သူ့ရှေ့ဆုံး နာမည်က ချန်း
Vol. 5 Ch. 485
စုန်းတစ္ဆေဂိုဏ်း …
ထိုဂိုဏ်းကား တရုတ်၏ အကြီမားဆုံး စုန်းကဝေဂိုဏ်းကြီး သုံးခု အနက်မှတစ်ခု ဖြစ်သည်။ စုန်းတစ္ဆေဂိုဏ်းနှင့် တန်းတူ အင်အား ကြီးမားသော ဂိုဏ်းကြီး နှစ်ခုမှာ သွေးကဝေဂိုဏ်းနှင့် အမှောင်ကဝေဂိုဏ်းတို့ ဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က သူငယ်ချင်း ယုဝမ်ကျင်း အတွက် ချန်းဖန် စုန်းတစ္ဆေဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ရသေးသည်။
ချန်းဖန် လက်ရှိ အသုံးပြုနေသည့် "နတ်ဆိုးသခင် ဆင့်ခေါ်ပလွေ" မှာလည်း စုန်းတစ္ဆေဂိုဏ်း၏ သခင်လေး ပိုင်ဆိုင်ခဲ့သော ဓမ္မ ရတနာ ဖြစ်သည်။
"ယုဝမ်ကျင်းက ပိုင်ဝူကျိနဲ့အတူ အနောက်တောင်ပိုင်းကို လိုက်သွားခဲ့တယ် ... သူ အဆင်ရော ပြေရဲ့လား …"
သန့်ရှင်းပြီး အပြစ်ကင်းမဲ့သော မိန်းကလေး၏ ပုံရိပ်က ချန်းဖန်၏ နှလုံးသားတွင် ပြန်လည် ထင်ဟပ်လာခဲ့သည်။
ယုဝမ်ကျင်းမှာ ရှားရှားပါးပါး သန့်စင်သော ယင်ခန္ဓာပိုင်ရှင် ဖြစ်သည်။ ထို့ကြောင့်ပင် စုန်းတစ္ဆေဂိုဏ်းက သူမကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ် ဆိုလျှင် ချန်းဖန် ယုဝမ်ကျင်းကို တစ်ယောက်တည်း လေ့ကျင့်ရန် မလွှတ်ချင်ခဲ့ပေ။ ပိုင်ဝူကျိက သူ၏အသက်နှင့် ရင်း၍ အာမခံခြင်း ကြောင့်သာ ချန်းဖန် သူမကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
"ငါဝမ်ကျင်းနဲ့ တွေ့ရင် မြောက်ပိုင်းချုံးဂိုဏ်းမှာ လာနေဖို့ ဖိတ်ခေါ်ရမယ် … အဲဒါမှ သူလည်း အိမ်နဲ့ နီးနီးနားနားမှာ နေရတာပေါ့ …"
ချန်းဖန် တွေးနေမိသည်။
ဆေးနတ်ဘုရား တောင်ကြား၏ ပိုင်နက်သည် တရုတ် အနောက် မြောက်ပိုင်း ပြည်နယ်များနှင့် ဆက်စပ်၍ တည်ရှိ၏။ သို့သော်လည်း မြင့်မားသော တောင်တန်းများက ဒေသနှစ်ခုကို ကာဆီးထားရာ လမ်းပန်း ဆက်သွယ်ရေးမှာ ညံ့ဖျင်းလှသည်။ တစ်ခုတည်းသော ခရီးလမ်းကား တောင်ကို ဖြတ်ကာ ဝိုက်ကာ ဖောက်လုပ်ထားသော ကျဉ်းမြောင်း သေးငယ်သော ကားလမ်းငယ်လေးသာ ဖြစ်သည်။
မြောက်ပိုင်းချုံး ဂိုဏ်း၏ စောင့်ရှောက်သူ တစ်ဖြစ်လဲ ယူကီရှီရိုဆာသည် ကျွမ်းကျင်စွာ ကားမောင်းနှင် နိုင်သောကြောင့်သာ ကံကောင်းသည်ဟု ဆိုရမည်။ သူတို့၏ ခရီးလမ်းက အခက်အခဲ သိပ်မရှိလှချေ။
"ဟူး ဟူး …"
တရိပ်ရိပ် ပြေးလွှားနေသော ဖာရာရီ ကား၏ ဘေးတစ်ဖက် တစ်ချက်၌ သစ်တောများ၊ တောင်တန်းများမှာ အစီအရီပင် ကျန်ရစ်နေခဲ့၏။
နေ့တစ်ဝက်မျှ ကြာပြီးနောက် သူတို့နှစ်ယောက် အနောက်တောင် ပြည်နယ်၏ မြို့တော် ဖြစ်သော ရုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
"ဆရာ … ကျွန်မတို့ ဘယ်ကို သွားကြမလဲ …"
ယူကီရှီရိုဆာက မေးလိုက်သည်။
"ခဏလောက် စောင့်ပါဦး …"
ချန်းဖန်က မျက်လုံးများကို ပိတ်ကာ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။
ယခုဆိုလျှင် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် သုံးဆယ် ကီလိုမီတာ အထိ ဖြန့်ကြက်နေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ရုန်မြို့တစ်မြို့လုံးကို သူ ကောင်းစွာ စစ်ဆေးနိုင်သည်။
"ယုဝမ်ကျင်း ဒီမှာ မရှိပါလား …"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်မိသည်။
ယုဝမ်ကျင်းသည် သန့်စင်သော ယင်ခန္ဓာ ပိုင်ရှင် ဖြစ်သည်။ သူမသာ မြို့အတွင်း ရှိနေခဲ့လျှင် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှ ပြေးမလွတ်နိုင်ချေ။
"သူ ရုန်မြို့မှာ မရှိတာ ဖြစ်နိုင်တယ် … ပိုင်ဝူကျိရော ဘယ်ရောက်နေလဲ …"
တွေးရင်း ချန်းဖန်က ပိုင်ဝူကျိကို ရှာဖွေလိုက်သည်။
ပိုင်ဝူကျိသည် ပိုင်မိသားစု ခေါင်းဆောင် ဖြစ်သကဲ့သို့ ထင်ရှားသည့် လူတစ်ယောက်လည်း ဖြစ်ရာ ချန်းဖန် အတွက် ရှာဖွေရန် သိပ်မခက်လှချေ။
"ဒီမှာ မရှိဘူး ဒီမှာလည်း မရှိဘူး …"
"အာဟ... မင်းက ဒီမှာကိုး …"
ချန်းဖန်က မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
"ပိုင်မိသားစု ဆီကို သွားကြရအောင် … မြို့ အရှေ့တောင်ဘက်ကို မောင်း …"
ပိုင်မိသားစုသည် ရုန်မြို့တွင် ထင်ရှားသော မိသားစု ဖြစ်ရာ GPS မြေပုံတွင်ပင် ဖော်ပြထားသည်။
ချန်းဖန်တို့ ပိုင်မိသားစုသို့ ရောက်ချိန်၌ နံနက် လင်းနေပြီ ဖြစ်၏။
"ဆရာ … ဒါက သီးသန့် နေရာပါ ဖြတ်သန်းခွင့် မရှိပါဘူး …"
ပိုင်မိသားစု အဝ၌ ရှိနေသော အစောင့်များက ချန်းဖန်တို့ကို တားဆီးလိုက်သည်။ ထိုအစောင့်များမှာ တာအို ရရှိခြင်း အဆင့် ကျင့်ကြံသူများ မဟုတ်ကြသော်လည်း သူတို့၏ လှုပ်ရှားမှုများက ဖျတ်လတ်ကာ စွမ်းအား ပြည့်ဝနေသည်။ ထိုအချက်က သူတို့သည် အတွင်းအား ပညာရှင်များ ဖြစ်ကြောင်း သိသာစေ၏။
"ပိုင်ဝူကျိကို ပြောလိုက်ပါ … ကျန်းပေ့နယ် စီကျွေးက တောသားလေး သူ့ကို လာတွေ့တယ် လို့ …"
ချန်းဖန်က အစောင့်များ၏ တားမြစ်မှုကို စိတ်ထဲ မထားပဲ ပြောလိုက်သည်။
"အာ … နောက်ပြီး ငါ့နာမည်က ချန်းနဲ့ စတယ် ဆိုတာပါ ပြောလိုက်ဦး …"
"ကောင်းပါပြီ …"
အစောင့်များက ခေါင်းညိတ်ရင်း အတွင်းသို့ ဝင်သွားကြသည်။
ထိုအချိန်၌ ပိုင်မိသားစု စံအိမ် အခန်းတစ်ခု အတွင်းတွင်မူ လူခြောက်ယောက်သည် စားပွဲ တစ်ခု၌ ဝိုင်းကာ ထိုင်နေကြ၏။ ထိုအထဲမှ တစ်ယောက်ကား ချန်းဖန် လိုက်ရှာနေသည့် ပိုင်ဝူကျိပင်။
သူတို့ ခြောက်ယောက်ထဲမှ စားပွဲထိပ်ဆုံး နေရာ၌ ထိုင်နေသော အဘိုးအိုမှာ အနည်းငယ် ထူးခြား၏။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အခြားလူများထက် ပိုမို ထက်မြက်နေသည်။ သူ၏ အဆင့်မှာ အနည်းဆုံး ပြည့်စုံခြင်း (အထွတ်အထိပ်နှင့် အဆင့်တူ) သို့ ရောက်နေခဲ့သည်မှာ သေချာသည်။
"သခင်မစူး … ကောင်မလေး ဘယ်ရောက် သွားတာလဲ … ခင်ဗျား ကျုပ်ကို သေချာ ရှင်းပြစမ်း …"
ပိုင်ဝူကျိက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ သူ၏ မျက်လုံးတွင်မူ စိုးရိမ် ပူပန်မှုများက အထင်းသားပင်။
"ဟမ့် … ဝမ်ကျင်းက ငါ့တပည့်ပဲ … သူ့ကို ငါ့ဆီကနေ အတင်းအကြပ် ခေါ်သွားတာ ငါ မခံစားရဘူး ထင်နေလား …"
လှပ ချောမောသော မိန်းတစ်ယောက်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
"သူက ငါ နှစ်နှစ်တိတိ လေ့ကျင့် ပျိုးထောင် ပေးခဲ့တဲ့ ကောင်မလေးပါ … သူ့မှာ နောက်ဆယ်နှစ် အတွင်း ဓမ္မကျင့်ကြံခြင်း အဆင့်ကို ရောက်ဖို့တောင် အလားအလာ ရှိတယ် … ဒါပေမဲ့ စုန်းတစ္ဆေဂိုဏ်းရဲ့ ကဝေ အကြီးအကဲ ကိုယ်တိုင် ရောက်လာတော့ ငါက ဘာတတ်နိုင်မှာလဲ …"
ထိုမိန်းမသည် စူးမိသားစု၏ ခေါင်းဆောင် စူးယွင်ကျစ် ဖြစ်သည်။ သူမ၏ စူးမိသားစုသည် အနောက်တောင်ပိုင်း ပြည်နယ်၏ အကြီးမားဆုံး ဓမ္မအစီအရင် မိသားစုကြီး ခြောက်ခု ဖြစ်သည့် ပိုင်၊ ရှီ၊ လီ၊ ယွမ်၊ ကုန်း၊ စူး မိသားစုများ အနက်မှ တစ်ခု ဖြစ်သည်။
"သူက သန့်စင်သော ယင်ခန္ဓာ ပိုင်ရှင် ဆိုတော့ စုန်းတစ္ဆေဂိုဏ်းက သူ့ကို ပြည့်စုံခြင်း အဆင့်ကို မရောက်စေချင်တာ သဘာဝ ကျပါတယ် … ဘာပဲဖြစ်ဖြစ် သူ စုန်းတစ္ဆေဂိုဏ်း လက်ထဲ ရှိသွားပြီ ဆိုတော့ အသုံးမကျတဲ့ ကောင်မလေး ဖြစ်သွားပြီပေါ့ …"
သခင်ကြီးလီက ခေါင်းခါရင်း ဝင်ရောက် ပြောလိုက်သည်။
"ဟုတ်တယ် … ငါတို့ ယုဝမ်ကျင်းကို လိုချင်ရတဲ့ အကြောင်းရင်းကလည်း သူ့ကို သုံးပြီး စုန်းတစ္ဆေဂိုဏ်းရဲ့ သခင်လေးကို ရင်ဆိုင်ဖို့ပဲလေ … အခု သခင်လေး သေသွားပြီ ဆိုတော့ သူက ငါတို့ အတွက် သိပ်အသုံး မဝင်တော့ပါဘူး … သူ့ရဲ့ပါရမီကို နှမြောမိပေမဲ့ ငါတို့ ပြန်ပြီး အစားထိုးလို့ ရပါတယ် …"
ကုန်းသခင်ကြီးကလည်း ဝင်ရောက် ပြောသည်။
"ဟမ့် …"
စူးယွင်ကျစ်က နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း သူမက မချေပခဲ့ချေ။
သူမ အနေဖြင့် ယုဝမ်ကျင်းကို စုန်းတစ္ဆေဂိုဏ်း လက်အတွင်း မထည့်ချင်ခဲ့ပေ။
သို့သော်လည်း မဟာကဝေ တံခါးဝသို့ ရောက်လာသည်နှင့် သူမ တုံ့ဆိုင်းခြင်း မရှိပဲ ယုဝမ်ကျင်းကို လက်လွှဲပေးလိုက်သည်။ ထိုတပည့် အတွက် စုန်းတစ္ဆေဂိုဏ်းနှင့် တိုက်ခိုက်ရန် သူမ ဆန္ဒ မရှိချေ။
မည်သို့ပင် ဆိုစေ ယုဝမ်ကျင်းမှာ အရုပ်တစ်ရုပ်သာ ဖြစ်သည် မဟုတ်ပါလား။
"မင်းတို့ … မင်းတို့တွေ …"
ပိုင်ဝူကျိကား ဒေါသကြောင့် ရှူးရှူးရှဲရှဲ ဖြစ်လာခဲ့၏။ သို့သော်လည်း အခြားသူများက သူ၏ ဒေါသကို ဂရုမစိုက်ကြပေ။
"မင်းတို့တွေ ယုဝမ်ကျင်း ဘယ်သူ ဆိုတာရော သိရဲ့လား …"
ပိုင်ဝူကျိက ဒေါသတကြီး မေးလိုက်၏။
"ဟွန့် … အသုံးမကျတဲ့ တောသူမလေ …"
စူးယွင်ကျစ်၏ နောက်တွင် ရပ်နေသည့် ဆွဲဆောင်မှု ရှိသော ကောင်မလေးက ဝင်ရောက် ပြောလိုက်၏။
သူမသည် စူးယွင်ကျစ်နှင့် ရုပ်ရည်ချင်း ဆင်တူသလို ဆွဲဆောင်မှု ရှိခြင်းလည်း ဆင်တူသည်။ သူမကား စူးယွင်ကျစ်၏ သမီး စူးနန်းနန်းပင် ဖြစ်သည်။
သူမသည် ယုဝမ်ကျင်းကို တစ်စက်မျှပင် ကြည့်မရပေ။ ယုဝမ်ကျင်း၏ နုံချာသော နောက်ခံနှင့် သာမန်ထက် သာလွန်သော ပါရမီတို့က စူးနန်းနန်းကို မနာလိုစိတ် ဖြစ်စေသည်။
"သူက ယုမိသားစုက သာမန် မိန်းကလေး တစ်ယောက်ပဲလေ … စုန်းတစ္ဆေဂိုဏ်းရဲ့ သခင်လေးက သူ့ရဲ့ ခန္ဓာကိုယ်ကို သဘောကျတာကြောင့် ကျန်းပေ့ကို လွှတ်ပြီး မွေးစားထားခဲ့တာ … မင်းက သခင်လေးကို သတ်ပြီး သူ့ကို စူးသခင်မဆီ အပ်ခဲ့တယ် … ငါတို့ သိတာ ဒါပဲလေ …"
လီသခင်ကြီးက ဝင်ရောက် ပြောလိုက်သည်။
"ကောင်းပြီလေ … ငါမင်းတို့ကို အဖြစ်မှန်တွေ ပြောပြရတော့မှာပေါ့ …"
ပိုင်ဝူကျိက ဖြူရော်စွာ ပြုံးလိုက်၏။
"မင်းတို့က သခင်လေးကို ငါသတ်တယ်လို့ ထင်နေကြတာလား … သူက ဓမ္မ ကျင့်ကြံခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ … ထားပါတော့လေ … ငါက သူ့ကို သတ်ခဲ့တာ ဆိုရင် ကဝေ အကြီးအကဲက ငါ့ကို ဘာလို့ ဆက်အသက်ရှင်ခွင့် ပေးထားရတာလဲ … မင်းတို့ တွေးမိကြရဲ့လား …"
"ဟမ် …"
သူ၏ စကား နားထောင်သူများကို အတွေးများစေ၏။
"မင်း သူ့ကို မသတ်ခဲ့ဘူးလား …"
သခင်ကြီးလီက မေးလိုက်သည်။
စားပွဲထိပ်ဆုံး၌ တစ်ချိန်လုံး ငြိမ်သက်စွာ ထိုင်နေသည့် အဘိုးအိုပင်လျှင် မျက်လုံးများအား တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။
"အင်း ဟုတ်တယ် သူ့ကို သတ်တာ ငါမဟုတ်ဘူး … မင်းတို့လည်း သူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိကြတာပဲလေ … နောက်ပြီး သူ့မှာ ဝိညာဉ် ဖိတ်ခေါ် အရိုးပုလွေလည်း ရှိနေသေးတယ် … တကယ်တော့ သခင်လေးကို သတ်တာက ယုဝမ်ကျင်းနဲ့ ပတ်သက်နေတဲ့ တစ်ယောက်ပဲ … သူကပဲ ငါ့ကို ယုဝမ်ကျင်းကို စောင့်ရှောက်ဖို့ အမိန့်ပေးထားတာ …"
ပိုင်ဝူကျိက ကြောက်ရွံ့စွာ ပြောလိုက်၏။
"ဪ ကျွန်မ မှတ်မိပြီ … ယုဝမ်ကျင်းက သူ့မှာ အရမ်း အစွမ်းထက်တဲ့ အတန်းဖော် တစ်ယောက် ရှိတယ်တဲ့ … သူက နာမည်ကိုတော့ မပြောပြဘူး …"
စူးနန်းနန်းက ဝင်ရောက် ပြောလိုက်သည်။
"သခင်ကြီးပိုင် … မင်းက အဲဒီကောင်လေးကို ကြောက်နေတာလား …"
လီသခင်ကြီးက လှောင်ရယ်ရယ်ကာ ပိုင်ဝူကျိအား မေးလိုက်သည်။
"ကျုပ်တို့ မိသားစု ခြောက်ခု အပြင် သခင်ကြီးရှီလည်း ရှိနေတာပဲဟာ … ဘာလို့ ဆယ်ကျော်သက် ကောင်လေးကို ကြောက်နေရမှာလဲ …"
အခြားလူများ၏ ပုံစံကလည်း ပိုင်ဝူကျိ၏ စကားကို အလေးအနက်ထားဟန် သိပ်မရကြချေ။
"ဟမ့် … မင်းတို့သာ သူဘယ်သူလဲ ဆိုတာ သိရင် ခုလို ပြောဝံ့မှာ မဟုတ်ဘူး …"
ပိုင်ဝူကျိက အေးစက်စွာ ပြုံးရင်း ဆိုလိုက်သည်။
"သူက ဘယ်သူမလို့လဲ …"
သခင်ကြီးယွမ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"သူက ကျန်းပေ့နယ်သား တစ်ယောက်ပဲ … အချို့က သူ့ကို ကျန်းပေ့ရဲ့ ဆရာချန်းလို့ ခေါ်ကြတယ် … မင်းတို့ အဲဒီ နာမည်ကို မသိဘူးပဲ ထားပါတော့လေ …"
ပိုင်ဝူကျိက ခဏမျှ ရပ်နားရင်း မေးလိုက်၏။
"ချန်းပေ့ရွှမ်း ဆိုတာကိုတော့ မင်းတို့ ကောင်းကောင်းကြီး ကြားဖူးမှာပေါ့ …"
"ဘာ …"
ချန်းပေ့ရွှမ်း ဆိုသော အမည်ကြောင့် သခင်ကြီးရှီပင်လျှင် မျက်လုံးများ ဝိုင်းသွားခဲ့သည်။ အခြားတစ်ဖက်၌ သခင်ကြီးလီမှာမူ ထိုင်ခုံပေါ်မှပင် ပြုတ်ကျ မတတ် ဖြစ်သွားခဲ့သည်။
ချန်းပေ့ရွှမ်း …
သူကား ကောင်းကင် စာအုပ် သတ်မှတ်ချက်ဝင် နံပါတ်တစ် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
"ချန်း … ချန်းပေ့ရွှမ်းလား …"
စူးယွင်ကျစ်၏ မျက်နှာမှာ ဖြူရော်၍ပင် သွားခဲ့သည်။
"ငါ ဘာကြောင့် စိုးရိမ်နေလဲ ဆိုတာ မင်းတို့ သိကြပြီမလား …"
ပိုင်ဝူကျိက မျက်စိပျက် မျက်နှာပျက်ဖြင့် ဆိုလိုက်သည်။
"ချန်းပေ့ရွှမ်းက ကောင်မလေး ပျောက်သွားတဲ့ကိစ္စ လာမေးရင် ငါ ဘယ်လို ဖြေရမလဲ …"
မိသားစု သခင်ကြီးများမှာ တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ ပြည့်စုံခြင်း အဆင့် သခင်ကြီးရှီ ပင်လျှင် တည်ငြိမ်မှုများ ပျောက်ဆုံး နေခဲ့ပြီ ဖြစ်၏။
ထိုအချိန်မှာပင် အစောင့်တစ်ယောက် ရောက်လာကာ ပိုင်ဝူကျိအား တင်ပြလိုက်၏။
"သခင်ကြီး … အပြင်မှာ စုံတွဲ တစ်တွဲ ရောက်နေပါတယ် … သူက သူ့ကိုယ်သူ ကျောင်းဟိုင်က တောသားလေးလို့ ပြောပါတယ် … နောက်ပြီး သူ့နာမည် အစက ချန်းတဲ့ …"
ရုတ်တရက် အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့၏။ သခင်ကြီးများစွာ၏ မျက်နှာများမှာလည်း ဖြူရော် ကျသွားတော့သည်။
***