တန်ခိုးရှင် အဆင့်
Vol. 5 Ch. 478
"ဟူး ဟူး …"
များပြားသော ဝိညာဉ်ချီများက နေရာပေါင်းစုံမှ လွင့်ပျံလာကာ ဟွာရန်ဖန်း၏ ဦးခေါင်းထက်၌ စုစည်းလာ၏။ တဖြည်းဖြည်း ပိုမို ထူထပ်လာသည်နှင့် ဝိညာဉ်ချီ လေပွေဝဲများနှင့် တိမ်တိုက်များ အသွင် ဖြစ်ပေါ်လာ၏။
"နောက်ဆုတ် …"
ယူကီရှီရိုဆာနှင့် ချမ့်တန့်ချင်တို့မှာ တစ်စုံတစ်ခု၏ တွန်းအားပေးခြင်းကို ခံရသည့် အလား အဆောက်အဦ၏ အပြင်ဘက် အထိရောက်အောင် လွင့်စဉ် သွားကြသည်။
အဆောက်အဦ အတွင်းရှိ ချန်းဖန်နှင့် ဟွာရန်ဖန်းတို့၏ ပတ်လည်၌မူ ချီမုန်တိုင်း တစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်၏။
"ကျုပ်ပြောတဲ့ အတိုင်း လိုက်ပြီး ကျင့်ကြံပါ … စိတ်ကို မပျံ့လွင့်စေနဲ့ …"
ချန်းဖန်က ဟွာရန်ဖန်းကို အော်ဟစ်ရင်း သတိပေးလိုက်သည်။
ဟွာရန်ဖန်းသည် နှစ်တစ်ရာ အထိ နေထိုင် ကျင့်ကြံခဲ့သူ ဖြစ်သည်။
ထို့ကြောင့်ပင် သူ၏ စိတ်နှလုံးမှာ သာမန်လူများထက် အဆများစွာ ပိုမို တည်ငြိမ်၏။ သူက အံ့ဩမှုနှင့် ကြောက်စိတ်များကို ခဏအတွင်းပင် ပြန်လည် ထိန်းချုပ်ရင်း ချန်းဖန်၏ စကားအတိုင်း လိုက်လံ ကျင့်ကြံလိုက်၏။
ဝိညာဉ် စွမ်းအင်ကို အသုံးပြု၍ "နတ်ဘုရား ဝိညာဉ်" ဖွဲ့စည်းနိုင်သော တန်ခိုးရှင်များ၏ စွမ်းအားမှာ အထွတ်အထိပ်များ အလှမ်းမမီနိုင်သော အရာဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် အကန့်အသတ်နှင့် စည်းမျဉ်း ကင်းမဲ့သည်။
နတ်ဘုရားဝိညာဉ်ဖြင့် တန်ခိုးရှင်များသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို တိုက်ရိုက် ထိတွေ့နိုင်ပြီး အဆုံးမဲ့သော တိုက်ခိုက်မှုများကို ဖော်ထုတ်နိုင်သည်။
အခြားတစ်ဖက်၌ အထွတ်အထိပ် အဆင့်များမှာမူ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိတွေ့ခံစားနိုင်ခြင်း မရှိရာ ကိုယ်ပိုင် စွမ်းအားများကိုသာ အသုံးပြုရ၏။
"ဟူး လား လား …"
ဝိညာဉ်ချီများက ဟွာရန်ဖန်း၏ ခန္ဓာကိုယ်အတွင်း စီးဝင်ကာ စတင် လှည့်ပတ်၏။ တစ်ကြိမ်ပြီး တစ်ကြိမ် လှည့်ပတ်သည်နှင့် ဟွာရန်ဖန်း၏ ကိုယ်အတွင်းမှ အတွင်းအားများမှာလည်း ပိုမို သန်မာ အားကောင်းလာသည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီ အားလုံးကို ကုန်စင်အောင် စုပ်ယူပြီးသည်နှင့် ဟွာရန်ဖန်း၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ ထွက်တော့မလို တုန်ရီလာခဲ့၏။
"တန်ခိုးရှင် … ကျုပ် အကန့်အသတ်ကို ရောက်နေပြီ …"
ဟွာရန်ဖန်းက အံကို တင်းစွာကြိတ်ရင်း ဆိုလိုက်၏။
သူကား နှစ်ရာချီကြာအောင် ကျင့်ကြံခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အတွင်းအား စွမ်းအင်မှာ မူလ ကတည်းက တာကီမီယာ ဟီရို ကဲ့သို့ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထိုအတွင်းအားစွမ်းအင်မှာ သူ့အား နောက်တစ်ဆင့် တက်လှမ်းနိုင်ရန် ကူညီ မပေးနိုင်ချေ။
အတွင်းအား ပညာရှင် တစ်ယောက် မည်မျှပင် အစွမ်းထက် စေကာမူ နတ်ဘုရားဝိညာဉ်ကို မသန့်စင် နိုင်သေးသမျှ တန်ခိုးရှင် အဆင့်သို့ တက်လှမ်း နိုင်လိမ့်မည် မဟုတ်ပေ။
"စတင်စမ်း …"
ချန်းဖန်၏ မျက်လုံးမှ နတ်ဘုရား စိတ်အာရုံ အလင်းများ စီးဆင်းလာကာ ဟွာရန်ဖန်း၏ ခန္ဓာကိုယ် အတွင်း တိုးဝင် ပျောက်ကွယ်သွား၏။ ထိုအရာက ဟွာရန်ဖန်း၏ စိတ်ဝိညာဉ်တွင် လည်ပတ်ကာ သန္ဓေတည်သည်။
ဝိညာဉ်ပင်လယ် အဆင့်သို့ ဝင်ရောက်ပြီးချိန်မှ စ၍ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် အလွန် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ သေးငယ်သော နတ်ဘုရား စိတ်အာရုံ အပိုင်းအစလေး ပင်လျှင် ဟွာရန်ဖန်း အတွက် နတ်ဘုရား စိတ်ဝိညာဉ် ဖန်ဆင်းပေးရန် လုံလောက်သည်။
"ဖွင့်စမ်း …"
ချန်းဖန်၏ နည်းလမ်းကား ရိုးရှင်း၏။
ထို ထည့်သွင်းပေးလိုက်သော နတ်ဘုရား စိတ်အာရုံ အပိုင်းအစက ဘောလုံးကဲ့သို့ လှည့်ပတ်ကာ ဟွာရန်ဖန်း၏ ခန္ဓာကိုယ် အတွင်းရှိ စိတ်စွမ်းအားများကို စုစည်းလိမ့်မည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း သန်မာလာကာ နတ်ဘုရား ဝိညာဉ်ကို ဖန်တီးပေလိမ့်မည်။
ထိုလုပ်ငန်းစဉ်မှာ ရိုးရှင်းသည်ဟု ထင်ရသည့်တိုင် တစ်ချက် မမှားမခံသော အရာ ဖြစ်၏။
ဝိညာဉ်သည် လူသားများ၏ အသက်ဖြစ်၏။ ဝိညာဉ် ပျက်သုဉ်းပါက အသက်ဓာတ်လည်း ကုန်ဆုံးရပေလိမ့်မည်။
"ဟူး လား လား …"
ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက ဟွာရန်ဖန်း၏ ဝိညာဉ်ကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ တွန်းအားပေး၍ နတ်ဘုရား ဝိညာဉ် တစ်ခု ဖန်တီး၏။ ဟွာရန်ဖန်းမှာ သူ၏ စိတ်ဝိညာဉ်ကို တစ်ဦးတစ်ယောက်က ထုရိုက်ကာ ပုံသွင်းနေသည့် အလား နာကျင်မှုကို ခံစားနေရသည်။
သို့သော်လည်း ခဏမျှ အကြာ၌ ဝိညာဉ်စွမ်းအား အတွင်းတွင် နတ်ဘုရား ဝိညာဉ် တစ်ခု ရုပ်လုံး ပေါ်လာကြောင်း ဟွာရန်ဖန်း တွေ့မြင်လိုက်ရသည်။
"နောက်တစ်ကြိမ် …"
ချန်းဖန်က အော်ဟစ်ရင်း ဟွာရန်ဖန်း၏ ငယ်ထိပ်ကို လက်ဖြင့် ဖိအားပေးကာ အစစ်အမှန်ချီများ သွန်းလောင်းလိုက်သည်။
ထိုအစစ်အမှန်ချီများက ဟွာရန်ဖန်း၏ ခန္ဓာကိုယ် အတွင်း ချိုးဖျက် ဝင်ရောက်ကာ အတွင်းအားနှင့် ပေါင်းစည်း လှည့်ပတ်သည်။
"နိုးထစမ်း နိုးထစမ်း …"
ချန်းဖန်က လက်များကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထိပ်တွင် အစစ်အမှန် ချီများ ထပ်မံ ပေါ်ထွက်လာ၏။
ထိုအရာများက သုံးဆယ့်ခြောက်ချောင်းသော ချီအပ်များ အသွင်ကို ဆောင်ကာ ဟွာရန်ဟူ၏ လျှို့ဝှက် နေရာ သုံးဆယ့်ခြောက်ခုကို ပြေးဝင် ထိုးစိုက်၏။
"စိတ်ကိုးလွှာ အပ်စိုက် နည်းစနစ် …"
လျှို့ဝှက်နေရာ သုံးဆယ့် ခြောက်ခုမှာ လူသားတို့၏ စွမ်းအားကြောများ တည်ရှိသည့် အဓိက နေရာများ ဖြစ်ကြသည်။
ထိုအထဲမှ အချို့သည် လူသား၏ အသွေးအသားကို အားဖြည့်ပေးနိုင်ပြီး အချို့ကမူ ဝိညာဉ် စွမ်းအားကို တိုးပွားလာစေနိုင်သည်။
အပ်များ၏ တိုးဖောက်မှု အောက်တွင် ဟွာရန်ဖန်း၏ အတွင်းအားများမှာ အသွင်ပြောင်းလာပြီး သူ၏ ရုပ်ရည် သွင်ပြင်တွင်လည်း သိသာသော ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာသည်။ ခဏအတွင်းမှာပင် သူကား အဘိုးအို တစ်ဦး၏ အသွင်အပြင်များ ကွယ်ပျောက်ကာ အသက်လတ် လူတစ်တစ်ဦး အလား ပြန်လည် မွေးဖွားလာသည်။
"ကျုပ် ခင်ဗျားရဲ့ ဝိညာဉ် စွမ်းအင် ခန္ဓာကိုယ် စွမ်းအင်နဲ့ အတွင်းအား စွမ်းအင်တို့ကို ပေါင်းစပ်ပေးလိုက်ပြီ … ခင်ဗျား တန်ခိုးရှင် အဆင့်ကို ရောက်ပြီလို့ ဆိုနိုင်တယ် …"
ချန်းဖန်က လေးနက်စွာ ပြောရင်း လေထဲမှ တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်၏။
"ဘုန်း …"
ဟွာရန်ဖန်း၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန် စွမ်းအားများ ပေါက်ကွဲကာ နတ်ဘုရား စိတ်ဝိညာဉ် အပြည့်အဝ ဖြစ်ပေါ်လာ၏။ စိတ်မျက်လုံးများမှ တစ်ဆင့် ဟွာရန်ဖန်းသည် ခန္ဓာကိုယ် အတွင်း ဖြစ်ပေါ်နေသည့် နတ်ဘုရား စိတ်ဝိညာဉ်အား တွေ့မြင်လိုက်ရသည်။
ထို စိတ်ဝိညာဉ်မှာ လူငယ်တစ်ယောက်၏ အသွင်အပြင် ရှိ၏။ ဟွာရန်ဖန်းက ခဏအတွင်းမှာပင် ထိုလူငယ်အား မှတ်မိလိုက်၏။ ထိုအရာမှာ သူကိုယ်တိုင်ပင် ဖြစ်ပေသည်။
"ဘုန်း …"
နတ်ဘုရား စိတ်ဝိညာဉ်က ဟွာရန်ဖန်း၏ ဦးခေါင်းထိပ်မှ နေ၍ ကောင်းကင်သို့ ပျံတက်၏။ ထိုအရာက မိုးကုပ်စက်ဝိုင်း၌ တောက်ပသော အလင်းများကို ထုတ်လွှတ်ကာ လောကကြီးအား ခြုံငုံကြည့်သည်။
"ဆရာက ဝိညာဉ် စွမ်းအားနဲ့ လောကကြီးကို မျှော်ကြည့်နိုင်နေပြီပဲ … တန်ခိုးရှင်တွေမှာပဲ ဒီလို စွမ်းအားမျိုး ရှိနေနိုင်တယ် …"
ချမ့်တန့်ချင်က ကောင်းကင်ကို မျှော်ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်၏။ သူမ၏ အသံများက အနည်းငယ်ပင် တုန်ရီနေခဲ့သည်။
ယူကီရှီရိုဆာကမူ သူမလောက် အံ့အားသင့်ခြင်း မရှိချေ။ သူမကား ချန်းဖန် တန်ခိုးရှင် အဆင့်သို့ တက်လှမ်းခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ဖူးသူ ဖြစ်သည်။ ထိုမြင်ကွင်းနှင့် ယှဉ်ပါက ဟွာရန်ဖန်း တန်ခိုးရှင် အဆင့် တက်လှမ်းသည့် မြင်ကွင်းမှာ မပြောပလောက်ချေ။
"ဟား ဟား … ငါ့ရဲ့ အသက်ဓာတ်က ပြန်ပြီး ဟန်ချက်ညီသွားပြီ …"
"အခုက စလို့ ငါက သေမျိုးတွေရဲ့ အရှင်သခင် တန်ခိုးရှင်ပဲ …."
ဟွာရန်ဖန်းက ကျယ်လောင်စွာ ရယ်မောရင်း ကြုံးဝါးလိုက်၏။
သူ၏ အသံက မိုင်ပေါင်းများစွာကို ဖြတ်သန်းရင်း တိမ်တိုက်များကို ကျော်လွန်ကာ ပဲ့တင်သံ ရိုက်ခတ် နေတော့သည်။
ထို့နောက် ဟွာရန်ဖန်းက ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပူးပေါင်းကာ မျက်လုံးများကို ပြန်ဖွင့်ရင်း ချန်းဖန်ရှေ့၌ ဒူးထောက်လိုက်၏။
"ဆရာသခင် … ကျုပ်ကို တပည့်အဖြစ် လက်ခံ သတ်မှတ်ပေးပါ … ကျုပ်ရဲ့ ဘဝတစ်ခုလုံးမှာ ဆရာသခင်ရဲ့ အမှုကို ထမ်းရွက်ပါမယ်လို့ သစ္စာဆိုပါတယ် …"
"ဆရာသခင် …"
ချမ့်တန့်ချင်မှာ သူမ၏ အကြားအာရုံကိုပင် သံသယ ဖြစ်မိသွား၏။
ဟွာရန်ဖန်းက အသက်နှစ်ဆယ် အရွယ် လူငယ်လေးကို တပည့် အဖြစ် လက်ခံပေးရန် တောင်းဆိုနေသည်။ မျက်မြင်ကိုယ်တွေ့သာ မဟုတ်လျှင် ထို အကြောင်းအရာကို သူမ ယုံကြည်မိမည် မဟုတ်ချေ။
ထိုအချိန်၌ ဟွာရန်ဖန်းမှာမူ မြေပြင်ပေါ်တွက် ဒူးထောက်ရင်း သူ၏ အသစ်ရရှိလာသော စွမ်းအားများကို ခံစား ကြည့်နေတုန်းပင်။
သူကား အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာ ကြာအောင် သောင်တင်နေခဲ့သူ ဖြစ်သည်။ မည်သည့်ပင် ကြိုးစားစေကာမူ နောက်ဆုံး အတားအဆီးကို မကျော်ဖြတ် နိုင်ခဲ့ပေ။
သို့သော်လည်း ချန်းဖန်က သူ့အတွက် နတ်ဘုရား စိတ်ဝိညာဉ် တစ်ခု ဖန်တီးကာ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းစေခဲ့၏။
"သူ့ရဲ့ ဝိညာဉ် စွမ်းအင်ကို ငါ့ခန္ဓာကိုယ်ထဲ ထည့်သွင်း ပေးလိုက်တုန်းက ငါတစ်ခုခုကို တွေ့မြင်ရသလိုပဲ …"
ဟွာရန်ဖန်းက တွေးလိုက်၏။
သူကား ဝိညာဉ် စွမ်းအားတွင် ပါဝင်နေသော ချန်းဖန်၏ အတိတ်ဘဝ တစ်စိတ်တစ်ပိုင်း ပုံရိပ်များကို တွေ့မြင်ခဲ့ခြင်း ဖြစ်သည်။ တောင်များကို ရွှေ့ပြောင်းနိုင်သည့် တန်ခိုးရှင်များ၊ စကြဝဠာကို ကျော်လွှားသွားနိုင်သည့် နတ်ဘုရားများ၊ အသက် သန်းပေါင်းများစွာကို ရှင်းလင်းပစ်နိုင်သည့် တိုက်ခိုက်ရေး နည်းစနစ်များ စသည့် ပုံရိပ်များက ရင်သပ် ရှုမောဖွယ် ကောင်းလှ၏။ ထိုအရာများက သူ၏ တွေးတော ဆင်ခြင်နိုင်စွမ်း တစ်ဖက်ကမ်းတွင် ရှိသည်။
"ဆရာသခင်က တကယ်ပဲ ရှေးဟောင်း နတ်ဘုရား တစ်ပါး ပြန်ပြီး မွေးဖွားလာတာကိုး … ဒါကြောင့် မလို့ပဲ သုံးနှစ်လောက် အတောအတွင်းမှာ မခန့်မှန်းနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်လာတာ …"
"ငါသူနဲ့ ဆုံတွေ့ရတာ ကံကြမ္မာကြောင့်ပဲ … ကံကြမ္မာက ပေးတဲ့ ဒီအခွင့်အရေးကို ငါ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး …"
ဟွာရန်ဖန်း၏ စိတ်၌ ချန်းဖန်ကို လေးစားခြင်းများမှာ သမုဒ္ဒရာများ ကဲ့သို့ ပြည့်လျှံလာသည်။
"ထတော့ …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အမိန့်ပေးလိုက်၏။
"ခင်ဗျားက ကျုပ်ရဲ့ တပည့်ဖြစ်ဖို့ မလုံလောက်သေးဘူး … ဒါပေမဲ့ ဆန္ဒရှိရင် ကျုပ်ရဲ့ အမည်ခံ တပည့်တော့ ဖြစ်နိုင်တယ် …"
"ကောင်းပါပြီ ဆရာ …"
ဟွာရန်ဖန်းက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ရင်း ဦးညွှတ်လိုက်၏။ ချန်းဖန်က အမည်ခံ တပည့်အဖြစ်သာ လက်ခံခဲ့သည့်တိုင် သူကား အလွန်အမင်း ပျော်ရွှင်နေခဲ့၏။
ထိုဘွဲ့ထူးကား ရှေးဟောင်း တန်ခိုးရှင် သူတော်စင်၏ အမည်ခံ တပည့်ဖြစ်သည်။ ထိုဘွဲ့ထူး တစ်ခုနှင့်ပင် သူသည် ဤကမ္ဘာ၌ ရင်ကော့ နေနိုင်ပြီ ဖြစ်သည်။
ချမ့်တန့်ချင်မှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေခဲ့၏။
သူမ၏ ဆရာမှာ ကျောင်းဟိုင်၏ ကာကွယ် စောင့်ရှောက်သူ ဖြစ်ကာ များစွာသော လူများ၏ လေးစားမှုကို ခံရသူ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက အမည်ခံ တပည့်အဖြစ် လက်ခံရုံနှင့်ပင် ရုပ်ပျက် ဆင်းပျက်ပင် ပျော်နေခဲ့သည်။
သူ၏ မျက်နှာမှ အပြုံးမှာ တန်ခိုးရှင် အဆင့်ကို ရောက်ချိန်ကထက်ပင် ပိုမို နေသေး၏။
"အာ … ပြောဖို့ မေ့နေလို့ … မင်းမှာ အသက် ဆယ့်ရှစ်နှစ်လောက် ရှိတဲ့ စီနီယာ အစ်မတစ်ယောက် ရှိသေးတယ် … သူ့ကို နှစ်ခဲ့တဲ့ နှစ်နှစ်လောက်က အမည်ခံ တပည့်အဖြစ် ငါလက်ခံထားတာ … သူက အခု ကျောင်းကျိုးမြို့မှာ နေနေတာ … သူ့ကိုလည်း ဂရုစိုက်ပေးပါဦး …"
ချန်းဖန်က ပြောလိုက်၏။
"စိတ်ချပါ … စီနီယာ အမကိုလည်း ဆရာ့ကို ဆက်ဆံသလိုပဲ ဆက်ဆံပါ့မယ် …"
ဟွာရန်ဖန်းက ခေါင်းညိတ်လိုက်၏။
"အဟမ်း အဟမ်း …"
ချမ့်တန့်ချင်မှာမူ နေရင်းထိုင်ရင်း အသက်ရှူပင် ကျပ်လာသောကြောင့် ချောင်းနှစ်ချက် ဆင့်ကာ ဆိုးလိုက်မိသည်။
ထိုအရာက သူမတွင် အသက်နှစ်ဆယ် အရွယ် ဆရာဘိုးဘိုးနှင့် အသက်ဆယ့်ရှစ်နှစ် အရွယ် ဆရာတူ ဒေါ် လေး ရှိလာခြင်းဟု ဆိုလိုသည် မဟုတ်ပါလား။
"ရှောင်ချင် … ဒီကိုလာပြီး ဆရာဘိုးဘိုးကို ဂါရဝ ပြုလိုက်ဦး …"
"ဟုတ် …"
ချမ့်တန့်ချင်က အောင့်သက်သက်ဖြင့်ပင် ချန်းဖန်ရှေ့သို့ သွားကာ ဒူးထောက် ဂါရဝ ပြုလိုက်သည်။
"မွေးရာပါ ပါရမီရှင်"
ထိုဂုဏ်ပုဒ်က ဟာသပင်။
"ဆရာ … ဒီမှာ ခဏလောက် ဆက်နေပေးပါဦး … ကျွန်တော့်မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးစရာ ရှိလို့ပါ …"
ဟွာရန်ဖန်း၏ တောင်းဆိုမှုကို ချန်းဖန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
သူ၏ စိတ်ဝိညာဉ် အပိုင်းအစ တချို့ကို ဟွာရန်ဖန်း တွေ့မြင်ခဲ့ကြောင်း ချန်းဖန် ကောင်းစွာ သိသည်။ သို့သော်လည်း ထိုမှတ်ဉာဏ်များမှာ သူ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ မရောက်ခင်က မှတ်ဉာဏ်များသာ ဖြစ်သည်။
ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် နောက်ပိုင်း မှတ်ဉာဏ်များကိုမူ သူ၏ ဆရာ ထန်ချင်ပင်လျှင် ဖွင့်လှစ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ဟွာရန်ဖန်းမှာ သူ၏ အစစ်အမှန် ပုံရိပ်ကို သိရှိသွားရန် အကြောင်း မရှိချေ။
ဤသို့ဖြင့် ထိုည၌ ချန်းဖန်ကား သူ၏ တပည့် အသစ်စက်စက်လေး မေးသော မေးခွန်းများကို ဖြေရှင်းရင်း အချိန်ဖြုန်း နေခဲ့တော့၏။
***
နောက်တစ်နေ့ နံနက် …
မန်နေဂျာရှု့မှာ အပျော် ဇနီးမယားလေး၏ ခုတင်ထက်တွင် ကောင်းမွန်သော ညတစ်ညကို ဖြတ်သန်းပြီးနောက် နိုးလာခဲ့၏။
သူကား ကျင်းရှု့လုပ်ငန်းစု၏ ဒါရိုက်တာများ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။
အလုပ် ရုံခန်း အတွင်း ရောက်လာပြီးနောက် မန်နေဂျာရှု့မှာ လုပ်ဖော်ကိုင်ဖက်များ တစ်ခုခု ထူးဆန်းနေကြောင်း သတိထားမိလိုက်၏။
"ဟေး … ဘယ်လိုလဲ လော့ဟောင် …"
မန်နေဂျာရှု့က မန်နေဂျာဟောင်ထံသို့ လျှောက်သွားရင်း နှုတ်ဆက်လိုက်၏။
"သူဌေးဝမ်ရဲ့ သားက ကျိမိသားစုကို ကိုင်တွယ်မယ် ဆိုတာ ဘယ်လိုနေလဲ မသိဘူး … ငါတို့ ကျိမိသားစုကို တိုက်ရိုက် သွားပြီး ညှိုနှိုင်းလိုက်တာ ကောင်းမယ် ထင်တယ်နော် … မဟုတ်ရင် ငါတို့မှာ …"
မန်နေဂျာရှု့၏ စကား မဆုံးခင်မှာပင် မန်နေဂျာဟောင်က သူ့အား ကြည့်ရင်း ထူးဆန်းစွာ မေးလိုက်၏။
"လော့ရှု့ … မနေ့ညက ဘာတွေ ဖြစ်သွားလဲ ဆိုတာ မင်းတကယ် မသိသေးတာလား …"
***