← Chapters

နှင်းနတ်ဘုရား နန်းတော်

Vol. 5 Ch. 480

နှင်းနတ်ဘုရား နန်းတော်

Vol. 5 Ch. 480

ထိုအချိန်၌ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ကမူ ဖာရာရီ ကားငယ်လေးကို စီးနင်းကာ လင်းမြို့တော်သို့ ဦးတည် နေခဲ့ပြီ ဖြစ်၏။ ဟွာရန်ဖန်း၏ စောင့်ရှောက်မှုဖြင့် ဆိုပါက ချန်းမိသားစုကို မည်သူမျှ ထိရဲလိမ့်မည် မဟုတ်ကြောင်း ချန်းဖန် စိတ်ချသည်။  လင်းရှု့မင် ပင်လျှင် တစ်ခုခု လုပ်ရန် နှစ်ခါ စဉ်းစားပေလိမ့်မည်။

"ချန်းမိသားစု ကိစ္စတွေကို အဆုံးသတ် ပြီးပြီ ဆိုတော့ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေဆီ သွားလည်ပတ်ရမယ် သူတို့ အဆင်ရော ပြေကြရဲ့လား …"

ချန်းဖန်၏ အတွေးထဲတွင် လင်းမြို့တော်မှ လုညီအမ၊ ဆေးနတ်ဘုရား တောင်ကြား၊ ဟောင်ကောင်၏ ကျန်းမိသားစု၊ အားရှို့၊ ရှု့ယုံဖေး၊ ယုဝမ်ကျင်းတို့က အစဉ်လိုက် ပေါ်လာခဲ့သည်။

သူတို့ အားလုံးနှင့် မတွေ့ရသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်။ သူတို့အား တစ်ခါ တစ်ခေါက်လောက် သွားရောက် ကြည့်ရှုသင့်ပေသည်။

ထျန်းနန်နယ် လင်းမြို့တော်သို့ ရောက်ရန် ကျောင်းဟိုင်မှ တစ်နာရီခန့် မောင်းရ၏။ မြို့အတွင်း ရောက်သည်နှင့် ယူကီရှီရိုဆာက GPS ကို ဖွင့်ကာ အနောက်ရေကန် အတိုင်း လုမိသားစု ရှိရာသို့ မောင်းလာခဲ့သည်။

"မရောက်တာတောင် ကြာခဲ့ပြီပဲ …"

ချန်းဖန်က စိတ်ထဲမှ ရေရွတ်ရင်း ကားအတွင်းမှ ထွက်လိုက်၏။

သူ ပထမဆုံး သတိထားမိသော အရာကား လုမိသားစု အဝရှိ သုံးချောင်းထောက် အိုးကြီး ဖြစ်သည်။ လဲ့ချန်းကျွယ်က ချန်းဖန်ကို စိန်ခေါ်ရန် ထိုအိုးကြီးကို မကာ သယ်ဆောင်ခဲ့သည်။

ယခု သုံးချောင်းထောက် အိုးကား ရှိနေခဲ့သေးသော်လည်း လူများမှာမူ မရှိကြတော့ချေ။

"ဟေး ကောင်လေး … လုမိသားစုရှေ့မှာ ဘာလုပ် နေတာလဲ … ထွက်သွား … ချန်း … ဆရာချန်း …"

အစောင့်ခေါင်းဆောင် လုတရုန်မှာ ချန်းဖန်ကို မှတ်မိသည်နှင့် ရုံးခန်းမှ ကပျာကယာ ပြေးဆင်း လာခဲ့သည်။

ပထမ၌ ချန်းဖန်ကို သူမမှတ်မိသော်လည်း ခဏအတွင်းမှာပင် ပြန်လည် ဆက်စပ် သတိရလာခဲ့သည်။ ချန်းဖန်၏ ရုပ်သွင်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကနှင့် များစွာ ကွာခြားခြင်း မရှိပေ။

"အစ်ကိုရုန် … ဘယ်သူလဲဗျ …"

အခြား လူငယ် အစောင့်များမှာလည်း စုရုံးလာကြသည်။ အချို့ဆိုလျှင် အိပ်မှုန်စုံမွှား မျက်လုံးများနှင့် ဖြစ်၏။

"လုယန်ဝူနဲ့ လုယန်ရွယ်တို့ ရှိလား …"

ချန်းဖန်က မေးလိုက်သည်။

"ဟုတ် ဟုတ်ကဲ့ မိန်းကလေး ယန်ဝူကတော့ ရှိပါတယ် … မိသားစု ခေါင်းဆောင်ကတော့ …"

လုတရုန်က စကားကို တစ်ပိုင်းတစ်စဖြင့် ရပ်လိုက်သည်။

"ယန်ရွယ် ဘာဖြစ်လို့လဲ …"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဂိတ်တံခါးကို ဖြတ်ကာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့သည်။ လုတရုန်ထံမှ ထိုကိစ္စကို တိတိကျကျသိရန် မဖြစ်နိုင်ပေ။

လုတရုန်က ချန်းဖန်ကို မတားပဲ လုမိသားစု အကြီးအကဲများကို တိုက်ရိုက် ဆက်သွယ်ကာ တင်ပြလိုက်၏။ ခဏအတွင်းမှာပင် ခြံဝင်းအတွင်း ရှိသမျှ လုမိသားစုဝင်များမှာ ချန်းဖန် ရောက်ရှိလာကြောင်းကို သိရှိသွားကြတော့သည်။ သူတို့ လုစံအိမ်ရှေ့တွင် စုည်းကာ ချန်းဖန်ကို ကြိုဆိုလိုက်ကြသည်။

"ချန်းပေ့ရွှမ်း … တကယ်ပဲ ချန်းပေ့ရွှမ်း ရောက်လာတာလား …"

"ဟုတ်တယ် … ငါ့မျက်လုံးနဲ့ မြင်လိုက်တာ … သူက ဘာမှ ပြောင်းလဲ မသွားဘူး …"

"သူက ငါတို့ မိသားစုရဲ့အင်အား အကြီးဆုံး မိတ်ဖက်ပဲ … သူ့ကို လေးလေးစားစား ဆက်ဆံဖို့ မမေ့နဲ့နော် …"

လုမိသားစု တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြတော့သည်။

ချန်းဖန် စံအိမ်ရှေ့ရောက်သည်နှင့် လုယန်ဝူနှင့် အဘိုးကြီးလုတို့က ရှေ့ဆုံးမှ နေ၍ ကြိုဆိုကြသည်။

အဘိုးကြီးလုက ရိုသေသော အမူအရာဖြင့် ခါးကို ကိုင်းညွှတ်ရင်း နှုတ်ဆက်လိုက်၏။

"တန်ခိုးရှင် ဆရာချန်း ရောက်လာတာ ကျုပ်တို့ မိသားစု အတွက် ဝမ်းသာ စရာပါပဲ … တန်ခိုးရှင် ဆရာ အသက်ရှည် ကျန်းမာဖို့ ဆုတောင်း …."

"လုပ်ရိုးလုပ်စဉ်တွေ မလိုဘူး … ယန်ရွယ် ဘယ်မှာလဲ …"

ချန်းဖန်က အဘိုးကြီးလု၏ စကားကို ဖြတ်ရင်း မေးလိုက်သည်။

"အာ …"

အဘိုးကြီးလုက ခဏမျှ နှုတ်ဆိတ်ပြီးနောက် ရိုသေစွာ ပြောလိုက်သည်။

"တန်ခိုးရှင် ဆရာခင်ဗျာ … အထဲကို ကြွပါဦး … အဲဒီ ကိစ္စက ပြောဖို့ အရှည်ကြီးပါပဲ …"

"အင်း …"

ချန်းဖန်က ခေါင်းညိတ်ရင်း အဘိုးကြီးဝူ၏ ခေါင်းဆောင်မှုဖြင့် အဓိက ခန်းမဆီသို့ ရောက်လာခဲ့သည်။

အဓိက ခန်းမအတွင်း နေရာယူပြီးသည်နှင့် လုယန်ဝူက သက်ပြင်းချရင်း ဆိုလိုက်သည်။

"ဆရာပျောက်နေပြီး နှစ်ဝက်လောက် အကြာမှာ မိန်းမ တစ်ယောက်နောက်ကို သူ လိုက်သွားခဲ့တာပါ …"

"ဘယ်လို …"

ချန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူ၏ ကာကွယ်မှုအောက်၌ ရှိနေသည့် လုယန်ရွယ်ကို မည်သူက ထိဝံ့သနည်း။

"ရှောင်ရွယ်ကို ခေါ်သွားတဲ့မိန်းမက တာအို ဆရာတစ်ယောက်နဲ့ ဆင်ပါတယ် … နောက် သူပြောတဲ့ စကားက ရှေးဟောင်းဆန်တယ် … သူက ရှောင်ရွယ်မှာ ကျင့်ကြံဖို့ သင့်တော်တဲ့ ခန္ဓာကိုယ် ရှိတယ်တဲ့ … အဲဒါကို သူက ရေခဲဝိညာဉ် ဇာစ်မြစ်လို့ ခေါ်တယ် … နောက်ပြီး သူက နှင်းနတ်ဘုရား နန်းတော်ကလို့ ပြောခဲ့ပါတယ် …"

လုယန်ဝူက ရှင်းပြလိုက်သည်။

"ဟမ့် ဒါနဲ့ပဲ နင်တို့က ရှောင်ရွယ်ကို ထည့်လိုက်တယ်ပေါ့ …"

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

"တောင်းပန်ပါတယ် ခင်ဗျာ …"

အဘိုးကြီးလုက ကပျာကယာပင် ဒူးထောက်လိုက်သည်။

"ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ … တန်ခိုးရှင် ဆရာ ပျောက်နေတုန်း ရန်ဘက်ဟောင်းတွေက ကျွန်တော်တို့ကို လာပြီး တိုက်ခိုက်ကြပါတယ် … အဲဒီ တာအိုဆရာမကြောင့် မဟုတ်ရင် ကျွန်တော်တို့ သေနေလောက်ပါပြီ … အဲဒါကြောင့်ပဲ ရှောင်ရွယ်က သူနဲ့ လိုက်သွားခဲ့တာပါ …

"နောက်ပြီးတော့ …"

အဘိုးကြီးလုက အသက်ပြင်းပြင်း ရှူကာ ဆက်ပြောလိုက်သည်။

"အဲဒီ မိန်းမက တန်ခိုးရှင် အဆင့်ပါ …"

"တန်ခိုးရှင် …"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မှတ်ဉာဏ် အတွင်းတွင်မူ တန်ခိုးရှင်အဆင့် မိန်းမနှင့် နှင်းနတ်ဘုရား နန်းတော်တို့ ရှိမနေခဲ့ချေ။

"ကောင်းပြီ … အဲဒီ မိန်းမက ရှောင်ရွယ်ကို တပည့် အဖြစ် လက်ခံချင်နေတာ ဖြစ်ရမယ် … ဘာပဲ ဖြစ်ဖြစ် သူလုံခြုံနေတာပဲလေ … နောက်ရက်ကျမှ နှင်းနတ်ဘုရား နန်းတော် အကြောင်း ပျံလွှားနီလေးကို မေးတော့မယ် …"

ချန်းဖန်က တွေးရင်း ကြုတ်ထားသော မျက်မှောင်ကို ပြန်ဖြေလိုက်သည်။

ချန်းဖန်၏ သန့်စင်ပေးမှုကြောင့် လုယန်ရွယ်၏ ခန္ဓာကိုယ်မှာ အရိုးများထဲအထိ ရှင်းလင်း သန့်စင် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ရေခဲဝိညာဉ် ခန္ဓာဟုပင် ဆိုနိုင်နေပြီ ဖြစ်သည်။

ထိုအရာမှာ တာအို ဆရာမ ရည်ညွှန်းသည့် ရေခဲဝိညာဉ် ဇာစ်မြစ်နှင့် အတူတူပင် ဖြစ်ရမည်။

"တန်ခိုးရှင် ဆရာခင်ဗျာ … ဒီမှာ တစ်ရက် နှစ်ရက်လောက် နေသွားပါဦး … မဟုတ်ရင် ရှောင်ရွယ် ပြန်ရောက်တာနဲ့ ကျုပ်တို့ ဧည့်ဝတ် မကျေဘူးလို့ အပြစ်တင်ခံနေရမယ် …"

အဘိုးကြီးလုက တွေဝေ စဉ်းစားနေသော ချန်းဖန်အား ပြောလိုက်၏။

"ကောင်းပြီလေ …"

ချန်းဖန်က လိုက်လျောညီထွေစွာပင် ခေါင်းညိတ်လိုက်သည်။

ချန်းဖန်ထံမှ အဖြေရသည်နှင့် အဘိုးကြီးလုက လုယန်ဝူဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

"ယန်ဝူ … တန်ခိုးရှင် ဆရာချန်းကို ကြိုဆိုတဲ့ စားသောက်ပွဲ တစ်ခု လုပ်ကြမယ် ... ထျန်းနန်နယ်မှာ ရှိတဲ့ မိသားစုတွေ အားလုံးကို ဖိတ်ခေါ်လိုက် … ငါတို့ရဲ့ ပြိုင်ဘက် တွေကိုပါ ဖိတ်ဖို့ မမေ့နဲ့ဦး …"

"ကောင်းပါပြီ …"

လုယန်ဝူက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။

ချန်းဖန်ကမူ တစ်ခုမှ ဝင်မပြောပဲ တိတ်ဆိတ်စွာသာ နေလိုက်၏။

လုမိသားစုက သူ၏ လွှမ်းမိုးမှုကို သုံးကာ ပြိုင်ဘက်များအား ခြောက်လှန့်ချင်နေခြင်း ဖြစ်ကြောင်း သူကောင်းစွာ သိသည်။ သို့သော်လည်း လုယန်ရွယ်အား တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်စေရန် သူကတိ ပေးထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့တွင် လုမိသားစုကို စောင့်ရှောက်ရန် တာဝန် ရှိပေသည်။

***

လုမိသားစုကား ထျန်းနန်နယ်တွင် အင်အားကြီး မိသားစုကြီး ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က အထွတ်အထိပ် ပညာရှင် တစ်ယောက် ဆုံးရှုံးထားရသည့်တိုင် လုမိသားစု၏ ဩဇာအာဏာမှာ လျော့ကျသွာခြင်း မရှိချေ။ ချန်းဖန် ဟူသော အစွမ်းထက်သည့် ပညာရှင်၏ နောက်ခံဖြင့် လုမိသားစုမှာ ပိုမို၍ပင် အင်အား ကြီးမားလာခဲ့သည်။

သို့သော်လည်း ချန်းဖန် သေဆုံးကြောင်း သတင်းထွက်လာပြီး နောက်ပိုင်း၌ လုမိသားစု၏ ဩဇာအာဏာမှာ ကျဆင်းလာခဲ့သည်။ ဤစားသောက်ပွဲ၏ ရည်ရွယ်ချက်ကား လုမိသားစုတွင် ချန်းဖန်၏ ပံ့ပိုးမှု ရှိနေသေးကြောင်း ထျန်းနန်နယ်ကို ကြေညာရန် ဖြစ်သည်။

နေမင်းမှာ အနောက် အရပ်သို့ တိုးဝင်သွားသည်နှင့် များစွာသော လူများမှာ တန်ဖိုးကြီး ကားများဖြင့် လုမိသားစုသို့ တဖွဲဖွဲ ရောက်ရှိ လာကြသည်။

"သခင်လေးတုန်း … တွေ့ရတာ ဝမ်းသာပါတယ် …"

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် … လုမိသားစုက ရုတ်တရက်ကြီး ဘာထလုပ်တာလဲဗျ … ကျုပ်ဆို ဖိတ်စာကို နေ့လယ်လောက်ကမှ ရတာ … ဖိတ်စာ လာပို့တဲ့သူ ပြောပုံအရ ဆိုရင်တော့ ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် ရောက်နေလို့တဲ့ဗျ …"

စားသောက်ပွဲရှိ လူများစွာမှာ တစ်ယောက်နှင့်  တစ်ယောက် ဆွေးနွေး ပြောဆို နေခဲ့ကြ၏။ လုမိသားစု ဆိုင်းမဆင့် ဗုံမဆင့် စားသောက်ပွဲ လုပ်ရသည့် ရည်ရွယ်ချက်ကို သူတို့ မသိကြရသေးပေ။

"အဖေ အမေ … မြန်မြန် လုပ်ကြပါ … တော်ကြာ နောက်ကျ နေဦးမယ် …"

အရပ်ရှည်ရှည် ခန့်ညား ချောမောသော လူငယ် တစ်ဦးက BMW ကားအတွင်းမှ ထွက်ကာ မိဘများကို စိတ်လှုပ်ရှားစွာ ဆော်ဩလိုက်၏။

"ခဏလောက် နေပါဦး သားရဲ့ …"

BMW ကားနောက်ရှိ မာစီဒီးဘန့်ကား အတွင်းမှ စုံတွဲ တစ်တွဲ ထွက်ပေါ်လာသည်။ သူတို့ နှစ်ယောက် စလုံးမှာ အသက် လေးဆယ်ခန့် ရှိပေမည်။

"ရီလန်း … ဘာလို့ ဒီလောက် လောနေရတာလဲ … ဒီလို ပုံစံမျိုးနဲ့ဆို အဖေ့ ကုမ္ပဏီကို ဘယ်လို ယုံယုံကြည်ကြည် လွှဲအပ်ရမှာလဲကွ …"

အနောက်တိုင်း ဝတ်စုံဝတ် လူကြီးက ဆူလိုက်သည်။

သူ၏ဘေးရှိ ကျောက်မျက် ရတနာများ တစ်ကိုယ်လုံး စီခြယ်ထားသည့် မိန်းမကြီးကမူ လူငယ်၏ ဘေးရှိ ဆွဲဆောင်မှု ရှိသော မိန်းကလေးကိုသာ စူးရဲစွာ ကြည့်နေသည်။

"အဖေ အမေ …"

ဆွဲဆောင်မှု ရှိသော မိန်းကလေးက ရှေ့သို့ အနည်းငယ် တိုးကာ နှုတ်ဆက်လိုက်သည်။

"ဟွန့် …"

မိန်းမကြီးက နှာခေါင်းကိုသာ ရှုံ့လိုက်၏။ သူမကား ထိုမိန်းကလေး အပေါ်တွင် ကြည်ဖြူပုံ မပေါ်ချေ။

လူကြီးကမူ နွေးထွေးစွာ ပြုံးပြရင်း အသိအမှတ် ပြုလိုက်သည်။

"ကဲ အထဲကို ဝင်ကြရအောင် … ဒါပေမဲ့ မင်းတို့ နှစ်ယောက်လုံး ဆင်ခြင်နေကြနော် …  လုမိသားစုက ထျန်းနန်နယ်မှာ ထိပ်သီး အင်အားစုကြီးပဲ … တစ်ခုခုဖြစ်ရင် အဖေလည်း ကယ်နိုင်မှာ မဟုတ်ဘူး …"

"ဟုတ်ကဲ့ပါ အဖေ …"

ထိုလူငယ် စုံတွဲကား ချန်းဖန်၏ အခန်းဖော်ဟောင်း ချင်ရီလန်းနှင့် သူ၏ ချစ်သူ ချင်းလုလု တို့ပင်။

စားသောက်ပွဲ ကျင်းပရာ ခန်းမ အတွင်း ရောက်သည်နှင့် ချင်ရီလန်းက မျက်လုံး ကစားလိုက်၏။

ရုတ်တရက်ပင် ထောင့်တစ်ထောင့်၌ ထိုင်၍ တည်ခင်းထားသမျှ အစားအသောက်များကို စားနေသသော လူငယ်တစ်ယောက်အား ချင်ရီလန်း သတိထားမိလိုက်သည်။

"သူဌေး …"

***

All Chapters