← Chapters

ဆေးနတ်ဘုရား တောင်ကြားသို့

Vol. 5 Ch. 483

ဆေးနတ်ဘုရား တောင်ကြားသို့

Vol. 5 Ch. 483

"သူဌေးချင် ချင်ကတော်  … တန်ခိုးရှင် ဆရာက ရှင်တို့ကို တွေ့ချင်လို့တဲ့ …"

စားသောက်ပွဲ ပြီးသည်နှင့် အစေခံ မိန်းကလေး တစ်ယောက်က ချင်ကျန့်ကျင်းတို့ဆီသို့ လာရောက်ကာ ဖိတ်ခေါ်သည်။

"ချန်းဖန်လား …"

ချင်ကျန့်ကျင်းနှင့် ချင်ရီလန်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထို့နောက် သူတို့က အစေခံ၏ လမ်းပြမှုဖြင့် အနောက်ဘက် ဥယျာဉ်ခြံ အတွင်းသို့ ရောက်လာခဲ့ကြသည်။

အနောက်ဘက် ဥယျာဉ်ခြံကလေးသည် တံတားငယ်လေးများ၊ အမျိုးမျိုးသော ပန်းများဖြင့် အလှဆင်ထား၏။ ထိုနေရာ၌ ချီပို ဝတ်စုံများဝတ် အစေခံ မိန်းကလေးများမှာလည်း လိပ်ပြာလေးများ ကဲ့သို့ လှုပ်ရှား သွားလာ နေကြသည်။

"ဒီလို ယဉ်ကျေးမှုနဲ့ ချမ်းသာ ကြွယ်ဝမှုတွေ …"

ချန်းကျန့်ကျင်းမှာ ပင့်သက် တစ်ချက် ရှိုက်လိုက်မိသည်။

ဤနေရာသည်ကား အပြင်လူများ ဝင်ခွင့် မရှိသည့် လုမိသားစု၏ သီးသန့် နေရာဖြစ်သည်။ လုမိသားစု၌ ဤကဲ့သို့သော နေရာမျိုး ရှိနေလိမ့်မည်ဟု ချင်ကျန့်ကျင်း ယောင်၍ပင် မတွေးမိချေ။

မကြာခင်မှာပင် သူတို့ အုပ်စု အဆောက်အဦငယ် တစ်ခုသို့ ရောက်လာခဲ့သည်။ ထို အဆောက်အဦငယ်လေးမှာ ချင်မင်းဆက်ခေတ် ပုံစံအတိုင်း ဆောက်လုပ်ထားပြီး ရှေးဟောင်းဆန်သည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။

ထိုအဆောက်အဦ အတွင်း အလှဆင် ချိတ်ဆွဲထားသည့် ပစ္စည်းများကား အနည်းဆုံး နှစ်ရာချီ သက်တမ်းရှိသည့် ရှေးဟောင်း ပစ္စည်းများသာ ဖြစ်သည်။ ထိုအထဲမှ ပစ္စည်း တစ်ခုပင်လျှင် အပြင်လောက၌ များစွာ အဖိုးထိုက်တန်၏။

"သူတို့က အရမ်းကို ကြွယ်ဝတာပဲ … ငါတို့ ချင်မိသားစု အနေနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးပဲ..."

ချင်ကျန့်ကျင်းက သက်ပြင်း တစ်ချက်ချင်း သားဖြစ်သူဘက် လှည့်ကာ သတိပေးလိုက်သည်။

"ရီလန်း … ဆရာချန်းနဲ့ စကားပြောရင် ဂရုစိုက်ဦးနော် … ဆယ်ကျော်သက် ကလေး တစ်ယောက်လို လုပ်မနေနဲ့ ကြားလား …"

"ဟုတ်ကဲ့ အဖေ …"

ချင်ရီလန်းက ခေါင်းညိတ်လိုက်သည်။

"တန်ခိုးရှင် ဆရာက စောင့်နေပါတယ် … အထဲကို ကြွကြပါရှင် …"

အစေခံ မိန်းကလေးက ဖိတ်ခေါ်လိုက်၏။

ချင်ရီလန်းတို့ အခန်း တစ်ခုအတွင်း ရောက်သည်နှင့် ကုလားထိုင်တွင် ထိုင်နေသော ချန်းဖန်ကို တွေ့လိုက်ရသည်။ သူ၏ ဘေးတွင်မူ လက်ဖက်ရည် ငှဲ့ပေးနေသော လုမိသားစု၏ စီအီးအို တစ်ဖြစ်လည်း လင်းမြို့တော်၏ မင်းသမီးလေး ရှိနေ၏။

"ဗိုလ်ချုပ်ချန်း …"

ချင်ကျန့်ကျင်းက ဦးခေါင်းကို ညွှတ်ကိုင်းရင်း ချန်းဖန်ကို နှုတ်ဆက်လိုက်သည်။ ချင်ကတော်ကလည်း ချန်းဖန်အား အချိုသာဆုံး ပြုံးပြကာ နှုတ်ဆက်လိုက်၏။

"သူဌေး …"

ချင်ရီလန်းက စိတ်ရှုပ်ထွေးစွာ ခေါ်လိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့် ဟောင်ကောင်တွင် ရှိစဉ်  ကတည်းက ချန်းဖန်၏ လျှို့ဝှက်ချက်များကို  သူ သိရှိခဲ့ရပြီး ဖြစ်သည်။

သို့သော်လည်း ထျန်းနန်၏ ထိပ်တန်း အရာရှိများနှင့် အင်အားကြီး မိသားစုများပင် ဒူးထောက်ရလောက်သည် အထိ ချန်းဖန်၏ လွှမ်းမိုးမှုက ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

"အစဉ်အလာတွေ လုပ်မနေပါနဲ့ … ကျွန်တော်က ရီလန်းရဲ့ အခန်းဖော်ပဲဟာ … ချန်းဖန် လို့ပဲ ခေါ်ပါ …"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

သို့သော်လည်း ချင်ကျန့်ကျင်းတို့မှာ သူ့အား "ဆရာချန်း" ဟုသာ သုံးနှုန်း ခေါ်ဝေါ်ကြ၏။ သူတို့ အနေဖြင့် ပုံရိပ် အလွန်ကြီးမားသော ပုဂ္ဂိုလ် တစ်ယောက်ကို နာမည်တပ်၍ မခေါ်ရဲချေ။

ချန်းဖန်ကလည်း သူတို့ကို ဒုတိယအကြိမ် တားမနေတော့ချေ။ မည်သို့ပင် ဆိုစေ သာမန် လူသားတစ်ယောက်က သူ့အား မလေးမစား မလုပ်ရဲသည်မှာ ကျိုးကြောင်း ဆီလျော်ပေသည်။

အာလာပသလ္လာပ အနည်းငယ် ပြောဆိုပြီးနောက် ချန်းဖန်က ချင်ကျန့်ကျင်းတို့အား သွယ်ဝိုက်ကာ တောင်းဆိုလိုက်၏။

"ကျွန်တော် ရီလန်းတို့နဲ့ ပြောစရာ စကားလေးတွေ ရှိသေးတာကြောင့် ဦးလေးချင်တို့ ပြန်ချင် ပြန်နှင့်လို့ ရပါပြီ …"

"အာ … ဟုတ်တာပေါ့ ဟုတ်တာပေါ့ … ရီလန်း သားတို့ အေးအေးဆေးဆေးနေမှ ပြန်ခဲ့နော်... မိန်းမရေ ငါတို့ ပြန်နှင့်ရအောင် …"

ချင်ကျန့်ကျင်းက ချန်းဖန်ကို နှုတ်ဆက်ပြီး ချင်ကတော်နှင့်အတူ ထွက်ခွာ သွားတော့သည်။

ချင်ရီလန်းမှာ မိဘများ ထွက်ခွာသွားပြီးသည့် နောက်တွင်ပင် အနည်းငယ် ကြောင်အအ ဖြစ်နေခဲ့သည်။

ဖခင်၏ "ချန်းဖန်အား လေးလေးစားစား ဆက်ဆံရန်" ဆိုသော စကားက သူ၏ စိတ်၌ တဝဲလည်လည် ပေါ်နေ၏။

"မင်း ဘာလုပ်နေတာလဲကွ … ဒီကို လာလေကွာ … ကိုယ့်သူဌေးကိုတောင် ကိုယ်မေ့နေပြီလား …"

ချန်းဖန်က လက်ကမ်းရင်း ချင်ရီလန်းအား ဆွဲခေါ်လိုက်၏။

"ခွေးကောင် မင်းက ငါကို သေအောင် ခြောက်နေတာပဲ …"

ယခင် တက္ကသိုလ် ကျောင်းသား ဘဝမှ ပေါ့ပြက်ပြက် အမူအရာများ ချင်ရီလန်းတွင် ပြန်လည် ထွက်ပေါ်လာ၏။  သူက ချန်းဖန်အား ဖက်ကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"သူဌေး မင်း ဘယ်လို ဘောစိ ဖြစ်လာတာလဲကွ … ငါက မင်းကို သခင်ကြီးလို့ ခေါ်ရတော့ လိုတောင် ဖြစ်နေပြီ …"

"ဒါတွေက အရေး မကြီးပါဘူးကွာ … ငါတို့ ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောကြရအောင်..."

ချန်းဖန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကျောင်း" ဆိုသော စကားလုံးကြောင့် ချင်ရီလန်း၏ မျက်နှာတွင် လွမ်းဆွေးသော အရိပ်အယောင်များ ပေါ်လာခဲ့၏။  လူတစ်ယောက်၏ ဘဝတွင် တက္ကသိုလ် ကျောင်းသားဘဝမှာ အပျော်ရွှင်ရဆုံး အစိတ်အပိုင်းများ မဟုတ်ပါလား။

ထို့နောက် သူတို့ နှစ်ယောက် လုယန်ဝူ ပြင်ဆင်ပေးသော ဝိုင်ကယားကို မော့ရင်း ရှေးဟောင်း နှောင်းဖြစ်များကို နာရီများစွာကြာအောင် စားမြုံ့ပြန်မိကြ၏။

ဝိုင်က ချိုမြိန်သလို အတိတ်ကလည်း လွမ်းဆွေးစရာ ကောင်းလွန်း၏။

ချင်းလုလုမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းသာ ချနေမိတော့သည်။

"ချင်းရရေ  … နင်က တကယ့် နဂါးကိုမှ သွားပြီး မျှော်မှန်းခဲ့တာပဲ …"

ညဉ့်နက်သန်းခေါင်ချိန် ကျော်လွန်လာသည်နှင့် ချန်းဖန်က သူတို့အတွက် အိပ်ရာများ ခင်းကျင်းပေးရန် လုယန်ဝူကို အမိန့်ပေးလိုက်သည်။

အိပ်ရာပြင်ပြီးနောက် ချင်ရီလန်းနှင့် ချင်းလုလုတို့မှာ အနည်းငယ် မူးနေသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့၏။

နောက်တစ်နေ့ နံနက် သူတို့ နိုးလာသည့် အချိန်တွင်မူ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ မရှိကြတော့ချေ။

"သွားပြီလား …"

ချင်ရီလန်းမှာ ချန်းဖန် ထွက်ခွာသွားကြောင်း သိရသည်နှင့် စိတ်တွင် ဟာတာတာ ခံစားလိုက်ရ၏။

"အများကြီး မတွေးနဲ့ ရီလန်း … နင်ရော ငါရောက သာမန်လူတွေ … ငါတို့ရဲ့ သာမန် ဘဝတွေကိုပဲ ဆက်လျှောက် ရအောင်နော် …"

"ချန်းဖန်ကတော့ ငါတို့နဲ့ ခြားနားတဲ့ ကမ္ဘာမှာ သူ့ဘာသာသူ ဆက်ပြီး ရှင်သန်လိမ့်မယ် …"

ချင်းလုလုက ချင်ရီလန်းကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"ဟုတ်ပါတယ်လေ …"

ချင်ရီလန်းက ငေးငိုင်ရင်း လေးပင်စွာသာ ခေါင်းညိတ် လိုက်တော့သည်။

***

ထိုအချိန်၌ ချန်းဖန်နှင့် ယူကီရှီရိုဆာ တို့မှာမူ ဆေးနတ်ဘုရား တောင်ကြားသို့ သွားသည့် လမ်းတွင် ရောက်နေပြီ ဖြစ်၏။

ချန်းဖန်သည် ဟောင်ကောင်သို့ အရင် သွားရန် အစီအစဉ် ချထားခဲ့သော်လည်း လုမိသားစု၏ အဖြစ်အပျက်ကြောင့် ဆေးနတ်ဘုရား တောင်ကြားသို့ တစ်ဆက်တည်း သွားရန် ဆုံးဖြတ်ခဲ့သည်။

"နှင်းနတ်ဘုရား နန်းတော်ကို ကိစ္စကို စုံစမ်း ရဦးမယ် … ဆေးနတ်ဘုရား တောင်ကြားက အဆက်အသွယ်များတော့ တစ်ခုခု သိမှာပဲ … ဟောင်ကောင်မှာက မျက်တစ်လုံး နာဂဘုရင် စောင့်ရှောက်နေတာ ဆိုတော့ ကျန်းအန့်ချီ အဆင်ပြေမှာပါ …"

ချန်းဖန် အပြင်ဘက်သို့ ငေးရင်း တွေးနေမိ၏။

"ဟူး ဟူး …"

သူတို့၏ ဖာရာရီ ကားအဖြူလေးမှာမူ အဝေးပြေး လမ်းမ တစ်လျှောက်တွင် မိုင်တိုင် များစွာကို ကျော်ဖြတ်ရင်း တရွေ့ရွေ့ ပြေးလွှားနေခဲ့သည်။

ဆေးနတ်ဘုရား တောင်ကြားမှာ ထျန်းနန်နယ်မှ မိုင်ထောင်ချီ ကွာဝေးသည်။ သို့သော်လည်း ချန်းဖန်နှင့် ယူကီရှီရိုဆာ နှစ်ယောက် စလုံးမှာ တစ်ချိန်မှ မနားပဲ ခရီးသွားနိုင်ရာ နဂါးဦးခေါင်းမြို့သို့ နှစ်ရက်အတွင်းပင် ရောက်လာခဲ့သည်။

ဆေးနတ်ဘုရား တောင်ကြားသည် နဂါးဦးခေါင်းမြို့၊ လင်းရှန်းရွာ အနီးတွင် တည်ရှိသည်။

လင်းရှန်းရွာလေးသည် ဆေးနတ်ဘုရား တောင်ကြားနှင့် ဆက်နွှယ်မှု ရှိရာ များစွာသော ဧည့်သည်များမှာ ထိုရွာတွင်ပင် ခရီးတစ်ထောက် နား၍ ဆေးနတ်ဘုရား တောင်ကြားသို့ တက်ကြသည်။

ယခုကဲ့သို့ ခရီးသွားရာသီ ဆိုလျှင် လင်းရှန်း ရွာကလေးတွင် များစွာသော ဧည့်သည်များဖြင့် ပြည့်နှက် နေတတ်၏။

သို့သော်လည်း ချန်းဖန်တို့ ရွာငယ်လေးသို့ ရောက်ချိန်တွင်မူ လူသူ ကင်းမဲ့သော လမ်းများနှင့် ပိတ်ထားသော ဆိုင်ခန်းများကိုသာ တွေ့မြင်ရသည်။

"တစ်ဆိတ်လောက် ခင်ဗျာ … ဒီမှာ ဘာတွေ ဖြစ်နေတာလဲ …"

ချန်းဖန်က ရွာသားတစ်ယောက်ကို တွေ့သည်နှင့် မေးလိုက်၏။

"ဟင်း … ဆေးနတ်ဘုရား တောင်ကြားက အပြီး ပိတ်လိုက်ပြီလေ … ဒါကြောင့်ပဲ လူတွေ မလာကြတော့တာ … အလုပ်တွေ မရှိတော့တာနဲ့ ရွာသားတွေလည်း အခြား မြို့ရွာတွေကို ပြောင်းကုန်ကြတာပဲ …"

ရွာသား လူအိုကြီးက သက်ပြင်းချရင်း  ပြန်ဖြေသည်။

"မင်းတို့ နှစ်ယောက်လည်း ဆေးနတ်ဘုရား တောင်ကြားကို သွားကြမလို့လား … ဒါဆို တန်းသာ ပြန်လိုက်ကြ ကိုယ့်လူတို့ … တောင်ကြားက ပိတ်သွားပြီ …"

"တောင်ကြားက ပိတ်သွားပြီ …"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်မိသည်။

ဆေးနတ်ဘုရား တောင်ကြား၏ နှစ်ရာချီ သမိုင်းကြောင်း တစ်လျှောက် ယခုကဲ့သို့ တစ်ခါမျှပင် မပိတ်ခဲ့ဖူးချေ။ ထိုနေရာတွင် ဆိုးဝါးသည့် အရာ တစ်ခုခု ဖြစ်နေခြင်း ဖြစ်ရမည်။

သတင်းရသည်နှင့် ချန်းဖန်က နားပင် မနားတော့ပဲ ယူကီရှီရိုဆာကို ခေါ်ကာ ဆေးနတ်ဘုရား တောင်ကြားသို့ သုတ်ခြေတင်တော့သည်။ သာမန် လူတစ်ယောက် အတွက် ဆိုလျှင် ထိုခရီးကို ရက်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သော်လည်း သူတို့ အတွက်မူ ခြားနားသည်။

နာရီပိုင်းမျှပင် မကြာသော အချိန်အတွင်း ချန်းဖန်နှင့် ယူကီရှီရိုဆာ တို့မှာ ဆေးနတ်ဘုရား တောင်ကြား အဝသို့ ရောက်လာခဲ့သည်။

"အဲဒါ … တန်ခိုးရှင် ဆရာချန်းပဲ …"

အစောင့်များမှာ ချန်းဖန်အား တွေ့သည်နှင့် ချက်ချင်း မှတ်မိကာ ဝမ်းသာအားရ အော်ဟစ်လိုက်၏။

သူ၏ သတိပေးမှုကြောင့် ဆေးနတ်ဘုရား တောင်ကြားမှ အကြီးအကဲများမှာ ချက်ချင်းပင် စုရုံးကာ ချန်းဖန်တို့ကို ကြိုဆိုကြသည်။

"အကြီးအကဲငါး အကြီးအကဲချုပ် ကျင်းရီ …"

ချန်းဖန်က အပြေးအလွှား ရောက်လာသော လူများကို ကြည့်ရင်း နှုတ်ဆက်လိုက်သည်။ သို့သော်လည်း သူနှင့် အရင်းနှီးဆုံး တစ်ယောက်မှာ ပျက်ကွက် နေကြောင်း သတိထားမိလိုက်၏။

"ဆေးဘုရင်ရော ဘယ်မှာလဲ …"

ချန်းဖန်က မေးလိုက်သည်။

ထိုမေးခွန်းကြောင့် အခြားသော လူများမှာ မျက်စိ မျက်နှာ ပျက်သွားကြ၏။

"သူ … လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆုံးသွားပါပြီ …"

ကျင်းရီက နီရဲနေသော မျက်လုံးများဖြင့် ပြန်ဖြေလိုက်သည်။

"ဆရာ ဆိုက်ဘေးရီးယားမှာ သေဆုံးသွားတဲ့ သတင်း ရောက်လာပြီး မကြာခင်မှာပဲ အနောက်တောင်ပိုင်း စုန်းတစ္ဆေဂိုဏ်းက သွေးကဝေဂိုဏ်း ဝိညာဉ်ကဝေဂိုဏ်းနဲ့ အခြား စုန်းကဝေဂိုဏ်း ဆယ့်ခြောက်ခုကို ပူးပေါင်းပြီး ကျွန်မတို့ကို လာတိုက်ပါတယ် …"

"ဂိုဏ်းခေါင်းဆောင်က အဲဒီအဖွဲ့က ပြည့်စုံခြင်း အဆင့် ကဝေသုံးယောက်နဲ့ တစ်ပြိုက်နက်တည်း ရင်ဆိုင်ခဲ့ရပြီး တစ်ယောက်ကို သတ်နိုင်ခဲ့ပါတယ် … အခြား နှစ်ယောက်လည်း ဂိုဏ်းခေါင်းဆောင်ကြောင့် ဒဏ်ရာရပြီး ထွက်ပြေးသွားခဲ့ပါတယ် …"

"ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်ကတော့ အဆိပ် တန်ပြန်ဒဏ်ကြောင့် သေဆုံး သွားခဲ့ရပါတယ် … ဒါကြောင့်ပဲ ကျွန်မတို့ ဧည့်သည်တွေကို လက်မခံဖို့ ဆုံးဖြတ်လိုက်တာပါ …"

ချန်းဖန်မှာ ကျင်းရီ၏ စကားကို နားထောင်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ မိတ်ဆွေကောင်း တစ်ယောက်ကား သေဆုံး သွားရပြန်ချေပြီ။

"ဂိုဏ်းခေါင်းဆောင်က မသေဆုံးခင်မှာ  ကျင်းရီကို သူ့နေရာအတွက် ဆက်ခံစေခဲ့ပါတယ် …"

အကြီးအကဲငါးက သက်ပြင်း တစ်ချက်ချရင်း ဝင်ပြောလိုက်၏။

"စုန်းတစ္ဆေဂိုဏ်း …"

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ယုဝမ်ကျင်းကို ကယ်တင်ရန် အတွက် စုန်းတစ္ဆေဂိုဏ်းမှ သခင်လေးကို သူ သတ်ဖြတ်ခဲ့သည်။ စုန်းတစ္ဆေဂိုဏ်းမှာ ထိုကိစ္စအတွက် ရန်ငြိုးထားကာ သူနှင့် ပတ်သက်နေသည့် ဆေးနတ်ဘုရား တောင်ကြားကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရမည်။

"စုန်းကဝေဂိုဏ်းတွေက ကျွန်တော်တို့ ဆေးနတ်ဘုရား တောင်ကြားကို မျက်စိကျနေတာ ကြာပါပြီ … သူတို့က တောင်ကြားမှာ ရှိတဲ့ မဟာကဝေရဲ့ ဓမ္မ ရတနာကို လိုချင်နေတာပါ …"

အကြီးအကဲငါးက ပြောလိုက်၏။

"ဘာ ဓမ္မ ရတနာလဲ …"

ချန်းဖန်က မျက်ခုံးပင့်ရင်း မေးလိုက်၏။

***

All Chapters