← Chapters

ငါ့စကားက စည်းမျဉ်းပဲ

Vol. 5 Ch. 486

ငါ့စကားက စည်းမျဉ်းပဲ

Vol. 5 Ch. 486

အစောင့်မှာ စိတ်ရှည်စွာ စောင့်ဆိုင်း နေသော်လည်း သခင်ကြီးများထံမှ တုံ့ပြန်မှုကို မရခဲ့ချေ။

"ဘာဖြစ်လို့များလဲ …"

အစောင့်က သခင်ကြီးများအား အကဲခတ်လိုက်၏။

ရုတ်တရက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အစောင့်မှာ သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။

သူ၏ စိတ်အတွင်းတွင်လည်း မေးခွန်းများက အစီအရီ ပေါ်လာခဲ့၏။

အဘယ်ကြောင့် အလွန် အစွမ်းထက်သော သခင်ကြီးများ၏ မျက်နှာမှာ စက္ကူတစ်ချပ် အလား ဖြူရော် နေရသနည်း။

"အဲဒါက သူ ... သူလား …"

သခင်ကြီးလီက အထစ်ထစ် အငေါ့ငေါ့ မေးလိုက်၏။

ပိုင်ဝူကျိက တုန်ရီစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်မှာပင် အေးစက်သော အသံတစ်ခု အခန်း အတွင်း ပျံ့နှံ့လာခဲ့သည်။

"ပိုင်ဝူကျိ … ဒီလို ပုံစံနဲ့ မင်းက ငါ့ကို ကြိုဆိုလိုက်တာပေါ့ …"

လူတိုင်းက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ အခန်းဝတွင် ရပ်နေသည့် လူငယ် စုံတွဲ တစ်တွဲကို တွေ့လိုက်ရသည်။

လူငယ်သည် အသက်နှစ်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး သာမန် ရုပ်ရည် ရှိသည်။ သူက အင်္ကျီကို ဖြစ်ကတတ်ဆန်း ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကို နောက်ပစ်ထား၏။

မိန်းကလေးကမူ အသက်ရှူမှားလောက်သော အလှတရားကို ပိုင်ဆိုင်ထားသည်။ သူမက ရိုးရာ ဝတ်စုံဖြူကို ဆင်မြန်းကာ ကျောတွင် ဓားတစ်လက် လွယ်ထားခဲ့သည်။

"မင်း … မင်းတို့ ဒီအထဲကို ဘယ်လို ဝင်လာခဲ့တာလဲ … ငါ အပြင်မှာ စောင့်ဖို့ မပြောဘူးလား …"

အစောင့်က ချန်းဖန်တို့အား မောင်းထုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ပိုင်ဝူကျိက သူ့ထက် ဦးစွာ ထိုင်ရာမှ ထရပ်ရင်း ချန်းဖန်ကို ဦးညွှတ်လိုက်၏။

"ဂျူနီယာ ပိုင်ဝူကျိက တန်ခိုးရှင်ကို ဂါရဝ ပြုပါတယ် … တန်ခိုးရှင်ရဲ့ ရောက်ရှိလာမှုက ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာပါ …"

အခြားသော သခင်ကြီးများကလည်း ထိုင်ရာမှ ကပျာကယာထကာ ချန်းဖန်ရှေ့၌ ဦးညွှတ် နှုတ်ဆက် လိုက်ကြသည်။

"ကျွန်တော်တို့က အရှေ့တောင်ပိုင်း မိသားစု ခြောက်ခုကပါ … ကြိုဆိုပါတယ် တန်ခိုးရှင် ဆရာချန်း …"

အစောင့်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားခဲ့၏။

လူငယ်လေးအား ဦးညွှတ်နေကြသူများမှာ သာမန်လူများ မဟုတ်ကြချေ။

လီ၊ ယွမ်၊ စူး စသည့် ထိပ်တန်း မိသားစု ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ သူတို့ တစ်ယောက်ချင်းစီမှာ အစွမ်းထက်သော ဓမ္မ အစီအရင် ဆရာများ ဖြစ်ကြသေးသည်။

သို့သော်လည်း ထိုသို့သော ပုဂ္ဂိုလ်ကြီးများက လူငယ်လေးအား ဦးညွှတ်ရသည်။ ထိုလူငယ်ကား မည်သူနည်း။

"ပိုင်ဝူကျိ … ငါက မင်းကို ယုံလို့ ယုဝမ်ကျင်းကို မင်းနဲ့အတူ ထည့်လိုက်တာ … အခု ယုဝမ်ကျင်း မရှိတော့ဘူး … မင်း ငါ့ကို ဘယ်လို ရှင်းပြမလဲ …"

ချန်းဖန်၏ အေးစက်သော စကားကြောင့် ပိုင်ဝူကျိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွား၏။

"  … "

ပိုင်ဝူကျိမှာ စကားပြောရန် ကြိုးစား လိုက်သော်လည်း သူ၏ လည်ချောင်းမှ စကားတစ်ခွန်းပင် ထွက်မလာခဲ့ချေ။

"မင်းက မဟာရင်ရဲ့ စူးမိသားစုက ခေါင်းဆောင် စူးယွင်ကျစ်ပေါ့ …  ဝမ်ကျင်း ဘယ်မှာလဲ … သူက မင်းရဲ့ တပည့်မလား …"

ချန်းဖန်က စူးယွင်ကျစ်ကို ကြည့်ရင်း မေးလိုက်ပြန်သည်။

"ကျွန်မ … ကျွန်မ …"

စူးယွင်ကျစ်ကား ဆွံ့အသွား၏။ သူမသည် ချန်းဖန်၏ ရှေ့၌ စကားလုံး တစ်လုံးကိုပင် အနိုင်နိုင် ပြောနေရသည်။

"အဲဒါက စုန်းတစ္ဆေ ဂိုဏ်းပါရှင် … သူတို့က ယုဝမ်ကျင်းကို လက်လွှဲ မပေးရင် ကျွန်မတို့ အားလုံးကို သတ်မယ်လို့ ခြိမ်းခြောက်ပါတယ် … ကျွန်မတို့မှာ ရွေးချယ် စရာ မရှိတော့လို့ပါ …"

စူးနန်းနန်းက သူမ၏ မိခင် အစား ဝင်ရောက် ပြောလိုက်သည်။

သူမကား အရှေ့တောင်ပိုင်း ပြည်နယ်၏ အပြင်သို့ တစ်လှမ်းမျှပင် မထွက်ဖူးရာ အကြောက်အလန့် ကင်းမဲ့လှသည်။ ထိုမိန်းကလေး၏ ရဲတင်းမှုကို ချန်းဖန် ဗွေမယူသည်မှာ ကံကောင်းလွန်းသည်။

"ယုဝမ်ကျင်းကို စုန်းတစ္ဆေဂိုဏ်းက ခေါ်သွားတာလား …"

ချန်းဖန်၏ မျက်နှာက ပိုမို မည်းမှောင်လာသည်။

နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် သူတို့၏ စကားဝိုင်းကို ချန်းဖန် ကြားခဲ့ရပြီး ဖြစ်သည်။  ထို့ကြောင့်ပင် ယုဝမ်ကျင်း၏ ပျောက်ဆုံးမှု၌ စုန်းတစ္ဆေဂိုဏ်း ပါဝင်နေကြောင်း သူသိရှိခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ယခု စူးနန်းနန်းထံမှ ထိုစကားကို ထပ်မံ ကြားရခြင်းက သူ၏ ဒေါသကို ပိုမို အရှိန်မြင့် စေသည်။

"စုန်းတစ္ဆေဂိုဏ်း … ဟမ့် မင်းတို့ဂိုဏ်း ဒီကမ္ဘာပေါ်မှာ ထပ်မရှိတော့အောင် ငါလုပ်ပြမယ် …"

ချန်းဖန်၏ အရှိန်အဝါက ပိုမို အေးစက်လာ၏။ ရက်စက်ခြင်းနှင့် ပြတ်သားခြင်းက သူ၏ စကားတွင် ထင်ဟပ် ချယ်သနေသည်။

ချန်းဖန်၏ ဒေါသအောက်၌ အခန်း၏ အပူချိန်ကား သုည ဒီဂရီ စင်တီဂရိတ် အထိပင် တဖြည်းဖြည်း ကျဆင်းလာခဲ့၏။

"ဘုန်း ဘုန်း ဘုန်း …"

မိသားစု ခေါင်းဆောင်များမှာ ကြောက်ရွံ့မှုကြောင့် ဒူးများကို ကြမ်းပြင်၌ ထောက်ချ လိုက်ကြတော့သည်။

ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူရှီက ကပျာကယာ တောင်းပန်လိုက်၏။

"တန်ခိုးရှင် ဆရာခင်ဗျာ … ကျွန်တော် ရှင်းပြပါရစေ … ကျွန်တော်တို့ထဲက ဘယ်သူကမှ ယုဝမ်ကျင်း စုန်းတစ္ဆေဂိုဏ်းကို ပါသွားတာ မမြင်ချင်ပါဘူး …"

"တော်စမ်း …"

ကျင့်ကြံသူရှီ၏ စကား မဆုံးခင် ချန်းဖန်၏ မျက်လုံးမှ နတ်ဘုရား အလင်းတစ်ခု ထွက်ပေါ်လာကာ သူအား ထိသည်။

"ဘုန်း …"

ကျင့်ကြံသူရှီ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားကာ သွေးတစ်လုတ် အန်လိုက်ရသည်။

လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း တဆတ်ဆတ် တုန်အောင် ကြောက်လန့် နေခဲ့တော့သည်။

ကျင့်ကြံသူရှီကား မိသားစု ခြောက်ခု၏ ခေါင်းဆောင် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်။ သို့သော်လည်း သူကား ချန်းပေ့ရွှမ်း၏ အကြည့်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ချေ။

"ယုဝမ်ကျင်း အသက်ရှင်နေသေးရင် မင်းတို့ အသက်ကို ငါချမ်းသာပေးမယ် … မဟုတ်ရင်တော့ မင်းတို့ကိုပါ စုန်းတစ္ဆေဂိုဏ်းနဲ့ အတူတူ သင်္ဂြိုဟ်ပစ်မယ်။

ချန်းဖန်က ဒေါသတကြီး ဆိုလိုက်၏။

"မမျှတဘူး … စုန်းတစ္ဆေဂိုဏ်း လုပ်တာတဲ့ ကိစ္စကို ကျွန်မတို့က ဘာလို့ ခေါင်းခံရမှာလဲ …"

စူးနန်းနန်းက အော်ဟစ် ကန့်ကွက်လိုက်၏။

"ငါပြောသမျှက မျှတတယ် … နင်တို့ဘာသာ ထင်ချင် သလိုထင် …"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"နင်နဲ့ နင်တို့ မိသားစု ဘာလုပ်ခဲ့လဲ ဆိုတာ ငါသိပြီးပြီ  … အေး ယုဝမ်ကျင်းသာ တစ်ခုခု ဖြစ်ကြည့် နင်တို့ တစ်မိသားစုလုံး မျိုးပြုတ်ပြီသာမှတ် …"

ချန်းဖန်က တစ်ယောက်ချင်းစီကို စူးရဲစွာ ကြည့်ပြီးနောက် ယူကီရှီရိုဆာနှင့်အတူ ထွက်ခွာသွားတော့၏။

"ငါတို့တော့ ဒုက္ခရောက်ပြီ …"

ချန်းဖန်တို့ ပျောက်ကွယ်သွားသည်နှင့် လီသခင်ကြီးက တုန်တုန်ရီရီ ရေရွတ်လိုက်သည်။

"သူက ပြောသွားတာ တကယ်ပဲလား …  ယုဝမ်ကျင်း တစ်ခုခု ဖြစ်တာနဲ့ သူက ငါတို့ကို တကယ် သတ်မှာလား …"

သခင်ကြီးကုန်းက ကြောက်ရွံ့စွာ မေးလိုက်သည်။

"ဟိုတလောက ငါကြားလိုက်သေးတယ်... ချန်းပေ့ရွှမ်းက ကျန်းပေ့ မြေအောက်ကမ္ဘာ တစ်ခုလုံးကို သူ့မိတ်ဆွေ တစ်ယောက် အတွက် သတ်ဖြတ် ရှင်းလင်းခဲ့တယ် တဲ့ … သူက ငါတို့ကို ခြွင်းချက်ထားနေမယ် မထင်ဘူး …"

သခင်ကြီးလီက ကြောက်ရွံ့စွာ ရေရွတ်လိုက်သည်။

ပိုင်ဝူကျိနှင့် စူးယွင်ကျစ် တို့မှာမူ ယခုထိ စကားတစ်လုံးပင် မပြောနိုင်ကြသေးချေ။

"မြန်မြန် လုပ်ကြရအောင် … ဒီကိစ္စကို အခွင့်အရေး ယူပြီး ငါတို့  စုန်းတစ္ဆေဂိုဏ်းကို သွားတိုက်ကြမယ်  … တန်ခိုးရှင် ဆရာချန်းသာ ငါတို့ဘက်မှာ ရှိနေရင် စုန်းတစ္ဆေဂိုဏ်းကို ရှင်းလင်းပစ်နိုင်မှာ သေချာတယ် …"

ကျင့်ကြံသူရှီက ဆော်ဩလိုက်၏။ သူကား ပြည့်စုံခြင်း အဆင့် ဖြစ်ရာ အခြားသူများထက် အနည်းငယ် တည်ငြိမ်နေသေးသည်။ ထို့ကြောင့်ပင် အဆိုးထဲမှ အကောင်းကို တွေးတောမိခြင်း ဖြစ်သည်။

"တကယ်လို့ ယုဝမ်ကျင်း သေသွားရင်ရော …"

လီသခင်ကြီးက မေးလိုက်၏။

ထိုမေးခွန်းကြောင့် ကျင့်ကြံသူရှီ အပါအဝင် လူတိုင်း ပြန်လည် ငေးငိုင် သွားပြန်တော့သည်။

အတန်ကြာမှ ကျင့်ကြံသူရှီက သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်တော့၏။

"အဲ့လိုဆိုရင် ငါတို့ သောက်ဒုက္ခ ရောက်ပြီပေါ့လေ …"

***

ချန်းဖန်သည် အနောက်တောင် ပြည်နယ်၏ မြေမျက်နှာ သွင်ပြင်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိချေ။

ထို့ကြောင့် မိသားစု ခြောက်ခုပေါင်း အင်အားစုနှင့် ပူးပေါင်းကာ စုန်းစ္ဆေဂိုဏ်းသို့ ချီတက်လာခဲ့သည်။ ထိုအင်အားစုတွင် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်၊ တာအို ရရှိခြင်း အဆင့် ကျင့်ကြံသူ ကိုးယောက်၊ အစီအရင် နှင့် အတွင်းအား ပညာရှင် ဆယ်ယောက် ပါဝင်သည်။

တရွေ့ရွေ့ သွားနေသော ကားပေါ်တွင်မူ ချန်းဖန်သည် ဆိတ်ငြိမ်စွာ ထိုင်လျက် ရှိ၏။

သူ၏ရှေ့တွင်မူ ကျင့်ကြံသူရှီနှင့် တုန်းဟယ်ဟု ခေါ်သည့် အခြား ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ရှိသည်။ တုန်းဟယ်သည် ရုန်မြို့ရှိ အဇူရာ တစ္ဆေ ဘုရားကျောင်းမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

"မင်းတို့ အင်အားစုတွေက အများသားပဲ … ဒါတောင် ဘာလို့ စုန်းတစ္ဆေဂိုဏ်းကို ဒီနေ့ အထိ မတိုက်ခိုက် သေးတာလဲ …"

ချန်းဖန်က မေးလိုက်၏။

မိသားစုကြီး ခြောက်ခုသည် အနောက်တောင် ပြည်နယ်ကို လွှမ်းမိုးထားသည်။ ချန်းဖန်ပင်လျှင် သူတို့၏ ကျင့်ကြံသူ အရေအတွက်ကို အံ့အားသင့်ရသည်။ ကူမိသားစု၊ လုမိသားစု တို့ပင်လျှင် သူတို့၏ အင်အားကို မမီချေ။

"တန်ခိုးရှင် … စုန်းကဝေ ဂိုဏ်းတွေက ဘယ်တော့မှ သီးခြား မနေပါဘူး … သူတို့ အချင်းချင်း မဟာမိတ် ဖွဲ့ထားကြတာ …"

"ကျွန်တော်တို့ စုန်းတစ္ဆေဂိုဏ်းကို တိုက်ခိုက်ရင် သွေးကဝေဂိုဏ်း၊ ဝိညာဉ်ကဝေ ဂိုဏ်းတွေလည်း တိုက်ပွဲထဲကို ပါဝင် လာလိမ့်မယ် … နောက်ပြီး အမှောင်ကဝေ ဂိုဏ်းကြီးလည်း ရှိသေးတယ် … အဲဒါကြောင့် ကျွန်တော်တို့ သွားမရှုပ်ရဲတာပါ …"

ကျင့်ကြံသူရှီက ရှင်းပြလိုက်သည်။

"အမှောင်ကဝေဂိုဏ်း …"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"အမှောင်ကဝေဂိုဏ်းမှာ တန်ခိုးရှင် အဆင့်တွေ ရှိနေလို့လား …"

"ကျွန်တော်တို့ သိသလောက် ဆိုရင် အမှောင်ကဝေ ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်က မဟာကဝေပါ … သူက လွန်ခဲ့တဲ့ နှစ်သုံးရာလောက်တည်းက တရုတ်မှာ ကျော်ကြားခဲ့တဲ့သူပါ … သူ့ အဆင့်က မြေကမ္ဘာကဝေ အဆင့်ကို အရမ်း နီးကပ်နေပြီလို့ ကြားဖူးပါတယ် …"

"ခွန်းလွန်းရဲ့ ဗိုလ်ချုပ်ရဲ့က လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်က သူတို့ကို တရုတ်က တိုက်ခိုက် မောင်းထုတ်ပစ်ခဲ့ပါတယ် … ဒါပေမဲ့ သူတို့က နိုင်ငံငယ် တစ်ခုမှာ အခြေစိုက်ပြီး အင်အားကို အလျင်အမြန်ပဲ ပြန် စုစည်းနိုင်ခဲ့ပါတယ် …"

"ဒါပေမဲ့ တရုတ်မှာ ဗိုလ်ချုပ်ရဲ့ ရှိနေတဲ့ အတွက် သူတို့ ပြန်မလာရဲကြပါဘူး …"

"အင်း … သိပြီ …"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက် ကြီးမားသော တောင်တန်းခံတပ် တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။

ထိုအရာကား စုန်းတစ္ဆေဂိုဏ်း၏ အခြေစိုက် စခန်းပင်။

***

All Chapters