မြောက်ပိုင်းချုံးဂိုဏ်း
Vol. 5 Ch. 484
လွန်ခဲ့သည့် နှစ်သုံးရာခန့်က အမှောင်ကဝေဂိုဏ်း၏ မဟာကဝေသည် တရုတ်တွင် လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။
တစ်နေ့၌ မဟာကဝေသည် ဆေးဝါးရှာဖွေရန် ဆေးနတ်ဘုရား တောင်ကြားသို့ ရောက်လာခဲ့၏။ ဆေးနတ်ဘုရား တောင်ကြားကလည်း သူလိုအပ်သမျှ ဆေးဝါးများကို ကြည်ကြည်ဖြူဖြူပင် ထောက်ပံ့ ပေးအပ်ခဲ့၏။
အပြန်အလှန် အနေဖြင့် အမှောင်ကဝေက ဆေးနတ်ဘုရား တောင်ကြားအတွက် ဓမ္မ အစီအရင်တစ်ခု ခင်းကျင်းပေးသည့် အပြင် ဓမ္မ ရတနာ တစ်ခုကိုပါ လက်ဆောင် ပေးအပ်ခဲ့သည်။
"အဲဒီ ဓမ္မရတနာက အမှောင်ကဝေဂိုဏ်း အဆက်ဆက် ထိန်းသိမ်းခဲ့တဲ့ ရတနာ တစ်ခုလို့ ဆိုကြတယ် … အဲဒီ ရတနာကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က မြေကမ္ဘာအဆင့် နတ်ဘုရား တစ်ပါး ဖန်တီးထားခဲ့တာတဲ့ … အမှောင်ကဝေဂိုဏ်းက အဲဒီ ဓမ္မရတနာကို ကိုယ်တိုင် ကိုယ်ကျ ပြန်ယူဖို့ မကြိုးစားပေမဲ့ အခြားကဝေဂိုဏ်းတွေကို တန်ဖိုးကြီးကြီးနဲ့ ကမ်းလှမ်းပြီး ဆေးနတ်ဘုရား တောင်ကြားကနေ ပြန်ပြီး ရယူဖို့ ဆွဲဆောင်ခဲ့တယ် … ဒါကြောင့် စုန်းတစ္ဆေဂိုဏ်းက ကျွန်တော်တို့ကို လာတိုက်တာပဲ …"
အကြီးအကဲချုပ်က သက်ပြင်းချရင်း ဆိုလိုက်သည်။
"ဒါဆို မင်းတို့က ဘာလို့ အဲဒီ ဓမ္မရတနာကို အမှောင်ကဝေဂိုဏ်းဆီ ပြန်မပေးလိုက်လဲ … သူတို့ဆီက တန်ကြေး ကြီးကြီးမားမားတောင် တောင်းဆိုလို့ ရတာကို …"
ချန်းဖန်က မေးလိုက်သည်။
"ဟုတ်ပါတယ် တန်ခိုးရှင်ဆရာ … ဒါပေမဲ့ အဲဒီ ရတနာက သာမန် မဟုတ်ဘူး … အဲဒါက မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုးလို့ ခေါ်တဲ့ သုံးချောင်းထောက် ဆေးအိုး တစ်ခုပါ … ကောလာဟလတွေ အရဆို အဲဒီ ရတနာကို မြေကမ္ဘာကဝေ တစ်ယောက်က ဆေးသန့်စင်ဖို့ သုံးခဲ့တာတဲ့ … ဒါကြောင့်မလို့ ကျွန်တော်တို့လည်း လွယ်လွယ် မစွန့်လွှတ်နိုင်တာ …"
အကြီးအကဲချုပ်က ရှင်းပြလိုက်သည်။
"မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုး …"
စိတ်ဝင်စားမှုက ချန်းဖန်၏ မျက်လုံးတွင် ပြည့်နှက်လာ၏။
သူတို့ ရည်ညွှန်းသည့် မြေကမ္ဘာကဝေ ဆိုသည်မှာ မြေကမ္ဘာအဆင့် နတ်ဘုရားကို ရည်ညွှန်းခြင်း ဖြစ်လိမ့်မည်။ ထိုအဆင့် ရှိသည့် ကျင့်ကြံသူ တစ်ယောက် ကိုင်တွယ် အသုံးပြုခဲ့သော ဓမ္မရတနာမှာ ပေါ့သေးသေး မဟုတ်နိုင်ချေ။ ထို့ကြောင့်ပင် ဆေးနတ်ဘုရား တောင်းကြားက လက်မလွှတ်နိုင်ခြင်း ဖြစ်ပေမည်။
"အဲဒီ ရတနာကို ကျွန်တော်တို့ မထိန်းသိမ်း နိုင်ခဲ့တာ ရှက်စရာပါပဲ … မဟုတ်ရင် အဲဒီ ရတနာကို တန်ခိုးရှင် ဆရာ့ဆီ ပြလို့ရမှာ … တန်ခိုးရှင် ဆရာရဲ့ လက်ထဲမှာဆို အဲဒီ ရတနာက ပိုပြီး အစွမ်းထက်လာမှာ …"
အကြီးအကဲချုပ်က ရှက်ရွံ့စွာ ပြောလိုက်သည်။
မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုးသည် သူတို့ကဲ့သို့ သာမန် ပညာရှင်များ၏ လက်တွင် အစွမ်းကုန် ထုတ်ဖော်နိုင်ခြင်း မရှိချေ။ သို့သော်လည်း ချန်းဖန်ကဲ့သို့ တန်ခိုးရှင် အဆင့် သုံးလျှင်မူ အလွန် အစွမ်းထက် ပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဆေးဘုရင်သည် ထိုရတနာအား ချန်းဖန်ထံ၌ ပြသချင်ခဲ့သည်။ သို့သော်လည်း ချန်းဖန်မှာ လဲ့ချန်းကျွယ်နှင့် တိုက်ခိုက်ရန် အလျင်လို နေရာ ထိုကိစ္စကို အရေးမလုပ် နိုင်ခဲ့ချေ။
"စိတ်မပူပါနဲ့ … ငါ စုန်းတစ္ဆေ ဂိုဏ်းကို သွားပြီး ပြန်ယူလာခဲ့မယ် …"
ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
ထိုဓမ္မ ရတနာမှာ သူ မျက်စိ ကျလောက်သည့် အရာ မဟုတ်သော်လည်း မူလဝိညာဉ် အဆင့်ကို မရောက်သေးခင် ကာလအတွင်း အနည်းငယ်တော့ အသုံးဝင်နိုင်သည်။
ထို့နောက် အကြီးအကဲချုပ်က ဆေးသန့်စင်ခြင်းနှင့် ပတ်သက်သော မေးခွန်းများ မေးရန် ချန်းဖန်ကို တောင်ကြားသို့ ဖိတ်ခေါ်သည်။ ချန်းဖန်ကလည်း သဘောတူလိုက်၏။
သူ့အနေဖြင့် ဆေးနတ်ဘုရား တောင်ကြားကို ကိုယ်ပိုင် ဆေးအဖွဲ့ တစ်ခုဖြစ်လာစေရန် အစ ကတည်းကပင် ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့်ပင် နှစ်ခဲ့သည့် နှစ်နှစ်ခန့်က ဆေးသန့်စင်ခြင်းနှင့် သက်ဆိုင်သော နည်းစနစ်များကို ပေးထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ့တွင် ဂိုဏ်းတစ်ဂိုဏ်း ထူထောင်ရန်လည်း ဆန္ဒ ရှိနေသေးသည်။
သူက တစ်ဆက်တည်းပင် ဆေးနတ်ဘုရား တောင်ကြားကို သူ၏ဂိုဏ်းနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်။
"တန်ခိုးရှင် ဆရာက ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ချင်တာလား …"
အကြီးအကဲချုပ်နှင့် အကြီးအကဲငါးတို့မှာ ချန်းဖန်၏ စကားကြောင့် မျက်နှာများ ဝင်းပသွားကြ၏။
ဆေးနတ်ဘုရား တောင်ကြားသည် နှစ်ရာချီ တည်ရှိခဲ့သည့် ဆေးပညာ ဂိုဏ်းကြီး ဖြစ်သည်။ သို့သော်လည်း သူတို့၏ ဆေးပညာ ဗဟုသုတမှာ ချန်းဖန်၏ ခြေဖျားကို မမီခဲ့ချေ။ အကယ်၍ ချန်းဖန်၏ ဂိုဏ်းနှင့်သာ ပူးပေါင်းခဲ့ပါက သူတို့ ကိုယ်တိုင်လည်း ပိုမို တိုးတက်လာလိမ့်မည် ဖြစ်သည်။
"ကျွန်တော်တို့ ဆေးနတ်ဘုရား တောင်ကြားက ကျိန်းသေ ပူးပေါင်းရမှာပေါ့ … ဒါနဲ့ ဂိုဏ်းရဲ့ နာမည်က ဘာတဲ့လဲ …"
အကြီးအကဲချုပ်က မေးလိုက်သည်။
"ငါက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက ဆိုတော့ အဲဒီ နာမည်ကို သုံးလို့ ရတယ် … ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းအားက အဲဒီဂိုဏ်းဝင် ဖြစ်ဖို့ အလှမ်းဝေးသေးတယ် ဆိုတော့ …"
ချန်းဖန်က ခဏမျှ စဉ်းစားရင်း ဆက်ပြောလိုက်သည်။
"အဲဒါကို မြောက်ပိုင်းချုံး ဂိုဏ်းလို့ ခေါ်ကြမယ် …"
"မြောက်ပိုင်းချုံးဂိုဏ်း …"
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
"မြောက်ပိုင်းချုံး" ဟူသော အမည်က ယူကီရှီရိုဆာ၏ မျက်လုံးများကမူ ဖျတ်ခနဲ တောက်ပသွားစေ၏။ ထိုနာမည်က သူမအား အစိမ်းရောင် နဂါးအစီအရင် အတွင်းရှိ နတ်ဘုရားမလေး၏ ပန်းချီကားကို သတိရစေသည်။
"ဟုတ်တယ် မြောက်ပိုင်းချုံးဂိုဏ်း … ငါက ဂိုဏ်းချုပ် လုပ်မယ် … ငါ့ရဲ့ တပည့် နှစ်ယောက်လည်း ဂိုဏ်းကို ပူးပေါင်းလိမ့်မယ် … တစ်ယောက်က အားရှို့တဲ့ … သူက အထွတ်အထိပ် အဆင့်လောက်ကို ရောက်နေလောက်ပြီ … အခြား တစ်ယောက်ကတော့ မင်းတို့ ကြားဖူးကြမယ် ထင်တယ် … ဟွာရန်ဖန်းတဲ့ … သူက ငါနဲ့ အတူတူ တန်ခိုးရှင် အဆင့်ပဲ …"
"ဟွာရန်ဖန်းက ဆရာရဲ့ တပည့်လား … သူကလည်း တန်ခိုးရှင် အဆင့်ပဲပေါ့ …"
ဆေးနတ်ဘုရား တောင်ကြားမှ လူများမှာ မယုံကြည်နိုင်စွာ ရေရွတ်မိကြ၏။
ကျောင်းဟိုင်၏ ဟွာရန်ဖန်းကား ကျောင်းဟိုင်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည့် အထွတ်အထိပ် တစ်ယောက် အဖြစ် ကျော်ကြားသည်။ ထို့အပြင် သူသည် ကျော်ကြားသည့် အစိမ်းရောင် ဂိုဏ်းကြီး၏ ခေါင်းဆောင်ဟောင်း တစ်ယောက်လည်း ဖြစ်သည်။
သို့သော်လည်း သူက ချန်းဖန်၏ တပည့်ဟု ဆိုသည်။ ချန်းဖန်မှာ မည်မျှအထိ အစွမ်းထက် နေသနည်း။
"ဆေးနတ်ဘုရား တောင်ကြားက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ဆေးဌာနကို တာဝန်ယူရမယ် … ကျင်းရီက ဌာနခေါင်းဆောင်လုပ် … ကျန်တဲ့သူတွေကတော့ အာခီမီ အကြီးအကဲတွေ လက်ထောက်တွေ လုပ်ကြပေါ့ …"
ချန်းဖန်က ဆက်လက်၍ ဂိုဏ်း စည်းမျဉ်းများကို ချမှတ်လိုက်၏။
သူကား စကြဝဠာ တစ်ခွင်ရှိ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အကိုင်းအဖျား များစွာကို စီမံ ကွပ်ကဲခဲ့သူ ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းကျနသော ဂိုဏ်းတစ်ခု တည်ဆောက်ခြင်းမှာ သူ့အတွက် မခက်ခဲလှချေ။
ချန်းဖန်က ဂိုဏ်းအတွင်းတွင်
(၁) ဂိုဏ်းချုပ်
(၂) ဦးစီးတပည့်များ
(၃) အကြီးအကဲများ
(၄) ဌာနခွဲ ခေါင်းဆောင်များ
(၅) အတွင်းစည်း တပည့်များနှင့်
(၆) အပြင်စည်း တပည့်များ
ဟူ၍ နေရာခြောက်ခု သတ်မှတ်လိုက်၏။
သို့သော်လည်း ဤကမ္ဘာ၌ သူ ကြာကြာနေမည် မဟုတ်ရာ စည်းကမ်းများကို ရှုပ်ရှုပ်ထွေးထွေး ချမှတ် မနေခဲ့ချေ။
"မြောက်ပိုင်းချုံးဂိုဏ်း ဆေးဌာနခွဲရဲ့ တပည့်တွေက ဂိုဏ်းချုပ်ကို ဂါဝရ ပြုပါတယ် … ဂိုဏ်းချုပ် သက်တော် ရာကျော် ရှည်ပါစေ …"
ဆေးဌာန အဖွဲ့ဝင် ဂိုဏ်းသားများက ကျင်းရီ၏ ခေါင်းဆောင်မှုဖြင့် ချန်းဖန်၏ ရှေ့တွင် ဒူးထောက်ကာ ဂါဝရ ပြုလိုက်ကြသည်။
ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းသည် နှစ်ပေါင်းရာချီ၍ တည်ရှိခဲ့သော အဖွဲ့ဖြစ်၏။ သို့သော်လည်း ယနေ့မှ စ၍ ဆေးနတ်ဘုရား တောင်ကြားဟူ၍ ရှိတော့မည် မဟုတ်ချေ။ မြောက်ပိုင်းချုံးဂိုဏ်း၏ ဆေးဌာနသာ ဆက်လက် တည်ရှိတော့မည် ဖြစ်သည်။
"ဆရာ … ကျွန်မကရော ဘာရာထူး ရမှာလဲ …"
ယူကီရှီရိုဆာက နှုတ်ခမ်းစူကာ မကျေမနပ် မေးလိုက်သည်။
"နင်ကလား … နင်က ဂိုဏ်းရဲ့ စောင့်ရှောက်သူ လုပ်လို့ရတယ်လေ … ဌာနခွဲ ခေါင်းဆောင်နဲ့ ရာထူး အတူတူပဲ …"
ချန်းဖန်က ရယ်မောရင်း ယူကီရှီရိုဆာအား ချော့လိုက်ရသည်။
"ကျေးဇူးပါ ဆရာ …"
ယူကီရှီရိုဆာ၏ မျက်နှာက ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းသွား၏။ ချိုမြိန်သော အပြုံးကြောင့် ပြိုင်ဘက်ကင်းသော အလှတရားက သူမ၏ မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။ ဆေးဌာန ဂိုဏ်းသားများကား ယူကီရှီရိုဆာကို ကြည့်ရင်း အသက်ရှူပင် မှားသွားကြတော့သည်။
"မင်းတို့အားလုံး ဂိုဏ်းကို ပူးပေါင်းပြီးပြီ ဆိုတော့ ဂိုဏ်းစည်းကမ်းတွေကို လိုက်နာရမယ် …"
ချန်းဖန်က မတ်တတ်ရပ်ရင်း ကြေညာလိုက်သည်။
"ဟုတ်ကဲ့ပါ … ဂိုဏ်းစည်းကမ်းတွေကို လိုက်နာပါ့မယ် …"
အကြီးအကဲချုပ်နှင့် အခြားလူများက ဒူးထောက်ရင်း စိတ်အား ထက်သန်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့ကား ချန်းဖန်၏ ခေါင်းဆောင်မှု အပေါ် သံသယ လုံးဝ မရှိချေ။
"ကောင်းပြီ … ငါတို့ ဂိုဏ်းမှာ စည်းကမ်းတွေ အများကြီး မရှိဘူး …"
"ပထမ စည်းကမ်းက ချန်းမိသားစုဝင်တွေကို ထိခိုက်အောင် မလုပ်ရဘူး …"
ချန်းဖန်က ကြေညာလိုက်သည်။
"နားလည်ပါပြီ …"
ဂိုဏ်းသားများက ခေါင်းညိတ်ရင်း အော်ဟစ်လိုက်ကြသည်။
"ဒါပဲ … ဂိုဏ်းမှာ ဒုတိယ စည်းကမ်း ဆိုတာ မရှိဘူး … ငါ ကိုယ်တိုင်ကလည်း စည်းကမ်းတွေ ရှုပ်ရှုပ်ယှက်ယှက် ချတာကို မကြိုက်ဘူး …"
ချန်းဖန်က တစ်ခုတည်းသော ဂိုဏ်းစည်းမျဉ်းကို ကြေညာပြီးနောက် ဂိုဏ်းသားများမှာ ဒူးထောက်နေရာမှ ထလိုက်ကြ၏။
ချန်းဖန်သည် ချန်းမိသားစု၏ အဆင့်အတန်းကို ဂိုဏ်းအတွင်း တည်မြဲအောင် ချမှတ်ပေးခဲ့၏။ သို့သော်လည်း သူ့စကားထဲမှ ချန်းမိသားစုတွင် သူ့အဘိုး၊ မိဘများ၊ အစ်မအန်၊ ချန်းနန်နှင့် ချန်းကူးကူးတို့သာ ပါဝင်သည်။ အခြားလူများကို သူ ဂရုမစိုက်ပေ။ ထိုလူများကို များပြားသော ပိုက်ဆံ ပမာဏနှင့် ကမ်းလှမ်း၍ ချန်းမိသားစုမှ ခွဲထုတ်ရန်ပင် ချန်းဖန် တွေးမိသည်။
ချန်းဖန်က ဂိုဏ်းအခြေစိုက်ရန် ကိစ္စကို ယူကီရှိဆာနှင့် ကျိုးကျင်းရီတို့ထံ လက်လွှဲထားလိုက်သည်။ ထိုမိန်းကလေး နှစ်ယောက်မှာ ကြီးမားသော လုပ်ငန်း အဖွဲ့များကို လည်ပတ်ဖူးသည့် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်သည်။ အထူးသဖြင့် ယူကီရှီရိုဆာမှာ ချန်းဖန်၏ အားအကိုးရဆုံး လက်ထောက်သဖွယ် ဖြစ်လာခဲ့သည်။
မိန်းကလေး နှစ်ယောက် အလုပ်များ နေစဉ်မှာပင် ချန်းဖန်က အကြီးအကဲများအား ဆေးသန့်စင်ခြင်းနှင့် ပတ်သက်သော ဓမ္မကျင့်စဉ် နည်းစနစ်များ သင်ကြားပေးနေခဲ့သည်။ သူက နှင်းနတ်ဘုရား နန်းတော် ကိစ္စကိုလည်း သူတို့ထံမှ စုံစမ်းခဲ့သေးသည်။
"ဂိုဏ်းချုပ် … ကျွန်တော် နှင်းနတ်ဘုရား နန်းတော် အကြောင်းကို ကျွန်တော် နည်းနည်းတော့ သိပါတယ် … ဆေးဘုရင် တစ်ခါက ပြောတာ ကျွန်တော် ကြားဖူးပါတယ် …"
အကြီးအကဲချုပ်က စဉ်းစားရင်း အဖြေပေးလိုက်သည်။
"ဟုတ်လား … ဆေးဘုရင်က နှင်းနတ်ဘုရား နန်းတော် အကြောင်း ဘာပြောခဲ့တာလဲ …"
ချန်းဖန်က မေးလိုက်၏။
"နှင်းနတ်ဘုရား နန်းတော်က နှင်းတောင် တစ်ခုမှာ ရှိတာတဲ့ … သူတို့ နန်းတော်ရဲ့ အဖွဲ့ဝင်တွေက မိန်းကလေးတွေပဲတဲ့ … သူတို့က ဆယ်နှစ် တစ်ခါ အပြင်ကို တပည့် ထွက်ရှာကြတယ်တဲ့ … မိန်းကလေးလုက သူတို့ဆီကို ပါသွားတာ ဖြစ်မယ် …"
အကြီးအကဲချုပ်က ပြောပြလိုက်သည်။
"အဲဒီ နှင်းနတ်ဘုရား နန်းတော်က ဘယ်မှာ ရှိလဲ ခင်ဗျား သိသလား …"
ချန်းဖန်က မေးလိုက်သည်။
"နှင်းနတ်ဘုရား နန်းတော်က အရမ်းကို လျှို့ဝှက် ဆန်းကြယ်တယ် … ကောလာဟလတွေ အရဆို သူတို့ တည်ရှိခဲ့တာ နှစ်ထောင်ချီ နေပြီတဲ့ … မရေမတွက်နိုင်တဲ့ လူတွေက အဲဒီနေရာကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့ အားလုံးပဲ ကျရှုံးခဲ့ရတယ်တဲ့ … ကျွန်တော် သိတာဆိုလို့ တစ်ခုပဲ ရှိတယ် … အဲဒီအဖွဲ့က မိန်းကလေးတွေက အရမ်းလှတယ် ဆိုတာပဲ …"
အကြီးအကဲချုပ်က သူသိသမျှကို တစ်လုံးမကျန် ပြောပြလိုက်သည်။
"ဂိုဏ်းချုပ် … ဆေးနတ်ဘုရား တောင်ကြားက ဂိုဏ်းငယ်လေး ဆိုတော့ အဲဒီလောက် သိတယ် … အမှောင်ကဝေဂိုဏ်း ကောင်းကင်သခင်ဂိုဏ်းနဲ့ ဝူတန်ဂိုဏ်းတို့ဆို ကျွန်တော်တို့ထက် ပိုသိလိမ့်မယ် ထင်တယ် …"
"အင်းပေါ့ …"
ချန်းဖန်က ခေါင်းညိတ်ရင်း ထိုကိစ္စကို ထပ်မမေးတော့ချေ။ အနည်းဆုံး လုယန်ရွယ် အသက်ရှင်နေသေးလျှင် သူ စိတ်ချပြီ ဖြစ်သည်။ ထိုကိစ္စက လောစရာ မလိုချေ။
"ရှောင်ရွယ်ကို ကောင်းကောင်း ဆက်ဆံရင် ဆက်ဆံ … မဟုတ်ရင်တော့ မင်းတို့ နန်းတော် တစ်ခုလုံးကို မီးရှို့ပစ်မယ် …"
ချန်းဖန်က စိတ်ထဲမှ ကြုံးဝါးလိုက်၏။
နောက်ရက်များ အတွင်း ချန်းဖန်က ဆေးဌာနခွဲမှာ ဂိုဏ်းသားများကို ဓမ္မကျင့်စဉ်များ၊ ဆေးသန့်စင်ခြင်း နည်းစနစ်များ သင်ကြားပေးခြင်းဖြင့် အချိန်ဖြန်း နေခဲ့သည်။
သူက တပည့် တစ်ယောက်ချင်းစီ၏ "ကောင်းကင်ဝိညာဉ် အမှတ်သား" များကိုလည်း ဖန်တီးထားခဲ့သည်။ ထိုကောင်းကင် ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးပစ်ခြင်းဖြင့် သစ္စာဖောက်မည့် တပည့်ကို အလွယ်ကလေး သတ်ဖြတ်ပစ်နိုင်သည်။
လုပ်စရာ ကိစ္စများကို အဆုံးသတ် ပြီးသည်နှင့် ချန်းဖန်မှာ အနောက်တောင်ပိုင်း စုန်းတစ္ဆေဂိုဏ်းသို့ ဦးတည်လိုက်တော့၏။
***