← Chapters

ဟိန်းသံ

Vol. 63 Ch. 1019

ဟိန်းသံ

Vol. 63 Ch. 1019

‘သိဒ္ဓိသားတော်’နှင့်ပတ်သက်သော သတင်းများကြောင့် လူသားလောက တစ်ခုလုံးက အံ့အားသင့်နေချိန်တွင် ‘သိဒ္ဓိသားတော်’က လူတိုင်းထင်ထား သကဲ့သို့ သိဒ္ဓိအလင်းတောင်သို့ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ ထိုအစား သူသည် မာလော့ အင်ပါယာ ဟူသော အင်ပါယာငယ်လေးတွင် ရှိနေခဲ့၏။ သူက အလင်းခန်းမင် လျှို့ဝှက်စွာ ‘အနားယူနေခြင်း’ ဖြစ်သည်။။

‘အနားယူနေခြင်း’ အကြောင်းရင်း များစွာရှိသည်။ ပထမ တစ်ခုမှာ ‘သိဒ္ဓိအလင်းဝတ်ရုံ’ အတွက်ပင်။

သိဒ္ဓိအလင်းတောင်သို့ ခရီးတွင် သူက ‘သိဒ္ဓိသားတော်’ ဟူသောဘွဲ့ ရှိသော်လည်း နောက်ဆုံးပန်းတိုင်မှာ တစ်ဖနီကို ပြန်ခေါ်ဆောင်သွားရန်နှင့် ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်ရန် ဖြစ်သည်။ ထို့ကြောင့် သူက ကောင်းကင်တမန်တော် သုံးပါး၏ အစွမ်းထက်သော အင်အားကို ထပ်မံ၍ ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။ မည်မျှပင် ထူးခြားသော နည်းဗျူဟာ ရှိနေပါစေ၊ ရန်သူ၏ အကြွင်းမဲ့ စွမ်းအားကို မခုခံနိုင်ပေ။ ထို့ကြောင့် ချန်လွေ့က ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအားတိုင်းကို မြှင့်တင်ရန်အတွက် အချိန်ကို အမိအရ ဖမ်းဆုပ်ရမည် ဖြစ်သည်။ ထိုမှသာ အသက်ရှင်ရန် အခွင့်အရေး ပိုများလာပေမည်။

ချန်လွေ့က ဆူးသရဖူကို ‘နှိမ်နင်းရန်’ ၁၀မိနစ်ပင် မကြာခဲ့ပေ။ ထိုအချိန်က အဓိကအကြောင်းရင်းမှာ ဂရာလင်သည် ဆူးသရဖူ ကို အသက်သွင်းရန် သူ၏သက်တမ်းကို အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ဂရာလင်၏ ခန္ဓာပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဆူးသရဖူ၏ စွမ်းအားကို မခံနိုင်ရာ ၎င်းသည် [ကျက်သရေအလင်းခန္ဓာ] ပိုင်ဆိုင်သော သူ့ကို အလိုအလျောက် ရွေးချယ်ခဲ့လေသည်။ တိတိကျကျ ဆိုရလျှင် ဂရာလင်၏ ‘လုပ်အားခ အသီးအပွင့်များ’ကို သူ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ကျက်သရေပြာ အင်ပါယာတွင် သိဒ္ဓိခွက်ကို လက်ထဲ ရရှိပြီးနောက် ၎င်းကို အောင်မြင်စွာ ခွဲခြမ်းပြီး စိတ်ဖြာရန် သုံးရက်ကြာခဲ့ပြီး ယခု သိဒ္ဓိအလင်းဝတ်ရုံအတွက် ၇ရက် ကြာခဲ့သည်။

ဆူးသရဖူ၏ စွမ်းရည်များမှာ [ကောင်းကင်ကုသ] နှင့် [ကောင်းကင်ကောင်းချီး] ဖြစ်ပြီး သိဒ္ဓိခွက်၏ စွမ်းရည်များက [သိဒ္ဓိအကာအကွယ်] နှင့် [သိဒ္ဓိဝိညာဉ်] ဖြစ်သည်။

သိဒ္ဓိအလင်းဝတ်ရုံတွင်လည်း စွမ်းရည် နှစ်ခု ရှိသည်။

[အကြွင်းမဲ့ အတားအဆီး] - အချင်း ၅မီတာရှိသော အကာအကွယ် စွမ်းအားကို ဖန်တီးနိုင်သည်။ ၎င်းက တိုက်ခိုက်မှု၏ ပုံစံမျိုးစုံနှင့် ပြင်းအား မျိုးစုံကိ မလှုပ်မယှက် အခြေအနေ၌ ကာကွယ်နိုင်သည်။ ၁၀စက္ကန့် ခံမည် ဖြစ်ပြီး ၂၄နာရီ တစ်ကြိမ် အသုံးပြု နိုင်၏။

[ အလင်းခွဲ သိဒ္ဓိစိတ်ပုံရိပ် ]

[အလင်းခွဲ] - ၂၄ နာရီတစ်ကြိမ် အသုံးပြုနိုင်သော ၅စက္ကန့်ကြာ ကိုယ်ပွားနှစ်ခု ဖန်တီးပေးနိုင်သည်။

[သိဒ္ဓိစိတ်ပုံရိပ်] - မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေး စွမ်းအား တစ်ဝက် ရှိသော တိုက်ခိုက်ရေး နိမိတ်ပုံရိပ်ကို ခေါ်ယူနိုင်သည့် စိတ်ပုံရိပ် ပုတီး တစ်လုံး ဖန်တီးရန် လုံလောက်သော အလင်းစွမ်းအားကို စုဆောင်းသည်။ အများဆုံးကြာချိန်က တစ်နာရီပင်။ စိတ်ပုံရိပ်က အကျိုးသက်ရောက်မှု မရှိတော့ခြင်းနှင့် ပျောက်ကွယ်ပြီး နောက်တွင် ၎င်းကို ထပ်ဖန်တီးနိုင်ရန် အလင်းစွမ်းအား ထပ်စုစည်းရမည်။

‘ဆူးသရဖူ’က ပို့ဆောင်ရေး၊ ကုသရေး၊ ဖယ်ရှားရေးနှင့် ခန္ဓာကို ပြောင်းလဲရေးတို့နှင့် ညီမျှပေသည်။ ‘သိဒ္ဓိခွက်’က တိုက်ခိုက်ရေး ထောက်ပံ့မှုနှင့် ပိုတူပြီး ‘သိဒ္ဓိအလင်း ဝတ်ရုံ’တွင်မူ တိုက်ခိုက်ရေး သီးသန့် ဂုဏ်သတ္တိများ ရှိပေသည်။

[အကြွင်းမဲ့အတားအဆီး] သည် မည်သည့်စွမ်းအား၏ တိုက်ခိုက်မှုကို မဆို ကာကွယ်နိုင်၏။ ဆိုလိုသည်မှာ နတ်ဘုရားတစ်ပိုင်းပင်လျှင် ထိုအတားအဆီးကို မဖြိုခွဲနိုင်ပေ။ ၎င်းကို အစွမ်းအထက်ဆုံး ခုခံမှုဟု ခေါ်နိုင်ပေသည်။ ၁၀စက္ကန့်က တိုတောင်းပုံရသော်လည်း ချန်လွေ့ အဆင့်တွင် တိုက်ခိုက်မှု အတွက် ၁စက္ကန့်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နိုင်လေသည်။ အခြေအနေ တစ်ခုလုံးပင် ပြောင်းပြန်လှန်နိုင်ဖွယ် ရှိသည်။

[အလင်းခွဲ] က အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည် တစ်ခုဖြစ်ပြီး သုံးကိုယ်ခွဲခြင်းနှင့် တူညီပေသည်။ ကိုယ်ပွားက မူလ ခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအား တစ်ဝက်သာ ရှိသော်လည်း အဆုံးသတ် တိုက်ကွက် စုစည်းမှု စွမ်းအားက သုံးဆ ပို၍ ထိခိုက်မှု ပိုလေသည်။ ဥပမာအားဖြင့် အသူရာ၏ [စူပါနိုဗာပေါက်ကွဲမှု]ပင်။ ချန်လွေ့က စူပါစနစ်၏ လေ့ကျင့်ရေး ကွင်းပြင်တွင် [အလင်းခွဲ] ပညာရပ်ကို စမ်းသပ်ခဲ့ပြီး သူက [မီးသင့်နဂါး ဟိန်းသံ] နှင့် [အစစ်အမှန် အနီရောင် ကွယ်ပျောက်] ကဲ့သို့ ကြီးမားသော အဆုံးသတ် တိုက်ကွက် အပါအဝင် တိုက်ကွက် အမျိုးမျိုးကို တစ်ချိန်တည်းတွင် အသက်သွင်း နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို [အလင်းခွဲ]၏ စွမ်းအားကို အဆုံးမရှိဟု ဖော်ပြထိုက်ပေသည်။ ၎င်းက ကိုယ်ပိုင် စွမ်းအားကို ကြိုတင်၍ ကုန်ဆုံးစေခြင်းနှင့်လည်း တူညီသည်။ ထို့ကြောင့် အသက်သွင်း ပြီးနောက် သူက အားနည်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေ လိမ့်မည်။ တိုက်ကွက်က ပိုမို၍ အားကောင်းလေလေ သူက ပို၍ အားနည်းလေလေ ဖြစ်သည်။

မည်သို့ပင်ဆိုစေမူ ထိုအကွက်၏ အားသာချက်က အားနည်းချက်ထက် ပိုများသည်။ အထူးသဖြင့် ချန်လွေ့၏ တိုက်ခိုက်ရေးစွမ်းအားက ယခုအခါ တစ်ဆို့မှုတစ်ခုသို့ ရောက်ရှိနေသော အချိန်၌ ဖြစ်သည်။ ထိုစွမ်းရည်က သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းသော အားသာချက်မျိုးကို ပေးစွမ်းနိုင်သည်။ အချိန်ကိုက်ပါက ထို[အလင်းခွဲ]သည် အင်အားကြီး ရန်သူကိုပင် တစ်ချက်တည်း သတ်ပစ်နိုင်၏။

[သိဒ္ဓိပုံရိပ်]၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ချန်လွေ့က ၎င်းကို စမ်းသပ်ကြည့်လိုခဲ့သည်။ ထို့ကြောင့် သူသည် သိဒ္ဓိအလင်းဝတ်ရုံ၏ စစ်မှန်သော အသိအမှတ်ပြုခြင်းကို ရရှိရန်အတွက် သိဒ္ဓိအမွေအနှစ်၏ စွမ်းအား တစ်ဝက်ကို နားလည်ပြီးပြီ ဖြစ်ကြောင်း ချက်ချင်း လိမ်ခဲ့သည်။

ချန်လွေ့၏ အလင်းခန်းမထဲ၌ လေ့ကျင့်ခြင်းတွင် ပါဝင်ခဲ့သူများမှာ ရေဖျန်းဘုန်းတော်ကြီး ဂရာလင်နှင့် လက်ရှိ ကောင်းကင်မိုးကြိုးခန်းမမှ ဇာမင်ဒါတို့ ဖြစ်ကြသည်။ သူတို့က ‘သိဒ္ဓိအလင်းဝတ်ရုံကိုနားလည်ရန်’ ချန်လွေ့ အထူးတောင်းဆိုသည့် အတွက်ကြောင့် မာလော့အင်ပါယာ၌ ခေတ္တ နေထိုင်ခဲ့ကြသည်။ ချန်လွေ့က သိဒ္ဓိအမွေအနှစ်မှ အသိအမှတ်ပြုခံ ရတော့မည်ကို ကြားသောအခါ သူတို့ အလွန်ပင် ပျော်ရွှင်သွားကြသည်။ သူတို့က နေရာအသီးသီးမှ အလင်း အမျိုးအစား သုံးစွဲနိုင်သော ရတနာ များစွာကို ချက်ချင်း ပြောင်းရွှေ့ခဲ့ကြ လေသည်။

သိဒ္ဓိကျောင်းတော်၏ စွမ်းအားက အလွန် ကြီးမားလှသည်။ အချိန်ခဏ အတွင်းမှာပင် ချန်လွေ့က ကုန်ကြမ်း အများအပြားကို ရရှိခဲ့သော်လည်း သိဒ္ဓိအလင်းဝတ်ရုံ၏ ‘စုပ်ယူမှု’က မနည်းပေ။ ပစ္စည်းတဝက် ကုန်မှသာ [သိဒ္ဓိစိတ်ပုံရိပ်] အတွက် လိုအပ်သော စွမ်းအင်ကို ပြည့်စေခဲ့သည်။

စမ်းသပ်ပြီးနောက်တွင် ချန်လွေ့၏ စမ်းသပ်မှု၌ ထို [သိဒ္ဓိစိတ်ပုံရိပ်]တွင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း] အပါအဝင် ကိုယ်ပိုင် အစွမ်းများ အားလုံးရှိကြောင်း ထုတ်ဖော် ခဲ့သော်လည်း စွမ်းအား တဝက်သာ ရှိသည်။ ၎င်းက ‘ဘက်ထရီ’၏ အာနိသင်နှင့် တူညီသည်။ တိုက်ကွက် ပို၍ အားကောင်းလေလေ၊ ခံရသော ထိခိုက်မှု ပို၍ အားကောင်းလေလေ ‘စွမ်းအင်’ကို ပို၍ လျင်မြန်စွာ ကုန်ဆုံးစေလေ ဖြစ်ကာ ကိုယ်ပွား ကြာချိန်လည်း တိုတောင်းလေလေ ဖြစ်သည်။

စမ်းသပ်မှုတွင် ကိုယ်ပွား၏ အလွန် အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ၎င်းမှာ သိုလှောင် ဂိုဒေါင်၏ ‘ဆက်သွယ်မှု’ ဖြစ်သည်။ ကိုယ်ပွားမှ ရရှိသော အရာများကို မူလခန္ဓာကိုယ်၏ သိုလှောင် ဂိုဒေါင်ထဲ သိမ်းဆည်း ထားနိုင်၏။ ဆိုလိုသည်မှာ ကိုယ်ပွားက အန္တရာယ်ရှိသော နေရာများသို့ သွားရောက်၍ အထူးတာဝန်အချို့ကို ပြီးမြောက်နိုင်သည် ဟူ၍ပင်။

ချန်လွေ့က သိဒ္ဓိအလင်းတောင်သို့ ချက်ချင်း မသွားရခြင်း၏ ဒုတိယ အကြောင်းရင်းမှာ ဇိုလာနှင့် အစ်ဇဘယ်လာတို့က ‘အစောင့်အရှောက်များ’အဖြစ် သိဒ္ဓိအလင်းတောင်သို့ အတူတူ သွားရမည် ဖြစ်သောကြောင့်ပင်။ အန္တရာယ်တစ်ခုခုရှိလျှင် ချန်လွေ့က သူတို့ကို အချိန်မီ စူပါစနစ်ထဲသို့ ထည့်နိုင်သည် သို့မဟုတ် သူတို့ကို နတ်ဆိုးဘုံသို့ တစ်ခါတည်း ပြန်ပို့ နိုင်ပေသည်။

သို့သော် ထို ‘အစောင့်အရှောက်’ နှစ်ဦးတွင် ပြဿနာများ ရှိနေသည်။ ဇိုလာက ‘သေဆုံးသင့်သော’ အစောင့် အရှောက်ဖြစ်သည်။ ထိုအရာက ချန်လွေ့ ရာဖယ်ရယ် အရှေ့တွင် တရားဝင် ‘ဖြေရှင်းခြင်း’ ပြုလုပ်သည့် အချိန်က ဖြစ်သည်။ အစ်ဇဘယ်လာ၌ ‘မိစ္ဆာမျက်ရည်ပြာ’ နှင့် နဂါးဧကရာဇ် ပါဂရစ်ဇ် ပေးထားသော “သိဒ္ဓိကြေးခွံ” ရှိသော်လည်း သူသည် နတ်ဆိုး တစ်ယောက် ဖြစ်သည်။ ပါဂရစ်ဇ်၏ ‘သိဒ္ဓိကြေးခွံ’က သာမန် အထူး အစွမ်းထက်ပုဂ္ဂိုလ်များကို လှည့်ဖြား နိုင်သော်လည်း ကောင်းကင်တမန် သုံးပါးကို လှည့်ဖြားနိုင်မည် မဟုတ်။

မာလေ့အင်ပါယာတွင် နေထိုင်စဉ် ဖိုက်သွန်သည် ဝိညာဉ်စွမ်းအားကို ရက်ရက်ရောရော မျှဝေခဲ့ပြီး ရုပ်ဖျက်ခြင်း လျှို့ဝှက်ပညာ အပြင် [အငွေ့အသက်သော့ခတ်ခြင်း] ကို မိန်းကလေး နှစ်ဦးအား သင်ကြား ပေးခဲ့သည်။ နတ်ဘုရား တစ်ပိုင်း အဆင့်၏ ဝိညာဉ်စွမ်းအားနှင့် ထိုလျှို့ဝှက်ပညာရပ်တို့ကြောင့် အစ်ဇဘယ်လာနှင့် ဇိုလာတို့၏ စရိုက်များ သိသိသာသာ ပြောင်းလဲ သွားခဲ့သည်။ ဇိုလာက မြနဂါး အငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး သူ၏စွမ်းအားကို တိုင်းပြည်အဆင့်၏ ကနဦးပိုင်းတွင် ပြသနေခဲ့သည်။ အစ်ဇဘယ်လာကမူ တကယ့်လူသား တစ်ဦးနှင့် တူသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ဖိုက်သွန်သည် သိဒ္ဓိအလင်းတောင်သို့ အတူတူ သွားရန်အတွက် ချန်လွေ့၏ လက်မောင်းရှိ ခြောက်ထောင့်ကြယ် အမှတ်အသားထဲ ထပ်မံ ဝင်ရောက် ခဲ့သည်။ ချန်လွေ့နှင့် သူက ပြိုင်ဘက်ဟောင်းများ ဖြစ်ကြပြီး အထူးသဖြင့် အစ်ဇဘယ်လာနှင့် ဇိုလာကို ‘နေရာလွတ်’ ထဲတွင် ထားရှိကြောင်း ပြသပြီးနောက် ချန်လွေ့၏ စွမ်းအားနှင့် နည်းလမ်းများ အတွက် ဖိုက်သွန်တွင် ခန့်မှန်းမှု အသစ်တစ်ခု ရှိခဲ့သည်။ ဖန်တီးခြင်း ဇစ်မြစ်ကို မမြင်မချင်း နှစ်ဦးစလုံးက တစ်ဦးကို တစ်ဦး အသုံးချနေပြီး တိုက်ခိုက်ကြမည် မဟုတ်ကြောင်း ကောင်းကောင်း သိကြသည်။ ထို့ကြောင့် ဇိုလာနှင့် အစ်ဇဘယ်လာတို့ကို ယခုတွင် ခြိမ်းခြောက်ခြင်းက သိပ်ပြီး အဓိပ္ပာယ် မရှိလှပေ။

ပြင်ဆင်မှုအားလုံး ပြီးပြီးနောက် ‘သိဒ္ဓိသားတော်’က နောက်ဆုံးတွင် ခရီးထွက်တော့သည်။ ဂရာလင်နှင့် ဇာမင်ဒါတို့နှင့်အတူ သူတို့သည် အနီးရှိ တိုင်းပြည်တစ်ခုမှ အဆင့်မြင့် ကျော်ငးတော် ဝန်ထမ်းများအတွက် ရည်ရွယ်ထားသော တယ်လီပို့ အစီအရင်မှတဆင့် ကမ်းပါးဖြူသို့ ဝင်ရောက်ခဲ့သည်။

ကမ်းပါးဖြူသို့ ရောက်ပြီးနောက် လမ်းကြောင်း၏ နှစ်ဖက်စလုံးတွင် သပ်သပ်ရပ်ရပ် တန်းစီနေကြသော ကျက်သရေဆောင် စစ်သည်တော် အားလုံးက ဓားရှည်များကို ထုတ်ပြီး သူတို့၏ ရင်ဘတ်ရှေ့တွင် ထားကာ ဒူးတစ်ဖက် ထောက်နေကြသည်ကို သူတို့ တွေ့မြင်ခဲ့ရသည်။ ဇာမင်ဒါက ၎င်းမှာ ကျက်သရေဆောင် စစ်သည်တော်၏ အမြင့်ဆုံးသော လောကဝတ်ဖြစ်ကြောင်း ချန်လွေ့ကို မိတ်ဆက်ပေးခဲ့သည်။

ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး လည်ဟိုက်ကို တည်တည်ငြိမ်ငြိမ် ဆွဲယူလိုက်ပြီး သွေးရောင်လက်စွပ် ချိတ်ထားသောလက်စွပ်ကို ကြည့်လိုက်၏။ သေချာတယ်။ အရောင် တောက်နေတုန်းပဲ။ တစ်ဖနီက သိဒ္ဓိအလင်းတောင်မှာ ရှိနေတုန်းပဲနဲ့တူတယ်။

လူတိုင်းက မြင်းစီး၍ သိဒ္ဓိအလင်း မြို့သို့ သွားခဲ့ကြသည်။ မြို့တံခါး အပြင်ဘက်တွင် ချန်လွေ့က နွေးနွေး ထွေးထွေး ကြိုဆိုခံခဲ့ရသည်။ နှစ်ဖက်စလုံးရှိ ကျက်သရေဆောင် စစ်သည်တော်များ၏ အနောက်တွင် ‘အာသာ’၏အမည်ကို ရွတ်နေသော ကိုးကွယ်သူများစွာ စုဝေးခဲ့ကြသည်။

မြို့တံခါးတွင် ပုပ်ရဟန်းမင်း ဗန်တိစ် ကိုယ်တိုင် ဦးဆောင်သော ဂုဏ်ပြုအစောင့်များ ရှိနေခဲ့သည်။

သိဒ္ဓိအလင်းတောင်မှ ခေါင်းဆောင် သုံးဦးဖြစ်သော ဗန်တိစ်၊ ပါစမီရာနှင့် ယူဒိုရာတို့အပြင် ကျက်သရေဆောင် ဓားသခင် ပါဆာလီ၊ ရေဖျန်း ဘုန်းတော်ကြီး နှစ်ဦး၊ ခုံသမာဓိချုပ် စီအက်စ် နှင့် ဂိုဏ်းအုပ်အချုပ်များ... ကျောင်းတော် အဆင့်မြင့်ပုဂ္ဂိုလ်များ အားလုံး ထိုနေရာတွင် ရှိနေခဲ့သည်။

ချန်လွေ့က စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ငါ သိဒ္ဓိကျောင်းတော် အခြေစိုက်စခန်းကို ရောက်လာတာ ဒါ တတိယမြောက်ပဲ။ ပထမဆုံးက ငါ ပေါလ်ရဲ့ လက်အောက်ငယ်သား အနေနဲ့ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှုထဲမှာ ပါဝင်ဖို့အတွက် ဒီနေရာကို လာခဲ့တာ။ အဲဒီအချိန်က ငါ နှင်းဒဲလက်ပန်းပင်ကို ခိုးယူခဲ့သည်။ ဒုတိယက ဖန်တီးခြင်း ဇစ်မြစ်ကို ရယူဖို့ ဖိုက်သွန်နဲ့အတူ သိဒ္ဓိ အလင်းတောင်ဆီ လျှို့ဝှက် ဝင်ရောက်ခဲ့တာပဲ။ ငါ ဝင်ဝင်ချင်း တည်နေရာ သတိပြုမိသွားပြီးတော့ ကြောက်စရာ အကောင်းဆုံး ရန်သူ ဖြစ်တဲ့ မိုက်ကယ်နဲ့ တွေ့ခဲ့တယ်။ ရလဒ်အနေဖြင့် အထူး အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦး တိုက်ခိုက်နေတုန်း ငါက အရိပ်လေပြေ ဘွတ်ဖိနပ်ကို ရယူဖို့ စွန့်စားခဲ့တယ်။ ဒီတစ်ခေါက်တော့ ငါက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပေမဲ့လည်း ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခဲ့တယ်။ ပုပ်ရဟန်းမင်း ကိုယ်တိုင်တောင် ငါ့ကို လာပြီးတော့ ကြိုဆိုခဲ့တယ်။ သူခိုးကို ဖိတ်ခေါ်တာ များလား။

လူတိုင်းက မြင်းပေါ်မှ ဆင်းပြီး ရှေ့သို့ လျှောက်သွားသော အခါ ဘေးနားရှိ အစ်ဇဘယ်လာက ရုတ်တရက် တုန်လှုပ်သွားကြောင်းကို ချန်လွေ့ ခံစားလိုက်မိသည်။ သူ၏ စိတ်ဝိညာဉ်တွင် ပြင်းထန်သော အတက်အကျများ ရှိနေပြီး သူ့ကို ကြည့်လိုက်မိ၏။ အစ်ဇဘယ်လာ၏ မျက်လုံးများက သူရှေ့မှ လူကို စိုက်ကြည့် နေလေသည်။

ချန်လွေ့က သူ၏ အကြည့်အတိုင်း လိုက်ကြည့်ရာ အသိအကျွမ်းတစ်ဦး ဖြစ်ကြောင်းကို တွေ့မြင်ခဲ့ရသည်။ ခေါင်းဆောင်ကြီး သုံးဦးအနက်မှ တစ်ဦး ဖြစ်သော သိဒ္ဓိမိန်းမပျို ယူဒိုရာပင်!

အစ်ဇဘယ်လာက သူ၏အမှားကို လျင်မြန်စွာ သဘောပေါက်သွားပြီး စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်းကို ချက်ချင်း ဖိနှိပ်ကာ ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။ ပုပ်ရဟန်းမင်း ဗန်တိစ်က မိမိကို ကြိုဆိုနေပြီ ဖြစ်သောကြောင့် ချန်လွေ့က သူ့ကို မမေးခဲ့ပေ။

“ကြိုဆိုပါတယ်။ အရှင်သူမြတ် အာသာ။”

အတိအကျဆိုရလျှင် ‘သိဒ္ဓိသားတော်’၏ အဆင့်အတန်းက ရေဖျန်းဘုန်းတော်ကြီးနှင့်သာ တူညီပြီး ဂိုဏ်းချုပ်ထက် နိမ့်သည်။ အမြင့်ဆုံးစိတ်ဝိညာဉ်ခေါင်းဆောင် ဖြစ်သော ပုပ်ရဟန်းမင်းနှင့်ဆို ပို၍ပင် နှိုင်းယှဉ်၍မရပေ။ ယူဒိုရာကဲ့သို့ ဂိုဏ်းချုပ်အဖြစ် အထူးချီးမြှင့်ခံရခြင်း မရှိလျှင် ပုပ်ရဟန်းမင်းထံမှ ထိုသို့ လောကဝတ်နှင့် အခေါ်အဝေါ်ကို ရရှိရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ‘သိဒ္ဓိသားတော်’ အာသာက ထူးခြားပေသည်။ ယန္တရား မဟာဆရာသခင်ဟူသော သရုပ် အပြင် အရေးအကြီးဆုံး အရာမှာ သူ့ကို ဆူးသရဖူမှ အသိအမှတ် ပြုခဲ့ခြင်း ဖြစ်သည်။ နှင်းဒဲလက်ပန်း ခိုးယူခံရပြီးနောက် အလင်း-ဒြပ်စင် ခန္ဓာကို ပြောင်းလဲနိုင်ရန် နည်းလမ်း မရှိသောကြောင့် ကျောင်းတော်၏ အနာဂတ်က သူ၏ လက်ထဲတွင် ရှိနေခဲ့သည်။ အမြင့်ဆုံး တမန်တော် ရာဖယ်ရယ်၏ အတည်ပြုမှုနှင့်အတူ နောက်ထပ် ပုပ်ရဟန်းမင်း ဖြစ်လာ မည်က သေချာသည်။ ဗန်တီစ် ကန့်ကွက်မည် ဆိုလျှင်တောင်မှပင်။ တကယ့် အဆင့်အတန်းအရတော့ ‘သိဒ္ဓိသားတော်’သည် ဂိုဏ်းချုပ် အောက်တွင် မရှိတော့ပေ။ သူက တရားဝင် ဘွဲ့တံဆိပ် ချီးမြှင့်ပွဲကို မကျော်ဖြတ်ရသေးသော်လည်း ဗန်တိစ်၏ ‘အရှင်သူမြတ်’ ဟူသော စကားစုက သူ၏ သဘောထားကို ပြသနေပြီ ဖြစ်သည်။

“ကျုပ် တကယ် မထိုက်တန်ပါဘူး!” ချန်လွေ့က အလျင်အမြန် ဦးညွတ် လိုက်သည်။ “အရှင်ဗန်တိစ်ကို နှုတ်ဆက်ပါတယ်။ အရှင်ရဲ့ လမ်းညွှန်မှုအောက်မှာ တောက်ပတဲ့ လမ်းကို လျှောက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။”

“မင်းက သိဒ္ဓိအမွေအနှစ် သုံးခု ဖြစ်တဲ့ ဆူးသရဖူ၊ သိဒ္ဓိခွက် နဲ့ သိဒ္ဓိအလင်းဝတ်ရုံတို့ရဲ့ အသိအမှတ် ပြုတာကို ခံရပြီးပြီလို့ ကြားတယ်။” ဗန်တိစ်က သူ၏အသံကို အဝေးသို့ ပျံ့နှံ့စေရန် ရည်ရွယ်ပြီး မေးလိုက်၏။

“ဟုတ်ပါတယ်။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။” ချန်လွေ့က ဗန်တိစ်၏ ဆိုလိုရင်းကို နားလည်၏။ သူ၏ခန္ဓာကိုယ် ပေါ်တွင် အဖြူရောင် အလင်းတစ်ချက် လင်းလက်သွားပြီး ငွေရောင်အလင်းရှိ နှင်းဖြူ ဝတ်ရုံ တစ်ခု ပေါ်လာသည်။ သူ၏ ခေါင်းပေါ်တွင် ကျောက်စိမ်းကဲ့သို့ သရဖူ တစ်ခု ပေါ်လာသည်။ တောက်ပနေသော ငွေဖြူရောင် ခွက်တစ်ခုကလည်း သူ့လက်ထဲတွင် ရှိနေသည်။

ထိုကဲ့သို့ သိဒ္ဓိအမွေအနှစ် သုံးခုလုံး တချိန်တည်း ပေါ်လာသောအခါ ချန်လွေ့က ရုတ်တရက် သူ၏ နှလုံးသားထဲသို့ ထူးဆန်းသော စွမ်းအား တစ်ခု တိုးဝင်သွားသလိုမျိုး ခံစားလိုက်မိသည်။ ၎င်းက ဟိန်းသံ တစ်မျိုးမျိုးကို ဖြစ်သွားစေပုံရသည်။ ဟိန်းသံသည် သိဒ္ဓိအမွေအနှစ် သုံးခုမှသာ မဟုတ်ပေ။ အကြောင်းမှာ ချန်လွေ့ ကမ်းပါးဖြူသို့ မရောက်မီ ထိုပစ္စည်း သုံးခုကို တချိန်တည်းတွင် အသက်သွင်းခဲ့ပြီးသော်လည်း ထိုသို့ ဖြစ်ရပ်မျိုး မရှိခဲ့၍ပင်။

ထိုဟိန်းသံ ပို၍ပင် အားကောင်း လာခဲ့သည်။ ၎င်းက ရပ်တန့်၍ မရနိုင်သော အစွမ်းထက်လှသည့် အင်အားတစ်ခု ဖြစ်သည်။ ချန်လွေ့၏ လက်ရှိ စွမ်းအားဖြင့်ပင် တုန်လှုပ်နေ လေသည်။

သိဒ္ဓိအလင်းတောင်!

သိဒ္ဓိအလင်းတောင် တစ်ခုလုံး အားကောင်းပြီး သန့်စင်သော စွမ်းအားကို ထုတ်လွှတ်နေပြီး ချန်လွေ့ ပိုင်ဆိုင်သော သိဒ္ဓိ အမွေအနှစ် သုံးခုနှင့် ပဲ့တင်ထပ် နေခဲ့သည်။

ချန်လွေ့ ကိုယ်တိုင် သာမက ခေါင်းဆောင်ကြီး သုံးဦး၊ ရေဖျန်း ဘုန်းတော်ကြီး သုံးပါးနှင့် သာမန် ယုံကြည်သူများကပင် ဆူးသရဖူ၊ သိဒ္ဓိခွက်၊ သိဒ္ဓိအလင်းဝတ်ရုံပေါ်ရှိ အလင်းများ ပေါင်းစည်းသွားပြီး တလက်လက် အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ခံစားခဲ့ရ၏။

အလင်းထဲတွင် အားကောင်းသော ‘အထွတ်အမြတ်’အငွေ့အသက်တစ်ခု ပျံ့နှံ့သွားခဲ့သည်။

ထိုအငွေ့အသက် ဖြတ်သွားသော နေရာတိုင်း အားနည်းပြီး ပုန်းကွယ် နေသော ရောဂါများ ရှိနေသော ကိုးကွယ်သူအချို့က ခန္ဓာကိုယ်တွင် သက်သာရာ ရသွားခဲ့သည်။ သူတို့က ပုန်းကွယ်နေသော ရောဂါများမှ ပြန်လည် ကောင်းမွန်လာ သကဲ့သို့ ဖြစ်နေပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေသည်။

“အံ့သြဖွယ်ရာပဲ!”

“ဒါက အလင်းနတ်ဘုရားရဲ့ ဆန္ဒပဲ!”

“သိဒ္ဓိသားတော်က ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ရရှိခဲ့ပြီ!”

“...”

တစ်စုံတစ်ဦးက အော်ဟစ်လိုက်ပြီး ကိုးကွယ်သူများက တစ်ယောက်ပြီး တစ်ယောက် မြေပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။ ကျက်သရေဆောင် စစ်သည်တော်များပင် ဒူးထောက် လိုက်ကြသည်။

ဗန်တိစ်သည် မူလက အာသာကို ‘သိဒ္ဓိသားတော်’၏ ဂုဏ်သိက္ခာ ပိုမို ခိုင်မာစေရန်အတွက် သိဒ္ဓိအမွေအနှစ် သုံးခုကို ပြသစေလိုခဲ့ခြင်းသာ ဖြစ်ပြီး သိဒ္ဓိတောင်၏ ထိန်းချုပ်သူ ရာဖယ်ရယ်ကို မျက်နှာလိုက်လို၍ ဖြစ်သည်။ သို့သော် သူက ထိုသို့သော ဖြစ်စဉ်မျိုး ဖြစ်ပေါ်စေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ခေါင်းဆောင်ကြီး သုံးဦးက အလျင်အမြန် အကြည့်ချင်းဖလှယ်ပြီး ချန်လွေ့ကို တညီတညွတ်တည်း ဦးညွတ်လိုက်ကြသည်။ ကျန်ရှိသော ကျောင်းတော်အဖွဲ့ဝင်များကလည်း ဒူးထောက်ပြီး ရှိခိုးကြတော့သည်။

မဟုတ်ဘူး။ ဒါက နတ်ဘုရားရဲ့ စွမ်းအား မဟုတ်ဘူး။ ချန်လွေ့က စိတ်ထဲတွင် ပြောလိုက်သည်။ သူက ထိုစွမ်းအား၏ ဂုဏ်သတ္တိ အမှန်ကို နားလည်သွားပြီ ဖြစ်သည်။ ၎င်းက ဖန်တီးခြင်းပင်!

ဒါ ဖန်တီးခြင်း ဇစ်မြစ်စွမ်းအားပဲ!

All Chapters