တစ္ဆေ တစ်သောင်း
Vol. 5 Ch. 487
စုန်းတစ္ဆေဂိုဏ်းသည် တောင်တန်း၏ ထိပ်တွင် တည်ရှိကာ အဝင်ဝ ခံတပ်၌ စိတ်ဆေးရေး ဂိတ် ရှိ၏။
စစ်ဆေးရေးဂိတ်၏ အတွင်းပိုင်းတွင်မူ တောင်ကမ်းပါးယံများ ကာရံထားသည့် လမ်းသွယ်လေး ရှိသည်။ ထိုလမ်းသွယ်လေးသည် မြွေလိမ်မြွေကောက် သဖွယ် ရစ်ပတ်ကာ ဂိုဏ်း အခြေစိုက်ရာ တောင်ထိပ် အထိပင် ရောက်သည်။
"တန်ခိုးရှင် ဆရာချန်း … ရောက်ပါပြီ …"
ကျင့်ကြံသူရှီက ဦးညွှတ်ရင်း ပြောလိုက်သည်။
"တိုက်ခိုက်ကြတော့ …"
ချန်းဖန်က အမိန့်ပေးလိုက်သည်နှင့် အင်အားစု ခြောက်ခုက ညာသံပေးကာ တောင်ထိပ်သို့ ပြေးဝင် သွားကြတော့သည်။ ချောက်ကမ်းပါးများ၊ ကျောက်ဆောင်များက လမ်းတစ်လျှောက်တွင် ဆီးကြိုကာ ကာဆီးနေကြသော်လည်း ထိုအရာများက အစီအရင် ပညာရှင်များ၊ အတွင်းအား ပညာရှင်များကို တားဆီးနိုင်စွမ်း မရှိကြချေ။
"တန်ခိုးရှင် ဆရာချန်း … ကဝေ အကြီးအကဲကို ကျွန်တော်တို့ ဖမ်းလာပေးပါ့မယ် … ဒီနေရာမှာပဲ စောင့်နေပေးပါ …"
ကျင့်ကြံသူရှီက ချန်းဖန်အား ဦးညွှတ်ပြီးနောက် တိုက်ခိုက်ရန် အခြားလူများနှင့် သွားရောက် ပူးပေါင်းလိုက်၏။
"နိုးထ …"
ကျင့်ကြံသူရှီက လက်ကို ဝှေ့ယမ်းရင်း အစီအရင် တစ်ခုကို ဖော်ထုတ်လိုက်၏။
"ဘုန်း …"
ရုတ်တရက် အဝါရောင်မြူ လက်ဝါးတစ်ခုက နိုးထလာကာ ကျောက်တုံး ခံတပ်အား ရိုက်ချလိုက်၏။ သုံးမီတာခန့် ရှည်သော နံရံကြီးကား ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ၏ အစီအရင်အောက်တွင် အပိုင်းပိုင်း အစစ ကျိုးပျက် သွားတော့သည်။
"ကျင့်ကြံသူရှီရဲ့ မြေကမ္ဘာ ကိုင်းညွှတ်ခြင်းက ပိုပိုပြီး အစွမ်းထက် လာတာပဲ …"
ပိုင်ဝူကျိက တီးတိုး ရေရွတ်လိုက်၏။
ပိုင်မိသားစုသည် မီးစွမ်းအားကို အထူးပြုပြီး ရှီမိသားစုကမူ မြေကမ္ဘာဒြပ်စင်ကို ကိုယ်စားပြုသည်။ ထို့အတူ မိသားစု တစ်ခုချင်းစီတွင်လည်း ကွဲပြား ခြားနားသော အထူးပြုမှု နည်းစနစ်များ ရှိ၏။
"ငါတို့လည်း လိုက်သွားကြရအောင် …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တောင်ထိပ် ရှိရာဆီသို့ ဦးတည်လိုက်သည်။
"ဟုတ်ကဲ့ …"
ပိုင်ဝူကျိက ခေါင်းကိုငုံ့ရင်း ချန်းဖန်ကို မီအောင် ခင်မြန်မြန် လှုပ်ရှားလိုက်သည်။
***
တောင်ထိပ်၌ ကျောက်တုံး ဘုရားကျောင်း တစ်ခု သီးခြား တည်ရှိနေ၏။ ထိုဘုရားကျောင်းသည် အတော်အတန် ကျယ်ဝန်းကာ မကောင်းဆိုးဝါး ဆန်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
ဘုရားကျောင်း၏ အလယ်တွင်မူ တစ်ဆယ်မီတာခန့် ရှိသော နတ်ဆိုး ရုပ်တု တစ်ခု ရှိသည်။
ထိုဘုရားကျောင်း အတွင်းတွင် အနက်ရောင်ဝတ် လူတစ်စုမှာ အစည်းအဝေး တစ်ခုကို ကျင်းပ နေခဲ့သည်။ သူတို့က မည်းမှောင်သော အမူအရာများနှင့် တစ်စုံ တစ်ခုကို အသည်းအသန် ဆွေးနွေးနေသည်။
"ဘုန်း …"
ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သော ပေါက်ကွဲသံကြောင့် အနက်ရောင် ဝတ်စုံဝတ် လူများ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။
"ဘာဖြစ်တာလဲ … ဘာပေါက်ကွဲတာလဲ …"
ပေါက်ကွဲသံ ထွက်ပေါ်ပြီး မကြာခင်မှာပင် အစောင့်တစ်ယောက်က ဘုရားကျောင်း အတွင်း မောကြီးပန်းကြီး ပြေးလာကာ အော်ဟစ် တင်ပြလိုက်၏။
"တိုက်ခိုက်ခံရပါတယ် … အကြီးအကဲနဲ့ တစ္ဆေ ဆရာတို့ … ကျွန်တော်တို့ တိုက်ခိုက်ခံရပါတယ် … အနောက်တောင် မိသားစု ခြောက်ခုက မဟာမိတ်ဖွဲ့ပြီး ကျွန်တော်တို့ကို လာတိုက်ခိုက်ပါတယ် …"
သူ၏ စကားကြောင့် အကြီးအကဲများ အားလုံးမှာ ဒေါသ ထွက်သွားကြသည်။
"ဟမ့် … အနောက်တောင်က မိသားစု ခြောက်ခုလား … သူတို့က ငါတို့ အခြေစိုက် စခန်းကို လာရဲတယ်ပေါ့ … ဂိုဏ်းတပည့်တွေ အစောင့်တွေကို ခုခံထားဖို့ အမိန့်ပေးလိုက်စမ်း …"
နတ်ဆိုးရုပ်တု ခြေရင်းတွင် ထိုင်နေသည့် ဆံပင်ဖြူ အဘိုးအိုက အမိန့်ပေးလိုက်သည်။
ထို့နောက် သူက ဝတ်စုံနက်ဝတ် လူများဘက်သို့ လှည့်ရင်း...
"အကြီးအကဲတို့ … ကျုပ်တို့ တစ္ဆေ တစ်သောင်း အစီအရင်ကို အသက်သွင်း ကြစို့ … ဧည့်သည်တွေကို ဧည့်ဝတ်ကျေဖို့ လိုတယ် …"
"ကောင်းပါပြီ …"
အနက်ရောင်ဝတ် လူများက ခေါင်းညိတ် လိုက်ကြသည်။
***
မိသားစုခြောက်ခု မဟာမိတ် အဖွဲ့မှာ လမ်းတစ်ဝက်ခန့် ရောက်လာသည်နှင့် အင်အားစုကြီး တစ်ခုနှင့် ရင်ဆိုင် တွေ့လိုက်ရသည်။
ထိုအင်အားစုသည် တစ်ထောင်ခန့် အရေအတွက် ရှိပြီး ဂိုဏ်းစောင့်များ၊ တပည့်များ၊ ရွာသားများ၊ အကြီးအကဲများ ပါဝင်နေ၏။
"သတ်ကြဟေ့ …"
ကြောက်မက်ဖွယ် မျက်နှာဖုံး တပ်ဆင်ထားသည့် လူကြီးတစ်ဦးက သစ်တော အတွင်းပိုင်းမှ မျက်လှည့်ဆန်ဆန် ပေါ်ထွက်လာကာ အသံကုန် ခြစ်၍ အော်ဟစ်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း …"
ခဏ အတွင်းမှာပင် စစ်မြေပြင် တစ်ခုလုံး၌ မရေမတွက်နိုင်သော သေနတ်သံများ၊ အစီအရင် ပေါက်ကွဲသံများက နားအူလောက်အောင် ဖုံးလွှမ်း သွားသည်။
"သတ် သတ် သတ် …"
များစွာသော အစွမ်းထက် ပညာရှင်များက တစ်ဖက်နှင့် တစ်ဖက် မုန်းတီးစွာ သတ်ဖြတ်ကြ၏။ သူတို့၏ လက်များက လူသတ်ရန် မွေးဖွားလာကြသည့် အလား သနား ညှာတာမှု မရှိကြချေ။
မိနစ်ပိုင်းမျှ အချိန်အတွင်းမှာပင် စစ်မြေပြင် တစ်ခုလုံး၌ သွေးများ၊ အလောင်းများဖြင့် ပြန့်ကျဲ နေခဲ့ပြီ ဖြစ်သည်။
"သတ် သတ် သတ် …"
လီမိသားစုမှ သိုင်းပညာရှင် တစ်ယောက်က ဓားကို ဆွဲကိုင်ကာ ရှေ့သို့ တစ်ဟုန်ထိုး တက်သည်။ ဓားတစ်ချက် ဝှေ့ယမ်းတိုင်း သူ၏ ခြေထောက်အောက်၌ အလောင်းများ ပြန့်ကျဲ ကျန်ရစ်သည်။
စစ်မြေပြင်၌ ပြိုင်ဘက်ကင်းသော ထိုပညာရှင်ကား အတွင်းအား ထိပ်သီးအဆင့် ဖြစ်သည်မှာ သံသယ ဖြစ်စရာ မရှိချေ။
"သူ့ကိုတား … သူ့ကိုတား …"
မရေမတွက် နိုင်သော ရွာသားများက သူ့ကို ဆီးကြိုကာ တားဆီးကြ၏။ သို့သော် အသုံးမဝင်ချေ။ ပြင်းထန်သော ဓားချက်များ၏ အောက်၌ သူတို့၏ အသက်များသာ ပျက်သုဉ်းရသည်။
"ဟီး ဟီး ဟီး …"
ရုတ်တရက် ရွာသားများ အကြား၌ စုန်းတစ္ဆေဂိုဏ်း၏ တပည့်တစ်ယောက် ထွက်ပေါ်လာ၏။
ထိုတပည့်က ကြောက်မက်ဖွယ် မျက်နှာဖုံးကို ဝတ်ဆင်ကာ အရိုးတောင်ဝှေးကို စွဲကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင်မူ အနက်ရောင် ဝတ်ရုံဖားဖားကြီးအား ဆင်မြန်းထား၏။
"ဟီး ဟီး ဟီး …"
သူက တစ္ဆေ တစ်ကောင်အလား ညည်းညူရင်း အရိုးတောင်ဝှေးဖြင့် လီမိသားစုမှ ဓားသမားကို လမ်းထိုးသည်။
အရိုးတောင်ဝှေးမှ အစိမ်းရောင် အလင်းက မန္တန်နှင့် ပေါင်းစပ်၍ ဓားသမား၏ ခန္ဓာကိုယ် ပေါ်သို့ ကျသည်။
"ကျိန်စာ ... ငါကျိန်စာ မိသွားပြီဟေ့ …"
ဓားသမားက ဓားကို ရုပ်သိမ်းရင်း ကပျာကယာ နောက်ဆုတ်သည်။ သို့သော်လည်း ခြေနှစ်လှမ်း အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ် လဲကျကာ အသက်ထွက် သွားတော့သည်။
လီမိသားမှ အစွမ်းထက် ဓားသမား တစ်ယောက်ကား ဤသို့ဖြင့် ကျဆုံး သွားခဲ့ရချေပြီ။ ထိုအရာကား စစ်မြေပြင်၏ သဘာဝပင်။
ပိုင်မိသားစုမှ အစီအရင် ပညာရှင်များက မီးလုံးများကို ပစ်လွှတ်ရင်း ကောင်းကင်မှ အုပ်မိုး တိုက်ခိုက်ကြ၏။ ထို့အတူ စုန်းတစ္ဆေ ဂိုဏ်း၏ ကဝေများ၊ စုန်းများကလည်း ကျိန်စာများဖြင့် ပြုစားကာ တန်ပြန် သတ်ဖြတ်သည်။
ထို့ကြောင့်ပင် မည်သည့် ဘက်ကမှ သိသိသာသာ အသာစီး မရကြပေ။
သို့သော်လည်း ကျင့်ကြံသူရှီနှင့် တုန်းဟယ်တို့ ပါဝင် တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲက ချိန်ခွင်လျှာ တစောင်း ဖြစ်သွားတော့သည်။
"ဘုန်း …"
ကျင့်ကြံသူရှီက နဂါးတစ်ကောင်ကို ပထဝီ မြေထုမှ ဆင့်ခေါ်လိုက်၏။ ထိုနဂါးသည် မီတာ တစ်ဒါဇင်ခန့် ရှည်လျားကာ ထရပ်ကားကြီး တစ်စီးခန့်ပင် အရွယ်အစား ရှိသည်။
နဂါးက သွေးဆာသော သားရဲတစ်ကောင် အလား ကခုန်ကာ စုန်းတစ္ဆေ ဂိုဏ်းသားများထံ တိုးဝင်ကာ တိုက်ခိုက်သည်။
"နိုးထစမ်း …"
တုန်းဟယ်ကလည်း မက်မွန်သစ်သားဖြင့် ပြုလုပ်ထားသော ဓားတစ်ချောင်းကို ထုတ်ယူကာ ကောင်းကင်သို့ ပစ်တင်သည်။
"ဟူး …"
ဓားက ကောင်းကင်၌ လှည့်ပတ်ကာ အနီရောင် စည်းမျဉ်းကို ချစ်ရစ်၏။ များစွာသော စည်းမျဉ်းများ၏ ဝန်းရံမှု အောက်တွင် ဓားက မီတာတစ်ရာခန့် ရှည်သော ဓားအလင်းကို ထုတ်ဖော်သည်။
"စိတ်ဝင်စား စရာပဲ …"
ချန်းဖန်က မျက်လုံးပင့်ရင်း ဓားပျံအား ကြည့်လိုက်၏။ သို့သော်လည်း ထိုစွမ်းအားက သူ့အား အံ့အားသင့်စေခြင်း မရှိချေ။
တုန်းဟယ်သည် မက်မွန်သစ်သား ဓားပျံကို အသုံးပြုသည်။ ထိုဓားပျံသည် အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သော်လည်း ကန့်သတ်ချက် တစ်ခု အတွင်းတွင်သာ ရှိသည်။ လင်းမိသားစု၏ ဓားပျံ နည်းစနစ်ကိုပင် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။
ကျင့်ကြံသူရှီနှင့် တုန်းဟယ်တို့ ပါဝင်လာသည်နှင့် တိုက်ပွဲသည် တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့၏။ စုန်းတစ္ဆေ ဂိုဏ်းသားများသည် အချိန်ကြာလာသည်နှင့် အမျှ တောင်ထိပ်နား အထိပင် ရောက်အောင် ဆုတ်ခွာနေရသည်။
မိသားစု ခြောက်ခု မဟာမိတ်အဖွဲ့ အောင်ပွဲခံရန် လက်တစ်ကမ်းမျှ အလိုသို့ အရောက်၌ ကျယ်လောင် စူးရှသော အော်ညည်းသံ တစ်ခု တောင်ထိပ်ထက်မှ ပျံ့လွင့်လာ၏။
"လူယုတ်မာတွေ … မင်းတို့ ငါ့ကလေးတွေကို သတ်ရဲတယ်ပေါ့ … တစ္ဆေ တစ်သောင်းရဲ့ ကိုက်ဖြတ်မှုကို ခံစားကြစမ်း …"
အသံ ပဲ့တင်ကာ ထွက်ပေါ်နေစဉ်မှာပင် ကောင်းကင်မှာ တဖြည်းဖြည်း မည်းမှောင်လာ၏။
"ဘာကြီးလဲ …"
ပိုင်ဝူကျိက နားမလည်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်၌ ကျင့်ကြံသူရှီမှာမူ မျက်နှာပျက် နေခဲ့ပြီ ဖြစ်၏။ သူက တောင်ထိပ်သို့ မျှော်ကြည့်ရင်း လေးပင်စွာ ဆိုလိုက်သည်။
"ဒါက … တစ္ဆေ တစ်သောင်း အစီအရင်ပဲ … ကောင်းကင် သခင်ဂိုဏ်းက အဲဒါကို ဖျက်ဆီး ပစ်လိုက်ပြီ မဟုတ်ဘူးလား …"
ထိုအချိန်တွင်ပင် အမှောင် မီးခိုးများက ကောင်းကင်နှင့် မိုးကုပ်စက်ဝိုင်းကို အုပ်မိုးကာ နေအလင်းကို တားဆီးလာခဲ့သည်။ ပိုမို ထင်ရှားလာသည်နှင့် ထိုအရာများသည် အမှောင် မီးခိုးများ မဟုတ်ပဲ မရေမတွက် နိုင်သော သရဲတစ္ဆေများ၊ ဝိညာဉ်များ ဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။
"အဲဒါတွေက … တစ္ဆေတွေ …"
မိသားစုခြောက်ခု မဟာမိတ် အဖွဲ့မှ ပညာရှင်များသည် နာကျင်စွာ ညည်းညူနေသော မကောင်းဆိုးဝါးများကို ကြည့်ရင်း ကြက်သီးများပင် ထလာခဲ့ကြ၏။
"ခွေးမသားတွေ လက်နက်ချစမ်း … ငါတို့ဘက်မှာ တန်ခိုးရှင် ပါတယ်ကွ … တန်ခိုးရှင်က မင်းတို့ကို အသာလေး သတ်လို့ ရတယ် နားလည်လား …"
ပိုင်ဝူကျိက လှမ်းကာ အော်ဟစ်လိုက်သည်။
သူ၏ စကားကြောင့် တုန်လှုပ်နေသော သူများမှာ အနည်းငယ် ကြောက်စိတ် ပြေသွားကြ၏။ သူတို့တွင် တန်ခိုးရှင် ဆရာချန်း ရှိနေသေးသည်။
ဆရာချန်းကား မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ ဆရာချန်း အတွက် ထိုမကောင်းဆိုးဝါးများက ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
"ဟီး ဟီး ဟီး..."
တစ္ဆေ သရဲများက ရွာသားများ၊ တပည့်များ၏ ခန္ဓာကိုယ်များတွင် ဝင်ရောက် ပူးကပ်ကာ မကောင်းဆိုးဝါး စစ်သည်များ အဖြစ် တိုးဝင်လာ၏။
"သတ်ကြစမ်း …"
ကျင့်ကြံသူရှီက ရှေ့ဆုံးမှ ပြေးဝင်ကာ မကောင်းဆိုးဝါး စစ်သည်များကို တိုက်ခိုက်လိုက်၏။
"ဘုန်း ဘုန်း ဘုန်း …"
မကောင်းဆိုးဝါး စစ်သည်များကား အကြောက်အလန့် ကင်းမဲ့သည်။ သူတို့ကား ခံစစ်ကို အာရုံမစိုက်ပဲ ရန်သူကို သတ်ဖြတ်ရန် တစ်ခုတည်း အတွက်သာ လှုပ်ရှားကြ၏။
ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ပင် မရေမတွက်နိုင်သော ထိုမကောင်းဆိုးဝါး စစ်သည်များကို မတားဆီးနိုင်ချေ။
"တန်ခိုးရှင် …"
ကျင့်ကြံသူရှီက ချန်းဖန်အား လှမ်းခေါ်ကာ အကူအညီ တောင်းလိုက်သည်။
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မကောင်းဆိုးဝါး စစ်သည်များကို တစ်ချက် အကဲခတ်လိုက်၏။ ထို့နောက် အနည်းငယ် ပြုံးကာ အဝါရောင် ကျောက်မျက်ထဲမှ အရိုးပလွေကို ထုတ်ယူလိုက်သည်။
"နတ်ဆိုးသခင် ဆင့်ခေါ် ပုလွေ..."
***