← Chapters

အမုန်းတရား ဆင်းသက်လာခြင်း

Vol. 63 Ch. 1014

အမုန်းတရား ဆင်းသက်လာခြင်း

Vol. 63 Ch. 1014

“မတန်ဘူး။” ဗာရိုနီကာက ခေါင်းခါလိုက်သည်။ “တကယ် မတန်ပါဘူး။ နင် သိတောင်မသိ...”

“ဗာရိုနီကာ။ ခင်ဗျား နာကျင်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ကျုပ် သိပါတယ်။” ချန်လွေ့က ဗာရိုနီကာဆီသို့ လျှောက်သွားပြီး သူ၏လက်ကို ကိုင်လိုက်လေသည်။ “‘အာသာလေး’က ခင်ဗျားကို အဲဒီ နာကျင်မှုတွေကနေ မကယ်တင် နိုင်ခဲ့ပေမယ့် အခု ကယ်တင်နိုင်ပြီ!”

“မဟုတ်ဘူး!” ဗာရိုနီကာက ခေါင်းငုံ့လိုက်သည်။ သူ၏လက်များ ပို၍ပင် တုန်ခါလာ၏။ “နင် မသိဘူး! နင် ဘာမှမသိဘူး!”

ချန်လွေ့ သက်ပြင်းချလိုက်သည်။ “မဟုတ်ဘူး။ တကယ်တော့ ကျုပ် သိပါတယ်။”

“မသိပါဘူး...” ဗာရိုနီကာက လက်သီးကို တင်းတင်းဆုပ်ထားရာ လက်ဆစ်များ ဖြူဖျော့လာခဲ့သည်။ သူက ရုတ်တရက် စိတ်ပိုင်းဖြတ်ပြီး ခေါင်းမော့ကာ လက်ကို အားဖြင့် ဆွဲထုတ်ပြီး အော်ပြောလိုက်သည်။ “နင် ၇နှစ်လောက် ပျောက်ပြီးတော့ မှတ်ဉာဏ်အများစု ပျောက်သွားခဲ့တာ ဘယ်သူ့ကြောင့်လဲဆိုတာ သိလား။”

ချန်လွေ့က သူ၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ “ဒါက မတော်တဆ တစ်ခုပါ။ အကြောင်းက ဘာပဲဖြစ်ဖြစ် ‘အာသာလေး’က ခင်ဗျားကို အပြစ်မတင်ပါဘူး။”

ဗာရိုနီကာ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ “နင်... နင် တကယ် သိနေတာပဲ!”

“မှတ်ဉာဏ်ပျောက်သွားတာကို သေတာလို့ သတ်မှတ်မယ်ဆိုရင် ‘သူ’ သေသွားပြီ။ ‘ကျုပ်’က ပြန်ပြောင်းထားတဲ့ မှတ်ဉာဏ်ရှိတဲ့သူ ဒါမှမဟုတ် ‘အာသာလေး’ရဲ့ မူလ အသိစိတ် တစ်စိတ်တစ်ပိုင်းနဲ့ ပြန်ရှင် လာတဲ့သူ တစ်ယောက်ပဲ။”

ချန်လွေ့က ပြန်လည် မွေးဖွား လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အကြီးမားဆုံး ‘အမှန်တရား’ကို ထုတ်ဖော် ပြောဆိုခဲ့သည်။ ၎င်းက စကားလိမ်တစ်ခု ဖြစ်သော်လည်း သူသည် ခေါင်းကို လက်ညှိုးထိုးပြ လိုက်သည်။ “ဒါပေမယ့် ဒီမှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းမှာ သူ့ရဲ့ အကြီးမားဆုံးသော တွယ်တာမှုက အမြဲရှိနေခဲ့တယ်။ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခင်ဗျားက ‘အာသာလေး’ရဲ့ နှလုံးသားထဲမှာ အမြဲ ရှိနေတယ်။ ခင်ဗျား သူ့ကို မကြိုက်လို့ရတယ်၊ မချစ်လို့ရတယ်၊ သူ့ကို နာကျင်အောင်တောင် လုပ်လို့ ရတယ်။ ဒါပေမယ့် သူ့ရဲ့နှလုံးသားက ခင်ဗျားကို ပျော်ရွှင်စေချင်တာ ကိုတော့ မတားဆီးနိုင်ဘူး။ အဝေး ကနေ ခင်ဗျားရဲ့ ပျော်ရွှင်မှုကို ကြည့်နေရရင်တောင်မှပေါ့။”

ဗာရိုနီကာ ကြက်သေသေသွား၏။ မျက်ရည် တစ်စက်က သူ၏ မျက်လုံးထောင့်မှ တိတ်တဆိတ် စီးကျလာပြီး မျက်နှာလွှားထဲသို့ အလျင်အမြန ပျော်ဝင်သွားခဲ့သည်။

“ကျုပ်နဲ့လိုက်ခဲ့ပါ။ ဗာရိုနီကာ။ ဒီနေရာကနေ ထွက်သွားမယ်။ နာကျင်မှုတွေနဲ့ မုန်းတီးမှုတွေ အားလုံးကို ထားခဲ့ပြီး ဘဝကို ပြန်ပြီး ရွေးချယ်။ လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်လိုက်ပါ။”

ထိုအချိန်တွင် မီယာစ် အင်ပါယာ တော်ဝင်ဂူသင်္ချိုင်းရှိ ပင်မယဇ်ပလ္လင် သွေးနီရောင်အလင်းတန်းက ပိုမို၍ ပူပြင်းလာပြီး ပိုမို တောက်ပလာ၏။ ကြီးမားသော မြေအောက်လောက တစ်ခုလုံးသည် အလင်းရောင်များဖြင့် လင်းထိန်သွားသည်။ အရိုးမျှော်စင်များအပေါ်ရှိ ရုပ်အလောင်းများအားလုံး အသက်ဝင်လာသကဲ့သို့ပင် ထူးဆန်းသောအသံများပြုလုပ်ကာ ညည်းတွားမြည်တမ်းနေကြသည်။ အငြိုးဝိညာဉ်များစွာကဲ့သို့သော အနီရောင်မြူခိုးက အလင်းတန်းဆီသို့ အရူးအမူးပြေးဝင်လာကြသည်။

အရိုးမျှော်စင်များအနီးရှိ သွေးနီရောင်မြူခိုးများကို အလင်းတန်းမှ အပြည့်အဝ စုပ်ယူခဲ့ပြီးနောက် အဖြူရောင်အရိုးများက တဖြည်းဖြည်း မီးခိုးရောင် ပြောင်းသွား၏။ မည်မျှကြာမှန်း မသိအောင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော စွမ်းအားက ပင်မယဇ်ပလ္လင်သို့ ရောက်ရှိသွားဟန် တူသည်။

အလင်းတန်းသည် ပင်မယဇ်ပလ္လင် အပေါ်တွင် ရပ်တန့်ထားသော သွေးနီရောင် နိမိတ်ပုံရိပ်ကြီး တစ်ခု အဖြစ် စုစည်းလာသည်။

မရဏနက်နောက်လိုက် အားလုံး ရိုသေစွာ ဒူးထောက်ပြီး မိုးပေါ်သို့ လက်နှစ်ဖက်ကို ဖြန့်ကာ မန္တန်များ ရွတ်ဖတ်နေကြသည်။ ၎င်းတို့အထဲမှ အသူရာက မျက်နှာဖုံးနောက်ကွယ်မှ လျှို့ဝှက်စွာ ပြုံးနေ၏။

ရီရိုဒီရှာ၊ ရှီအွန်နန်းတော်ဝယ် -

---

ဗာရိုနီကာ၏ မျက်ရည်များက ခဏမျှသာဖြစ်ပြီး သူ၏အကြည့်က အေးစက်စက် ဖြစ်သွားခဲ့သည်။

“ တကယ် ထိမိတဲ့ စကားပဲ။ ‘အာသာ’ ဖြစ်ဖြစ်၊ ‘အာသာလေး’ ဖြစ်ဖြစ်။” သူ့လက်က မျက်နှာပေါ်ရှိ မျက်နှာလွှားကို လှမ်းကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲချလိုက်သည်။ “ကံဆိုးချင်တော့ နင် နားမလည်တဲ့ အရာတွေ အများကြီး ရှိနေတယ်။ ဥပမာ… ငါက ဒီလိုမျိုး ဖြစ်နေတယ်...”

ချန်လွေ့က ဗာရိုနီကာကို ပထမဆုံး မြင်တွေ့ခဲ့သည့် နေ့မှစ၍ သူက အထူးမျက်နှာလွှားကို ဝတ်ဆင် ထားခဲ့သည်။ ထိုမျက်လုံးများမှလွဲ၍ မျက်နှာ၏ ကျန်အသေးစိတ်များကို မည်သူမျှ မမြင်နိုင်ခဲ့ပေ။ ယခုအခါ သူက နောက်ဆုံး၌ မျက်နှာလွှားကို ချွတ်လိုက်လေသည်။

သူ၏ မှတ်ဉာဏ်ထဲ၌ အပြစ် အနာအဆာ မရှိသော လှပသည့် မျက်နှာ ဖြစ်သင့်သော်လည်း ၎င်းက ကြောက်မက်ဖွယ်ရာ မျက်နှာမျိုး ဖြစ်နေသည်။ မျက်နှာက မန္တန်များ ဖြစ်ဟန်တူသော အမှတ်အသားများ ဖုံးလွှမ်းနေ၏။ အမှတ်အသားများ၏ ပုံစံများက အသက်ရှင်နေသကဲ့သို့ ဖြည်းဖြည်းချင်း တွန့်လိမ်နေကာ ကြောက်စရာကောင်းလှသည်။

ပုံစံကွက်က မျက်နှာမှနေ၍ အဝတ်အစားများဖြင့် ဖုံးထားသော လည်ပင်းအောက်အထိ ပျံ့နှံ့နေ၏။ ခန္ဓာကိုယ်၏ ကျန်သောအစိတ်အပိုင်း များလည်း ထိုကဲ့သို့ ကြောက်စရာ ကောင်းသော ‘ပုံစံကွက်များ’ ရှိနေသည်ဟု တွေးနိုင်ပေသည်။

ချန်လွေ့က ထို‘ပုံစံကွက်များ’ကို သေချာစွာ ကြည့်ရှုနေခဲ့သည်။ သူက ၎င်းတို့တွင် ကြွယ်ဝသော အသက် စွမ်းအားနှင့် ထူးဆန်းသော အငွေ့အသက်များကို သေသေချာချာ ခံစားနိုင်ခဲ့သည်။ ထိုကဲ့သို့သော အရာများက ပိုးမျှင်ကဲ့သို့သော ကပ်ပါး သတ္တဝါများနှင့် ဆင်တူသည်။ ၎င်းသည် သတ္တဝါ၏ ခန္ဓာကိုယ်တွင် အသက်ရှင်နေပြီး သေသည်အထိ မူလခန္ဓာကိုယ်၏ အားနှင့် ‘အာဟာရ’ များကို စုပ်ယူကြလေသည်။

ဝိညာဉ်မျိုးကွဲပင် ဖြစ်သော်လည်း ဗာရိုနီကာက ချန်လွေ့ကို လူပုဘုရင် အင်ခီနှင့် သူတွေ့ခဲ့ဖူးသော အခြား သူများထံမှ လုံးဝကွဲပြားခြားနားသော ခံစားချက်မျိုး ပေးနေသည်။ သူက အမှန်တကယ် မော့ကြည့်ရမည့် အငွေ့အသက်ကို ထုတ်လွှတ်ပြီး လူအများအား အတွင်းပိုင်းမှ တုန်လှုပ် ချောက်ချားစေသည်။ သူက အသူရာချောက်နက် အုပ်စိုးရှင်၏ ကိုယ်ပွားနှင့်တူပြီး ပိုင်ဆိုင်ထားသော အဟုန်က သာမန် တိုင်းပြည်အဆင့် ရှိသူများနှင့် လုံးဝနှိုင်းယှဉ်၍ မရပေ။

လူအနည်းငယ်သာ ‘အရှင်သခင်’မှ အသိအမှတ်ပြုခံရပြီး ‘လွှမ်းမိုးခြင်း နှလုံးသား’ကို ပေးအပ်ခံရနိုင်ပြီး သူတို့၏ စွမ်းအားနှင့် အလားအလာ များစွာ တိုးလာလိမ့်မည်။ အရေးပေါ် အခြေအနေများတွင် အရှင်သခင်၏ ဆန္ဒကို ခေါ်ယူပြီး အရှင်သခင်၏ စွမ်းအားနှင့် ပေါင်းစပ်ကာ မယုံနိုင် လောက်စရာ စွမ်းအားကို ထုတ်ဖော် နိုင်လိမ့်မည်ဟု ဆိုလန်လီက တစ်ခါ ပြောခဲ့ဖူးသည်။

အမုန်းတရားနှလုံးသား။

ဒါကြောင့်ပဲ ဖြစ်ရမယ်။

ချန်လွေ့ တုန်လှုပ်ပြီး အံ့အားသင့် နေသည်ကို မြင်သောအခါ ဗာရိုနီကာ အေးစက်စွာ ပြုံးလိုက်သည်။ သူက လက်ကို မြှောက်လိုက်ပြီး သူ၏ ချောမွေ့ဖြူဖွေးသော လက်ဖဝါးက လျင်မြန်စွာ ပြောင်းသွားပြီး ဓားသွား ကဲ့သို့ တစ်ပေခန့်ရှိသော လက်သည်း ချွန်ချွန်နှင့်အတူ ကြောက်မက်ဖွယ် လက်သည်းသို့ ပြောင်းလဲသွား၏။ ၎င်းက လရောင်အောက်တွင် သွေးနီရောင် တောက်ပနေသည်။

အေးစက်သော သတ်ဖြတ်ချင်စိတ် လှိုင်းတစ်ခုထွက်လာပြီး အနီးအနှားရှိ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ ညှိုးနွမ်းသွား၏ည်။ သူ၏ရုပ်ဆိုးသော မျက်နှာပေါ်၌ ထူးဆန်းသော အပြုံး တစ်ခုပေါ်လာပြီး သူ့လက်သည်းက ချန်လွေ့ဆီသို့ ဖြည်းဖြည်းချင်း ဆန့်ထွက်လာခဲ့သည်။ “ငါက ဒီလိုပုံစံ ဖြစ်နေပြီ။ နင် ငါ့ကို အသူရာ ချောက်နက် ထဲကနေ ဆွဲထုတ်ချင် နေတုန်းပဲလား။”

ဗာရိုနီကာအတွက် အံ့အားသင့် စရာပင် ‘အာသာ’က သူ ထင်ထား သလို ကြောက်ရွံ့သော အမူအရာ မပြသခဲ့ပေ။ ထိုအစား သူက လက်သည်းဆီသို့ လှမ်းလာပြီး ဂရုမစိုက်ဘဲ မေးလိုက်၏။ “ခင်ဗျား ဘာကို ကြောက်နေတာလဲ။”

ဗာရိုနီကာ တုန်လှုပ်သွားခဲ့ပြီး သူ၏လှုပ်ရှားမှုများက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။

“ခင်ဗျားရဲ့ မျက်လုံးတွေမှာ ကြောက်စရာ အငွေ့အသက်တွေ ပြည့်နေတယ်။” ချန်လွေ့က ထိုအပြာရောင်မျက်လုံးကို တိုက်ရိုက်ကြည့်လိုက်၏၊ “ဒါပေမယ့် အဲဒီနောက်မှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ ခင်ဗျားက ကြောက်နေတယ်။”

“ခင်ဗျားက ကျုပ် ချဉ်းကပ်တာကို ကြောက်တယ်။ မုန်းတီးမှုနဲ့ ဖျက်ဆီးမှုတွေနဲ့ ရစ်ပတ်ထားတဲ့ ခင်ဗျားရဲ့နှလုံးသားကို ကျုပ် ထိမိမှာ ကြောက်နေတယ်။ ခင်ဗျား ကျုပ်ကို ထိခိုက်စေချင်တဲ့ ဆန္ဒကို မထိန်းချုပ် နိုင်မှာကို ကြောက်နေတယ်။” ချန်လွေ့က ပါးပြင်ပေါ်မှ ပူနွေးသော မျက်ရည်ကို သုတ်လိုက်သည်။ “တွေ့လား။ ဒါက ‘အာသာလေး’ရဲ့ ဝမ်းနည်းမှုပဲ… ဘာဖြစ်လို့လဲဆိုတော့ သူချစ်တဲ့သူက အဆုံးမရှိတဲ့ ငရဲထဲမှာ ရုန်းကန် နေရတာကို မြင်နေရလို့ပဲ။ အဲဒီလူက ကောင်းကင်ပေါ်မှာရှိတဲ့ နေရောင်ခြည်ကို မော့ကြည့်ရုံပဲ မော့ကြည့်နိုင်တယ်။ အာသာလေးက… ငိုနေတာ။”

ဖျက်ဆီးခြင်း အငွေ့အသက်များ အပြည့်ရှိနေသော ဗာရိုနီကာ၏ မျက်လုံးများ တုန်လှုပ်လာပြီး သူ၏ မျက်လုံးများတွင် မြူများ ပြည့်နှက် သွားခဲ့သည်။ သူက ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း မျက်လုံးများမှ မျက်ရည်များကို မထိန်းချုပ်နိုင်ခဲ့ပေ။

“ခင်ဗျား တစ်ချိန်က ကျုပ်ကို မေးခဲ့ဖူးတယ်။ နေရောင်ခြည်မရှိတဲ့ အသူရာချောက်နက်ထဲကို ကျရောက် သွားရင် ဆိုပြီးတော့လေ... ကျုပ်ရဲ့ အဖြေက ဒီလက်တွေနဲ့ ခင်ဗျားကို ဆွဲထုတ်မယ် ဆိုတာလေ။ ကျုပ်ကို ယုံလိုက်ပါ!” ချန်လွေ့က လက်ကို ဆန့်တန်းလိူက်သည်။ “အခု ကျုပ်ကို.. ခင်ဗျားရဲ့လက် ကမ်းလိုက်ပါ။”

ဗာရိုနီကာက ထိုလက်ကိုကြည့်ပြီး သူ၏ အသက်ရှူသံများ အနည်းငယ် တိုတောင်းလာသည်။ သူက ‘လက်သည်း’ ဟုခေါ်သင့်သော သူ၏ လက်ကို ကြည့်လိုက်ပြီး ချန်လွေ့၏ လက်ကို နောက်ဆုံးတွင် လှမ်းဆွဲ လိုက်လေသည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ၏မျက်နှာတွင် နာကျင်သော အမူအရာ တစ်ခု ပေါ်လာ၏။ သူက လက်သည်းကို လျင်မြန်စွာ ရုတ်သိမ်းပြီး သူ၏ ပခုံးများကို တင်းတင်း ဆုပ်ကိုင် လိုက်လေသည်။

“အာသာလေး! ဒီကနေထွက်သွား!”

ချန်လွေ့ အံ့အားသင့်သွားသည်။ “ဗာရိုနီကာ!”

“ဒီကိုမလာခဲ့နဲ့!” ဗာရိုနီကာ၏ ခန္ဓာကိုယ် တုန်သွားပြီး အင်အားကြီး စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ချန်လွေ့၏ ခန္ဓာကိုယ်က မီတာ ဒါဇင်များစွာ အကွာသို့ အလိုလို တွန်းထုတ်ခံလိုက်ရသည်။

“သတ်! သတ်! သတ်!” သူ၏ အသံက နက်ရှိုင်းသော ဟိန်းသံ အဖြစ် ပြောင်းသွားပြီး ကြောက်စရာ မီးတောက်များက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လောင်ကျွမ်းနေပြီး မျက်လုံးများသည် ကြောက်မက်ဖွယ် အလင်းရောင်ကို ထုတ်လွှတ်နေ၏။ ရှီအွန်နန်းတော် တစ်ခုလုံး မွန်းကျပ် စေသော အငွေ့အသက်များ ပြည့်နေပြီး မြေပြင်က အက်ကွဲ လာခဲ့သည်။ ချော်ရည်ကဲ့သို့ ပူနွေးမှု နှင့် အနီရောင်များလည်း ရှိနေ၏။

ဒီလောက်ပြင်းထန်တဲ့ အမုန်းတရား။

သူသည် ၎င်းကို ငွေလ ကောင်းကင် မြို့တော်ရှိ သဘာဝ သစ်ပင်တွင်သာ ခံစားခဲ့ဖူးသည်။

ချန်လွေ့က အလိုအလျောက် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူ သတိထားနေချိန်တွင် မျက်လုံးများ ရုတ်တရက် ရပ်တန့်သွား၏။

ဗာရိုနီကာ၏ ကြောက်မက်ဖွယ် လက်သည်းက နှလုံးသားကို ထိုးဖောက်သွားကြောင်း မြင်လိုက်ရသည်။

၎င်းမှာ သာမန်ထိုးဖောက်မှုတစ်ခု မဟုတ်ဘဲ ဖျက်ဆီးခြင်းစွမ်းအား အကုန်လုံး ပါဝင်သည့် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်သည်။ ကျောမှ ထွက်လာသော သွေးစွန်းနေသည့် လက်သည်းပင်လျှင် သွေးငွေ့တစ်ခု ရှိနေပြီး သွေးများက လျင်မြန်စွာ အငွေ့ပျံသွား၏။

သူ၏ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ပြိုလဲသွား၏။ ပင်လယ်ကဲ့သို့ နက်ရှိုင်းသော အပြာရောင်မျက်လုံး၌ အမုန်းတရားနှင့် ဖျက်ဆီးမှုတို့သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များနှင့် အသက်ဓာတ်အားလုံးနှင့်အတူ အလျင်အမြန် မှေးမှိန်သွားသည်။ သူက အာသာလေးကို နောက်ဆုံးအကြိမ် ကြည့်ချင်နေပုံရသော်လည်း နောက်ဆုံးတွင် မျက်လုံးများကို အားနည်းစွာဖြင့် မှိတ်လိုက်၏။

ထိုအချိန် ချန်လွေ့၏ မျက်လုံးရှိ ပုံရိပ်က တောက်မှု ဆုံးရှုံးသွားသည်။ အရာအားလုံး အဖြူအမည်း အဖြစ်သို့ ပြောင်းလဲသွားပြီး အားနည်းသော ခန္ဓာကိုယ်ကို လက်သည်းချွန်ချွန်ဖြင့် ထိုးဖောက်သွားသည့် မြင်ကွင်းသာ ရှိနေခဲ့သည်။

ထိုးဖောက်သော ခံစားချက်တစ်ခု ရောက်လာ၏။ ထိုထိုးချက်က သူ၏ နှလုံးသားကို တိုက်ရိုက်ထိုးနှက်ခြင်း ထက်ပင် ပို၍ နာကျင်စေသည်။

‘အာသာလေး’ နှင့် သက်ဆိုင်သော နာကျင်မှုသာမက သူ၏ ကိုယ်ပိုင် ဒေါသနှင့် ဝမ်းနည်းမှုလည်း ဖြစ်၏။

မီယာစ်အင်ပါယာ တော်ဝင်သင်္ချိုင်း အောက်ခြေရှိ ပင်မယဇ်ပလ္လင် အပေါ်တွင် နိမိတ်ပုံရိပ်ကြီးက ဖြည်းဖြည်းချင်း မျက်လုံးများဖွင့်ပြီး ပူဇော်ပသနေကြသော မရဏနက် နောက်လိုက်များကို ငုံ့ကြည့်လိုက်သည်။

၎င်းက ထူးဆန်းသော ဘာသာစကားဖြင့် အသံတစ်ခု စတင်ပြုလုပ်ခဲ့သည်။ အရိုးမျှော်စင်များ၏ စွမ်းအားတုန်ခါမှုကြောင့် ၎င်းက လူတိုင်းနားလည်နိုင်သော ဘာသာစကားအဖြစ်သို့ ပြောင်းလဲသွားပြီး မြေအောက်လောက တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

“လူ့သဘာဝဟာ နဂိုကတည်းက ဆိုးယုတ်တယ်။ အမုန်းတရားက ဆိုးယုတ်မှုအားလုံးရဲ့ အရင်းအမြစ်ပဲ...”

“ပျက်စီးခြင်းကို ယုံကြည်သူတွေက ပျက်စီးခြင်းထဲမှာ ထာဝရအသက်ကို ရနိုင်တယ်...”

“အရာအားလုံးကို ဖြိုဖျက်ပြီးတော့ လိုသလို ဖျက်ဆီးနိုင်သော လောက တစ်ခုကို ပြန်လည်ဖန်တီး...”

“...”

မရဏနက်နောက်လိုက်များက လိုက်၍ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုကြသည်။ နိမိတ်ပုံရိပ်၏ အသံက အားကောင်းသော ထိုးဖောက်မှုနှင့် ဆွဲဆောင်မှု ရှိရုံသာမက မယုံနိုင်လောက်စရာ စွမ်းအားကိုလည်း ထုတ်လွှတ်နေ၏။ သွေးနီရောင်မြူခိုးများက အပြင်သို့ ပျံ့နှံ့သွားပြီး နောက်လိုက်များကြား လှည့်ပတ်သွားခဲ့သည်။

မြူခိုးများရောက်ရှိရာတိုင်းတွင် မရဏနက်နောက်လိုက်များက အနီရောင်အလင်း အနည်းငယ်ဖြင့် လင်းလက်လာသည်။ သူတို့က ခန္ဓာကိုယ်အတွင်း အထူးစွမ်းအင်ကို ခံစားမိသည်။ ထိုအရာမှာ ‘အရှင်သခင်၏ကျေးဇူးတော်’ မှ ချီးမြှင့်သော စွမ်းအား ဖြစ်ကြောင်း သိရှိသဖြင့် ဝမ်းမြောက်ကြသည်။ ရွတ်ဆိုသံက ပို၍ပင် ကျယ်လာပြီး အသံမြင့်လာခဲ့လေသည်။

နန်းတော်ထဲတွင် ချန်လွေ့က သူ၏နှလုံးသားထဲရှိ ပြင်းထန်သော ခံစားချက်များကို ဖိနှိပ်ထားနေသည်။ သူ ရှေ့သို့လှမ်းရန် ပြင်ဆင်နေစဉ် ဗာရိုနီကာ၏ ခန္ဓာကိုယ် ရုတ်တရက် အပေါ်တက်သွားသည်။ မူလက မှိတ်ထားသော မျက်လုံးများသည် ဖြည်းဖြည်းချင်း ပွင့်လာ၏။ ဝမ်းနည်းမှု၊ ဒေါသ၊ စိတ်လှုပ်ရှားမှုပင် မရှိဘဲ အေးစက်သော တည်ငြိမ်မှုသာ ရှိနေသည်။

ချွန်ထက်သော လက်သည်းကို ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး ခြောက်သွားသော သွေးများက ထပ်မံ၍ စွန်းသွား၏။ သို့သော် ထိုခန္ဓာကိုယ်က သူ၏ ခန္ဓာကိုယ် မဟုတ်သကဲ့သို့ပင် သူ၏ အမူအရာက လုံးဝ မပြောင်းလဲခဲ့ပေ။

“ရူးမိုက်တဲ့ သက်ရှိပဲ! မိုက်မဲတဲ့ ခေါင်းမာမှု!” ထိုအသံက ဗာရိုနီကာ၏အသံ ဖြစ်သော်လည်း ချန်လွေ့အား အခြား ရင်းနှီးသော ခံစားချက်ကို ပေးနေသည်။ “မင်းက ငါအပ်နှင်းထားတဲ့ ဆန္ဒကို ခဏလေး အတွင်း ကျော်လွန်ခဲ့တယ်။ သေခြင်း ရှင်ခြင်းကိုတောင် ကျော်လွန်ခဲ့တယ်...”

“ဒါပေမဲ့ ဒီလို ခေါင်းမာတာမျိုးက ငါလိုနေတဲ့အရာ အတိအကျပဲ။” အေးစက်သောအကြည့်က ချန်လွေ့ အပေါ်သို့ ရောက်လာခဲ့သည်။ “အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်။ မင်းက သူ့နှလုံးသားထဲက တစ်ခုတည်းသော အက်ကွဲကြောင်း ဟုတ်တယ်မလား။ မင်းက ကြောက်ရွံ့မှု ကိုတောင် ထုတ်ဖော်ဖို့ မေ့နေတာလား။ မင်း လုံးဝ ပျက်စီးသွားရင် ဒီမျိုးဆက်က ပြီးပြည့်စုံသွားပြီ။”

သူ၏ အကြည့်က ရုတ်တရက် လျှပ်တစ်ပြက် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ချန်လွေ့ဆီ ဖုံးလွှမ်း သွားတော့သည်။ လမ်းတလျှောက်ရှိ မြေပြင် အက်ကွဲသွား၏။ သနား ညှာတာမှု တုံ့ဆိုင်းမှုများ ရှိမနေပေ။

သာမန် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး သာဆိုလျှင် ထိုကဲ့သို့သော စွမ်းအား အောက်တွင် ချေမှုန်းခံလိုက်ရမည် ဖြစ်သည်။ သို့သော် အက်ကြောင်းက ချန်လွေ့ဆီသို့ ရောက်လာသောအခါ ရပ်တန့်သွား၏။

အေးစက်သော မျက်လုံးပြာပြာ၌ အံ့အားသင့်မှု တစ်ချက် ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မွန်းကျပ်စေသောလေက ရုတ်တရက် အဆ၁၀၀ ပိုတိုးလာခဲ့ည်။

ချန်လွေ့၏ ခန္ဓာကိုယ်ပတ်လည်ရှိ နေရာလွတ်သည် ပုံပျက်စပြုလာပြီး နေရာလွတ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ အက်ကွဲကြောင်း၏ ပုံပျက်မှုအဆင့်သည် လျင်မြန်စွာ တိုးများလာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

မျက်လုံးပြာပြာနှင့် မျက်နှာတွင် ခနဲ့သော အပြုံးတစ်ခု ရှိနေသည်။ သူက တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော်လည်း ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်၏။

ကိုယ်ပွားပေါ် ဆင်းသက်ပြီးသော သူ့အတွက် ပြီးပြည့်စုံလုနီးဖြစ်သော ထိုမျိုးဆက်က ကိုယ်ပိုင်အဆင့်ထက် များစွာကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။ အရှိန်အဝါဟု ခေါ်ဆိုသင့်ပေသည်။

ထိုအချိန် ရင်းနှီးသော ကြက်သွေးရောင် ကြယ်အလင်း တစ်ခုက မျက်လုံးပြာပြာ၏ အမြင်၌ ပေါ်လာသည်။

ကြယ်အလင်းက ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပြီး မျက်လုံးပြာပြာနှင့် မျက်ဝန်းက ရုတ်တရက် ကျုံ့သွား၏။

ကြယ်များ၏ နိမိတ်ပုံရိပ်များတွင် နေရာလွတ်များရှိ အက်ကြောင်းများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ တောက်ပသော ကြယ်အလင်းက ရှီအွန်နန်းတော်၏ နေရာတစ်ခုလုံးကို ပြည့်နှက်သွားပြီး ဖျက်ဆီးလိုသော အငွေ့အသက်များက ကြယ်အလင်းကြောင့် အေးခဲသွားပုံရသည်။

တောက်ပသော အနီရောင် ကြယ်အလင်းထဲ သလင်းကျောက် ချပ်ကာဝတ်ထားသော ပုံရိပ်က ထင်ရှားလာသည်။ သူ့နောက်တွင် လှပသော အတောင်ပံ နှစ်စုံ ရှိသည်။ တချိန်တည်းမှာပင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ခီလီယာနာ! သူရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွား!”

“မင်းပဲ!” မျက်လုံးပြာပြာက အမုန်းတရားနှင့် ဒေါသအပြည့်ဖြင့် ဟိန်းဟောက်လိုက်တော့သည်။

All Chapters