← Chapters

သိဒ္ဓိကျက်သရေ စင်မြင့်

Vol. 63 Ch. 1024

သိဒ္ဓိကျက်သရေ စင်မြင့်

Vol. 63 Ch. 1024

သိဒ္ဓိကောင်းချီးတောင်ထွတ်ဝယ် -

ကြွယ်ဝသော ယုံကြည်မှုစွမ်းအား၊ ကျယ်ပြောသော ရင်ပြင်နှင့် ခမ်းနား ထည်ဝါလှသော ကောင်းကင်တမန် ရုပ်ထု ရှိနေ၏။

ရင်းနှီးပြီးသား မြင်ကွင်းကို ကြည့်ရင်း ချန်လွေ့က စိတ်ထဲတွင် ခံစားချက် ပြင်းထန်သွားခဲ့သည်။

ဤနေရာသို့ နောက်ဆုံး တစ်ကြိမ် ရောက်လာစဉ်က သူသည် ‘ပေါလ်၏ လက်အောက်ငယ်သား’ အဖြစ် လာခဲ့ခြင်းဖြစ်ပြီး အတင်းအကျပ် လောကဝတ်မှုကြောင့် သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော် ဖြစ်လာခဲ့သည်။ ရင်းနီအတွက် နှင်းဒဲလက်ပန်းကို ရခဲ့သည့်အပြင် သူ့ဘဝထဲ အရေးကြီးဆုံးလူများထဲက တစ်ယောက်ဖြစ်သော ဇာမဏီငှက် သော်သော်ကိုလည်း ရရှိခဲ့လေသည်။

“အရှင်သူမြတ် အာသာ” ယူဒိုရာ၏ အသံက ချန်လွေ့ကို သတိ ပြန်ဝင် လာစေခဲ့သည်။

“အရှင်မ ယူဒိုရာ...” ချန်လွေ့က တောင်းပန်ဟန်ဖြင့် ပြောလိုက်၏။ “ကျုပ် ခုနကက ဆာ-ရာဖယ်ရယ်ရဲ့ ရုပ်တုက ထုတ်လွှတ်နေတဲ့ စွမ်းအားကြောင့် စိတ်တွေ ပျံ့လွင့် သွားခဲ့တာပါ။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။”

“ဆာ-ရာဖယ်ရယ်ရဲ့ ဂုဏ်ကျက်သရေက သိဒ္ဓိကောင်းချီး တောင်ထွတ် တလျှောက်လုံးမှာ လင်းလက်နေတယ်။ နေရာတိုင်း ဘုရားသခင်ရဲ့ နီးစပ်မှု စွမ်းအားကို ခံစားနိုင်တယ်။” ရာဖယ်ရယ်၏ နာမည်ကို ကြားလိုက်ရာ ယူဒိုရာက လျစ်လျူရှုမရဲခဲ့ပေ။ “အရှင်သူမြတ် ဒီလောက်အထိ ထိန်းချုပ်ထားစရာ မလိုပါဘူး။ အရှင်သူမြတ်က ဆာ- ရာဖယ်ရယ် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ သိဒ္ဓိသားတော်ပါပဲ။ ပြီးတော့ အရှင် သူမြတ်မှာ မတွေးနိုင်လောက်တဲ့ ရှေးဟောင်း ဆက်ခံမှုတွေ ရှိတဲ့သူပါ။ နောက်ထပ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာဖို့ဆိုတာ အနှေးနဲ့ အမြန်ပါပဲ။ အနာဂတ်မှာ သိဒ္ဓိကောင်းချီး တောင်ထွတ်က အရှင်သူမြတ်ရဲ့ တည်ရှိမှုကြောင့် ပိုပြီးတော့ လင်းလက် နေပါလိမ့်မယ်။”

“အရှင်မ ယူဒိုရာက အရမ်းကို ချီးကျူးလွန်းနေပါပြီ။ နောက်ပိုင်း အရှင်မရဲ့ အကြံဉာဏ်တွေကို ကျုပ် လိုအပ်နေဦးမှာပါ။” ချန်လွေ့က အတော်လေး သမာရိုးကျဆန်သော ဓလေ့ထုံးတမ်းဖြင့် ဦးညွှတ်လိုက်၏။

တရားဝင် ဘွဲ့ခံယူခြင်း မရှိသေး သော်လည်း ကျောင်းတော်အဆင့်မြင့် အရာရှိများက ‘အာသာ’သည် အမြင့်ဆုံး ကောင်းကင်တမန် ရာဖယ်ရယ်၏ နှစ်သက်ခြင်း ခံရသူ ဖြစ်ပြီး သိဒ္ဓိအလင်းခန်းမ (သိဒ္ဓိ အလင်းတောင်မှာ အမြင့်ဆုံး တားမြစ် နေရာ) ကိုပင် ဝင်ခွင့်ရခဲ့ကြောင်းကို သိကြ၏။ သိဒ္ဓိသားတော်ဖြစ်ကြောင်း မပြောနှင့်ဦး၊ ပုပ်ရဟန်းမင်းကြီး၏ ရာထူးပင် သူ့အတွက် အဆင်သင့် ဖြစ်နေပြီ။ လက်ရှိအဆင့်အတန်းအရ ဆိုရင် ဂိုဏ်းချုပ် နှစ်ပါးဖြစ်သော ယူဒိုရာနှင့် ပါစမီရာတို့ အောက်တွင် လုံးဝ မရှိနိုင်တော့ပေ။

“အရှင်သူမြတ်နဲ့ ကျွန်မက သိဒ္ဓိ ကောင်းချီးတောင်ထွတ်ထဲမှာ ရှိနေတဲ့အတွက် ဒီလို ယဉ်ကျေးနေဖို့ မလိုပါဘူး။ သွားကြတာပေါ့။” သိဒ္ဓိမိန်းမပျို၏ မျက်နှာလွှားနောက်မှ အပြုံးလေးတစ်ခု ပေါ်လာပုံရပြီး ကျက်သရေရှိသော အရှိန်အဝါကို ဖော်ပြနေခဲ့သည်။

ယူဒိုရာက ချန်လွေ့ထက် အလွန် ပိန်သွယ်ပြီး အရပ်ပိုရှည်သည်။ သူက ဆံပင်အပြာနှင့် မျက်လုံးအပြာရှိပြီး ထူးခြားနေသကဲ့သို့ပင် တကိုယ်လုံး အိပ်မက်ဆန်ဆန် စိတ်နေစိတ်ထား ပေါ်လွင်နေခဲ့သည်။

ချန်လွေ့က ယူဒိုရာကို ပထမဆုံး မြင်တွေ့ခဲ့စဉ်က ဝိုးတိုးဝါးတား ရင်းနှီးသော ခံစားချက်မျိုးကို ရခဲ့ပြီး ယခုတော့ အကြောင်းရင်းကို သူ နားလည်သွားခဲ့သည်။

တစ်ဖနီကြောင့်ပင်။

ယူဒိုရာနှင့် တစ်ဖနီတို့၏ စိတ်နေ စိတ်ထားက တစ်နည်းတစ်ဖုံ ဆင်တူ ပေသည်။ တစ်ဖနီတွင် စရိုက်နှစ်မျိုး ရှိသည်။ ယူဒိုရာနှင့် ဆင်တူသည်က သွေးရောင်အင်ပါယာ ကုန်စည်ပြပွဲ၌ အနည်းငယ် ဆွဲဆောင်မှု ရှိသော မိန်းကလေးမျိုး မဟုတ်ဘဲ ဆက်ခ်ရက်တောင်ရှိ ‘စာတန်တပည့်’ နှင့်ပင်။ ယှဉ်ကြည့်လျှင် တစ်ဖနီက ပိုအေးစက်ပြီး မာနကြီးသလို သိဒ္ဓိ မိန်းမပျို ယူဒိုရာကတော့ လူများကို ပိုဖော်ရွေတဲ့ ခံစားချက်မျိုး ပေးနေ၏။ ထိတွေ့ဆက်ဆံသော လူများက အလိုလို ရင်းနှီးမှုကို ခံစားရနိုင် သော်လည်း မှားယွင်းသော အတွေးမျိုး မတွေးရဲကြပေ။

ယူဒိုရာနှင့်အတူ တပည့်ဖြစ်သော ချန်လွေ့ တွေ့ခဲ့ဖူးသည့် နတ်သူငယ် တစ်ပိုင်း မီရန်ဒါအပြင် စစ်သည်တော် အဖွဲ့ဝင်များ ပါဝင်သည်။ အံ့ဩစရာ ကောင်းသည်မှာ အတွေ့ချင်ဆုံးသော တစ်ဖနီကို မတွေ့ရခြင်းပင်။

ချန်လွေ့က ယူဒိုရာနောက်မှ သိဒ္ဓိ ကောင်းချီးခန်းမအထိ လိုက်သွားပြီး ခန်းမထဲ နေရာယူ လိုက်သည်။ ယူဒိုရာက ကမ်းပါးဖြူ၏ အခြေအနေ အပြင် သိဒ္ဓိကောင်းချီးတောင်ထွတ် ဝန်ထမ်းများနှင့် အဆောက်အဦးများ အကြောင်း ချန်လွေ့အား မိတ်ဆက် ပေးခဲ့သည်။ ၎င်းတို့တွင် ဘွဲ့ခံယူခြင်း အခမ်းအနားမှာ အာရုံစိုက်ရမည့် အဆင့်များနှင့် ဓလေ့ထုံးတမ်းအချို့ပါ ပါဝင်လေသည်။။

ယူဒိုရာ၏ လေသံနှင့် သဘောထားက အမြဲ နှိမ့်ချတာလည်း မဟုတ်သလို မာနကြီးခြင်းလည်း မဟုတ်ဘဲ နွေဦးလေအေးသဖွယ် လူများကို သက်တောင့်သက်သာ ဖြစ်စေသောခံစားချက်မျိုး ပေးနေ၏။

“ကောင်းပါပြီ။ အရှင်သူမြတ် အာသာ။ အခြေခံအားဖြင့်တော့ ဒါပါပဲ။” ယူဒိုရာက ကျက်သရေရှိစွာ ထရပ်လိုက်၏။ “ဆာ-ရာဖယ်ရယ်ရဲ့ အကြီးမားဆုံးရည်ရွယ်ချက်က အရှင်သူမြတ်ကို နှစ်လအတွင်း ကျင်းပမယ့် ဘွဲ့ခံယူခြင်းအခမ်းအနား အတွက် ဒီကို ခေါ်လာတာပါ။ မဟုတ်ဘူး၊ နှစ်လတောင် မကျန် တော့ပါဘူး။ အတိအကျ ပြောရရင် ၅၆ကြာရင်ပေါ့။ ဘွဲ့ခံယူခြင်း အခမ်းအနားကို သိဒ္ဓိကောင်းချီး တောင်ထွတ်မှာ ကျင်းပပြီးတော့ နေရာအတိအကျက တိမ်တိုက်စင်မြင့်မှာပါ။ တိမ်တိုက်စင်မြင့်အတွက် လက်ရှိ တည်ဆောက်မှုကတော့ အဓိက အစိတ်အပိုင်းကိုပဲ ပြီးသေးတယ်။ တကယ်လို့ အရှင်သူမြတ်က ပထမဦးဆုံးအကြိမ် စမ်းသပ်ကြည့်ဖို့ လိုအပ်မယ်ဆိုရင် ကျွန်မနဲ့အတူ တိမ်တိုက်စင်မြင့်ဆီ လိုက်ခဲ့ပေးပါ။”

“ကောင်းပါပြီ။” ၎င်းက ယနေ့ အတွက် အဓိကအချက်ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူက ထရပ်လိုက်၏။

တိမ်တိုက်စင်မြင့်က ကျယ်ဝန်းသော နေရာအကျယ်ကြီး ဖြစ်လေသည်။ ရာဖယ်ရယ်၏ ရုပ်တုရှိနေသော ရင်ပြင်ကဲ့သို့ မကျယ်သော်လည်း နှင်းဒဲလက်ပန်း ရှိရာ နှင်းဖုံးတောင်ထွတ် စင်မြင့်ထက် အများကြီး ပိုကြီးတယ်။ ကြီးမားသော စင်မြင့်တစ်ခုကို တည်ဆောက်ရန် လက်ရှိတွင် ဆောက်လုပ်ရေးများ လုပ်ဆောင်နေကြ၏။

ထိုစင်မြင့်ကို ဘွဲ့ခံယူခြင်း အခမ်းအနားအတွက် ဘွဲ့အပ်နှင်းပွဲ ကျင်းပရန် အသုံးပြုလေ့ ရှိသည်မှာ အသေအချာပင်။ ၎င်းက အထပ် နှစ်ထပ် ရှိသော်လည်း ပုံစံက အတော်လေး ထူးဆန်းလှသည်။ ပုံစံ အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် သုံးပုံ နှစ်ပုံက ပြီးစီးနေခဲ့လေပြီ။

ယူဒိုရာက ချန်လွေ့ကို တစ်ဆင့်ပြီး တစ်ဆင့် စင်မြင့်ဆီ ခေါ်သွားသည်။ စင်မြင့်ပေါ်လည်း ပလ္လင်နှင့်တူသော အဆောက်အဦးငယ်လေး တစ်ခုရှိပြီး ထိုအဆောက်အဦးအောက်တွင် စစ်သည်တော်ပုံစံ ဝတ်ဆင်ထားသော အမျိုးသား ၁၀ယောက် မတ်တတ် ရပ်နေကြသည်။

“အရှင်သူမြတ် အာသာ။ ဒီလူ ၁၀ဦးကတော့ သိဒ္ဓိကောင်းချီးခန်းမရဲ့ ငွေထည်ဝါအစောင့်အရှောက် စစ်သည်တော်တွေပါ။”

ယူဒိုရာ၏ မိတ်ဆက် စကားကို ကြားလိုက်သောအခါ စစ်သည်တော် ၁၀ယောက်က ချန်လွေ့ကို လှည့်ပြီး တပြိုင်နက် ဦးညွှတ်လိုက်ကြတယ်။ ချန်လွေ့က ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ “အရှင်မ ယူဒိုရာ။ ကျုပ် ဘာလုပ်ရမှာလဲ။”

“အရှင်သူမြတ်အနေနဲ့က သိဒ္ဓိ ကျက်သရေစင်မြင့်ကို တက်ပြီးတော့ ဆူးသရဖူရဲ့ ‘[ကောင်းကင်ကောင်းချီး]’စွမ်းအားကို အသက်သွင်းရမယ်။ ပြီးရင်တော့ ဒီစစ်သည်တော် ၁၀ယောက်ရဲ့ ခန္ဓာကို အလင်းကောင်းချီးကိုယ်ခန္ဓာ အဖြစ် ပြောင်းလဲပေးရမှာပါ။”

“ဒါက…” ချန်လွေ့က မျက်မှောင် ကြုတ်လိုက်သည်။ “အရှင်မ ယူဒိုရာ။ အမှန်အတိုင်း ပြောရရင် ကျုပ်က ဆူးသရဖူရဲ့ ‘[ကောင်းကင်ကောင်းချီး]’ စွမ်းအားကို အသက်သွင်းနိုင်ပေမဲ့ သာမန်ခန္ဓာကို အလင်းဒြပ်စင် ခန္ဓာအဖြစ်ပဲ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်နှုန်းက မမြင့်ပါဘူး။ စစ်သည်တော် ၁၀ယောက် မပြောနဲ့။ တစ်ယောက်တည်း ဆိုရင်တောင်မှ တပြိုင်တည်း အောင်မြင်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး”

“ဘုရားသခင်ရဲ့ အဘိဓာန်ထဲမှာ ‘မဖြစ်နိုင်ဘူး’ဆိုတဲ့ စကားလုံး မရှိပါဘူး။” ယူဒိုရာက အသာလေး ပြုံးလိုက်သည်။ “ဘုရားသခင်နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ အမြင့်ဆုံး ကောင်းကင်တမန်တွေအတွက် သူတို့မှာ ‘မဖြစ်နိုင်ဘူး’ ဆိုတာကို ‘ဖြစ်နိုင်တယ်’ အနေနဲ့ ပြောင်းနိုင်တဲ့ မှော်စွမ်းအား ရှိတယ်။ ဒါက အရှင်သူမြတ်ကို သိဒ္ဓိကောင်းချီး တောင်ထွတ်ဆီ ခေါ်လာရတဲ့ အကြောင်းရင်းပါပဲ။”

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး သိဒ္ဓိ ကျက်သရေစင်မြင့်ကို ကြည့်လိုက် လေသည်။ “ဧကန္တ...သိဒ္ဓိကျက်သရေ စင်မြင့်က…”

“ဟုတ်ပါတယ်။ အရှင်သူမြတ် အာသာ။ အခု အရှင်သူမြတ် ရှေ့တက်ပြီး အဲဒီစက်ဝိုင်းနီထဲမှာ ရပ်လိုက်ပါ။ ပြီးရင် ဆူးသရဖူရဲ့ စွမ်းအားကို လုံးဝ ထုတ်လွှတ်ပေးပါ။”

ချန်လွေ့က သူ၏ စကားအတိုင်း သိဒ္ဓိ ကျက်သရေ စင်မြင့်ပေါ်သို့ တက်ခဲ့ပြီး အချင်း၅မီတာခန့် ရှိသော စက်ဝိုင်းနီ မှတ်သားထားသော နေရာထဲ ရောက်လာခဲ့လေသည်။ သူ၏ ခေါင်းပေါ်တွင် ဖန်သားသဖွယ် ကြည်လင်နေသော ဆူးသရဖူလည်း ပေါ်ထွက်လာခဲ့သည်။

ထိုစက်ဝိုင်းနီက အမှန်တကယ်၌ ရှုပ်ထွေးသော ရှေးမှော်စာများ၏ စုစည်းမှု ဖြစ်လေသည်။ သူက စက်ဝိုင်းနီထဲ လျှောက်သွားပြီးနောက် ယူဒိုရာက တစ်ခုခုကို အသက်သွင်း လိုက်ပုံရသည်။ ချန်လွေ့သည် စက်ဝိုင်းနီမှ ထွက်ပေါ်လာနေသော အထူးစွမ်းအားကိုသာ ခံစားခဲ့ရ၏။ လေထဲတွင် သင်္ကေတများစွာ စုဝေး နေခဲ့ပြီး တိတိကျကျ ပြောရလျှင် ရှေးမှော်စာများပင်။ ထိုဝါကျများနှင့် စကားစုများက အတော်လေးကို ထူးခြားပေသည်။ ချန်လွေ့၏အဆင့် နှင့်ပင် ၎င်းတို့၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည် နိုင်ခဲ့ပေ။ ယခုအချိန် သူက ၎င်းတို့ကို စိတ်ထဲ မြန်မြန် မှတ်သားထားပြီး နောက်မှ ဇိုလာနှင့် အတူ ဆွေးနွေးရုံသာ တတ်နိုင်တော့မည် ဖြစ်သည်။

ထိုမှော်စာများက ခဏမျှ ဖြစ်ပြီး အလင်းစက်ဝိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ချန်လွေ့ကို ဝန်းရံ လိုက်လသည်။

ချန်လွေ့က ခန္ဓာကိုယ်ထဲသို့ စက္ကန့် အနည်းငယ်အတွင်း အားကောင်းပြီး အစွမ်းထက်သော ယုံကြည်ခြင်း စွမ်းအား လောင်းထည့်လိုက်သည်ကို ခံစားခဲ့ရသည်။ ယုံကြည်မှုစွမ်းအား သာမက ပိုပြီး ထူးခြားသော စွမ်းအား တစ်ခုလည်း ပါလာခဲ့သည်။ သူ၏ ဝိညာဉ်ထဲတွင် အလင်းတစ်ပိုင်းနဲ့ အမှောင်တစ်ပိုင်း ဂြိုဟ်တစ်ခု၏ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာပုံရ၏။ နေ့နဲ့ည တလှည့်စီ ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ်သော ကြီးမားသည့် အငွေ့အသက်များ ထွက်ပေါ်လာနေသည်။

ထိုသို့‘ပုံရိပ်ယောင်’မျိုးက ထိုစွမ်းအားမျိုးကြောင့် ဖြစ်လောက်သည်။ သို့သော်လည်း တိကျသော မြင်ကွင်းက တစ်ဦးချင်း အလိုက် ကွဲပြားပေသည်။ အဆင့် မြင့်လေလေ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုနားလည်နိုင်လေလေ ဖြစ်သည်။ ချန်လွေ့က ၎င်းကို ကိုယ်ပိုင် ကြယ်တိုင်းပြည်ဖြင့် အတည်ပြုကြည့် ခဲ့သည်။ နက်နဲသော ထိုးထွင်း သိမြင်မှုအရာများစွာ ရှိနေပုံရသည်။

သို့သော် ထိုကဲ့သို့ နားလည်မှုက ကြာရှည်မခံခဲ့ပေ။ သိဒ္ဓိကျက်သရေ စင်မြင့် အကျိုးသက်ရောက်မှုအောက် ဆူးသရဖူ အလင်းက ချက်ချင်းပင် တောက်ပလာခဲ့သည်။ ချန်လွေ့၏ အတွေးများ စီးဆင်းသွားခဲ့ပြီးနောက် သူ၏ စွမ်းအားကို [နတ်ဆိုးဧကရာဇ်] အဆင့်တွင် ဖိနှိပ်ထားကာ သူက [ကောင်းကင်ကောင်းချီး]ကို အသက်သွင်းလိုက်သည်။

သန့်စင်လှသော အလင်းဖြူက အစောင့်အရှောက် စစ်သည်တော် ၁၀ယောက်၏ ကိုယ်ခန္ဓာကို ဖုံးလွှမ်း သွားခဲ့တယ်။ ထိုစစ်သည်တော် ၁၀ယောက်၏ အငွေ့အသက်များက အလျင်အမြန် ပြောင်းလဲလာခဲ့၏။ သူတို့မျက်နှာများ နာကျင်နေပုံရပြီး တစ်မျိုးမျိုး ပြောင်းလဲနေပုံရသည်။

ဆူးသရဖီအလင်းက ၅မိနစ်နီးပါး ကြာခဲ့ပြီး တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့သည်။ အနီရောင် စက်ဝိုင်း အထဲရှိ မှော်စာများ၏ စွမ်းအားလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် အစောင့်အရှောက် စစ်သည်တော် ၁၀ယောက်ပေါ်ရှိ အလင်းကတော့ မပျောက်ကွယ်သွားပေ။ သူတို့က အလင်း ပိုးအိမ်ထဲတွင် ပိတ်မိနေသလို ဖြစ်နေပြီး အတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

နာရီဝက်ခန့် ကြာပြီးနောက်တွင် အလင်းပိုးအိမ်က တဖြည်းဖြည်း မာကျောလာခဲ့ပြီး တစ်ခုပြီး တစ်ခု ကွဲအက်သွားခဲ့သည်။

စစ်သည်တော် ၁၀ယောက်၏ ဆံပင်အရောင်က ငွေဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကိုယ်ခန္ဓာက အတော် ဖျော့တော့သော အလင်း ဒြပ်စင်စွမ်းအား ထုတ်လွှတ် နေ၏။ စစ်သည်တော် တစ်ယောက်ကမူ [ကောင်းချီးအလင်းခန္ဓာ]ကို ရရှိခဲ့ပုံ ရလေသည်။

“သိပ်ကောင်းတယ်။” ယူဒိုရာက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ “အရှင်သူမြတ် အာသာက အစောင့်အရှောက် စစ်သည်တော် ၁၀ယောက်ကို အောင်အောင်မြင်မြင် ပြောင်းလဲ ပေးနိုင်ခဲ့ပြီ။”

ချန်လွေ့က မျက်လုံးထဲမှ မောပန်း နွမ်းနယ်မှုနှင့်အတူ သက်ပြင်းရှည် မှုတ်ထုတ်လိုက်ပြီး စင်မြင့်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ “ဒါက သိဒ္ဓိကျက်သရေ စင်မြင့်ရဲ့ မှော်ဆန်တဲ့ စွမ်းအားကြောင့်ပါ။ အဲဒါသာ မရှိရင် ကျုပ်က အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။”

“အရှင်သူမြန် အာသာက နှိမ့်ချ လွန်းနေပါပြီ။ အရှင်သူမြတ်ရဲ့ စွမ်းဆောင်ရည်က ကျွန်မ မျှော်လင့် ထားတာထက် အများကြီး ပိုပြီးတော့ ကောင်းနေပါတယ်။ ပြီးတော့ အတော်လေး ပြီးပြည့်စုံတယ်။ သိဒ္ဓိ ကျက်သရေ စင်မြင့်ရဲ့ စွမ်းအားနှင့် အတော်မြန်မြန် ပေါင်းစည်းနိုင်ခဲ့ပြီး တချိန်တည်း အောင်အောင်မြင်မြင် ပြောင်းလဲပေးနိုင်ခဲ့တယ်။” ယူဒိုရာ၏ မျက်လုံးများက [ကောင်းချီးအလင်းခန္ဓာ]ကို ပိုင်ဆိုင်ပုံရသော အစောင့်အရှောက် စစ်သည်တော်အပေါ်သို့ ရောက်သွားခဲ့သည်။ “ဟုတ်တယ်… ကျွန်မရဲ့သစ္စာအရှိဆုံး စစ်သည်တော် ဆန်ဒရို။ မင်းမှာရှိတဲ့ အလင်း အငွေ့အသက်က ထူးထူးခြားခြားကို သန့်စင်တယ်။ ကြယ်တောင်ထွတ် နက္ခတ်ဗေဒင်ခန်းမကို သွားပြီးတော့ မင်း စမ်းသပ်မှုတစ်ခု လုပ်ရမယ်။ [အလင်းကောင်းချီးကိုယ်ခန္ဓာ]ကို တကယ် ပိုင်ဆိုင်တယ်ဆိုရင် မင်းကို သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်အဖြစ် တိုက်ရိုက် ရာထူး တိုးပေးမယ်။ ပြီးတော့ နောက်ထပ် သိဒ္ဓိတပည့်ရွေးချယ်မှုမှာ ပါဝင်ဖို့အတွက် ဆာ-ရာဖယ်ရယ်ကို ငါကိုယ်တိုင် သတင်းပို့ပေးမယ်။”

ကံကောင်းခြင်းနှင့် တွေ့လိုက်ရသော ဆန်ဒရိုက ပျော်ရွှင်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ယူဒိုရာနှင့် ချန်လွေ့ကို ကျေးဇူးတင် ခဲ့သည်။ စစ်သည်တော် ၁၀ယောက် ထွက်သွားပြီးနောက်တွင် ယူဒိုရာက ပြောလိုက်သည်။ “အရှင်သူမြတ် အာသာ။ သိဒ္ဓိကျက်သရေစင်မြင့်ရဲ့ စွမ်းအားမြှင့်တင်ပေးမှုက ဆူးသရဖူ ပိုင်ရှင်ရဲ့ စွမ်းအားနဲ့ ဆက်စပ်နေတာ တွေ့ခဲ့ရမှာပါ။ အစောင့်အရှောက် စစ်သည်တော် ၁၀ယောက်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပေမဲ့ အယောက်၁၀၀ဆိုရင်တော့ အရှင်သူမြတ် လုံးဝ အဆင်မပြေ နိုင်ဘူး။ အဲဒါကြောင့် ကျေနပ်နေလို့ မရပါဘူး။ အရှင်သူမြတ် ဘွဲ့ခံယူခြင်း အခမ်းအနားမှာ အမှားအယွင်း မဖြစ်စေဖို့ ရှေးအဂ္ဂိရတ်အဖွဲ့အစည်း စွမ်းအားကို ဆက်လက်လေ့ကျင့်ပြီး ပေါင်းစည်းဖို့ ကြိုးစားပေးပါ။”

“နားလည်ပါပြီ။ သတိပေးစကားနဲ့ အားပေးစကားအတွက် အရှင်မကို ကျေးဇူးတင်ပါတယ်။ ကျုပ်စိတ်ထဲမှာ သေချာပေါက် မှတ်ထားပြီး ဆာ -ရာဖယ်ရယ်ရဲ့ မျှော်လင့်ချက်တွေ ပျက်လုပ်မှာ မဟုတ်ပါဘူး။” ထိုသို့ ပြောပြီးနောက်တွင် ချန်လွေ့က သိဒ္ဓိကျက်သရေစင်မြင့်ကို စပ်စုသော မျက်လုံးများနှင့် ကြည့်လိုက်၏။ “အရှင်မ ယူဒိုရာ။ ကျုပ် တစ်ခု မေးလို့ရမလား။”

ယူဒိုရာက ပြုံးလိုက်၏။ “ပြောပါ။ အရှင်သူမြတ်...”

“ကျုပ် ရှေးအဂ္ဂိရတ်အဖွဲ့အစည်း အမွေအနှစ်ကို ရခဲ့ပြီးတော့ အဲဒီထဲက အစိတ်အပိုင်း တော်‌တော်များများက မှော်စက်ဝိုင်းနဲ့ ပတ်သက်နေတယ်။ သိဒ္ဓိကျက်သရေစင်မြင့်မှာ ရှေးမှော်စာ စွမ်းအားရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေ ပါဝင်နေပြီးတော့ ရှုပ်ထွေးတဲ့ မှော်စက်ဝိုင်း တစ်ခုနဲ့ အတူတူပဲ။” ချန်လွေ့က အနီးအနားမှ အဆောက်အဦးများကို သေသေချာချာ ကြည့်လိုက်သည်။ “ဒီမှော်စက်ဝိုင်းက တစ်ခုခုပေါ်မှာ အခြေခံထားတာ ဖြစ်ရမယ်။ ယုံကြည်မှုနဲ့ အလင်းစွမ်းအား၊ အထူးသဖြင့် သိဒ္ဓိအမွေအနှစ်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အထူး စွမ်းအားကို ဖြစ်ပေါ်စေနိုင်တယ်။ ဒီ‘အရင်းအမြစ်’က အတော်လေးကို ထူးခြားတယ်လို့ ကျုပ် ခံစားရတယ်။ ကျုပ်ရဲ့ စိတ်ဝိညာဉ် အမှတ်အသား ပေါင်းစည်းခြင်းနဲ့ စွမ်းအားတိုးတက်မှု အပေါ်မှာ သက်ရောက်မှု ရှိတဲ့ပုံပဲ။ ဒီစွမ်းအားအတွက် ‘အရင်းအမြစ်’က ဘာလဲဆိုတာကို ကျုပ်ကို ပြောပြ ပေးနိုင်မလား။”

“အရှင်သူမြတ် အာသာက မှော်စက်ဝိုင်းဆရာသခင် တစ်ဦးလည်း ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒါမှမဟုတ်… မဟာဆရာသခင်လား။” ချန်လွေ့က ၎င်းကို ငြင်းဆိုခြင်း မရှိကြောင်း တွေ့လိုက်ရသောအခါ ယူဒိုရာက အနည်းငယ် အံ့ဩသွားခဲ့သည်။ “ကျွန်မ မှော်စက်ဝိုင်း ကျွမ်းကျင်တာ မဟုတ်ပါဘူး။ ဒါက ဆာ-ရာဖယ်ရယ် ကိုယ်တိုင် ဖန်တီးထားတဲ့ စိတ်ဝိညာဉ် စုစည်းမှု မှော်စက်ဝိုင်း ဆိုတာပါပဲ။ အရှင်သူမြတ် မေးနေတဲ့ ‘အရင်းအမြစ်’နဲ့ ပတ်သက်ပြီးတော့ သိဒ္ဓိကောင်းချီးတောင်ထွတ်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ဆက်စပ်နေပါတယ်။ တကယ်တော့ အဲဒါက… လူ တစ်ယောက်ပါ။”

“လူတစ်ယောက်!” ချန်လွေ့၏ မျက်လုံး ရုတ်တရက် ကျုံ့သွား၏။ မူလက ပုံရိပ်ယောင်ထဲမှာ အလင်းနှင့် အမှောင် တစ်လှည့်စီ ပြောင်းနေသော ဂြိုဟ်တစ်ခုကို ခံစားမိခဲ့စဉ် တစ်ခုခု လွဲနေကြောင်း သိနေခဲ့သည်။ ယခု ယူဒိုရာ၏အဖြေကို ကြားလိုက်သော အခါ သူ့စိတ်ထဲ၌ ချင်းချင်းပင် နိမိတ်ဆိုးတစ်ခု ပေါ်ထွက်လာခဲ့၏။

All Chapters