၁လ
Vol. 63 Ch. 1023
မသိလိုက်ခင်မှာပင် ၁လ ဟူသော အချိန် ကုန်ဆုံးသွားခဲ့လေပြီ။
ချန်လွေ့က သိဒ္ဓိအလင်းခန်းမတွင် ဆက်နေနေဆဲပင်။ ကျောင်းတော်မှ လူတိုင်း၏ အမြင်တွင်တော့ သူက ယခုတွင် ကျောင်းတော် ဘဝကို အပြည့်အဝ အသားကျနေပြီ။
သူက ယခင် သခင်တစ်ယောက် ဖြစ်စဉ်ကထက် အချိန်အားနေသည်။ အချိန် အားနေသည့်အပြင် ပုံမှန် ပျင်းစရာကောင်းသော ဘဝကိုလည်း ပိုင်ဆိုင်နေခဲ့သည်။
ယခင်နယ်မြေမှာကဲ့သို့ ရှုပ်ထွေး ပွေလီသောကိစ္စများလည်း မရှိသလို နန်းတော်ထဲမှ အာဏာလုပွဲလည်း (အပေါ်ယံအားဖြင့်) မရှိတော့ပေ။ သူက နေ့တိုင်း တံခါးပိတ်ကာ လေ့ကျင့်နေရုံပင်။ သိဒ္ဓိအလင်းမြို့သို့ ရံဖန်ရံခါမှသာ သူက လျှောက်လည် တတ်သည်။
အလင်းနတ်ဘုရားကျောင်းကို ချန်လွေ့က တစ်ရက်လျှင် ၂နာရီ သွားပြီး ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်အောင် ကြိုးစားသည်။ ထိုအချိန် အတောအတွင်း သူက အများကြီး အကျိုးရှိခဲ့သည်။
‘ဖန်တီးခြင်း’ နှင့် ‘ပျက်စီးခြင်း’ ဆိုသည်မှာ အပြန်အလှန်အားဖြင့် ဆန့်ကျင်ဘက် စွမ်းအားများပင်။ ပျက်စီးခြင်း ဇစ်မြစ်ကို သူ ကျွမ်းကျင် ပိုင်နိုင်ပြီးသားဖြစ်ရာ အသိပညာနှင့် သူ့အလေ့အထထဲတွင် ပျက်စီးခြင်း၏ အရိပ်အမြွက်များ ပါဝင်နေခဲ့သည်။ ထိုအရာက ဖန်တီးခြင်း စွမ်းအားကို နားလည်ရာတွင် အကြီးမားဆုံး အတားအဆီး ဖြစ်လာခဲ့သည်။ သူ ပို၍ နက်နက်ရှိုင်းရှိုင်း သိလေလေ ထိုသို့ ပိုခံစားရလေလေပင်။
ထိုအခက်အခဲကို ရင်ဆိုင်နေရ သည်မှာ ချန်လွေ့ တစ်ယောက်တည်း မဟုတ်ပေ။ ဖိုက်သွန်လည်း ထိုအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ အခြေအနေတွင် သူတို့ နှစ်ယောက်ဟာ မတူညီသော ရည်ရွယ်ချက်များ ရှိကြသော်လည်း ဘုံအကျိုးစီးပွားကြောင့် ဖန်တီးခြင်း စွမ်းအားကို ပိုမို၍ ကောင်းမွန်စွာ နားလည်နိုင်ရန် သူတို့၏ နားလည် သဘောပေါက်မှုများကို တစ်ခါတစ်ရံ အချင်းချင်း ဖလှယ်ခဲ့ကြသည်။
သို့သော် ဖိုက်သွန်ကို အံ့အားသင့် စေသည်က ဖန်တီးခြင်းဇစ်မြစ်အပေါ် ချန်လွေ့ နားလည်သဘောပေါက်မှုက နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း ဖြစ်သော မိမိထက် ပိုမြန်နေပုံခြင်းပင်။
သိဒ္ဓိအမွေအနှစ် သုံးခု ဆက်ခံသူက ဖန်တီးခြင်း ဇစ်မြစ်၏ ခန္ဓာကိုယ် ဖြစ်ကြောင်း ဖိုက်သွန် သိနှင့်ပြီးသား ဖြစ်သည်။ ထိုအရာက ချန်လွေ့၏ အလျင်အမြန် တိုးတက်ခြင်းအတွက် အကြီးမားဆုံး အကြောင်းပြချက် ဖြစ်လောက်သည်။ ထို့ကြောင့် သူက ထိုသိဒ္ဓိအမွေအနှစ်သုံးခု၊ အထူးသဖြင့် သိဒ္ဓိခွက်ကို တိတ်တိတ်လေး လိုချင် နေခဲ့သည်။ ချန်လွေ့က ဗာရိုနီကာ၏ လက်ကျန်ဝိညာဉ်ကို သိဒ္ဓိခွက်ထဲ ထည့်ထားတဲ့အတွက် ဖိုက်သွန်ကို ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းရန် သိဒ္ဓိခွက်ထဲကို မဝင်စေခဲ့ပေ။ သို့သော် သိဒ္ဓိအမွေအနှစ် သုံးခုက ချန်လွေ့ကို အသိအမှတ်ပြုပြီးသား ဖြစ်သည်။ သူက ချန်လွေ့ကို သတ်လိုက်လျှင်ပင် သိဒ္ဓိအမွေအနှစ် သုံးခု၏ စွမ်းအားကို ရရှိနိုင်မည် မဟုတ်ပေ။
အမှန်တကယ်၌ ချန်လွေ့ ထိုသို့ တိုးတက်မှုမျိုး ရရှိခြင်းက သိဒ္ဓိ အမွေအနှစ် သုံးခုကြောင့် သာမက [အထူးစိစစ်မှု]နှင့် သဘာဝသစ်ပင်၏ အထူး လုပ်ဆောင်ချက်ကြောင့်လည်း ဖြစ်ပေသည်။
တစ်နေ့ ၂နာရီသာ ရသော်လည်း အလင်းခန်းမရှေ့၌ ချန်လွေ့၏ နားလည်သဘောပေါက်မှုများအပြင် [အထူးစိစစ်မှု]က ပြန်ရောက်ပြီးလျှင် မှတ်ဉာဏ်ထဲရှိ ထူးခြားသော အထူး အသိအမြင်များကို စုပ်ယူရန်အတွက် [ခွဲခြမ်းစိတ်ဖြာခြင်း]ကို ဆက်လက် လုပ်ဆောင်နိုင်လေသည်။ အချိန် ဥပဒေသ အထူး လေ့ကျင့်ရေးကွင်း ထပ်ပေါင်းထည့်လိုက်ပါက သူသည် ဖိုက်သွန်ထက် တစ်ရက်လျှင် အချိန် အဆ ရာနှင့်ချီ ပိုရခဲ့သည်။
သဘာဝသစ်ပင်က မမျှော်လင့်ထားသော အံ့အားသင့်စရာ တစ်ခု ဖြစ်သည်။ ငွေလကောင်းကင်မြို့တော်၏ သဘာဝသစ်ပင်တိုက်ပွဲတွင် ချန်လွေ့က သေရေး ရှင်ရေး အခြေအနေ၌ ပျက်စီးခြင်း ဥပဒေသကို ပြောင်းပြန်လှန်ရင် အရဲစွန့်ပြီး အသုံးပြုခဲ့လေသည်။ ထို့ကြောင့် သူက ဖန်တီးခြင်း၏ ဇစ်မြစ် အနည်းငယ်ရှိသော မျိုးစေ့ တစ်ခုကို နားလည်သဘောပေါက်ပြီး ကိုယ်ပိုင် ဥပဒေသ အခြေခံကို ဖန်တီးခဲ့လေသည်။
ထို‘မျိုးစေ့’ကို ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော ပေးထားခဲ့သော ‘သစ်သား’ဖဲချပ်နှင့် သဘာဝသစ်ပင်မှ ရလာခြင်းပင်။ သဘာဝသစ်ပင်က ဖန်တီးခြင်းဇစ်မြစ်၏ ကြီးထွားမှုကို လမ်းညွှန်ရန် ကောင်းမွန်သော ‘တိုးတက်မှုလမ်းကြောင်း’ကို ပေးခဲ့ပြီး အကျိုးသက်ရောက်မှု အများအပြား ဖြစ်စေခဲ့သည်။
ထိုအားသာချက်ကြောင့် ဖန်တီးခြင်းဇစ်မြစ်အပေါ် ချန်လွေ့၏ အမှန်တကယ် နားလည် သဘောပေါက်မှုက ဖိုက်သွန်ကို ပြသခဲ့သော အဆင့်ထက်ပင် ပို၍ မြင့်နေခဲ့သည်။ သို့သော် ထိုအရာက ချန်လွေ့သည် ဖိုက်သွန်ထက် စွမ်းအားကို ပိုထုတ်လွှတ်နိုင်ကြောင်း မဆိုလိုပါပေ။ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း]ကို အသက်သွင်း လိုက်လျှင်ပင် သူက နတ်ဘုရား တစ်ပိုင်း အဆင့်သာ ရှိနေသေး၏။ နတ်ဘုရား-ယောင် ထိပ်သီးပိုင်း ဖြစ်သော ဖိုက်သွန်က ဝိညာဉ် ပျက်စီး နေသော အခြေအနေ ရှိနေသည့်တိုင် သူ့အရှေ့ ချန်လွေ့က အလွယ်တကူ ချေမှုန်းခံရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေသေးသည်။
ဖိုက်သွန်က ချန်လွေ့သည် ဖန်တီးခြင်းဇစ်မြစ်ကို အမှန်တကယ် မည်မျှ နားလည်သွားကြောင်းကို မသိသော်လည်း လက်ရှိ ချန်လွေ့ တန်ဖိုး ယခု အများဆုံးရောက်နေပြီ ဖြစ်ကြောင်း သိနေရာ သူ့အပေါ် ရန်လိုရန် မသင့်တော်ပေ။ ထို့ကြောင့် ဖိုက်သွန်က ရင်းနှီးမှုအချို့ ပြသကာ ချန်လွေ့၏ ဉာဏ်ရည်ကို ချီးကျူးပြီး အစ်ဇဘယ်လာနှင့် ဇိုလာတို့၏ လေ့ကျင့်ရေးပြဿနာများကို ခဏခဏ ထောက်ပြခဲ့သည်။
အထူးသဖြင့် အစ်ဇဘယ်လာက နဂါးဧကရာဇ်ပါဂရစ်ဇ် ပေးခဲ့သော ‘သိဒ္ဓိကြေးခွံ’ကို အခြေခံအားဖြင့် ချေဖျက်ပြီးပြီ ဖြစ်သည်။ ဖိုက်သွန်၏ လမ်းညွှန်မှုနှင့်အတူ သူက တိုင်းပြည် ဖန်တီးခြင်း၏ အစွန်းအဖျားကို ရေးရေးလေး ထိတွေ့ခဲ့ မိလေသည်။ ဇိုလာ၏ နတ်ဘုရားတစ်ပိုင်း အဆင့် စွမ်းအားလည်း ပိုခိုင်မာလာခဲ့သည်။
နှစ်ဖက် သဘောတူညီချက် အရ ဖိုက်သွန်က ‘ကျက်သရေမျှော်စင်’ ၏ စွမ်းအားကို အမှန်တကယ် ထိန်းချုပ် နိုင်ရန် ချန်လွေ့ကို ကူညီခဲ့သည်။
ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် အဆောင်ပစ္စည်းက အဆင့်ပိုမြင့်လျှင် အသုံးပြုသူ၏ ကိုယ်ပိုင် စွမ်းအားကို ပိုမြှင့်ပေးနိုင်သည်။ အဆောင်ပစ္စည်း ကိုယ်တိုင်၏ စွမ်းအား သာမက အဆောင်ပစ္စည်း အများအပြားက အထူးစွမ်းအားများကိုလည်း အသုံးပြုကြသည်။
အဆောင်ပစ္စည်းများတွင် လုပ်ဆောင်ချက်များ အမျိုးမျိုးရှိပြီး ဖျက်ဆီးနိုင်စွမ်း သက်သက်ဖြင့် အကဲဖြတ်မရနိုင်ပေ။ အရှားပါးဆုံးက နေရာလွတ် အဆောင်ပစ္စည်းများပင်။
ဖျက်ဆီးနိုင်စွမ်း သက်သက်အရ
ဆိုလျှင် ကျက်သရေမျှော်စင်က မိုးကြိုး ကောက်ရိုက်တုတ် ကဲ့သို့ အခြေခံအဆောင်ပစ္စည်းလောက်ပင် မကောင်းပေ။ သို့သော် ၎င်း၏ တာဝန်က ဖျက်ဆီးခြင်း တစ်ခုတည်း မဟုတ်ပေ။ အရေးအကြီးဆုံးအရာက ‘နေရာလွတ်’ ပင် ဖြစ်သည်။
နောက်ဆုံး အလင်းနတ်ဘုရားကျောင်း တိုက်ပွဲတွင်သာ ချန်လွေ့၌ မိုးကြိုးကောက်ရိုက်တုတ် ကဲ့သို့ ဖျက်ဆီးနိုင်စွမ်းရှိသော အဆောင်ပစ္စည်းသာ ရှိခဲ့မည်ဆိုလျှင် အဆောင်ပစ္စည်းကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင်ပင် မိုက်ကယ်၏ အင်အားကြီး အရှိန်အဝါမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နဂါးဧကရာဇ် ပါဂရစ်ဇ်က ကျက်သရေမျှော်စင်က အရှားပါးဆုံး နေရာလွတ် အဆောင်ပစ္စည်း ဖြစ်ပြီး အဓိက စွမ်းရည် သုံးခု ရှိကြောင်း ပြောခဲ့ဖူးသည်။ ပထမ တစ်ခုကမှာ ‘နေရာလွတ်အတားအဆီး’ ဖြစ်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို လမ်းလွှဲ ကာကွယ်ရန် အတွက် အတားအဆီး တစ်ခုအဖြစ် နေရာလွတ် စွမ်းအားကို အသုံးပြုခြင်း ဖြစ်သည်။
ဒုတိယတစ်ခုက ‘နေရာလွတ်လွန်းပျံ’ ဖြစ်ပြီး နေရာလွတ်ချိပ်ပိတ်ကို ချိုးဖျက်ကာ ကြုံရာနေရာသို့ ရောက်သွားနိုင်သော ခရီးဝေး နေရာလွတ် လွန်းပျံပင်။ ချန်လွေ့က စွမ်းအား မလုံလောက်ရာ ထိုလုပ်ဆောင်ချက်ကို မစတင်နိုင် ခဲ့ပေ။ သို့သော်လည်း နောက်ဆုံး တစ်ကြိမ်က ဖိုက်သွန်၏ နတ်ဘုရား-ယောင် ဝိညာဉ် အမှတ်အသားကို သုံးပြီး အဆောင်ပစ္စည်းကို ထိန်းချုပ် ခဲ့လေ၏။ အလင်းနတ်ဘုရားကျောင်း အရှေ့တွင် နေရာလွတ် ချိပ်ပိတ်ကို ချိုးဖျက်ပြီး [ကြယ်ဂိတ်] ဖွင့်ကာ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။
တတိယတစ်ခုမှာ တိုင်းပြည် ပေါင်းစပ်မှု နေရာလွတ် လွှဲပြောင်းမှု အတွက် သက်ရှိ အများအပြားကို သယ်ဆောင် သွားနိုင်မည့် အထူး သက်ရှိ နေရာလွတ်တစ်ခု ဖွဲ့စည်းဖို့ တိုင်းပြည်ကို ပေါင်းစပ်ခြင်း ဖြစ်၏။ ထိုနေရာလွတ်၏ အရွယ်အစားက သာမန် သိုလှောင်ပစ္စည်းများထက် အများကြီး ပိုသည်ကို ပြောစရာ မလိုပေ။ သက်ရှိများ သိုလှောင်ခြင်း နှင့် နေရာလွတ် လွှဲပြောင်းခြင်း အတွက် လုပ်ဆောင်ချက်များကပင် သိုလှောင်ပစ္စည်းနှင့် အခြေခံအားဖြင့် ကွဲပြားပေသည်။
‘နေရာလွတ်အတားအဆီး’ နှင့် ယှဉ်လျှင် ချန်လွေ့ ပိုလိုအပ်သည်က ‘နေရာလွတ်လွန်းပျံ’ နှင့် ‘တိုင်းပြည်ပေါင်းစည်းခြင်း’ပင်။ ‘နေရာလွတ်လွန်းပျံ’က သူ့ကို နောက်ဆုံးအခေါက်ကကဲ့သို့ နေရာလွတ် ချိပ်ပိတ်ကို ဖောက်ပြီး အရေးကြီးသောအချိန်များတွင် သူ့အသက်ကို ကယ်တင်ရန်အတွက် [ကြယ်ဂိတ်]ကို သုံးနိုင်လေသည်။ ‘တိုင်းပြည်ပေါင်းစည်းခြင်း’က ကြယ်အပ်နှင်းခြင်းမရှိသော သူများနှင့်အတူ ထွက်ပြေးရန် သူ့ကို ကူညီပေးနိုင်၏။ ကြယ်အပ်နှင်းခြင်း စွမ်းရည်က အလွန်ပင် ကောင်းမွန်လှ သော်လည်း ကြယ်အပ်နှင်းစင်မြင့် အပေါ်တွင် မူလ ကိုယ်ခန္ဓာနှင့် ပေါင်းစပ်နိုင်သော ရုပ်ထုတစ်ခုကို ဖန်တီးနိုင်ရန် အနည်းဆုံး ၁လကြာ [ကြယ်အဆင့်တိုးမြှင့်မှု]ကို ရရှိရမည် ဖြစ်ကြောင်း သက်သေပြ ခဲ့ပြီးသား ဖြစ်သည်။ ထို့ပြင် ကြယ်အပ်နှင်းနှင့် စိတ်ဝိညာဉ် ကွင်းဆက်များက အကန့်အသတ် ရှိသည်။ အကယ်၍ တစ်ဖက်က စိတ်ဝိညာဉ် ကွင်းဆက် ဖန်တီးရန် ဆန္ဒမရှိလျှင် သို့မဟုတ် စာချုပ်တစ်ခု ရှိသည်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
သွေးရောင်လက်စွပ် အရောင်က အားကောင်းနေဆဲပင်။ ထိုအရာက တစ်ဖနီသည် ယခု လုံခြုံနေကြောင်း ညွှန်ပြနေခဲ့သည်။ သို့သော်လည်း ရိုင်ဇန်၏ အပ်နှံမှုကို ပြီးမြောက်ရန်က လွယ်ကူသောကိစ္စ မဟုတ်ပေ။
ချန်လွေ့သည် ယူဒိုရာနှင့် အရင်က အဆက်အသွယ် လုပ်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်၁၀၀က အစ်ဇဘယ်လာ၏ အတွေ့အကြုံကြောင့် သိဒ္ဓိမိန်းမပျို အကြောင်းကို သူ ပိုသိလာခဲ့သည်။ တစ်ဖနီ သူ့ဘေးနားမှာ ရှိနေတာက ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ တစ်ဖနီက သူ့အမေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး နက်နက်ရှိုင်းရှိုင်း စွဲလမ်းနေတယ် ဆိုတာ အသေအချာပဲ။ သူ့ကို နတ်ဆိုးဘုံပြန်ဖို့ နားချရမှာက ခက်ခဲ လောက်တယ်။
ဖန်တီးခြင်းဇစ်မြစ် ကိစ္စပြီးသွားရင် ငါ သူနဲ့ ခဏလောက် ထပ်ပြီး ဆက်သွယ် ကြည့်ရမယ်။ လိုအပ်ရင် ကျက်သရေမျှော်စင်ရဲ့ စွမ်းအားကို သုံးရမယ်။
သို့သော် ကျက်သရေမျှော်စင်က သာမန်လူများ အသက်သွင်းနိုင်သော အရာ မဟုတ်ပေ။ နတ်ဘုရား-ယောင် စွမ်းအား လိုအပ်သည်။ နောက်ဆုံး တစ်ခေါက် ချန်လွေ့က ၎င်းကို ဖိုက်သွန်ထံမှ အမှတ်အသား သုံး၍ အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းက စစ်မှန်သော နတ်ဘုရား-ယောင် အဆင့် ဝိညာဉ် အမှတ်အသား ဖြစ်လေသည်။ ပထမဆုံး ဖိုက်သွန်က သူ့ကို အမှတ်အသား ၅ခု ပေးခဲ့ပြီး မောင်းမဆောင်မှ မိန်းကလေးများကို သူ ဝေမျှခဲ့တယ်။။ နောက်ပိုင်း သိဒ္ဓိ အလင်းတောင်တွင် သူ့ကို စည်းရုံးရန် ဖိုက်သွန်က အမှတ်သား ၅ခုကိုလည်း ပေးခဲ့တယ်။ အလင်းခန်းမရှေ့မှာ သူ ထွက်ပြေးခဲ့စဉ် တစ်ခုကို သုံးခဲ့ပြီး အလင်းမိုးကြိုးတောက်ပအတွက် မြှင့်တင်ထားသော ဗားရှင်းအတွက် နောက်တစ်ခု သုံးခဲ့ခြင်း ဖြစ်ပြီး ယခုတွင် သုံးခု ကျန်နေသေးသည်။
ဖိုက်သွန်၏ နည်းလမ်းက ကျက်သရေမျှော်စင်၏ စစ်မှန်သော စွမ်းအားကို အသက်သွင်းရန်အတွက် ဝိညာဉ် အမှတ်အသားကို မည်သို့ အသုံးပြုရမယ် ဖြစ်ကြောင်း သူ့ကို ပြသရန်ပင်။ ဝိညာဉ်အမှတ်အသား တစ်ခုကို အသုံးပြုပြီးနောက်တွင် ကျက်သရေမျှော်စင်၏ ‘တိုင်းပြည်ပေါင်းစည်းခြင်း’ စွမ်းအားကို မနည်း အသက်သွင်း နိုင်ခဲ့သည်။ စမ်းသပ်ပြီးတဲ့နောက် သူက [ကြယ်ဂိတ်]ကို လွန်းပျံဖြင့် အစ်ဇဘယ်လာနှင့် ဇိုလာကို သယ်ဆောင် သွားနိုင်ခဲ့သည်။ သို့သော် အချိန်က အကန့်အသတ် ရှိသည်။ ၁၀မိနစ်အောက်သာ ခံနိုင်ပြီး သူတို့က နေရာလွတ်မှ အလိုလို ပယ်ချခံရလိမ့်မည်။ သို့သော်လည်း [ကြယ်ဂိတ်]ထဲဝင်ပြီး ထွက်ပြေးရန် ၁၀စက္ကန့်က လုံလောက်ပြီ ဖြစ်သည်။ ထိုမတိုင်ခင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်၏။ ဖိုက်သွန်၏ ‘အကြံပေးချက်များ’၌ အားနည်းချက် မရှိသော်လည်း ထိုကဲ့သို့ ဝိညာဉ် အမှတ်အသားက ဖိုက်သွန် ဆီမှ ရလာခြင်းဖြစ်ရာ မရိုးရှင်းကြောင်း ချန်လွေ့က မသိစိတ်မှ ခံစားနေရ၏။ သူက ဖိုက်သွန် နည်းလမ်းများကို ကောင်းကောင်း သိနေသည်။ သိဒ္ဓိအလင်းတောင်တွင် ကောင်းကင် တမန်သုံးပါး ဖြစ်သော ရာဖယ်ရယ်၊ မိုက်ကယ်နှင့် ဂေဘရီရယ်တို့၏ မျက်လုံးအောက်တွင် ရှိနေခြင်းက အလုံခြုံဆုံးဖြစ်သည်။ သူက သိဒ္ဓိ အလင်းတောင်မှ ထွက်သွားလျှင် သို့မဟုတ် ဖိုက်သွန်သာ ဖန်တီးခြင်း ဇစ်မြစ်ကို လုံးဝ နားလည်သွားလျှင် သူ၏ မျက်နှာအမှန်ကို ပြသလာမှာ အသေအချာပင်။ ဖြစ်နိုင်ချေရှိသော အရာအားလုံးကို ကြိုတင်ကာကွယ် ထားရပေမည်။
[အထူးစိစစ်မှု]မှတဆင့် ကျက်သရေမျှော်စင်က ချန်လွေ့၏ ‘သီးသန့်ပစ္စည်း’ ဖြစ်သွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း ဖိုက်သွန်က မသိပေ။ သို့သော် ချန်လွေ့၏ လက်ရှိ အစွမ်းက ကျက်သရေမျှော်စင်၏ စွမ်းအားကို ထုတ်နိုင်ရန် မလောက် သေးပေ။ အကယ်၍ ဖိုက်သွန်က ကျက်သရေမျှော်စင်၌ ကစားချင်လျှင် မမျှော်လင့်သော ‘အံ့သြစရာများ’ ဖြစ်လာပေလိမ့်မည်။
ထိုအတောအတွင်း ချန်လွေ့က သိဒ္ဓိသားတော် အဆင့်အတန်းကို အသုံးပြုနေပြီး ‘စိတ်ဝိညာဉ် အမှတ်အသား ပေါင်းစပ်ခြင်း’နှင့် ရာဖယ်ရယ်၏ နာမည်ကို အကြောင်းပြကာ ပုပ်ရဟန်းမင်းကြီး ဗန်တိစ်ဆီမှ အမျိုးမျိုးသော အရင်းအမြစ် လိုအပ်ချက်များကို တင်ပြခဲ့လေသည်။ အဓိကအားဖြင့် ၎င်းတို့မှာ ဇိုလာ၏ လေ့ကျင့်ရေး အတွက် လိုအပ်သော မှော်ကုန်ကြမ်းများ၊ အစ်ဇဘယ်လာ၏ လေ့ကျင့်ရေး အတွက် လေဒြပ်စင် ပစ္စည်းများ၊ ရှားပါးသော အလင်းဒြပ်စင်ကုန်ကြမ်း အများအပြားနှင့် ‘ကြယ်မြို့’ မြှင့်တင်ရန် လိုအပ်သော ကုန်ကြမ်း ပစ္စည်းအမျိုးမျိုးတို့ပင်။
ဗန်တိစ်က ထိုသို့ အထောက်အပံ့ ပစ္စည်းများနှင့် အရေအတွက်ကို အတော်လေး အံ့အားသင့်သော်လည်း ထိုအရာက အမြင့်ဆုံး ကောင်းကင် တမန်တော် ရာဖယ်ရယ်၏စိတ်ဆန္ဒ ဖြစ်သည့်အတွက် လျစ်လျူရှု မရဲပေ။ သိဒ္ဓိကျောင်းတော်၏ နောက်ခံက အတော်လေးကို အံ့သြစရာ ကောင်းလှပေသည်။ ချန်လွေ့ တောင်းဆိုသော စာရင်းများထဲမှ အလွန်အမင်း ရှားပါးသော ပစ္စည်း အချို့မှလွဲပြီး ကျန်သောအရာအားလုံး ရရှိခဲ့လေသည်။
အလင်းဒြပ်စင် ကုန်ကြမ်း အများစုကို သိဒ္ဓိခွက်တွင် အသုံးပြု ခဲ့သည်။ အကြောင်းမှာ သိဒ္ဓိခွက်က အလင်းစွမ်းအားကို စတေးခြင်းဖြင့် ပြန်လည်ကောင်းမွန်သော အကျိုးသက်ရောက်မှုကို အရှိန်မြှင့် စေနိုင်၍ပင်။ ထိုသို့ စရိတ်စက ဂရုမစိုက်ဘဲ စတေးမှုအောက်တွင် ဗာရွန်နီကာ၏ နဂိုက အပိုင်းအစ ဖြစ်နေသောဝိညာဉ်က တဖြည်းဖြည်း စုစည်းပြီး ပြန်လည်၍ ကောင်းမွန် လာခဲ့သည်။ လုံးဝ ပြန်ကောင်းရန် အချိန် အတော်လေး လိုနေသေး သော်လည်း သူက နောက်ဆုံးတွင် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသည်။
တစ်နေ့ ရာဖယ်ရယ် ရောက်လာ ပြန်ပြီး ချန်လွေ့က ‘ပေါင်းစည်းမှု’ လုပ်ငန်းစဉ်ကို တင်ပြခဲ့လေသည်။ ရာဖယ်ရယ်က မူလ စစ်သည်တော် (အဆင့်မြင့်နတ်ဆိုး)အဆင့်က သူတော်စင်အဆင့်ထဲ ရောက်နေပြီ ဆိုကြောင်း သတိပြုမိခဲ့လေသည်။ သူတော်စင်-ယောင် အဆင့်သာ (နတ်ဆိုးဧကရာဇ်) ဖြစ်သော်လည်း ထိုအရှိန်က အတော်လေး အံ့သြစရာ ကောင်းပေသည်။ ‘အာသာ’၏ ‘စိတ်ဝိညာဉ်အမှတ်အသား’ကို ပေါင်းစည်းရန် ကြိုးပမ်းမှုက အတော်လေး အောင်မြင်ခဲ့ပုံရသည်။
ထို့နောက်တွင် ချန်လွေ့က ရာဖယ်ရယ် အရှေ့တွင် အခြေခံ အကျဆုံးသော ‘အစစ်အမှန် ဆေးရည်အတွဲလိုက်’ ဖြစ်သည့် ဆေးရည်မည်းများကို ပြုလုပ်ဖန်တီး ပြခဲ့သည်။ သူက ယခုတွင် ဆေးရည် မဟာဆရာသခင် တစ်ယောက်၏ စွမ်းရည်အချို့ကို ကျွမ်းကျင်သွားခဲ့ပြီး အချိန်ကြာလာသည် နှင့်အမျှ သူက ပိုအဆင့်မြင့်သော ဆေးရည်မည်းများ သေချာဖောက် ဖော်စပ်နိုင်လိမ့်မည်။
ရာဖယ်ရယ်က အမြဲပင် မာနကြီး နေခဲ့သည်။ သူက ထို‘ပုရွက်ဆိတ်’၏ လှည့်ကွက်များနှင့် ကစားခံနေရမည် ဟူ၍ လုံးဝ မတွေးမိခဲ့ရာ သံသယ မဝင်ခဲ့ပေ။ ထိုအစား သူက ကျေနပ် နေခဲ့သည်။
“ကောင်းတယ်။ တိုးတက်မှုက မျှော်လင့် ထားတာထက် ပိုမြန် နေသေးတယ်။ မနက်ဖြန် မင်း သိဒ္ဓိ ကောင်းချီးတောင်ထိပ်ကို သွားနိုင်ပြီ။”
ထိုစကားကို ပြောပြီးနောက်တွင် ရာဖယ်ရယ်၏ ပုံရိပ်က လေထဲသို့ ပျောက်ကွယ်သွားခဲ့သည်။