ခွန်းလွန်၏ ရဲ့ချင်စန်း
Vol. 5 Ch. 477
ခွန်းလွန်မှာ လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ချေ။ တရုတ်နိုင်ငံ၏ အစွမ်း အထက်ဆုံး အင်အားစုကို ရည်ညွှန်းသော အမည် တစ်ခုသာ ဖြစ်သည်။
ဟွာရန်ဖန်း၏ ပြောစကား အရဆိုလျှင် ခွန်းလွန်၏ ပထမ မျိုးဆက်မှာ ရဲ့ချင်စန်းနှင့် အတူ အနားယူသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ ပျံလွှားနီလေးနှင့် အဇူရာ နဂါးတို့မှာ ထိုနာမည်များအား အသုံးပြုသည့် ဒုတိယ မျိုးဆက် ဖြစ်သည်။
"လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်တုန်းက ဗိုလ်ချုပ်ရဲ့ဟာ တရုတ် အရှေ့တစ်လွှားကို လှည့်လည်ပြီး ရန်သူတွေကို ရှင်းလင်းခဲ့တယ် … အခုဆို သူ ဘယ်လောက် အစွမ်းထက်နေမလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး …"
"သူက ကျုပ်တို့ ခေါင်းဆောင်နဲ့ သခင်ကြီး လင်းရှု့မင်တို့ထက် အသက်အရွယ်အားဖြင့် ပိုပြီး ငယ်ရွယ်တယ် ဆိုတော့ … ရုပ်ပိုင်း ဆိုင်ရာမှာ ကျန်းမာဦးမယ်လို့ မျှော်လင့်ရတယ် …"
ဟွာရန်ဖန်းက ဖြည့်စွက် ပြောလိုက်၏။
ချမ့်တန့်ချင်နှင့် ယူကီရှီရိုဆာ တို့မှာမူ အဘိုးအို၏ စကားများကြောင့် အတွေးနက် နေကြတုန်းပင်။
ယူကီရှီရိုဆာ၏ ပုံစံက ပို၍ အခက်တွေနေပုံ ရသည်။ သူမက ချန်းဖန်အား စိုးရိမ်စွာ ကြည့်လိုက်၏။
သူမ၏ စိတ်ထဲတွင် ချန်းဖန်၏ ပုံရိပ်မှာ အစဉ်အမြဲ ကြီးစိုးနေသော်လည်း ရဲ့ချင်စန်း၏ အောင်မြင်မှုများကမူ သူမကို စိုးရိမ် ပူပန်စေသည်။
ချန်းဖန် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင် တိုက်ခိုက်ရပါက မည်သည့် ရလဒ် ထွက်မည်နည်း။
"ဒီကမ္ဘာမှာ အဲဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိသေးတယ် ဆိုတာကိုတော့ တန်ခိုးရှင်ကို သတိထား စေချင်တယ် … ဘာမဆို လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ မတွေးချင်ဘူး …"
ဟွာရန်ဖန်းက ချန်းဖန်ကို သတိပေးလိုက်သည်။
"ဒါဆို ကောင်းကင်စာအုပ်ကို ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်က ရဲ့ချင်စန်း ဖြစ်ရမယ် … ဒါကြောင့်ပဲ ပျံလွှားနီလေးက ငါ့ကို သိပ်အထင်မကြီးတာ …"
ချန်းဖန်က ပြုံးရင်း ရေရွတ်လိုက်၏။
"အမှန်ပဲ … ဗိုလ်ချုပ်ရဲ့ကလွဲပြီး ဘယ်သူ ရှိနိုင်သေးလို့လဲ …"
"ဗိုလ်ချုပ်ရဲ့က ရန်တောင်ထိပ်မှာ ရဲ့မိသားစုကို တည်ထောင်ပြီး ဆက်ခံသူတွေ အများကြီး မွေးထုတ်ပေးခဲ့တယ် … ရဲ့မိသားစုမှာ အခြား တန်ခိုးရှင် အဆင့်တွေလည်း ရှိသေးတယ် … ဒါကြောင့်မလို့ပဲ သခင်ကြီး ရှု့မင်က လက်စားချေဖို့ အတွက် နှစ်ခြောက်ဆယ်လောက် စောင့်ခဲ့တာပေါ့ …"
ဟွာရန်ဖန်းက ရှင်းပြလိုက်၏။
"ကျုပ်အထင် ပြောပြရင် လင်းရှု့မင်က သက်တမ်း ကုန်ခါနီးပြီ ဖြစ်ရမယ် … ဒါကြောင့်ပဲ လက်စားချေဖို့ ခုလောက် လောနေတာ … သူ ကွယ်လွန်ပြီးတဲ့ နောက်မှာ လင်းမျိုးဆက်တွေကို ဗိုလ်ချုပ်ရဲ့လို အင်အားကြီး ရန်သူ တစ်ယောက်နဲ့ မထားခဲ့ချင်တာ ဖြစ်မယ် …"
ချန်းဖန်က တွေးတောရင်း ခန့်မှန်းလိုက်၏။
"အဲဒီလိုပဲ ဖြစ်ရမယ် … လင်းရှု့မင် အသက်ရှင်နေသမျှ ကာလပတ်လုံး ခွန်းလွန်က လင်းမိသားစုကို ထိရဲမှာ မဟုတ်ဘူး … ဒါပေမဲ့ သူ မရှိတော့တာနဲ့ ဗိုလ်ချုပ်ရဲ့က လင်းမိသားစု လက်ကျန် အင်အားကို လက်စဖျောက် ပစ်လိမ့်မယ် …"
ဟွာရန်ဖန်းက ခေါင်းညိတ်ရင်း ထောက်ခံလိုက်၏။
"သခင်ကြီးရှု့မင်က တန်ခိုးရှင် အဆင့်ဆိုတော့ … အခြားသူတွေရဲ့ အာရုံစိုက် မခံရပဲ လှုပ်ရှားဖို့ သိပ်မလွယ်ကူလှဘူး … ဒါကြောင့် မလို့ သူက အစီအစဉ်ကို အကြာကြီး ဆွဲနေခဲ့တာ … သူက တစ်ချက်တည်းနဲ့ ကိစ္စကို ပြီးပြတ်ချင်တာ ဖြစ်မယ် …"
"ဟွာရန်ဖန်း … ခင်ဗျား သတိပေးချင်တာကို ကျုပ် သဘောပေါက်ပါတယ် … ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို လျှော့တွက် ထားတာပဲ … မူလဝိညာဉ် အဆင့် မဟုတ်ရင် လင်းရှု့မင်နဲ့ ရဲ့ချင်စန်း နှစ်ယောက်ပေါင်း တိုက်တောင် ကျုပ်ကို မနိုင်ဘူး …"
ချန်းဖန်က ပြန့်ကျဲနေသော မြို့ပြကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။ သူ၏ အသံက မောက်မာခြင်း ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။
"ဟွန့် … နှစ်ယောက် စလုံး ပေါင်းတိုက်တောင် သူ့ကို မနိုင်ဘူးဆိုပဲ … လေကြီးလိုက်တာ …"
ချမ့်တန့်ချင်က စိတ်ထဲမှ ကျိတ်၍ နှာခေါင်းရှုံ့လိုက်သည်။ သူမကား ချန်းဖန် ပြောသမျှကို အယုံအကြည် မရှိပေ။
"မူလဝိညာဉ် … အဲဒါက ဘာလဲ …"
ဟွာရန်ဖန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"မူလဝိညာဉ် ဆိုတာက ကျင့်ကြံခြင်း လောကရဲ့ အသုံးအနှုန်း တစ်ခုပဲ … ဒီကမ္ဘာမှာတော့ မြေကမ္ဘာအဆင့် နတ်ဘုရားလို့ ခေါ်တယ် … ရှင်းရှင်း ပြောရရင် ဓားလျှို့ဝှက်ချက် ရောက်ခဲ့တဲ့ အဆင့်ပေါ့ …"
ချန်းဖန်က ပြန်ဖြေလိုက်သည်။
"ဘာကြီး … မြေကမ္ဘာအဆင့် နတ်ဘုရား …"
ဟွာရန်ဖန်းနှင့် ချမ့်တန့်ချင်တို့က ပြိုင်တူ ရေရွတ်လိုက်ကြ၏။
ထိုမြေကမ္ဘာအဆင့်မှာ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဓားလျှို့ဝှက်ချက် နောက်ပိုင်းတွင်မူ ထိုအဆင့်သို့ မည်သူမျှ မတက်လှမ်းနိုင်ခဲ့ပေ။
ကောလာဟလများ အရ ဆိုလျှင်မူ ဂန္ထဝင် ကျန်းစန်းဖုန်းမှာ ထိုအဆင့်သို့ ရောက်ခဲ့သည်ဟု ဆိုကြသည်။ သို့သော်လည်း ထိုအရာက ကောလာဟလသာ ဖြစ်၏။
"တန်ခိုးရှင် … တန်ခိုးရှင်က အခု မြေကမ္ဘာ နတ်ဘုရား အဆင့်လား …"
ဟွာရန်ဖန်းက ချန်းဖန်လား အထစ်ထစ် အငေါ့ငေါ့ မေးလိုက်၏။
"မြေကမ္ဘာလား … ငါမရောက်သေးပါဘူး …"
ချန်းဖန်က ခေါင်းခါလိုက်၏။
"ဒါပေမဲ့ နောက်သုံးနှစ်အတွင်း မူလဝိညာဉ် အဆင့်ကို ရောက်ဖို့ ငါခန့်မှန်းထားတယ် … အဲဒီ အခါကျရင် မြေကမ္ဘာအဆင့် နတ်ဘုရားလည်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး …"
"ဟုတ်ကဲ့ပါ …"
ဟွာရန်ဖန်းက ခေါင်းညိတ်လိုက်၏။
"ကမ္ဘာမှာ မြေကမ္ဘာအဆင့် နတ်ဘုရားတွေ မပေါ်တာ ကြာခဲ့ပြီ … ရှေးဟောင်း မှတ်တမ်းတွေ အရဆို တန်ခိုးရှင် အဆင့်နဲ့ နတ်ဘုရား အဆင့်ကြားမှာ ခြားနားထားတဲ့ စည်းမျဉ်းဟာ သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီး တစ်ခုတဲ့ … လူတစ်ယောက်က မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ရင် သူ့ရဲ့ တည်ရှိမှု အလွှာက တန်ခိုးရှင် အဆင့်တွေနဲ့ လုံးလုံး ခြားနားသွားပြီတဲ့ …"
ယနေ့ခေတ်၌ မြေကမ္ဘာအဆင့် နတ်ဘုရားများ မရှိကြတော့သည့်တိုင် ထိုအရာများမှာ ရှေးဟောင်းမှတ်တမ်းများ၌ အခိုင်အမာ ရှိနေကြတုန်းပင်။
ထိုမှတ်တမ်းများ အရဆိုလျှင် မြေကမ္ဘာအဆင့် နတ်ဘုရားများမှာ သမုဒ္ဒရာများကို ပြောင်းပြန်လှန်ပြစ်နိုင်ပြီး တောင်များကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဆိုကြသည်။ ထိုကဲ့သို့သော စွမ်းအားမှာ တန်ခိုးရှင် အဆင့်များ မလှမ်းမမီနိုင်သော အရာဖြစ်သည်။
"ခင်ဗျားက ဒီကမ္ဘာရဲ့ မြေကမ္ဘာအဆင့် နတ်ဘုရားတွေကို အတော်လေး အထင်ကြီး နေတာပဲ … တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်နဲ့ ဝိညာဉ် ခန္ဓာကိုယ် စဦး အောင်မြင်မှုကိုပါ ထည့်ပေါင်းလိုက်ရင် ကျုပ်ရဲ့စွမ်းအားက ခင်ဗျားပြောတဲ့ မြေကမ္ဘာအဆင့် နတ်ဘုရားတွေနဲ့ မကွာပါဘူး …"
ချန်းဖန်က ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။
"တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ် …"
"ဝိညာဉ် ခန္ဓာ စဦး အောင်မြင်ခြင်း …"
ဟွာရန်ဖန်းနှင့် ချမ့်တန့်ချင်တို့မှာ တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်ကြမိသည်။ ချန်းဖန် ပြောသော အရာကို သူတို့ နားမလည်ချေ။
ချန်းဖန်က သူတို့ နှစ်ယောက်၏ မေးခွန်းထုတ်နေသော မျက်လုံးများကို လျစ်လျူရှုရင်း ခဏမျှ မျက်လုံးကို ပိတ်ကာ စဉ်းစားလိုက်သည်။
ထို့နောက် မျက်လုံးများကို ပြန်ဖွင့်ကာ ဟွာရန်ဖန်းကို အလေးအနက် ကြည့်ရင်း ပြောလိုက်၏။
"ဟွာရန်ဖန်း … ခင်ဗျား တန်ခိုးရှင် အဆင့်ကို အရမ်းနီးကပ်နေပြီ ဆိုတာ ကျုပ် ခံစားလို့ ရတယ် … သဘောတူညီချက် တစ်ခု လုပ်ရအောင် … ကျုပ်က ခင်ဗျားကို တန်ခိုးရှင် အဆင့်ကို ရောက်အောင် ကူညီပေးမယ် … အပြန်အလှန် အနေနဲ့ ကျုပ်ရဲ့ မိသားစုကို ခင်ဗျား နှစ်ငါးဆယ် အထိ ကာကွယ်ပေးရမယ် …"
"ဘယ်လို …"
ဟွာရန်ဖန်းမှာ အံ့ဩမှုကြောင့် ထိုင်ခုံမှပင် ထွက်ကျမလို ဖြစ်သွားခဲ့၏။
"တန်ခိုးရှင် အဆင့်က ရောက်ဖို့ အရမ်း ခက်ခဲတယ် … လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်း တရုတ်မှာ တန်ခိုးရှင်ဆိုလို့ ရှင်နဲ့ ရဲ့ချင်စန်း နှစ်ယောက်ပဲ ပေါ်ထွက်ခဲ့တာ … အဲဒါက ပြောသလောက် မလွယ်ဘူးနော် …"
ချမ့်တန့်ချင်က ဝင်ရောက် ပြောလိုက်၏။
"ကျုပ်နည်းလမ်းကို ခင်ဗျားတို့ မသိကြပါဘူး … ဟွာရန်ဖန်း … ခင်ဗျား လုပ်ရမှာက ကျုပ်ကို ယုံကြည်ပြီး သဘောတူလိုက်ဖို့ပဲ … ခင်ဗျား တန်ခိုးရှင် အဆင့်ရောက်အောင် ကျုပ် လမ်းညွှန်ပေး နိုင်တယ် …"
ချန်းဖန်က အေးဆေးစွာသာ ပြောလိုက်၏။
ဟွာရန်ဖန်းက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ သူ၏ မျက်နှာကမူ အတွင်းစိတ်များ၏ လွန်ဆွဲမှုကြောင့် အရောင် အမျိုးမျိုး ပြောင်းနေခဲ့၏။
"ဆရာ … သူ့စကားကို နားမထောင်ပါနဲ့ … သူလိမ်နေတာ ဖြစ်ရမယ် … တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ တစ်ယောက်ယောက်က ကူညီပေးနိုင်တယ် ဆိုတာ ကျွန်မ တစ်ခါမှ မကြားဖူးဘူး …"
ချမ့်တန့်ချင်က စိုးရိမ် ပူပန်စွာဖြင့် စိတ်ထဲမှ တားဆီးနေမိသည်။ သို့သော်လည်း သူမ ပေါ်တင် မတားရဲပေ။
ထိုအချိန်မှာပင် ဟွာရန်ဖန်း၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။
"ကောင်းပြီလေ … သဘောတူတယ် …"
"အရမ်း ကောင်းတယ် …"
ချန်းဖန်က ညာလက်ကို ဆန့်ထုတ်ရင်း လေထု အတွင်း၌ အစီအရင် တစ်ခုကို ရေးဆွဲလိုက်၏။
"ကျုပ်တို့ရဲ့ သဘောတူညီချက် အတွက် အစီအရင် စည်းတစ်ခု ရေးဆွဲရအောင် … တကယ်လို့ ခင်ဗျားသာ ကျုပ်တို့ရဲ့ ကတိကို ပြန်ရုပ်သိမ်းခဲ့ရင် အစီအရင်က ခင်ဗျားရဲ့ ခန္ဓာနဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်လိမ့်မယ် …"
ချန်းဖန်၏ စကား အဆုံး၌ ရွှေရောင် အစီအရင်စည်းက လေထဲမှာပင် ဖြစ်ပေါ်လာ၏။
ဟွာရန်ဖန်းက ပြတ်သားစွာပင် လက်ကို သွားဖြင့် ကိုက်ဖောက်ကာ ထိုအစီအရင်စည်း အပေါ်တွင် သွေးစက်ချလိုက်၏။ သွေးက လျင်မြန်စွာပင် အစီအရင်အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားတော့၏။
ထိုအရာကား စာချုပ်တစ်ခုသာ ဖြစ်သည်။ ထိုစာချုပ်ကို မဖောက်ဖျက်သမျှ သူ့အား ထိခိုက်လိမ့်မည် မဟုတ်ပေ။
"ဟူး …"
ရွှေရောင် အစီအရင်စည်းက ဟွာရန်ဖန်း၏ ဝိညာဉ်ကို ဖိအားပေးကာ လေထဲတွင် ပျောက်ကွယ် သွားတော့၏။
"ဒါက ငါ့ရဲ့ နောက်ဆုံး ရွေးချယ်မှုပဲ … ငါ့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ …"
ချမ့်တန့်ချင်၏ ပျက်စီးနေသော မျက်နှာကို ကြည့်ရင်း ဟွာရန်ဖန်းက ဖျောင်းဖျလိုက်သည်။
သူကား နှစ်တစ်ရာကျော် ကြာအောင် လူ့လောက၌ နေခဲ့ပြီးပြီ ဖြစ်သည်။ သူ၏ ကျန်းမာရေးက ကောင်မွန်နေသေးသည်ဟု ဆိုနိုင်သည့်တိုင် သက်တမ်းက သိပ်မကျန်တော့ပေ။ အကယ်၍ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းနိုင်လျှင်မူ အခြေအနေများက ခြားနား သွားပေလိမ့်မည်။
"တန်ခိုးရှင် ဆရာချန်း … ကျုပ်တို့ ဘယ်တော့ စကြမလဲ … အဆင့်မြှင့်တင်ဖို့ အတွက် ရတနာတွေ ရှာဖွေရဦး မလား …"
ဟွာရန်ဖန်းက စိတ်အား ထက်သန်စွာ မေးလိုက်၏။
"ဟားဟား … မလိုပါဘူးဗျာ … ခင်ဗျား တန်ခိုးရှင် အဆင့်ရောက်အောင် ကျုပ် အခုပဲ လုပ်ပေးပါ့မယ် …"
ချန်းဖန်က ရယ်မောရင်း ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။
စကားပြောသံ ဆုံးသည်နှင့် ချန်းဖန်၏ မျက်လုံးမှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်လာကာ ဟွာရန်ဖန်း၏ မျက်လုံးအတွင်း တိုးဝင်သွား၏။
ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ လေထုကို ဖမ်းဆုပ်ဟန် ပြုလိုက်၏။
"အစီအရင် နိုးထစမ်း …"
ရုတ်တရက် လေထု၌ ရွှေရောင်အဆောင် ဆယ့်ခြောက်ခု ပေါ်ထွက်လာ၏။ ထိုအဆောင် ဆယ့်ခြောက်ခုက သေးငယ်သော ဝိညာဉ်ချီ စုစည်းခြင်း အစီအရင်တစ်ခု အသွင် ဖွဲ့စည်းသည်။ ထို့နောက် ဟွာရန်ဖန်းအား ဗဟိုပြု၍ လှည့်ပတ်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများနှင့် ဆက်သွယ်သည်။
ယူကီရှီရိုဆာနှင့် ချမ့်တန့်ချင်တို့မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြတော့သည်။
***