သူ့ကို သွားမရှုပ်နဲ့
Vol. 5 Ch. 482
မိန်းကလေးသည် အလွန်အမင်း လှပပြီး သူမ၏ အသားအရေသည်လည်း ကျောင်းစိမ်းကဲ့သို့ ကြည်လင် သန့်စင်နေ၏။
ကျောတွင် ချိတ်ဆွဲထားသော ဓားပါ ထည့်သွင်း ပေါင်းစပ်ပါက သူမ၏ ပုံစံမှာ ဝူရှ ဝတ္ထုများထဲမှ သူရဲကောင်း မိန်းကလေး တစ်ယောက်နှင့်ပင် တူညီနေခဲ့သည်။
ချင်ကျန့်ကျင်းနှင့် ချင်းလုလုတို့က ယူကီရှီရိုဆာကို ကြည့်ရင်း ဆွံ့အနေမိသည်။ ထိုမိန်းကလေးမှာ ချန်းဖန်နှင့် အတူရှိနေသည့် တစ်ယောက်ဖြစ်ကြောင်း သူတို့ ကောင်းစွာသိသည်။
သို့သော်လည်း ထိုမိန်းကလေး၏ စကားထဲမှ "ဆရာ"၊ "အသေခံမလား" စသည့် စကားလုံးများ၏ အဓိပ္ပာယ်ကိုမူ သူတို့ နားမလည်ကြချေ။
"ဟမ့် … နင်က ဘယ်သူလဲ … ငါ့ကို ဘယ်သူမှ ခုလို မပြောရဲဘူးကွ …"
လျှိုကျင်းဟောင်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။
သူကား ဘီလျံချီကာ ချမ်းသာသည့် သူဌေးကြီး ဖြစ်သည်။ သူ၏ နာမည်က လင်းမြို့တော် လူချမ်းသာ စာရင်းတွင် ထိပ်ဆုံးမှ ပါသည်။ သခင်ကြီးလုပင်လျှင် သူ့အား ယခုကဲ့သို့ အမိန့်မပေးရဲချေ။
"ငါ့ဖင်ကြီးကို ဆရာလိုက်ပါလား … ကလေးမ နင်သိုင်းဝတ္ထုတွေ ဖတ်တာ လျှော့ဦး …"
လျှိုပြောင်းကလည်း ဝင်နောက် နောက်ပြောင်လိုက်သည်။
လုထန်ချောင်းကမူ မျက်နှာ အပျက်ပျက်ဖြင့် လျှိုပြောင်းအား လှမ်းတားလိုက်၏။
"လျှိုပြောင်း မင်းပါးစပ်ကို ပိတ်ထားစမ်း …"
သို့သော်လည်း သူ၏ တားမြစ်မှုက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
"ငါ့ဆရာကို ဟာသ လုပ်ရဲတယ်ပေါ့ …"
အေးစက်သော အသံနှင့်အတူ ယူကီရှီရိုဆာ၏ ဓားမှ အလင်းလှိုင်းတစ်ခု အသွင် ထွက်ပေါ်လာကာ လျှိုပြောင်း၏ ခန္ဓာကိုယ်ကို ထက်ဝက် ပိုင်းဖြတ်လိုက်၏။
"ဘုန်း …"
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် လျှိုပြောင်း၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားတော့၏။ သူကား သေဆုံးသွားသည့်တိုင် မျက်နှာ၌ အံ့အားသင့်ခြင်း တစ်ခုက စိုးမိုး နေဆဲပင်။
အလွန်လှပသော မိန်းကလေး တစ်ယောက်မှာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းကာ ရက်စက်လိမ့်မည် ဖြစ်ကြောင်း သူ မယုံကြည်နိုင်ခဲ့ချေ။
"ဒါ ဒါက …"
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြတော့၏။ ချင်ကတော်နှင့် ချင်းလုလုတို့ ဆိုလျှင် ကြောက်ရွံ့လွန်းသောကြောင့် အသားများပင် တဆတ်ဆတ် တုန်နေခဲ့တော့သည်။
လူငယ်ကား သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ဓားတွင် သွေးတစ်စက်မျှ မစွန်းထင်းသေးချေ။
လူတိုင်းမှာ ရက်စက် ပြတ်သားသော မိန်းကလေးကို ရဲရဲ မကြည့်ဝံ့ကြသဖြင့် ခေါင်းများအား ငုံ့ထားလိုက်ကြသည်။
ထိုမိန်းကလေးကား မည်သူနည်း။ သေချာခြင်း တစ်ခုတစ်ခုက ထိုမိန်းကလေးမှာ နတ်ဆိုး ဝင်စားသူ တစ်ယောက် ဖြစ်ရမည်။
"နင် ငါ့သားကို သတ်တယ်ပေါ့ …"
လျှိုကျင်းဟောင်က ယူကီရှီရိုဆာကို လက်ညှိုးထိုးရင်း အဆုတ်များ ကွဲထွက်မတတ် အော်ဟစ်လိုက်၏။
သို့သော်လည်း သူ၏အကြည့်များ အောက်တွင်ပင် လုထန်ချိုးမှာ မိန်းကလေးထံသို့ သွား၍ ဦးညွှတ်လိုက်၏။
"ဒီအတွက် တောင်းပန်ပါတယ် ခင်ဗျာ ကျွန်တော်တို့ ဆရာချန်း ပြောတဲ့ စကားအတိုင်း လိုက်နာပါ့မယ် …"
"ဟမ့် …"
ယူကီရှီရိုဆာက နှာခေါင်းရှုံ့ရင်း ဓားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူမက စကားတစ်ခွန်းပင် ပြန်မပြောပဲ ချန်းဖန်ထံသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့သည်။
"ယောက်ဖ … သူက ကျုပ်သားကို သတ်တာလေဗျာ … သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား …"
လျှိုကျင်းဟောင်က မယုံကြည်နိုင်စွာဖြင့် လုထန်ချောင်းကို ပြောလိုက်သည်။
"ဖောင်း …"
လုထန်ချောင်းက လျှိုကျင်းဟောင်၏ မျက်နှာကို ဖြတ်ရိုက်ခြင်းဖြင့် အဖြေပေးလိုက်၏။ လျှိုကျင်းဟောင်၏ မျက်နှာ တစ်ခြမ်းလုံးမှာ ခဏအတွင်းမှာပင် ညိုမည်း ရောင်ရမ်း လာခဲ့သည်။
"ယောက်ဖ … မင်း …"
လျှိုကျင်းဟောင်က ပါးကို ပွတ်ရင်း လုထန်ချောင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
"ငါ့ကို အဲဒီလို မခေါ်နဲ့ … မင်း သခင်လေးချင်ကို တောင်းပန်ပြီး လင်းမြို့က ထွက်မသွားသေးသမျှ ငါ့ယောက်ဖ မဟုတ်ဘူး … မင်းသာ ဆက်ပြီး အသက်ရှင်ချင်သေးရင် ငါပြောသလိုသာလုပ် …"
လုထန်ချောင်းက တင်းမာစွာ ပြောလိုက်၏။
ထိုအဖြစ်အပျက် အလှည့်အပြောင်းကြောင့် ချင်မိသားစုဝင်များ အပါအဝင် လူတိုင်း ဆွံ့အနေကြတုန်းပင်။ ဖြစ်ပျက်သွားသမျှ အရာရာတိုင်းကို သူတို့ နားမလည် နိုင်ကြချေ။
"ရှောင်ချင်ရဲ့ အခန်းဖော်က ဘယ်သူများလဲ … လုမိသားစုကတောင် သူ့ဘေးက ကောင်မလေးကို ရိုရိုသေသေ ဆက်ဆံရတယ် …"
"ယောက်ဖ" ဆိုသော အသုံးအနှုန်းများ အရ လျှိုကျင်းဟောင်နှင့် လုထန်ချောင်းတို့ ပတ်သက် ဆက်နွယ်နေကြောင်းမှာ ထင်ရှားသည်။ သို့သော်လည်း လုထန်ချောင်းက ယူကီရှီရိုဆာ၏ အမိန့်ကိုသာ နာခံ၍ ယောက်ဖ ဖြစ်သူ၏ ပါးကိုပင် ရိုက်လိုက်သေးသည်။
"ယောက်ဖ … မင်း တကယ် ပြောနေတာလား …"
လျှိုကျင်းဟောင်မှာ တစ်ခုခု ထူးခြားနေကြောင်း သတိပြုမိနေပြီ ဖြစ်သည်။
"ဒူးထောက်မလား တောင်းပန်မလား တစ်ခုကိုရွေးစမ်း …"
လုထန်ချောင်းက အော်ဟစ် အမိန့်ပေးလိုက်၏။
"မင်း ဒီကိစ္စကို လွယ်လွယ်လေး ပြီးသွားမယ် မထင်နဲ့ … ငါတို့ သခင်ကြီးရဲ့ စကားက ငါတို့ရဲ့ ဆုံးဖြတ်ချက်ပဲ … အဲဒါကို နားလည်ထား …"
လျှိုကျင်းဟောင်မှာ စိတ်ဓာတ်များ လုံးလုံး ကျသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ယောက်ဖက သူ့ကို လိမ်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိသည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် အမှန်တကယ် ကြီးမားသည့် အရာ တစ်ခုခု ရှိရမည်။
"ဘုန်း …"
လျှိုကျင်းဟောင်က အံကို တင်းတင်းကြိတ်ရင်း ဒူးထောက်ချလိုက်၏။
"ကျုပ် တောင်းပန်ပါတယ် … ကျုပ်ကို ခွင့်လွှတ်ပေးပါ သခင်လေးချင် …"
ချင်ရီလန်းမှာ သူ့ရှေ့၌ ဒူးထောက်နေသော ပုဂ္ဂိုလ်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ခွင့်လွှတ်ပါတယ် … ဒါကို သင်ခန်းစာ တစ်ခု အနေနဲ့ မှတ်ယူလိုက်ပါ …"
လျှိုကျင်းဟောင်က ကျေးဇူးတင်စကား ပြောကာ သူ၏ လူများကို ခေါ်ယူ၍ စားသောက်ပွဲမှ ချက်ချင်း ထွက်ခွာ သွားတော့သည်။
အခန်းအတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့၏။
ချင်မိသားစုဝင်များ ကိုယ်တိုင်ပင်လျှင် တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်နေမိကြသည်။ အတန်ကြာမှ ချင်ကျန့်ကျင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ရီလန်း … အဲဒီ လူငယ်လေးက ဘယ်သူလဲ …"
ချင်ကျန့်ကျင်း၏ မေးခွန်းအတွက် ချင်ရီလန်းတွင် အဖြေမရှိချေ။ သူ ကိုယ်တိုင်ပင်လျှင် မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားမလည် နိုင်သေးချေ။
ထိုအချိန်မှာ ဆူညံသံ တစ်ခုနှင့်အတူ လုယန်ဝူနှင့် အဘိုးကြီးလုတို့ အဓိက ခန်းမအတွင်း ဝင်ရောက်လာခဲ့၏။
"နောက်ဆုံးတော့ ရောက်လာပြီပဲ …"
လူတိုင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားကြသည်။
သူတို့ စားသောက်ပွဲသို့ လာရောက်ရသည့် အဓိက အကြောင်းရင်းမှာ အစားအသောက် အတွက် မဟုတ်ချေ။ လုမိသားစု၏ စားသောက်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို သိချင်သောကြောင့် ဖြစ်သည်။
"နည်းနည်း နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်ရှင် … အားလုံးကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက်ကို မိတ်ဆက် ပေးချင်လို့ပါရှင် …"
လုယန်ဝူက ကြေညာလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည် …"
လူတစ်ယောက်က ရေရွတ်လိုက်၏။ လုမိသားစုကပင် ဂုဏ်သရေရှိဟု ရည်ညွှန်းရသည့် ပုဂ္ဂိုလ်မှာ မည်သူ ဖြစ်မည်နည်း။
"လုမိသားစုက တဖြည်းဖြည်း ကျဆင်းလာနေပြီ … သူတို့သာ အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ကို ထုတ်မပြနိုင်ရင် လုံးဝ ပျက်စီးဖို့ပဲ ကျန်တော့တယ် …"
လူအများက တီးတိုး ပြောဆိုကာ ခန့်မှန်း နေကြသည်။
"ဒါပေမဲ့ လုမိသားစုကို သိပ်အထင်မသေးနဲ့ဗျ … သူတို့မှာ လုထျန်းဖန်ထက် ပိုပြီး အန္တရာယ်များတဲ့ မိတ်ဖက် ရှိတယ်တဲ့ …"
"ဟား ဟား … အဲဒါ အမှန်ဆိုရင် လုမိသားစုကို ငါ ဒူးထောက်လိုက်မယ်ကွာ … လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက လုမိသားစုမှာ မိတ်ဖက် ရှိတယ်ဆိုတဲ့ အရိပ်အယောင် ဘာမှမတွေ့ရဘူး … ငါ့အထင် လုမိသားစုက လှည့်စားချင် နေတာပဲ ဖြစ်ရမယ် …"
သူတို့ စိတ်ဝင်တစား ကြည့်နေချိန်မှာပင် နေချိန်မှာပင် လုယန်ဝူက လူငယ် တစ်ယောက်ဆီသို့ သွားကာ နားကို တိုးကပ်၍ ပြောဆိုနေသည်အား တွေ့လိုက်ရ၏။
"အဲဒါလား … ဂုဏ်သရေရှိ ဧည့်သည်ဆိုတာ … သောက်ကလေးလေးပဲ … ဟား ဟား လုမိသားစုကတော့ တကယ်ပါပဲကွာ …"
သူဌေးကြီး တစ်ယောက်က အော်ဟစ်ကာ ရယ်မောလိုက်၏။
"အဲဒါက …"
အခြားသော လူများမှာလည်း အခန်းထောင့်တွင် ထိုင်နေသော လူငယ်လေးအား ကြည့်ရင်း ကြောင်စီစီ ဖြစ်နေကြတော့သည်။ လုမိသားစု၏ ဂုဏ်သရေရှိ ဧည့်သည်က ထိုလူငယ်လေး ဖြစ်နေသည်လား။
"အားလုံးပဲ … ကျွန်မ ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ … သူကတော့ ကျင်းမြို့တော် ချန်းမိသားစုက ချန်းဖန်ပါ …"
လုယန်ဝူက ချန်းဖန်၏ ခွင့်ပြုချက် ရသည်နှင့် ကြေညာလိုက်သည်။
"ကျင်းမြို့ ချန်းမိသားစုက ချန်းဖန် …"
စားသောက်ပွဲရှိ အချို့လူများမှာ ထိုနာမည်အား ကြားသည်နှင့် ချက်ချင်းပင် အေးခဲသွားကြ၏။ လူကြီး တစ်ယောက်ဆိုလျှင် လက်ထဲရှိ ဝိုင်ခွက် လွတ်ကျသွားသည်ကိုပင် သတိမထားမိချေ။
"သူက ဘယ်သူလဲ …"
ချင်ကျန့်ကျင်းက သားဖြစ်သူ၏ အခန်းဖော်ကို ကြည့်ရင်း ဆွံ့အသွားမိသည်။
"ကျင်းမြို့တော် ချန်းမိသားစု … ငါ သူတို့ကို သိပါတယ် ဒါပေမဲ့ သူတို့က ထျန်းနန်ပြည်နယ်ကို လွှမ်းမိုးနိုင်တဲ့ သူတွေမှ မဟုတ်တာ … နောက်ပြီး ဒီကောင်လေးကလည်း တတိယ မျိုးဆက်လောက် အနေအထားပဲ ရှိတာလေ …"
အချို့ကမူ မျက်မှောင်ကြုတ်ရင်း စဉ်းစား နေကြဆဲပင်။
"အဲဒါက ဗိုလ်ချုပ် ချန်းပေ့ရွှမ်း မလား …"
ကျယ်လောင်သော ရေရွတ်သံ တစ်ခုက ဆူညံနေသော လူထုအား ဖုံးလွှမ်းကာ ထွက်ပေါ်လာသည်။
"ဘယ်လို … ချန်းပေ့ရွှမ်း …"
"ဟုတ်တယ် အဲဒါက ဗိုလ်ချန်ချန်းပဲ.. ငါ ဓာတ်ပုံထဲမှာ သူ့ကို တွေ့ဖူးတယ် သူမှ သူ အစစ်ပဲ …"
"ဘုရားရေ … ဗိုလ်ချုပ်ချန်းက လင်းမြို့လေးကို လာတာလား … လုမိသားစုက ဘယ်လိုများ စည်းရုံးလိုက်တာလဲ …"
များစွာသော လူများကား ချန်းဖန်ကို မှတ်မိသည်နှင့် နှုတ်ဆက်ရန် အပြေးအလွှား သွားလိုက်ကြတော့သည်။ သူတို့၌ ထိပ်တန်း သူဌေးကြီးများ၊ အရာရှိကြီးများ၏ တည်ငြိမ်မှုနှင့် မောက်မာမှုများ မရှိကြတော့ချေ။
"မြန်မြန်ဟေ့ … ဗိုလ်ချုပ်ချန်းနဲ့ ဆုံရဖို့ရ မလွယ်ဘူး …"
ထိုအချိန်၌ ချင်ကျန့်ကျင်းတို့မှာမူ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသေးချေ။ ချင်မိသားစုမှာ အထက်တန်းလွှာဟု ဆိုနိုင်သည့်တိုင် ထျန်းနန်နယ် တစ်ခုလုံးနှင့် ယှဉ်လျှင်မူ ထိပ်တန်း အဆင့်တွင် ရှိမနေချေ။ ထို့ကြောင့် ချန်းဖန်၏ အစစ်အမှန် ပုံရိပ်ကို မသိခြင်းက အံ့အားသင့်စရာ မရှိချေ။
"သူဌေးမင် … ဘာလို့ အဲဒီ လူငယ်လေးကို ဗိုလ်ချုပ်ချန်းလို့ ခေါ်တာလဲ … သူက ဘယ်သူလဲဗျ …"
ချင်ကျန့်ကျင်းက မေးလိုက်သည်။
"သူ့ရဲ့လွှမ်းမိုးမှုက ကျုပ်တို့ထက် အဆတစ်ရာ သာတယ် … တကယ်တော့ သူ့ကို ပြိုင်ဘက်ကင်း လို့တောင် ညွှန်းရမလားပဲ …"
သူဌေးမင်က ချင်ကျန့်ကျင်း၏ အမေးကို ပြန်ဖြေရင်း တစ်ဆက်တည်း မေးလိုက်သည်။
"ကျန့်ကျင်း … ခင်ဗျား သူ့ကို သိလို့လား …"
"ဟုတ်တယ် … သူက ကျုပ်သားရဲ့ အခန်းဖော်ပဲလေ …"
ချင်ကျန့်ကျင်းက ခေါင်းညိတ်လိုက်သည်။
"တကယ်ကြီးလား …"
သဌေးမင်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
"အဲဒါကို ဘာလို့ စောစောက မပြောတာတုံး … ဗိုလ်ချုပ်ချန်းနဲ့သူ အဆက်အသွယ် ရှိတယ် ဆိုရင် ထျန်းနန်နယ် တစ်ခုလုံး ခင်ဗျားကို ဆန့်ကျင်ရဲတဲ့သူ ရှိမှာ မဟုတ်တော့ဘူး …"
"ဘယ်လို …"
ချင်မိသားစုဝင်များမှာ ဆွံ့အသွားကြ၏။
သို့သော်လည်း ချင်ရီလန်းမှာမူ အခြားလူများလောက် အံ့ဩခြင်း မရှိချေ။ ဟောင်ကောင်၌ ရှိစဉ်ကပင် ချန်းဖန်၏ပုံရိပ် အစစ်အမှန်ကို သူ သိရှိခဲ့ပြီး ဖြစ်သည်။
"ငါ့တစ်သက် သူဌေးကို မီမှာ မဟုတ်တော့ဘူး …"
ချင်ရီလန်းက ဖြူရော်စွာ ပြုံးရင်း များစွာသော သူဌေးမင်းများ၊ အရာရှိများ ဝန်းရံနေသည့် ချန်းဖန်ကို ငေးကြည့်နေခဲ့တော့သည်။
***