နှစ်တစ်ရာ တန်ခိုးရှင်
Vol. 5 Ch. 476
ချန်းဖန်နှင့် ယူကီရှီရိုဆာတို့မှာ ဟွာယွမ်ဖန်း၏ ဦးဆောင်မှုဖြင့် တောင်ထိပ်အလယ်ရှိ ကြိုးတံတားငယ်လေးကို ဖြတ်သန်း၍ အဆောက်အဦတစ်ခုသို့ ရောက်လာခဲ့၏။ ထိုတောင်ထိပ် တစ်ဝိုက်တွင် တိမ်စိုင်များ မျောလွင့်နေရာ ကောင်းကင်ဘုံ အလားပင် ထင်မှတ်မှားရသည်။
အဆောက်အဦ၏ အထဲတွင်မူ ကျောက်စားပွဲ၊ ကုလားထိုင် အချို့ကို ခင်းကျင်းထား၏။ ထိုနေရာမှ ကြည့်လျှင် မီးရောင်စုံများဖြင့် ပြန့်ကျဲနေသော ကျောင်းဟိုင်မြို့၏ မြင်ကွင်းကို မှုန်ဝါးဝါး တွေ့မြင်ရသည်။
"တကယ် လှပတဲ့ နေရာ ရှုခင်းပဲ …"
ချန်းဖန်က ခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်၏။
ဟွာရန်ဖန်းမှာ ဤကဲ့သို့ တိတ်ဆိတ် လှပသော နေရာတွင် အစဉ်အမြဲ နေခဲ့သောကြောင့် စိတ်နှလုံး သန့်စင်ကြည်လင် နေခြင်း ဖြစ်ရမည်။ ထို့ကြောင့်ပင် ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံး ချမှတ်နိုင်ခြင်း ဖြစ်နိုင်သည်။
"ကျွန်တော့်ရဲ့ မျက်လုံးတွေက ဒီမြို့လေးကိုပဲ မြင်နိုင်စွမ်း ရှိပါတယ် … ဒါပေမဲ့ တန်ခိုးရှင် ကတော့ တစ်ကမ္ဘာလုံးကို တွေ့မြင်နိုင်တဲ့သူ ဖြစ်ပါတယ် …"
ဟွာရန်ဖန်းက မုတ်ဆိတ်ဖြူများကို ဆွဲရင်း ပြောဆိုလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများတွင်မူ ဂုဏ်ယူနေကြောင်း အရိပ်အငွေ့များက စွန်းထင်းနေ၏။
ထိုအချိန်မှာပင် ချမ့်တန့်ချင်က သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည် ပြင်ဆင်ပေးသည်။ ထိုလက်ဖက်ရည်မှာ လက်ဖက်စိမ်းမှ တိုက်ရိုက် ဖျော်ထားခြင်း ဖြစ်ရာ အနံ့မွှေးသလို ကျန်းမာရေး အတွက်လည်း သင့်လျော်၏။
"ဟွာရန်ဖန်း … ခင်ဗျား ကျုပ်ကို ပြောချင်တာက ဘာလဲ … အဓိက အချက်ကို သွားရအောင် …"
ချန်းဖန်က လက်ဖက်ရည် သောက်ရင်း ဟွာရန်ဖန်းကို မေးလိုက်သည်။
"ကျွန်တော် တန်ခိုးရှင်ကို ပြောချင်တာက ဒီနေ့ အဖြစ်အပျက်တွေ အကြောင်းပါ … ဝမ်ချီရှန်းနဲ့ လင်းနန်နယ်က အခြားလူငယ်တွေကို သတ်ရင်တောင် ကိစ္စမရှိပေမဲ့ လင်းပို့ကျွင်းကို သတ်တာကတော့ ပြဿနာရှာ ရှိနိုင်တယ် …"
"သူက အသက်သုံးဆယ် မပြည့်ခင် အထွတ်အထိပ် အဆင့်ကို တက်လှမ်းခဲ့တာ ဆိုတော့... တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ အလားအလာ သိပ်ကောင်းတယ် …"
"နောက်ပြီး သခင်ကြီး လင်းရှု့မင်ကလည်း သူ့ကို တန်ဖိုးထားပုံ ရတယ် … မဟုတ်ရင် ကျောက်စိမ်း အဆောင်ကို ပေးထားမှာ မဟုတ်ဘူး …"
ဟွာရန်ဖန်းက အလေးအနက် ပြောပြလိုက်၏။
"ဟမ့် …"
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်သည်။
"လင်းမိသားစုက ဟောင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ကျန်းပေ့က ငါ့နယ်မြေကို ကျူးကျော်ခဲ့တယ် … နောက်ပြီး သူတို့က လင်းပို့ကျွင်းကို ကျောင်းဟိုင်ကို ပို့ပြီး ငါ့အမေရဲ့ ကျင်းရှို့ကို ဖယ်ရှားဖို့ လုပ်ခဲ့တယ် … ငါက သူတို့ရဲ့ လုပ်ရပ်တွေကို ဒီအတိုင်း ကြည့်နေရမှာလား …"
"နောက်ပြီး ငါ့အတွက် လင်းမိသားစု ဆိုတာ အခြား မိသားစုလေးတွေနဲ့ မခြားနားဘူး … ငါသာ ဆန္ဒရှိရင် တန်ခိုးရှင် အဆင့်လည်း သတ်နိုင်တယ် …"
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
သူကား နှင်းဝံပုလွေ ဘုရင်နှင့် သွေးဝံပုလွေ ဘုရင်တို့ကို အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ ယခုဆိုလျှင် ဝိညာဉ်ပင်လယ် အဆင့်အထိ ရောက်နေပြီ ဖြစ်ရာ နျူကလိယ လက်နက်မှလွဲလျှင် ကမ္ဘာပေါ်၌ သူ့အား ခြိမ်းခြောက်နိုင်သည့် အရာ မရှိတော့ချေ။
"တန်ခိုးရှင်ရဲ့ ရုရှားက တိုက်ပွဲတွေအကြောင်း ကျုပ် ကြားရပါတယ် … ဒါပေမဲ့ သခင်ကြီး လင်းရှု့မင်က အဲဒီ သမန်းဝံပုလွေတွေထက် ပိုပြီး အစွမ်းထက်တယ် ဆိုတာကိုတော့ သတိထားစေချင်တယ် …"
ဟွာရန်ဖန်းက ခေါင်းခါရင်း သတိပေးလိုက်သည်။
"ဟုတ်လား … ဘယ်လောက်တောင် အစွမ်းထက်လဲ …"
ချန်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။
"သခင်ကြီး ရှု့မင်က လွန်ခဲ့တဲ့ နှစ်ရာချီက စပြီး ကျော်ကြားခဲ့တာ … တန်ခိုးရှင် အဆင့်တွေထဲမှာ သက်တမ်း အရှည်ဆုံးလို့တောင် ဆိုနိုင်တယ်... သူက ၁၇၅၀ လောက်မှာ မွေးဖွားခဲ့ပြီးတော့ စာပေသမား တစ်ယောက် အဖြစ်နဲ့ ဘဝကို စတင်ခဲ့တယ် …"
"ဒါပေမဲ့ အစိုးရ အရာရှိ စာမေးပွဲ ကျပြီးတဲ့ နောက်မှာတော့ ဆွေမျိုးတွေက သူ့ကို ဝိုင်းပယ်ခဲ့ကြတယ် … ဒါကြောင့်မလို့ပဲ သူက ချင်ချန်းတောင်တန်းဆီကို တစ်ယောက်တည်း ထွက်သွားပြီး နေထိုင်ခဲ့တယ် …"
"ချင်ချန်း တောင်တန်းမှာ နေထိုင်တဲ့ အတောအတွင်းမှာပင် သခင်ကြီးရှု့မင်ဟာ ဉာဏ်အလင်းရပြီး ဓားသမား တစ်ယောက် ဖြစ်လာခဲ့တယ် … နောက်ပိုင်း ချင်မင်းဆက် ဘုရင်ကတောင် သူ့ကို မြှောက်စားပြီး သက်တော်စောင့် ခန့်ခဲ့တယ် … သခင်ကြီး ရှု့မင်ဟာ ချင်မင်းဆက် မပျက်စီးခင် အထိ ချင်ဘုရင်တွေဆီမှာ အမှုထမ်းခဲ့တယ် …"
"နောက်ပိုင်း ဌာနေကို ပြန်ရောက်တဲ့ အခါမှာတော့ သခင်ကြီး ရှု့မင်ဟာ တန်ခိုးရှင် အဆင့်ကို ရောက်နေခဲ့ပြီ …"
ဟွာရန်ဖန်းက ရှည်လျားစွာ ပြောလိုက်သည်။ သူ၏ မုတ်ဆိတ်ဖြူရှည်ကြီးမှာမူ လေနှင့် အတူ လူးလွင့် ကခုန်လျက် ရှိ၏။
ချန်းဖန်နှင့် ချမ့်တန့်ချင်တို့မှာမူ ထိုအကြောင်းအရာများကို အာရုံစိုက် နားထောင် နေခဲ့ကြသည်။ ဟွာရန်ဖန်း ပြောပြနေသော အရာမှာ နှစ်ရာချီ လျှို့ဝှက်ချက်များ ဖြစ်သည်။
ဟွာရန်ဖန်းနှင့် အနီးကပ် နေခဲ့သည့် ချမ့်တန်ချင်းပင်လျှင် ထိုဇာတ်လမ်းများကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
"ဂျပန် ဓားသူတော်စင် ဝါတာနာဘေကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ သခင်ကြီး လင်းရှု့မင်ရဲ့ နာမည်က အရမ်း ကျော်ကြားလာခဲ့တယ် …"
"ဝါတာနာဘေ ဆိုတာက ဂျပန်ဘုရင်ကတောင် ဓားသူတော်စင်ဘွဲ့ ပေးရတဲ့ ပထမဆုံး တန်ခိုးရှင် အဆင့် ဓားသူတော်စင် … သူက တရုတ်ကို ရောက်လာပြီးတော့ သိုင်းသမား တစ်ဆယ့် ခြောက်ယောက်ကို စိန်ခေါ်ခဲ့တယ် … အဲဒီဆယ့်ခြောက်ယောက် စလုံးကိုလည်း သူက အနိုင်ယူနိုင်ခဲ့တယ် …"
"နောက်ဆုံးမှာ သခင်ကြီး လင်းရှု့မင်က ဝါတာနာဘေကို ရွှေတောင်ထိပ်မှာ စိန်ခေါ်ပြီး အနိုင်ယူခဲ့တယ် … နောက် ဝါတာနာဘေကို တရုတ်ကို ထပ်မလာစေဖို့ ကျိန်ဆိုခိုင်းခဲ့တယ် …"
"အဲဒီ တိုက်ပွဲ အပြီးမှာ သိုင်းလောက တစ်ခုလုံးက လင်းရှု့မင်ကို တရုတ်ရဲ့ အစွမ်း အထက်ဆုံး တန်ခိုးရှင်လို့ တစ်ပြိုက်နက်တည်း သတ်မှတ်ခဲ့ကြတယ် …"
ဟွာရန်ဖန်းက ရှည်လျားစွာ ပြောရင်း သခင်ကြီး လင်းရှု့မင်၏ ဇာတ်လမ်းကို အဆုံးသတ်လိုက်၏။
"အင်း … ဒါဆို လင်းရှု့မင်က သိပ်တော့ မဆိုးဘူးပဲ … ဒါပေမဲ့ သူ့ရဲ့ သွန်သင် ဆုံးမမှုကတော့ တကယ့်ကို ညံ့ဖျင်းလွန်းတယ် …"
ချန်းဖန်က စားပွဲကို တဒေါက်ဒေါက်ခေါက်ရင်း မှတ်ချက်ချလိုက်သည်။
"လင်းမိသားစုက အရမ်းကို ကြီးမားပြီး မိသားစုဝင်တွေကလည်း အရမ်းကို များတယ် … ဒါကြောင့် စရိုက်မျိုးစုံ ရှိနေတာ မဆန်းဘူး ဆိုရမယ် … ဥပမာ လင်းပို့ကျွင်း ဆိုရင် မောက်မာပြီး လေးစားမှု မရှိဘူး … အဲဒါကြောင့်ပဲ နောက်ဆုံးမှာ သူသေခဲ့ရတယ် …"
ဟွာရန်ဖန်းက သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်သည်။
"လင်းရှု့မင်က ခင်ဗျား ပြောသလောက်သာ အစွမ်းထက်တယ် ဆိုရင် သူလာပြီး လက်စားချေမှာ ခင်ဗျား မကြောက်ဘူးလား … ခင်ဗျားက လင်းနန်က လူငယ်တွေရဲ့ ခြေထောက်တွေကို ချိုးဖို့ အမိန့်ပေးလိုက်တဲ့ သူ ဆိုတော့လေ …"
ချန်းဖန်က ဟွာရန်ဖန်းကို သွေးတိုးစမ်းသည့် အနေဖြင့် မေးလိုက်သည်။
"သခင်ကြီးရှု့မင်က ကျိုးကြောင်း ဆီလျော်ပြီး အငြိုးအတေး မထားတတ်တဲ့ ပုဂ္ဂိုလ်ပါ … သူ ကျွန်တော် လုပ်ခဲ့တာတွေ အတွက် ဂရုစိုက်မှာ မဟုတ်ပါဘူး … နောက်ပြီး ကျွန်တော့်ရဲ့ ဟွာမိသားစုက လင်းမိသားစုနဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိတယ် … လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက သခင်ကြီးရှု့မင်နဲ့ ကျွန်တို့ ဂိုဏ်း ဘိုးဘေးက သွေးသောက် ညီအစ်ကိုတွေပါ …"
ဟွာရန်ဖန်းက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။
"ဒါဆို ခင်ဗျားက အစိမ်းရောင်ဂိုဏ်းရဲ့ မျိုးဆက်ဆိုတာ တကယ်ပဲပေါ့ … ကြည့်ရတာ ကောလာဟလတွေ မှန်နေတဲ့ပုံပဲ …"
ချန်းဖန်က စိတ်ဝင်တစား မေးလိုက်၏။
"မှန်ပါတယ် … ဟွာမိသားစုနဲ့ ကျွန်တော့်ရဲ့ ဘိုးဘေးတွေက အစိမ်းရောင်ဂိုဏ်းကို မျိုးဆက်ပေါင်း များစွာ လွှမ်းမိုးခဲ့တယ် … အဲဒီ အချိန်တွေတုန်းက အစိမ်းရောင်ဂိုဏ်း ဟောင်ဂိုဏ်းနဲ့ နဂါးခန်းမ တွေက တရုတ်ရဲ့ အင်အား အကြီးမားဆုံး ဂိုဏ်းတွေပါပဲ …"
"နောက်ပြီး ဂိုဏ်းသုံးခုစလုံးရဲ့ ခေါင်းဆောင်တွေက သခင်ကြီး ရှု့မင်နဲ့ သွေးသောက် မိတ်ဆွေတွေပါ …"
"ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင် အသတ်ခံလိုက်တဲ့ အချိန်ကစလို့ အစိမ်းရောင်ဂိုဏ်းလည်း တစ်စစီ ကွဲပြားခဲ့ရတယ် … နောက်ပိုင်းမှာတော့ အစိမ်းရောင် ဂိုဏ်းဆိုတာ ကွယ်ပျောက်သွားခဲ့ပြီး ဟွာမိသားစုပဲ ကျန်ရစ်ခဲ့ပါတယ် …"
ဟွာရန်ဖန်းက သက်ပြင်းချရင်း လေးပင်စွာ ရှင်းပြလိုက်၏။
"အသတ်ခံရတယ် … ဘယ်သူက သတ်တာလဲ … ဗိုလ်ချုပ်ရဲ့လား …"
ချန်းဖန်၏ မျက်လုံးများက စိတ်ဝင်စားမှုကြောင့် တောက်ပလာ၏။
ဤကမ္ဘာ၌ ချန်းဖန်၏ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်သောသူမှာ လက်တစ်ဆုပ်စာသာ ရှိသော်လည်း ဗိုလ်ချုပ်ရဲ့မှာ ထိုအထဲတွင် ပါဝင်သည်။
ဟွာရန်ဖန်း ရည်ညွှန်းသည့် ဗိုလ်ချုပ်ရဲ့မှာ ပျံလွှားနီလေးနှင့် အိုလက်တို့၏ စကားထဲမှ ဗိုလ်ချုပ်ရဲ့နှင့် အတူတူပင် ဖြစ်နိုင်သည်။ ရုရှား ဗိုလ်ချုပ်အိုလက်၏ လေးစားမှုကို ခံရသော ထိုဗိုလ်ချုပ်ရဲ့ကား အမှန်တကယ်ပင် အစွမ်းထက်သူ ဖြစ်ရမည်။
"ဗိုလ်ချုပ်ရဲ့" ဆိုသော နာမည်အား ချန်းဖန် ပြောလိုက်သည်နှင့် အခန်း၏ အပူချိန်မှာ ရုတ်တရက် ထိုးဆင်းသွား၏။ ဟွာရန်ဖန်း၏ မျက်နှာမှာလည်း ရုတ်ခြည်းပင် မည်းမှောင်သွားကာ တင်းမာလာခဲ့၏။
ခဏအကြာတွင်မှ ဟွာရန်ဖန်းက ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။
"ဟုတ်ပါတယ် … ဒါပေမဲ့ အဲဒီကိစ္စမှာ ဗိုလ်ချုပ်ရဲ့ မမှားပါဘူး … ကျွန်တော်တို့ရဲ့ ဘိုးဘေးက မျိုးနွယ်ကို သစ္စာဖောက်ပြီး ဂျပန်စစ်တပ် အတွက် အလုပ်လုပ်ပေးခဲ့တာပါ … နောက်ဆုံးမှာတော့ အရှေ့ပင်လယ်နားမှာ ဗိုလ်ချုပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ် …"
"ဂျပန် စစ်တပ် အတွက် အလုပ်လုပ်ပေးတယ် …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။
အကယ်၍ သူသာ ဗိုလ်ချုပ်ရဲ့ နေရာတွင် ဆိုလျှင်လည်း ထိုလူအား ကျိန်းသေ သတ်မည် ဖြစ်သည်။ ကိုယ့်မျိုးနွယ်ကို သစ္စာဖောက်သည့် လုပ်ရပ်မျိုးမှာ ခွင့်လွှတ် နိုင်စရာ မရှိပေ။
"အဲဒီနောက်ပိုင်းမှာ အစိမ်းရောင် ဂိုဏ်းလည်း ပျက်စီးသွားခဲ့တယ် … ကျွန်တော်လည်း ခေါင်းဆောင်ရဲ့ လုပ်ရပ်အတွက် ရှက်ရွံ့မိတာကြောင့် ပြန်ပြီး လက်စားချေဖို့ မကြိုးစားခဲ့ဘူး … သူ့အတွက် အပြစ်တွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ ဒီနေရာမှာ အခြေစိုက်ပြီး ကျောင်းဟိုင်ကို ကာကွယ်ပေးမယ်လို့ ကျိန်ဆိုခဲ့တယ် …"
ဟွာရန်ဖန်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒါတွေက အတိတ်တွေ ပါပဲလေ … မေ့နေခဲ့တာ ကြာပါပြီ … ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က လင်းပို့ကျွင်းက ကျွန်တော့်ဆီ ရောက်လာပြီး သူတို့နဲ့ ပူးပေါင်းဖို့ လာပြောတယ် … သူက ဟွာမိသားစု ဟောင်ဂိုဏ်းနဲ့ နဂါးခန်းမတို့ ပူးပေါင်းပြီး ခွန်းလွန်နဲ့ ဗိုလ်ချုပ်ရဲ့ကို လက်စား ချေစေချင်တယ် …"
ဟွာရန်ဖန်းက ဖြူရော်စွာ ပြုံးလိုက်၏။
"ဒါဆို ဟောင်ဂိုဏ်းမှာလည်း တန်ခိုးရှင် အဆင့် ရှိသေးတာပေါ့ …"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။
"လင်းမိသားစုက ဟောင်ဂိုဏ်းကို ကူညီတာ မဆန်းဘူးပဲ …"
ချန်းဖန် ပြန်လည် မွေးဖွားလာချိန်မှ စ၍ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့် ဂိုဏ်းမှာ ဟောင်ဂိုဏ်းဖြစ်သည်။ ထို့အပြင် သူ သတ်ဖြတ်ခဲ့သည့် လင်းဟူ၊ လဲ့ချန်းကျွယ်၊ ဇိုရို၊ ဟူကျောင်းရှို့နှင့် အမှောင်လမင်း အဖွဲ့တို့မှာလည်း ဟောင်ဂိုဏ်းမှ ဖြစ်သည်။
"လင်းမိသားစုနဲ့ ဟောင်ဂိုဏ်း …"
ဟွာရန်ဖန်းက နားမလည်စွာ ရေရွတ်လိုက်၏။ သူကား ကျောင်းဟိုင်နယ်မှ အဖြစ်အပျက်များကို သေသေချာချာ ကြားသေးဟန် မတူချေ။
ဟွာရန်ဖန်း၏ အပြုအမူကြောင့် ချန်းဖန်က ကျန်းပေ့နယ်၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြလိုက်၏။
"ဒါဆို လင်းမိသားစုနဲ့ ဟောင်ဂိုဏ်းက အတူတူ အလုပ်လုပ် နေကြတာပေါ့ … သူတို့မှာ အစောတည်းက အစီအစဉ် ရှိပြီးသားကိုး …"
ချန်းဖန်ထံမှ အချက်အလက်များကို ကြားသည်နှင့် ဟွာရန်ဖန်းက သုန်မှုန်စွာ ရေရွတ်လိုက်၏။
"ဟုတ်လောက်တယ် … ဒါပေမဲ့ ဟောင်ဂိုဏ်းနဲ့ လင်းမိသားစုရဲ့ တန်ခိုးရှင် အဆင့်တွေက ဘာလို့ ပုန်းနေကြတာလဲ … သူတို့က နျူကလိယ လက်နက်တွေကို ကြောက်ကြတာလား …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်ပြန်၏။
ချမ့်တန့်ချင်နှင့် ယူကီရှီရိုဆာတို့မှာမူ ချန်းဖန်နှင့် အဘိုးအို ဟွာရန်ဖန်းတို့၏ စကားများကို နားထောင်ရင်း မျက်လုံး အဝိုင်းသား ဖြစ်နေကြပြီ ဖြစ်၏။
"သူတို့က ပုန်းချင်လို့ ပုန်းနေတာ မဟုတ်ပါဘူး …"
ဟွာရန်ဖန်းက အနည်းငယ် ပြုံးရင်း ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကမ္ဘာမှာ တန်ခိုးရှင် အဆင့်တွေ အများအပြား ရှိခဲ့တယ် … ဒါပေမဲ့ အမေရိကန်က နျူကလိယ လက်နက်ကို မိတ်ဆက်ပေးပြီးတဲ့ နောက်မှာ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် သွားခဲ့ကြတယ် …"
"ဒါပေမဲ့ တရုတ်ရဲ့ တန်ခိုးရှင်တွေ ပုန်းနေကြရတဲ့ အဓိက အကြောင်းရင်းက နျူကလိယ မဟုတ်ဘူး … ဗိုလ်ချုပ်ရဲ့ တစ်ယောက်တည်းကြောင့် ပါပဲ …"
"သူတစ်ယောက်တည်းကြောင့် ဟုတ်လား …"
ချမ့်တန့်ချင်က နားမလည်စွာ ဝင်ရောက် မေးလိုက်၏။
"ဟုတ်တယ် …"
ဟွာရန်ဖန်းက ခေါင်းညိတ်ရင်း ဆက်ပြောလိုက်၏။
"ဗိုလ်ချုပ်ရဲ့က ငါ့အသက်လောက်ပဲ ရှိသေးတယ် ဆိုပေမဲ့ အရမ်းကို အစွမ်းထက် နေခဲ့ပြီ … သူက ကိုယ်တိုင် ကြိုးစားပြီး အထွတ်အထိပ် အဆင့်ကို တက်လှမ်းခဲ့တယ် … တော်လှန်ရေး ကာလ အတွင်းမှာ သူက သဘာဝလွန် စွမ်းအားရှိတဲ့ လူတွေကို စုစည်းပြီး ခွန်းလွန် အဖွဲ့ကို ထူထောင်ခဲ့တယ် … ခွန်းလွန် အဖွဲ့က နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အထူးဌာန ဆိုပြီး ဖြစ်လာခဲ့တယ် …"
ဟွာရန်ဖန်းပ ခဏရပ်နားရင်း ဆက်ပြောလိုက်၏။
"ဗိုလ်ချုပ်ရဲ့က ခွန်းလွန်ကို ဦးစီးပြီး တရုတ်နိုင်ငံ အနှံ့မှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ မိသားစုတွေ ဂိုဏ်းတွေကို တိုက်ခိုက် ချေမှုန်းခဲ့တယ် … အဲဒီ တိုက်ပွဲတွေ အတွင်းမှာပဲ အဆင့်တက်နိုင်ခဲ့ပြီး တန်ခိုးရှင် တစ်ယောက် ဖြစ်လာခဲ့တယ် …"
"တန်ခိုးရှင် အဆင့်ကို တက်လှမ်းပြီး နောက်မှာတော့ သူက ပြိုင်ဘက်ကင်း ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တော့တာပေါ့ …"
"အဲဒီနောက်မှာ သူက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးကို သတ်ပြီး အစိမ်းရောင်ဂိုဏ်းကို ဖြိုခွင်းခဲ့တယ် … နောက် ဟောင်ဂိုဏ်းနဲ့ နဂါးခန်းမကို တိုက်ခိုက်ပြီး တရုတ်ကနေ ကန်ထုတ်ပစ်ခဲ့တယ် …"
"အဲဒီ အဖြစ်အပျက်တွေကြောင့် လေးထောင့်မျှော်စင်လည်း ထိုင်ဝမ်ကို ပြောင်းရွှေ့သွားခဲ့တယ် … နောက် သခင်ကြီး ရှု့မင်ဟာလည်း ဗိုလ်ချုပ်ရဲ့ကြောင့်ပဲ နှစ်ပေါင်း ခြောက်ဆယ်ကြာ တံခါးပိတ် ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တယ် …"
"အဲဒီလို နည်းလမ်းနဲ့ ဗိုလ်ချုပ်ရဲ့က တရုတ်ကို ငြိမ်းချမ်းတဲ့ နေရာတစ်ခု အဖြစ် ပြောင်းလဲ ပစ်ခဲ့တယ် … ဒါကြောင့်မလို့လည်း သူ့ကို လူတွေက တရုတ်ရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြတာပေါ့ …"
ဟွာရန်ဖန်းက သက်ပြင်းတစ်ချက်ချရင်း သူ၏ စကားကို အဆုံးသတ်လိုက်၏။
ယူကီရှီရိုဆာနှင့် ချမ့်တန့်ချင်တို့မှာမူ ဗိုလ်ချုပ်ရဲ့၏ နတ်ဘုရားကဲ့သို့ ဒဏ္ဍာရီကို နားထောင်ရင်း မိန်းမောနေကြတုန်းပင်။
ချန်းဖန်ကလည်း မျက်လုံးကို အနည်းငယ် မှေးစင်းရင်း တစ်ချက် ပြုံးလိုက်၏။
သူ၏ စိတ်တွင်မူ စကားလုံး နှစ်လုံးက နေရာယူနေခဲ့သည်။
"တရုတ်ရဲ့ အစွမ်းအထက်ဆုံး …"
"ခွန်းလွန်ရဲ့ ရဲ့ချင်စန်း …"
***