တယောက်တည်း
Vol. 63 Ch. 1012
စတန်ဝဲလ်၏ စကားများသည် ‘တရားခံ’ဖြစ်သူ ဆမ်မြူရယ်က ဘရက်ကလင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ကို လျစ်လျူရှုရုံ သာမက တိုက်ပွဲ၏ တရားဝင်မှုကိုပါ ကြေညာလိုက်ခြင်း ဖြစ်သည်။
စတန်ဝဲလ်သည် အသိဉာဏ်မဲ့ပြီး မကြောက်မရွံ့ဖြစ်သော မင်းသား ‘အာသာ’၏ စကားတစ်ခွန်းတည်းဖြင့် ယုံကြည်သွားမည်ဟု မည်သူမှ ထင်ကြမည် မဟုတ်ပေ။ အင်ပါယာ တစ်ခု၏ မင်းသားနှင့် နှိုင်းယှဉ်ပါက၊ ယန္တရား မဟာဆရာသခင် တစ်ဦး ဖြစ်နေသည့်တိုင် နတ်ဘုရားတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်တစ်ဦးက လေးစား ထိုက်သူတစ်ဦး ဖြစ်သည်။ မင်းသား အာသာသည် ခြေတစ်လှမ်း နောက်ကျပြီး ရောက်လာခဲ့သည့် အတွက် ဘရက်ကလင်၏ စကားကို မကြားခဲ့ပေ။ ထို့ကြောင့် သူ၏ရှေ့မှ ‘ဦးလေး’၏ သရုပ်နှင့် စွမ်းအားကိုပင် မသိခဲ့ပေ။
စတန်ဝဲလ် လေသံကို ပြောင်းလဲ ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူက ဂွယ်ရိုအက်စ်ကို လှမ်းကြည့် လိုက်ခြင်းကြောင့် ဖြစ်သည်။ အကြီးအကဲ နှစ်ဦးသည် လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြပုံ ရသည်။ ၎င်းက မင်းသား ‘အာသာ’၏ ဂွယ်ရိုအက်စ် အပေါ်ထားသည့် ‘ရိုသေမှု’နှင့် သက်ဆိုင်နေပုံရသည်။ ဂွယ်ရိုအက်စ် ပေါ်လာပြီးနောက် မင်းသားက မည်သည်ကြောင့် အကြောက်အရွံ့ မရှိတော့ကြောင်းမှာ အံ့သြစရာ မရှိတော့ပေ။
‘အာသာ’သည် အသိဉာဏ်မဲ့ပြီး မကြောက်မရွံ့ဖြစ်နေသည် မဟုတ်ဘဲ ဖာဂရပ်စ် အပါအဝင် လူတိုင်းသာ ဖြစ်နေသည်ကို နတ်ဘုရား တစ်ပိုင်း အဆင့် နဂါး အကြီးအကဲ နှစ်ဦး ဖြစ်သည့် စတန်ဝဲလ်နှင့် ဂွယ်ရိုအက်စ် တို့သာ သိခဲ့ကြသည်။
“သိပ်ကောင်းတယ်။” ချန်လွေ့က ဘရက်ကလင်ကို ခေါင်းညိတ်ပြ လိုက်သည်။ “မင်းမှာ မျှတတဲ့ ဦးလေး တစ်ယောက် ရှိတာပဲ။”
ဘရက်ကလင်က အံ့အားသင့်မှုမှ ချက်ချင်း သတိပြန်လည်လာသေးဘဲ ခေါင်းညိတ်လိုက်မိသည်။ စတန်ဝဲလ် မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ နောက်ဆုံးတော့ သူက “မျှတသော” ဘွဲ့အမည်ကို သဘောတူလိုက်ပြီ ဖြစ်သည်။
ကံကောင်းစွာပင် ချန်လွေ့က ဆက်မပြောတော့ဘဲ ဖာဂရပ်စ်ဆီသို့ လာခဲ့ပြီး ဘရက်ကလင်ကို လက်ညှိုး ထိုးလိုက်သည်။ “ဗိုလ်ချုပ် ဖာဂရပ်စ်။ ကြည့်ပါဦး။ အဲဒီလူငယ်လေးက ဒီလို ဒဏ်ရာရနေတာတောင် သူ့ဦးလေးက ဒါ တရားမျှတတဲ့ တိုက်ပွဲလို့ ထင်နေတယ်။ ခင်ဗျားက ဒါကို အဓိပ္ပာယ်မရှိတဲ့ စကားလို့ ဆက်ပြီး ထင်နေတုန်းပဲလား။”
ဘရက်ကလင်က ‘လူငယ်လေး’ ဟူသော စကားကို ကြားသောအခါ ခုန်ထချင်နေပြီ ဖြစ်သည်။ ထို့နောက် စတန်ဝဲလ်က သူ့ကို မျက်စောင်း ထိုးလိုက်သည့် အတွက် သူက ချက်ချင်းပင် ခေါင်းငုံ့လိုက်သည်။
ဇာမင်ဒါက မှော်ဂိမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကျောင်းတော်ကိုယ်စားလှယ်များနှင့် အတူ နဂါးတောင်ကြားကို တစ်ခါ သွားခဲ့ဖူးသည့်အတွက် စတန်ဝဲလ်ကို အမှတ်မထင် တွေ့ဆုံခဲ့ဖူးသည်။ သူက ပြောလိုက်သည်။ “ဆာ- ဖာဂရပ်စ်က ဆာ-စတန်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်သင့် ပါဘူး။ ဒါ နဂါးစစ်သည်တော်တွေရဲ့ တရားမျှတတဲ့ တိုက်ပွဲ တစ်ခုပါ။ ပြီးတော့ သူသေကိုယ်သေ တိုက်ပွဲ တစ်ခုလည်း ဟုတ်တယ်။”
“အဲဒါ အမှန်ပဲ။” ချန်လွေ့က ဆက်ပြောတော့မည့်အချိန်တွင် ဖာဂရပ်စ်က မျက်မှောင်ကြုတ်ပြီး ရှေ့ကို အနည်းငယ် လှမ်းလိုက်သည်။
“မင်းသား အာသာ။ ထရီနစ်က ဘုရင်မင်းမြတ် ကိုယ်တိုင် ခန့်အပ် ထားတဲ့ သံမဏိကြေးခွံဗိုလ်ခြေရဲ့ ဒုတပ်မှူးပါ။ ဆမ်မြူရယ်လိုပဲ သူက ကျုပ် နဂါးစစ်သည်တော် ဗိုလ်ခြေရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူက ဒီတစ်ကြိမ် ရွှေရောင်နယ်မြေမှာ တပ်စွဲထားတဲ့ မြို့တော်စစ်တပ်ရဲ့ အချုပ်အခြာ အာဏာပိုင် ဗိုလ်ချုပ်လည်း ဟုတ်တယ်။ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ်၊ သူ့ကို သေစေဖို့ အတင်းအကျပ် လုပ်ခဲ့ရင် မင်းသားက ဘုရင်မင်းမြတ်ကို ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။”
ထိုစကားများက မဟာလက်ဇ်ကို ဆွဲခေါ်လာရုံသာမက ဆမ်မြူရယ်နှင့် ထရီနစ်တို့သည် နဂါးစစ်သည်တော် ဗိုလ်ခြေတွင် ပါဝင်နေကြောင်း ကိုလည်း ထောက်ပြခဲ့ပြီး ဖာဂရပ်စ် ကိုယ်တိုင်က နဂါးစစ်သည်တော် ဗိုလ်ခြေ၏ ဗိုလ်ချုပ် ဖြစ်နေရာ ဆမ်မြူရယ်နှင့် အတူတူ ဖြစ်နေ၏။ အများကိစ္စရော၊ ပုဂ္ဂိုလ်ရေး ကိစ္စပါ မင်းသား ‘အာသာ’ က စဉ်းစား ပေးသင့်ကြောင်း ဆိုလိုပေသည်။
“ကျုပ်နားလည်ပါတယ်။” ချန်လွေ့ စဉ်းစားနေသော အမူအရာမျိုး ပြသပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ် လိုက်သည်။ ထိုမြင်ကွင်းကို မြင်ရာ ထရီနစ်က နောက်ဆုံး သက်ပြင်းချ နိုင်ခဲ့စာါ။
အားလုံးက သိကြသည့်အတိုင်း ဆမ်မြူရယ်က မင်းသား ‘အာသာ’ကို သစ္စာရှိသည်။ မင်းသား ‘အာသာ’က ဆမ်မြူရယ်ကို ချမ်းသာပေးရန် တောင်းဆိုခဲ့လျှင် ပြဿနာ မရှိနိုင်ပေ။
“ဒါဆို… ဆမ်မြူရယ်..” ချန်လွေ့ ဆမ်မြူရယ်ကို ကြည့်လိုက်သည်။ “ဒီ’သူသေကိုယ်သေတိုက်ပွဲ’ ရလဒ်ကို အခုပဲ အကောင်အထည် ဖော်လိုက်။ ရှုံးတဲ့သူ သေရမယ်။”
ဖာဂရပ်စ် အံ့သြသွားခဲ့သည်။ သူက မင်းသား ‘အာသာ’ကို ကောင်းကျိုး ဆိုးပြစ်များ ပြောပြခဲ့သည့်တိုင် အခြား တစ်ဖက်က လုံးဝ သနား ညှာတာမှု ပြခဲ့မည်မဟုတ်ဟု သူမျှော်လင့်ထားခဲ့ပေ။ ထိုအရာက နဂါးစစ်သည်တော် ဗိုလ်ခြေနှင့် အထူး အစွမ်းထက်ပုဂ္ဂိုလ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင်။
ထရီနစ်က နားကြားမှားသည်ဟု ထင်ခဲ့သော်လည်း ဆမ်မြူရယ်က ဓားရှည်ကို ကိုင်ပြီး တစ်လှမ်းချင်းစီ လျှောက်လာသည်ကို မြင်သောအခါမှ သတိ ပြန်ဝင်လာခဲ့သည်။ သူက ပစ္စည်းတစ်ခုကို သုံးပြီး အနီရောင် အလင်းအဖြစ် ပြောင်းလဲသွားကာ အဝေးကို ထွက်ပြေးသွားခဲ့သည်။
အနီရောင်အလင်းက ခေတ္တသာ ဖြစ်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းစက် အဖြစ် ပြောင်းလဲ သွားခဲ့၏။ သို့သော် ထိုအလင်းစက်က အမြန် ကြီးလာခဲ့သည်။ ထရီနစ် ရုတ်တရက် နောက်ပြန်လှည့်လာ၏။ ထိုအရာက သူလိုချင်နေသော အရာ မဟုတ်သည်မှာ အသေအချာပင်။
“မင်းရဲ့ နဂါးမိတ်ဖက်ကို ဒီလို ထိခိုက်အောင် လုပ်ထားပြီးတော့ ဒီလို သူရဲဘောကြောင်ပြီး ထွက်ပြေး ရဲတယ်လား!” စတန်ဝဲလ် မျက်လုံးထဲ အေးစက်သော အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်၏။
“မဟုတ်…” ထရီနစ်က ‘အသက် ချမ်းသာပေးပါ’ဟု မပြောရသေးခင် မှာပင် သူ့ခန္ဓာကိုယ်က ရုတ်တရက် အပိုင်းပိုင်း ပြတ်ထွက်ပြီး ဘာမှ မကျန်တော့ပေ။ ကျန်ရှိနေသော ပျက်စီးနေသည့် ‘ပြာဝတ်စုံ’ ကတော့ မြေပြင်ပေါ် ပြုတ်ကျသွားပြီး မှုန်မှိုင်း နေခဲ့သည်။
“အဲဒီကောင်က ကျွန်တော့်ရဲ့ မိတ်ဖက် မဟုတ်ဘူး။” ဘရက်ကလင် တိုးတိုးလေး ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဆက်မပြောနဲ့တော့။” စတန်ဝဲလ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “အရှက်ရတာ မဝသေးဘူးလား။ ငါနဲ့ ပြန်လိုက်ခဲ့!”
ဘရက်ကလင်က ငယ်စဉ်ကတည်းက ထိုဦးလေးကို ကြောက်ရွံ့ခဲ့သောကြောင့် သူ ဆက်မပြောရဲတော့ပေ။ သူက မထင်ချင် ထချင်နှင့် ထရပ်လိုက်ပြီး စတန်ဝဲလ် ဘေးနားကို လျှောက်သွား ခဲ့သည်။ စတန်ဝဲလ်က ဂွယ်ရိုအက်စ်ကို လှမ်းကြည့်ပြီး ဖာဂရပ်စ်ကိုတော့ နှုတ်ဆက်ခြင်း မရှိဘဲ ဘရက်ကလင်နှင့်အတူ ပျောက်ကွယ် သွားခဲ့လေသည်။
ဖာဂရပ်စ်က ကိစ္စများ ထိုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ထရီနစ်ကို စတန်ဝဲလ်က သတ်ပစ်ခဲ့သည်။ သူ့စိတ်က ဖြစ်ပျက်ခဲ့သည်များကို ခဏတာ မခြေဖျက်နိုင်သေးပေ။
ဂွယ်ရိုအက်စ်က စတန်ဝဲလ်သည် ချန်လွေ့ကို လုံးဝ မကြည့်ရဲကြောင်း သတိထားမိခဲ့သည်။ စတန်ဝဲလ်က ထရီနစ်ကို ဒေါသကြောင့် သတ်ပစ် လိုက်ကြောင်း သူ သိသည်။ သူက တိတ်တဆိတ် ခေါင်းခါလိုက်ပြီး အန်ဒါလူဆီ လက်ဝှေ့ယမ်းလိုက်၏။
အန်ဒါလူ၏ ခန္ဓာကိုယ်တွင် ရုတ်တရက် ငွေ-ဖြူရောင် အလင်း တစ်ထပ် ရှိသွားပြီး ပြင်းထန်သော ဒဏ်ရာက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အရှိန်နဲ့ အလျင်အမြန် ပြန်လည် ကောင်းမွန် လာခဲ့သည်။ အန်ဒါလူက ဆမ်မြူရယ် ပေးသော ဆေးရည်ကို သောက်ထားခဲ့သည်။ အခု ဂွယ်ရိုအက်စ်၏ အကူအညီဖြင့် ပြန်လည်ကောင်းမွန်သော အရှိန်က ပိုမြန်လာခဲ့သည်။ သူ့၏ ခန္ဓာကိုယ် ပုံစံက ဖြည်းဖြည်းချင်း ကောင်လေး ပုံစံကို ပြောင်းလဲ သွားခဲ့သော်လည်း ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ် ကောင်းသော ဒဏ်ရာအမာရွတ်များ အပြည့် ရှိနေခဲ့သည်။
သို့သော် သိဒ္ဓိနဂါး မျိုးနွယ်စု၏ ပြန်လည်ကောင်းမွန်သော စွမ်းအားက အလွန်ပင် အစွမ်းထက် လှသည်။ အခုတွင် ဒဏ်ရာများကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ရာ သူတို့ ပြန်လည် ကောင်းမွန်ရန် အချိန် တစ်ခုသာ လိုအပ်တော့သည်။
“ကျေးဇူးပါ။ ဆာ-ဂွယ်ရိုအက်စ်။” အန်ဒါလူက ထရပ်ပြီး အရိုအသေ ပြုလိုက်သည်။
“အန်ဒါလူလေး။ မင်းကို အိမ်မှာ ပိတ်ထားတယ်လို့ ငါ ကြားတယ်။ ဒီတစ်ခါ မင်း ခိုးထွက်လာတာ မဟုတ်လား။ မင်းရဲ့အဖေ ပီလင် အတွက်တော့… စိတ်မပူပါနဲ့။ ငါ သူ့ကို သွားရှင်းပြပေးလိုက်မယ်။”
“ကျေးဇူးတင်ပါတယ်။ ဆာ!” အန်ဒါလူက သူ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။
ဂွယ်ရိုအက်စ်က ဆမ်မြူရယ်ကို ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။ “မင်းမှာ မိတ်ဖက်ကောင်းကောင်း တစ်ယောက် ရှိတာပဲ။”
ဘေးမှ ဖာဂရပ်စ်၏ မျက်နှာ အမူအရာက ပိုပြီး အရုပ်ဆိုး လာခဲ့သသည်။ ဂွယ်ရိုအက်စ်၏ စကားများက ဆမ်မြူရယ် အပေါ် ထားသော သူ၏ မဖုံးကွယ်ထားသည့် ချီးကျူးမှုကို ဖော်ပြနေခဲ့သည်။ ဂွယ်ရိုအက်စ်က နတ်ဘုရားတစ်ပိုင်း အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူက နဂါးဧကရာဇ် ပါဂရစ်ဇ် အားထားရသော အကြီးအကဲများမှ တစ်ဦးဖြစ်ပြီး အစစ်အမှန် အာဏာကို ကိုင်စွဲထားသူ ဖြစ်၏။ ထိုသို့ဆိုလျှင် ဆမ်မြူရယ်၏ နဂါးစစ်သည်တော် ဗိုလ်ခြေရှိ ရာထူးက ပိုမြင့်လာရုံသာ ရှိလိမ့်မည်။ သူ့ကို တပ်မှထုတ်ပစ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
နဂါးတောင်ကြားမှ အကြီးအကဲ စတန်ဝဲလ်က ထရီနစ်ကို သတ်ပစ် ခဲ့သော်လည်း အကြောင်းရင်းက မင်းသား ‘အာသာ’၏ နှိပ်စက်မှု ကြောင့်သာ ဖြစ်ပေသည်။
ထိုဖြစ်ရပ်တွင် နဂါးအကြီးအကဲ နှစ်ဦးဖြစ်သော စတန်ဝဲလ်နှင့် ဂွယ်ရိုအက်စ်တို့ နှစ်ဦးစလုံးက ‘အာသာ’ဘက်မှာ ရပ်တည်ခဲ့ရာ ဖာဂရပ်စ် ဘာမှ ထပ်မပြောနိုင် တော့သော်လည်း သူက ချန်လွေ့ကို ဂရုမထားသော အမူအရာဖြင့် ပြောလိုက်သည်။ “ဒီနေ့ ကိစ္စတွေ ဒီမှာပဲ အဆုံးသတ်ပြီ။ ဒါပေမယ့် မင်းသား အာသာ။ ဒီနေ့ဖြစ်ရပ်ရဲ့ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ရလဒ်က အရှင်မင်းကြီး ခန့်အပ် ထားတဲ့ တပ်မှူးက မင်းသားရဲ့ နယ်မြေမှာ သေဆုံးသွားခဲ့တာပဲ။ ဘုရင်မင်းမြတ်ကို မင်းသား ရှင်းပြဖို့ လိုလိမ့်မယ်။”
ချန်လွေ့က ပြုံးပြီး ဖာဂရပ်စ်ကို အံ့သြစေသော စကားတစ်ခု ပြောလိုက်၏။ “ဗိုလ်ချုပ် ဖာဂရပ်စ်။ ထရီနစ် သေဆုံးသွားခဲ့လို့ ရွှေရောင်နယ်မြေကို ဆန့်ကျင်တဲ့… ဒါမှမဟုတ် တတိယ မင်းသားကို ဆန့်ကျင်တဲ့ အကြံအစည် တစ်ခု ပျက်သုဉ်းသွားခဲ့တယ်လို့ နားလည်လို့ ရမလား။”
ဖာဂရပ်စ်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ “မင်းသားက ဘာကို ဆိုလိုတာလဲ။”
“ဗိုလ်ချုပ်က ဒီကာလအတွင်း ရွှေရောင်နယ်မြေမှာ သံမဏိကြေးခွံ ဗိုလ်ခြေက ဘာတွေ လုပ်ခဲ့လဲဆိုတာ ကောင်းကောင်း သိလောက်မှာပါ။ အထူးသဖြင့် ဒီနေ့မှာ အရက်ဆိုင်မှာ ပြဿနာဖြစ်ပြီးတော့ ခင်ဗျားတပ်က ရောက်လာတဲ့ ကျောက်စိမ်းဗိုလ်ခြေ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဒဏ်ရာရစေခဲ့တယ်။ စစ်သားတွေ အပြင် အပြစ်မဲ့ အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီးတော့ လန်းဆန်းပန်း အရက်ဆိုင် တစ်ခုလုံး ဖွတ်ဖွတ် ညက်ညက် ပျက်စီးခဲ့တယ်။ စစ်သည်တော် ဇာမင်ဒါက တိုက်ပွဲ တစ်ခုလုံးရဲ့ အခြေအနေကို ခုနက ကျုပ်ကို အသေးစိတ် ရှင်းပြခဲ့တယ်။ အစပိုင်းမှာတော့ ထရီနစ်က တိုက်ခိုက်ဖို့အတွက် ဦးဆောင်ခဲ့တာ။ သူက တိုက်ပွဲမှာ ‘ပြာဝတ်စုံ’ကို ထုတ်လာခဲ့တယ်။ ပြီးတော့ သူက ဆေးရည်မည်းတွေ သောက်ထားခဲ့တယ်။ ဒါက ကြိုတင် ကြံစည်ထားတဲ့ အစီအစဉ်တစ်ခု ဆိုတာ အသေအချာပဲ။ ပြီးတော့ သူက ဆမ်မြူရယ်ကို ရှုံးနိမ့်သွားတဲ့ အခါ နဂါးတစ်ကောင်ကို ဆင့်ခေါ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်။ ဆမ်မြူရယ်ရဲ့ မိတ်ဖက်နဂါး အချိန်မီ ရောက်မလာခဲ့ရင် ဆမ်မြူရယ်က အခု သေသွားလောက်ပြီ! ဒါက လျို့ဝှက် ကြံစည်မှု မဟုတ်ရင် ဘာလဲ။”
“ဒါက သူ့နဲ့ ဆမ်မြူရယ်ကြားက ကိုယ်ရေးကိုယ်တာ မကျေနပ်ချက် တစ်ခုပါ။ လျို့ဝှက်ကြံစည်မှု ဆိုတာက မင်းသားရဲ့ ထင်မြင်ချက် သက်သက်ပါပဲ! သက်သေ အထောက်အထား မရှိပါဘူး!” ဖာဂရပ်စ်က အေးအေးစက်စက်နှင့် ပြန်ဖြေလိုက်သည်။ သူက အထူး အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည့်တိုင် မင်းသားက သူ့ကို စစ်မေးခဲ့လေသည်။ သူ့ဘေးနားတွင် ဂွယ်ရိုအက်စ်သာ မရှိခဲ့လျှင် သူက နေရာမှာပင် ဒေါသပေါက်ကွဲပြီး ထွက်သွားမည် ဖြစ်သည်။
မင်းသား ‘အာသာ’က ဖာဂရပ်စ်၏ အသံထဲ အေးစက်မှုကို လုံးဝ မခံစားရသလိုပင် ဆက်ပြောသည်။ “ကံဆိုးချင်တော့ ထရီနစ်က အသုံးမဝင်တဲ့ အားနည်းသူ တစ်ဦးပဲ။ ဒီလိုအားသာချက်နဲ့တောင် သူက ဆမ်မြူရယ်ကို ရှုံးနိမ့်ခဲ့တယ်။ သူက ရှုံးနိမ့်ပြီးတော့ ထွက်ပြေးတတ်တဲ့ ငကြောက်ကောင်လည်း ဟုတ်တယ်။ ထွက်ခွာသွားတဲ့ နဂါးတွေတောင် သူ့ကို မလေးမစား လုပ်ခဲ့တယ်။ ကျုပ် စဉ်းစားလို့မရတာ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး နဂါးစစ်သည်တော် တစ်ယောက် ဖြစ်လာတာလဲ။”
နောက်ဆုံးသော စကားကြောင့် ဂွယ်ရိုအက်စ်က ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်းမှာပဲ ဖာဂရပ်စ်၏ မျက်နှာကိုလည်း အကြီးအကျယ် ရိုက်ပစ်လိုက်ခြင်းနှင့် အတူတူပင်။ ဖာဂရပ်စ်သည် အရင်ကတည်းက ဒေါသထွက်နေသော်လည်း ချန်လွေ့က စကားပြောခြင်းကို ရပ်တန့်ချင်စိတ် မရှိခဲ့ပေ။
“ကျုပ် သိချင်တဲ့ နောက်ထပ်တစ်ခု ရှိသေးတယ်။ ထရီနစ်က တိုက်ပွဲမှာ ရှုံးနိမ့်ပြီး သေဘေးနဲ့ ရင်ဆိုင်နေရတဲ့ အချိန် ဘာလို့ ဗိုလ်ချုပ်က ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတာလဲ။”
“အဲဒါကို ကျုပ် ရှင်းပြနိုင်ပါတယ်။” ဂွယ်ရိုအက်စ်က စပြောလိုက်သည်။ “ကျုပ်က ရွှေရောင်နယ်မြေမှာ အချိန် အတော်ကြာ နေနေခဲ့တာ။ ကျုပ် မကြာသေးခင်ကမှ စွမ်းအားနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက် ခဲ့တာကြောင့် နဂါးတောင်ကြား လေ့ကျင့်ရေးကို ပြန်သွားချင်ခဲ့တယ်။ အကြီးအကဲ စတန်ဝဲလ်က ကျုပ်ရဲ့ နေရာကို အစားထိုးလိမ့်မယ်။ ဖာဂရပ်စ်က ဒီတစ်ခေါက် အကြီးအကဲ စတန်ဝဲလ်နဲ့အတူ ပါလာခဲ့တာ။ အထူးသဖြင့် လွှဲပြောင်း ပေးရမယ့် အလုပ်အချို့အတွက်ပဲ။ ဒါပေမဲ့ ဖာဂရပ်စ်က တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရလို့ စတန်ဝဲလ်နဲ့ ကျုပ်က သူ့နဲ့အတူ ဒီကို လိုက်လာခဲ့တာ… ဒါက ထရီနစ် နဂါးစစ်သည်တော် ဗိုလ်ခြေရဲ့ အထူး ပစ္စည်းတစ်ခုကို သုံးပြီး အကူအညီ တောင်းခဲ့တာ ဖြစ်လောက်တယ်။ ပြောရရင် ထရီနစ်က အခွင့်အရေးပဲ ရှာတတ်ပြီးတော့ တိုက်ခိုက်ချင်စိတ်နဲ့ စစ်သည်တော်စိတ်ဓာတ် နည်းနည်းမှ မရှိဘူး။ သူ သေဖို့ ထိုက်တန်တာ အမှန်ပဲ။ ဖာဂရပ်စ်။ အနာဂတ်မှာ အလောင်းအလျာ ဆိုရင်တောင်မှ ဒီလိုလူမျိုး နဂါးတွေရဲ့ မိတ်ဖက် ဖြစ်လာတာကို မမြင်ချင်တော့ဘူး။”
“နားလည်ပါပြီ။ ဆာ-ဂွယ်ရိုအက်စ်။” ယနေ့ ဖြစ်ရပ်များက အားလုံးအတွက် ရှင်းနေတာကြောင့် ဂွယ်ရိုအက်စ် စကားများက အလွန် တရားမျှတပေသည်။ ဖာဂရပ်စ်က တိတ်တိတ်လေးသာ ခံစားနိုင်၏။
“ဗိုလ်ချုပ်။ ကျုပ်က အများကြီး အတွေးလွန် သွားတဲ့ပုံပဲ။ ကျုပ် တောင်းပန်ပါတယ်။” ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သော်လည်း ကံဆိုးစွာပင် သူ၏ အမူအရာနှင့် လေသံတို့တွင် ‘တောင်းပန်နေခြင်း’ ရှိမနေခဲ့ပေ။
ဖာဂရပ်စ်က မျက်ခုံးပင့်လိုက်ပြီး ချန်လွေ့ ထပ်ပြောလိုက်သည်ကိုသာ ကြားလိုက်ရသည်။ “ဗိုလ်ချုပ် ပြောခဲ့တဲ့အတိုင်း… ကျုပ် အခုပဲ ခင်ဗျားနဲ့အတူ ရယ်ရိုဒီရှာကို သွားပြီး အရှင်မင်းကြီးနဲ့ တွေ့ဆုံပါ့မယ်။”
ဖာဂရပ်စ်က မမျှော်လင့်ထားသော အမူအရာမျိုး ပြသလိုက်သည်။ အမှန်တကယ် ထရီနစ် လုပ်ခဲ့ခြင်းက ဂါဖီးလ်၏ လှုံ့ဆော်မှုကြောင့် လုံးလုံး မဟုတ်ကြောင်း သူ ကောင်းကောင်း သိလေသည်။ ၎င်းက မဟာလက်ဇ်၏ သက်ရောက်မှုအချို့ နောက်ကွယ်၌ ရှိနေပြီး ရည်ရွယ်ချက် ကတော့ ရွှေရောင်နယ်မြေကို ပစ်မှတ်ထားရန် အတွက်ပင်။
မင်းသား’အာသာ’၏ စွမ်းရည်က မဟာလက်ဇ်ကို ကြောက်ရွံ့စိတ် ဖြစ်ပေါ်စေခဲ့သည်။ အင်ပါယာ အတွက် တိုက်ပွဲတွင် သားအဖ အချင်းချင်း တိုက်ခိုက်သည်က မထူးဆန်းပေ။ ထိုအရာက အဆိုးဆုံး အခြေအနေအထိ မရောက်သေး သော်လည်း ရွှေရောင်နယ်မြေကို ဖိနှိပ်ရန် မဟာလက်ဇ်၏ စိတ်ကူးက အသေအချာပင်။
‘အာသာ’က ရွှေရောင်နယ်မြေကို ထိုမျှအထိ စီမံခန့်ခွဲ နိုင်သည်က အမှန်တကယ် အံ့သြစရာ ဖြစ်သည်။ မဟာလက်ဇ်၏ ရည်ရွယ်ချက်ကို မမြင်ဘဲ နေလိမ့်မည် မဟုတ်ပေ။ ရွှေရောင်နယ်မြေက စီးပွားရေးအရ အလွန် ဖွံ့ဖြိုးတိုးတက် သော်လည်း စစ်ရေးအင်အား အလွန် အားနည်း၏။ ထိုအရာက အင်ပါယာ တစ်ခုလုံး၏ အတိုင်းအတာနှင့် ယှဉ်ပြိုင်နိုင်ရန် ဝေးကွာလွန်းနေသေးသည်။
ဒါကြောင့် ‘အာသာ’က ယနေ့ ထရီနစ် သေဆုံးမှု၌ အသည်းအသန် ပါဝင်ခဲ့ခြင်းက ရန်လိုမှု အရိပ် အယောင် တစ်ခု ရှိနေခဲ့သည်။ ထိုအခြေအနေတွင် သူက မြို့တော်ကို တိုက်ရိုက်သွားပြီး မဟာလက်ဇ်နှင့် တွေ့ဆုံရန် ရွေးချယ်ခဲ့ခြင်းက ဖာဂရပ်စ်ကို အမှန်ပင် စိတ်ရှုပ်ထွေး စေခဲ့သည်။
“မင်းသား…” မျက်နှာလွှားနှင့် အစ်ဇဘယ်လာက ပြောလိုက်သည်။ “ကျွန်မ မင်းသားနဲ့ လိုက်ခဲ့ပါ့မယ်။”
“မလိုပါဘူး။” ချန်လွေ့ ခေါင်းယမ်း လိုက်သည်။ “ကျုပ်က ဘုရင်မင်းမြတ်ကို ကိစ္စတချို့ကို ရှင်းရှင်းလင်းလင်း ပြောပြချင်ရုံပါ။ ဘေးကင်းဖို့ အတွက်တော့ ဗိုလ်ချုပ် ဖာဂရပ်စ် ရှိနေတယ် ဆိုတော့ ပြဿနာ မရှိလောက်ပါဘူး။ ကျုပ်တို့ မြန်မယ်ဆိုရင် ဒီနေ့ ရောက်နိုင်တယ်။ ဟုတ်တယ်မလား။ ဗိုလ်ချုပ်။”
တစ်ယောက်တည်း သွားမှာလား။ ဖာဂရပ်စ်က စစ်သည်တော်အဆင့် စွမ်းအားသာရှိသော ထို’သာမန်’ မင်းသားကို မမြင်နိုင်တော့သလို ရုတ်တရက် ခံစားလိုက်ရသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့ ညပိုင်းလောက် ရောက်နိုင်ပါတယ်။”
“ညလား…” ချန်လွေ့က လုံးဝ ပြုံးလိုက်သည်။ “အချိန်က တကယ် ကွက်တိပဲ။”