန်နယ် တစ်ခုလုံး၏ ရန်သူ ဖြစ်ရပေလိမ့်မည်။
"ငါပြောတဲ့ အတိုင်းပဲလုပ် …"
ဟွာရန်ဖန်းက ခပ်မာမာပင် ပြောလိုက်၏။
"ဟုတ်ကဲ့ …"
ချမ့်တန့်ချင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် အဘိုးကြီး၏ အမိန့်အတိုင်း ဆောင်ရွက်ရန် အဓိက ခန်းမ အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။
စားသောက်ပွဲ ပြီးဆုံးပြီးနောက် ဟွာရန်ဖန်းက ချန်းဖန်အား တစ်ညမျှ တည်းရန် ဖိတ်ခေါ်သည်။
ချန်းဖန်က သူဌေးကြီးများစွာနှင့် ဆွေးနွေး ပြောဆိုနေသည့် အန်ရာကို ကြည့်ကာ ဟွာရန်ဖန်း၏ ဖိတ်ခေါ်မှုကို ခေါင်းညိတ် လက်ခံလိုက်သည်။
သူ၏ ကျောင်းဟိုင် ခရီးစဉ် အဓိက ရည်ရွယ်ချက်မှာ ကျင်းရှို့လုပ်ငန်းစုအား ကျောင်းဟိုင်၏ ခေါင်းဆောင် နေရာသို့ တင်မြှောက်ရန် ဖြစ်သည်။ ယခု ထိုရည်ရွယ်ချက်မှာ အောင်မြင်ပြီဟု ဆိုနိုင်သည်။
"ကဲ … သွားကြရအောင် …"
ချန်းဖန်က ထိုင်ရာမှ ထကာ ယူကီရှီရိုဆာအား ခေါ်ယူ၍ ဟွာရန်ဖန်း၏ ဦးဆောင်မှု နောက်သို့ လိုက်ပါ သွားလိုက်တော့၏။
ထိုအချိန်၌ စားသောက်ပွဲ၌ ဖြစ်ပျက်ခဲ့သော သတင်းမှာမူ ကျောင်းဟိုင် တစ်နယ်လုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်တော့သည်။
***