အပေးအယူလုပ်ခြင်း
Vol. 63 Ch. 1021
အရိပ်လေပြေဘွတ်ဖိနပ် ဖြစ်ရပ်၏ အမှန်တရား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သော်လည်း ချန်လွေ့၏ စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာ ရှိနေသေးသည်။
ထိုအရာက တစ်ဖနီပင်။
တစ်ဖနီ၏ ရိုင်ဇန်အပေါ် မကျေနပ်ချက်က အလွန်ပင် နက်ရှိုင်း သောကြောင့် သူက မိခင်ကို ရှာဖွေရန် နတ်ဆိုးဘုံမှ ပလ္လင်ကို စွန့်လွှတ်ကာ လူသားလောကသို့ သွားခဲ့သည်။ ရိုင်ဇန်က တစ်ဖနီတွင် မိခင်ဖြစ်သူ၏ တည်နေရာကို ရှာဖွေရန် အသုံးပြု နိုင်သည့် သွေးမျိုးဆက် အာရုံခံ ရှိသည်ဟု ပြောခဲ့သည်။ ယခု သူက သိဒ္ဓိမိန်းမပျို ယူဒိုရာ၏ တပည့် ဖြစ်လာခဲ့ရာ သိဒ္ဓိမိန်းမပျိုသည် တစ်ဖနီ၏မိခင် ဖြစ်နိုင်ချေ ရှိသည်။
ရိုင်ဇန်က ‘အမျိုးသမီးတစ်ဦး’နှင့် ဆက်ဆံရေး ရှိခဲ့ပြီး တစ်ဖနီကို မွေးဖွားခဲ့သည့်အချိန်နှင့် အရိပ်လေပြေဘွတ်ဖိနပ် လုယူခံခဲ့ ရသည့်အချိန်က လွန်ခဲ့သော နှစ်၁၀၀ အကျော်က ဖြစ်သည်။ ထို့ကြောင့် ထိုဖြစ်ရပ်နှစ်ခု၏ ဇာတ်လိုက်များက ယူဒိုရာဖြစ်သည်ဟု ကောက်ချက်ချ နိုင်သော်လည်း ထိုနှစ်ခုက အစီအစဉ် အလိုက် ဖြစ်ခဲ့သည်မှာ သေချာ၏။
ယူဒိုရာနှင့် ရိုင်ဇန် ဆက်ဆံရေးက စေတန်၏ ကြံစည်မှုရလဒ် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်တွင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ငွေသေတ္တာကို ရယူနိုင်ရန်အတွက် နှစ်ဖက်လုံး၏ ခန္ဓာကို အသုံးချကာ အလင်းနှင့်အမှောင် ခန္ဓာကိုယ်၏ ‘သော့ချက်’ကို ဖန်တီးရန် ဖြစ်သည်။ ထို‘ကြိုတင်ကြံစည်မှု’က ယခုအခါ အမှန်တရား ဖြစ်လာခဲ့သည်။
ယူဒိုရာက လေ့ကျင့်ရေး သို့မဟုတ် တာဝန် တစ်ခုကြောင့် နတ်ဆိုးဘုံသို့ လာခဲ့သည်ဟု ဆိုကြပါစို့။ ထို့နောက် သူက စေတန်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိန်းချုပ်မှု အောက်တွင် ရိုင်ဇန်နှင့် ဆက်ဆံရေး ရှိခဲ့ကာ တစ်ဖနီကို မွေးဖွားခဲ့သည်။ တစ်ဖနီ မွေးဖွား ပြီးနောက် ယူဒိုရာ၏ အသုံးဝင်မှု တန်ဖိုးကို မရှိတော့ပေ။ စေတန်၏ စွမ်းအားဖြင့်ဆိုလျှင် ထိုပုရွက်ဆိတ်၏ သေရေး ရှင်ရေးကို စိတ်ထဲတွင် ထားတော့မည် မဟုတ်။ ယူဒိုရာက သွေးရောင်အင်ပါယာမှ ထွက်ပြေးပြီး အစ်ဇဘယ်လာနှင့် တွေ့ဆုံကာ အမျိုးသားတစ်ဦးလို ဟန်ဆောင်ပြီး အရိပ်လေပြေဘွတ်ဖိနပ်ကို လိမ်လည်ရယူခဲ့ဟန်တူသည်။
ရိုင်ဇန်က သူ့ကို လူသားလောက၌ တစ်ဖနီကို ရှာဖွေရန် အပ်နှံခဲ့စဉ်က “ဒါနဲ့ အဲဒီမိန်းမကို သတိထား” ဟူ၍ နောက်ဆုံး ပြောခဲ့ခြင်း သတိရခဲ့၏။
တခြားသူတွေကို သတိထားရမှာ လုံးဝအသေအချာပဲ။ အရိပ်လေပြေ ဘွတ်ဖိနပ် ဖြစ်ရပ်မှာ ဒီမိန်းမရဲ့ နေရာကို ဖော်ထုတ် ပြီးသွားတော့ ပိုပြီး သတိရထားမယ်။
ချန်လွေ့ စဉ်းစားနေစဉ် ဇိုလာက အစ်ဇဘယ်လာ၏လက်ကို ကိုင်ကာ ခန်းမသို့ ပြန်လာခဲ့သည်။ သူက ဘေးနားမှ အစ်ဇဘယ်လာနှင့် စကားပြောနေပြီး အစ်ဇဘယ်လာက ခေါင်းညိတ်နေ၏။ ဇိုလာက ဒီကိစ္စ အမှန်တရားကို သိလား မသိလား ငါမသိဘူး။ ဒါပေမဲ့ ရင်းနီရဲ့ အကြည့် အခု အတော်လေး စိတ်သက်သာရာ ရသွားတာ အသေအချာပဲ။
မစ်-နတ်မိမယ်နဂါးက အမှန်ပင် အလွန်အကဲခတ်တတ်သူ ဖြစ်သည်။ အစ်ဇဘယ်လာက အမြဲပင် သူနှင့် ဆက်ဆံရေး ကောင်းခဲ့ပြီး အသီနာ ပြီးလျှင် ဒုတိယပင်။ အထူးသဖြင့် ယခု ယင်းနီသည် မာရီယာနှင့် စပန်တို့မှ အသိအမှတ် ပြုထားသော သမီး ဖြစ်နေခြင်းကြောင့် သူက စစ်မှန်သော ညီမ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် မစ်-နတ်မိမယ်နဂါးက သူကို အလွန် မြတ်နိုးပေသည်။
ထိုအချိန် ချန်လွေ့က [သရုပ်ခွဲမျက်လုံး]ရှိ အချက်အလက်များ လျင်မြန်စွာ လှုပ်ရှားနေသည်ကို ခံစားမိသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်မောင်းပေါ်ရှိ ခြောက်ထောင့်ကြယ် အမှတ်အသားက ပူလာသည်။ အပြင်ဘက်တွင် မှော်စက်ဝိုင်းကို ပြင်ဆင်နေဆဲဖြစ်သော ဖိုက်သွန်က အမှတ်အသားသို့ ပြန်လာခဲ့ပြီး သူက အနည်းငယ် စိုးရိမ်ပူပန် နေသည်။ “သတိထား၊ ရာဖယ်ရယ် ရောက်လာပြီ!” ဟူသော အသံက ချန်လွေ့၏ ဝိညာဉ်ထဲတွင် ပေါ်ထွက် လာခဲ့သည်။
ချန်လွေ့ ထိတ်လန့်သွားခဲ့ပြီး အစ်ဇဘယ်လာနှင့် ဇိုလာတို့ကို ကြည့်လိုက်သည်။ သူက ကြယ်အပ်နှင်းစင်မြင့်၏ ပေါင်းစည်းစွမ်းအားကို အသက်သွင်းခဲ့ပြီး မိန်းကလေး နှစ်ယောက်ကို ကြယ်အပ်နှင်း စင်မြင့်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။
ထိုထူးဆန်းသော ‘နေရာလွတ်’ စွမ်းရည်ကို ချန်လွေ့ အသက်သွင်း သည်ကို ဖိုက်သွန် တွေ့ဖူးသည်မှာ ယခု ပထမဆုံး မဟုတ်ပေ။ သို့သော် ၎င်းသည် ယခင်ကဲ့သို့ပင် နူးညံ့ သိမ်မွေ့လှသည်။ အမြင့်ဆုံးအဆင့် နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော သူပင် ၎င်းကို သတိမထားမိရာ သူက လျှို့ဝှက်စွာ သတိထားနေခဲ့သည်။ သို့သော် ယခု အချိန်က ထိုပြဿနာကို လေ့လာရန် အချိန် မဟုတ်ပေ။ ရောက်ရှိလာ တော့မည့် ရာဖယ်ရယ်ကို ရင်ဆိုင်ရ နိုင်သောကြောင့် ဖိုက်သွန်သည် ‘အငွေ့အသက်သော့ခတ်ခြင်း’ကို အပြည့်အဝ အသက်သွင်းကာ သေဟန်ဆောင်ခြင်းနှင့် ဆင်တူသော အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး မည်သူမှ သတိမပြုမိစေရန် သူ၏ အငွေ့အသက်နှင့် စိတ်အတက်အကျအားလုံးကို ဝှက်ထားခဲ့သည်။
ခဏမကြာ အမျိုးသားတစ်ဦးက သူ့ရှေ့တွင် ပေါ်လာပြီး အဓိကခန်းမရှိ မှော်စက်ဝိုင်းက အနည်းငယ်မျှပင် အာရုံခံစားမှုမရှိပေ။ လမ်းတလျှောက် ကျက်သရေဆောင် စစ်သည်တော် များပင် မြင်ရပုံမပေါ်ပေ။
ဖိုက်သွန်၏ ကြိုတင်သတိပေးချက် မရှိခဲ့ပါက ချန်လွေ့က [သရုပ်ခွဲ မျက်လုံး]မှ သတိထားမိ ခဲ့လျှင်ပင် အခြားသူက သူ့ရှေ့တွင် ရောက်နေပြီ ဖြစ်သည်။
မျိုးနွယ်စု - မဆုံးဖြတ်နိုင်!
စွမ်းအားအကဲဖြတ်မှု- မဆုံးဖြတ်နိုင်!
၎င်းက ရွှေရောင် နယ်မြေတွင် ချန်လွေ့ မြင်ခဲ့သော ‘ရာဖယ်ရယ်’၏ အသွင်အပြင်ဖြစ်သည်။ သူ၏မျက်လုံးများက အမြဲပင် ပိတ်ထားသည်။ ယခင် အကြိမ်နှင့် ကွာခြားသည်မှာ ယခုတစ်ကြိမ်တွင် သူက ကိုယ်ပွား မဟုတ်တော့ဘဲ မူလ ခန္ဓာကိုယ် ဖြစ်နေခြင်းပင်။
ချန်လွေ့ ခဏမျှ တုန်လှုပ်သွားပြီး အံ့သြသောအမူအရာ ပြသလိုက်၏။ ထို့နောက် သူ၏ တည်ငြိမ်မှုကို ‘ပြန်လည်ရရှိ’ပြီး နက်နက်ရှိုင်းရှိုင်း ဦးညွတ်လိုက်လေသည်။ “ဆာ- ရာဖယ်ရယ်!”
ရာဖယ်ရယ်သည် မျက်လုံးများကို မဖွင့်ခဲ့ပေ။ “အာသာ။ မင်း ပြသခဲ့တဲ့ ထူးချွန်မှုက ငါ့ကို အံ့အားသင့် စေတယ်။ မင်းက သိဒ္ဓိအမွေအနှစ် သုံးခုလုံးရဲ့ အသိအမှတ်ပြုခြင်းခံရပြီး အံ့သြဖွယ်ရာတွေ ဖြစ်ပေါ်စေခဲ့တယ်။ မင်းကို အစကတည်းက သိဒ္ဓိသားတော်အဖြစ် သတ်မှတ်ခဲ့တာ တကယ် ကောင်းမွန်ရှိတဲ့ ရွေးချယ်မှု ဖြစ်ခဲ့တဲ့ ပုံပဲ။”
“နဂါး လင်းလက် အင်ပါယာမှာ အခက်အခဲကြုံခဲ့ရတာက ကျုပ်ကို နည်းနည်း ဒေါသထွက်စေခဲ့တယ်။ ဒါပေမယ့် သိဒ္ဓိအလင်းတောင်ကို ဒီနေ့ ရောက်လာတဲ့အခါ ကျုပ်ရဲ့ ယုံကြည်ချက်နဲ့ စွမ်းအားတွေ အပြည့်အဝ ပြန်ရလာတယ်လို့ ခံစားရတယ်။ ကျုပ် ဆာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး!”
“ငါက ငါ့ရဲ့ အမြင်အာရုံကို အမြဲတမ်း ယုံကြည်မှု ရှိခဲ့တယ်။” ရာဖယ်ရယ် အသာလေး ခေါင်းညိတ် လိုက်သည်။ “မင်းလည်း မင်းကိုယ်မင်း ယုံကြည်မှု ရှိရမယ်။ နဂါးလင်းလက်အင်ပါယာရဲ့ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေက ပဟေဠိရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်း အနာဂတ်မှာ ရရှိနိုင်မယ့် အရာက အရာအားလုံးပဲ။”
“နားလည်ပါပြီ။” ချန်လွေ့က ခဏမျှ တွန့်ဆုတ် နေပြီးနောက် စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျုပ်က လွန်ခဲ့တဲ့ ၇နှစ်မှာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ စိတ်ဆန္ဒကြောင့် နှစ်ခြင်းခံခဲ့ရပြီး ကျုပ်ရဲ့ မူရင်းရှိခဲ့တဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့တယ်။ ကျုပ်ရဲ့ ခန္ဓာကိုယ်က ‘အာသာ’ ဖြစ်ပေမယ့် ကျုပ်ဝိညာဉ်က တခြားသူတစ်ယောက် ဖြစ်သွားပြီလို့ လက်ဇ်က ထင်နေတယ်။ ပြီးတော့ အင်ပါယာကို အပြည့်အဝ ထိန်းချုပ် ထားတဲ့ ဘုရင်တစ်ပါး အနေနဲ့ ‘သားတော်’ ဖြစ်တဲ့ကျုပ်က သူ မျှော်လင့် ထားတာနဲ့ သည်းခံနိုင် တာထက် အများကြီး သာလွန်တဲ့ အရည်အချင်းကို ပြသတဲ့အခါ မိသားစု ချစ်ခြင်းမေတ္တာရဲ့ မျက်နှာဖုံး နောက်ကွယ်မှာ ဝှက်ထားတဲ့ ကြောက်စရာကောင်းမှု ချက်ချင်း ဖော်ပြခဲ့တယ်။ သူက နဂါးလင်းလက် အင်ပါယာပလ္လင် ခြိမ်းခြောက်မှုကို လုံးဝဖယ်ရှားပစ်ဖို့အတွက် ကျုပ်နဲ့ သားအဖ ဆက်ဆံရေးကိုတောင် ဖြတ်တောက်ခဲ့တယ်။ ဒီတစ်ခေါက် ကျုပ် တကယ် တုံးအခဲ့တယ်။ ဒီလို အမှားမျိုးကို ထပ်ပြီး လုပ်တော့မှာ မဟုတ်ဘူး။”
“အင်ပါယာအသေးလေးတစ်ခုက ဘာလိုအပ်လဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် သိဒ္ဓိအလင်းတောင်မှာ ငါတို့အလိုအပ်ဆုံးက အရည်အချင်းပဲ။ မင်းရဲ့ သရုပ်ကို ဘယ်သူမှ ဂရုမစိုက်ဘူး။ မင်းက စိတ်ချရတဲ့ စွမ်းရည်တွေ ပြသနိုင်ရင် တခြား အပိုကိစ္စတွေ စိတ်ပူစရာ မလိုဘူးလို့ ငါ ကတိပေးနိုင်တယ်။ မင်းက ပုပ်ရဟန်းမင်းလောင်း သိဒ္ဓိ သားတော် အာသာပဲ!”
“ထောက်ပံ့ပေးမှုအတွက် ကျေးဇူး တင်ပါတယ်။ ဆာ။” ချန်လွေ့ ထပ်မံ ဦးညွတ်လိုက်ပြန်သည်။
“စိုက်ပျိုးထားတာ ရိပ်သိမ်းရမယ်။ ငါက အမြဲ ဆုလာဘ်နဲ့ ပြစ်ဒဏ်ကို သင့်သင့်မြတ်မြတ် ပေးတာကို မင်း သိမှာပါ။ မင်းက မိစ္ဆာနတ်ဘုရားရဲ့ အဓိကယဇ်ပလ္လင်ကို သွယ်ဝိုက်တဲ့ နည်းလည်းနဲ့ ဖယ်ရှားခဲ့တဲ့အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိ ခဲ့တယ်။ ပြီးတော့ မင်းက သိဒ္ဓိ အမွေအနှစ် သုံးခုရဲ့ အသိအမှတ် ပြုတာကို ခံခဲ့ရတယ်။ ဒါပေမယ့် ဒါတွေက သိဒ္ဓိအလင်းတောင်ရဲ့ အနာဂတ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် မလုံလောက်သေးဘူး။ မင်း ကိစ္စတစ်ခုကို ပြီးမြောက်ဖို့ လိုတယ်။ အဲဒါက နောက်သုံးလ ကြာတဲ့အခါ သိဒ္ဓိကောင်းချီးတောင်ထွတ်မှာ ကျင်းပမယ့် သိဒ္ဓိသားတော် ဘွဲ့တံဆိပ် ချီးမြှင့်ပွဲအခမ်းအနားမှာ လူတိုင်းရဲ့ရှေ့ အလင်းနတ်ဘုရားရဲ့ စွမ်းအားကို ပြသဖို့ပဲ။ ဆူးရဖူရဲ့ [ကောင်းကင်ကောင်းချီး]ကို အသက်သွင်းပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော် အယောက် ၁၀၀ကို စစ်မှန်တဲ့ အလင်းဒြပ်စင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးဖို့ပဲ! မင်း ဒီလိုမျိုး လုပ်နိုင်ရင် လုံးဝကို အစားထိုးလို့ မရတဲ့ အဆင့်အတန်းကို ရလိမ့်မယ်။ တစ်နှစ်အတွင်းမှာပဲ ပုပ်ရဟန်းမင်း အဖြစ် တိုက်ရိုက် ရာထူးတိုးနိုင်တယ်။”
တစ်နှစ်အတွင်း ပုပ်ရဟန်းမင်း၏ ပလ္လင်ပေါ်သို့ ရောက်ရှိခြင်းက ကျောင်းတော်၏ အတိတ်တွင် မည်သည့် သိဒ္ဓိသားတော်နှင့် သိဒ္ဓိမိန်းမပျိုအတွက်မဆို မယုံနိုင်စရာ အမြန်နှုန်း ဖြစ်သည်။ သို့သော် ရာဖယ်ရယ်၏ အသံက ယုံကြည်မှု ရှိနေသည်။ အမှန်တကယ်၌ ပုပ်ရဟန်းမင်း သို့မဟုတ် သိဒ္ဓိသားတော်များသည် ကောင်းကင်တမန်တော် သုံးပါးက အသုံးချသော စစ်တုရင်ရုပ်များသာ ဖြစ်ကြသည်။ မည်သည့် အချိန်တွင် မဆို စိတ်ကြိုက် စွန့်ပစ်နိုင်၏။
“ဟုတ်ကဲ့။” ချန်လွေ့က သူ၏ ‘စိတ်လှုပ်ရှားမှု’ကို ချိုးနှိမ်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ဆာ။ [ကောင်းကင်ကောင်းချီး] က နတ်ဘုရား စွမ်းအားကို ဆွဲယူနိုင်ပြီး ဆိုးယုတ်တဲ့ စွမ်းအား အကုန်လုံးကို ဖယ်ရှားနိုင်ပေမယ့် စွမ်းအားက အကန့်အသတ် ရှိပါတယ်။ သာမန် ခန္ဓာကို အလင်းဒြပ်စင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲဖို့ အောင်မြင်နှုန်းက နည်းပါးတယ်။ နတ်ဘုရားကျောင်း စစ်သည်တော် အယောက်၁၀၀ကို တစ်ချိန်တည်း ပြောင်းလဲဖို့တော့... အဟမ်း အမှန်အတိုင်းပြောရရင် ဒါက မဖြစ်နိုင်ပါဘူး။”
ရာဖယ်ရယ်က အသာလေး ပြုံးလိုက်၏။“တိုက်ရိုက် ပြောင်းလဲတာဆိုရင်တော့ သေချာပေါက်မဖြစ်နိုင်ဘူးပေါ့။ အဲဒါကြောင့် အချိန်၃လ ယူရတာ။”
ချန်လွေ့ ရုတ်တရက် နားလည် သွားခဲ့သည်။ “ဆာ ဆိုလိုတာက ဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားကို ၃လအကြာမှ ကျင်းပရတဲ့ အကြောင်းရင်းက ဒီ‘မဖြစ်နိုင်တဲ့’ အရာကို ‘ဖြစ်နိုင်’အောင် ပြောင်းလဲဖို့ သက်ဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ရမှာ မို့လို့လား။”
“ဟုတ်တယ်။” ရာဖယ်ရယ် ချီးကျူးလိုက်၏။ “မင်းရဲ့ တုံ့ပြန်မှုက တကယ် မြန်တယ်။ သိဒ္ဓိကောင်းချီး တောင်ထွတ်က အခု တက်ကြွစွာ ပြင်ဆင်နေတယ်။ အချိန်တန်ရင် မင်း သိလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြင်ဆင်မှုမျိုးနဲ့တောင် မလုံလောက်သေးဘူး။ ပထမဆုံးအနေနဲ့ မင်းရဲ့ စွမ်းအားက အားနည်းလွန်းနေတယ်... ဒါက ရှေးအဂ္ဂိရတ်အဖွဲ့အစည်းကနေ ဆက်ခံထားတဲ့ ဝိညာဉ်အမှတ်အသားကြောင့်လို့ မင်းပြောခဲ့တာ ငါ မှတ်မိတယ်။ အမှတ်အသားက ပြင်ပစွမ်းအားကို အဂ္ဂိရတ် မဟာဆရာသခင်ရဲ့ နားလည်မှုအဖြစ် အလိုအလျောက် ပြောင်းလဲပေးတာကြောင့် စွမ်းအား အမှန်တကယ် မြှင့်တင်ဖို့အတွက် ဝိညာဉ်အမှတ်အသားကို အပြည့်အဝ ထိန်းချုပ်ဖို့ လိုအပ်တယ်။ ယန္တရား မဟာဆရာသခင်က လူသားလောက တစ်ခုလုံးအတွက် အတော်လေးကို အရေးကြီးပေမယ့် ယန္တရားပညာက သိဒ္ဓိသားတော်ရဲ့... စွမ်းရည်တွေ ပုပ်ရဟန်းမင်းကြီး ကျွမ်းကျင်ရမယ့် စွမ်းရည်တွေ မဟုတ်ဘူး။ မဟာဆရာသခင်အဆင့် ယန္တရား ပညာတွေကလည်း အလားတူပဲ။ အခု မင်းက ဆုံးဖြတ်ချက် ဒါမှမဟုတ် အပေးအယူ လုပ်ရမယ်။”
“အပေးအယူလား။” ချန်လွေ့က တစ်ခုခု လွဲနေကြောင်း ခပ်ရေးရေး ခံစားမိသည်။
“မင်းက အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ ဝိညာဉ်အမှတ်အသားကို စွန့်လွှတ်ပြီး ငါ့ရဲ့ ကိုးကွယ်သူ ဖြစ်ရမယ်။ အဲဒါဆို ငါက မင်းအတွက် အစွမ်းထက်တဲ့ နှစ်ခြင်းစွမ်းအားကို အသက်သွင်း ပေးမယ်။ မင်းကို စွမ်းအားအသစ်နဲ့ ဘုရားသခင်ရဲ့ ဆုလာဘ်ကို ပေးတဲ့ ယုံကြည်မှု စွမ်းအားက မင်းကို အမြင့်ဆုံးအဆင့် သူတော်စင်အဆင့် တစ်ခါတည်း ဖြစ်စေနိုင်ပြီးတော့ အနာဂတ်မှာ စစ်မှန်တဲ့တမန်တော် အဖြစ် ပြောင်းနိုင်ဖို့ အခွင့်အရေး ရနိုင်တယ်။ ဒီစွမ်းအားနဲ့ဆို မင်းက ဆူးသရဖူ စွမ်းအားကို အစွမ်းကုန် အသုံးချပြီးတော့ ‘မဖြစ်နိုင်’တာကို ‘ဖြစ်နိုင်’ တာအဖြစ် ပြောင်းလဲနိုင်ပြီ။”
ဆူးသရဖူရဲ့ မှော်အစွမ်း အမှန်က ယုံကြည်မှုစွမ်းအား အထောက်အပံ့ လိုအပ်တဲ့ပုံပဲ။
ဒါပေမယ့်... ရာဖယ်ရယ်ရဲ့ ကိုးကွယ်သူ ဖြစ်လာရမှာလား။ ဒါက အလွယ်တကူ ဖယ်ရှားလို့ ရနိုင်တဲ့ စိတ်ဝိညာဉ်ကွင်းဆက်လို သာမန် စာချုပ်မျိုးမဟုတ်ဘူး။ ပေါ်သွားတာနဲ့ အရင်က ကြိုးစားခဲ့တာတွေအားလုံး သဲထဲရေသွန် ဖြစ်သွားမှာ။
ဝိညာဉ် အမှတ်အသားကလည်း နဂိုကတည်းက အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက် တစ်ခုပဲ။ ဒါပေမဲ့ အခုတော့ ငါ ကိုယ့်တပ်ကိုယ်ပြန်နင်း သလို ဖြစ်နေပြီ။
ချန်လွေ့၏ စိတ်က အလျင်အမြန် ပြောင်းလဲသွားပြီးနောက် သူက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ “ဆာ။ ကျုပ်... စဉ်းစားလို့ ရမလား။”
“ငါက မင်းကို ရွေးချယ်ခိုင်းဖို့ ဒီနေ့ ဒီကို လာခဲ့တာ မဟုတ်ဘူး။ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြဖို့ပဲ။” ရာဖယ်ရယ်၏ လျစ်လျူရှုသော အသံက အကြွင်းမဲ့ စွမ်းအားကို သယ်ဆောင်လာပြီး ချန်လွေ့၏ အချိန်ဆွဲရန် အစီအစဉ်ကို ကျရှုုံး စေခဲ့သည်။
ရာဖယ်ရယ်၏ စိတ်ထဲတွင် အစွမ်းထက် နတ်ဘုရား-ယောင် တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ပုရွက်ဆိတ်၏ တည်ရှိမှုကို အသိအမှတ်ပြုခြင်းကပင် အရှက်ရစရာဖြစ်ပြီး ညှိနှိုင်းမှုအတွက် နေရာ မည်သို့ ရှိနိုင်မည်နည်း။ သူက သဘောတူကိုတူရပေမည်။
‘အငွေ့အသက်သော့ခတ်ခြင်း’ အခြေအနေတွင် ရှိနေသော ဖိုက်သွန်သည်လည်း ထိုစကားကို ကြားခဲ့ရပြီး သူက လျှို့ဝှက်စွာ သတိထားနေခဲ့သည်။ ချန်လွေ့ သဘောမတူပါက သူ ချက်ချင်း ရန်လိုလာနိုင်သည်။ ထို့နောက် သူ၏ စွမ်းအားကို ဝှက်ထား၍ မရနိုင်ပေ။ ရာဖယ်ရယ်၏စွမ်းအားက မိုက်ကယ်ထက် အနည်းငယ် နိမ့်ကျသော်လည်း သူက စွမ်းအား အကြီးအကျယ် ပျက်စီးနေသော ဝိညာဉ် တည်ရှိမှု တစ်ခုသာ ဖြစ်သည်။ ထို့အပြင် ယခုနေရာက ကောင်းကင်တမန်သုံးပါး၏ “အိမ်” ဖြစ်သည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြပါက အကောင်းဆုံး ရလဒ်မှာ ယခင်ကဲ့သို့ ထွက်ပြေးခြင်း ဖြစ်လေသည်။
ချန်လွေ့က သဘောတူလိုက်ပြီး ရာဖယ်ရယ်၏ တိုင်းပြည်ထဲတွင် စစ်မှန်သော ကိုးကွယ်သူ ဖြစ်လာပါက အကျိုးဆက်များ ပို၍ပင် ပြင်းထန်လာမည် ဖြစ်သည်။ လျှို့ဝှက်ချက်များအားလုံး ထုတ်ဖော် ခံရပေလိမ့်မည်။
ဖိုက်သွန် အပြည့်အဝ သတိထား နေချိန်တွင် စဉ်းစားနေခဲ့သော ချန်လွေ့က နောက်ဆုံးတွင် သူ၏ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။
“ဆာ-ရာဖယ်ရယ်။ ကျုပ် သဘောတူပါတယ်။”