← Chapters

စုန်းတစ္ဆေဂိုဏ်းအား ဖျက်ဆီးခြင်း

Vol. 5 Ch. 488

စုန်းတစ္ဆေဂိုဏ်းအား ဖျက်ဆီးခြင်း

Vol. 5 Ch. 488

ချန်းဖန်သည် "နတ်ဆိုးသခင် ဖိတ်ခေါ် ပလွေအား" စုန်းတစ္ဆေဂိုဏ်း သခင်လေးထံမှ ရရှိခဲ့သည်။ ထိုပလွေသည် မှော်နက် ကျင့်ကြံသူ တစ်ယောက်၏ အရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ တစ္ဆေများကို ဆင့်ခေါ်နိုင်၏။

သို့သော်လည်း ချန်းဖန်သည် ထိုပလွေကို နတ်ဆိုးသခင် ဆင့်ခေါ်ခြင်း ပလွေ အဖြစ်သို့ သန့်စင်ခဲ့သည်။ ထို့ကြောင့်ပင် ပလွေသည် အစွမ်းထက်သော ဝိညာဉ်လက်နက် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဝူး …"

ချန်းဖန်က ပလွေအား မှုတ်လိုက်ရာ ရှေးဟောင်း သံစဉ် တစ်ပုဒ် ထွက်ပေါ်လာ၏။

"ဘုန်း ဘုန်း ဘုန်း …"

သံစဉ်နှင့်အတူ ကောင်းကင်နှင့် တောင်တန်းကို တုန်လှုပ်စေသော စစ်ဗုံသံများအား ပေါ်ထွက်လာခဲ့သည်။

ထိုအရာများနှင့် တစ်ချိန်တည်းမှာပင် ဆယ့်ငါးမီတာခန့် ရှိသော တန်ခိုးရှင် အစောင့်အရှောက် ကောင်းကင်၌ ဖွဲ့စည်းလာ၏။

ထိုစစ်သည်တော်က ရွှေရောင် မြင်းပျံကို ဝင့်ကြွားစွာ စီးရင်း စစ်မြေပြင်သို့ ဆင်းသက်သည်။

"ဒါက …"

စစ်မြေပြင်၌ ရှိသည့် မရေမတွက်နိုင်သော တိုက်ခိုက် နေကြသူများသည် တန်ခိုးရှင် အစောင့်အရှောက်ကို ကြည့်ကာ ဆွံ့အသွားကြသည်။

"ဒါက ... တန်ခိုးရှင် အဆင့်ကို ရောက်လုနီးနေတဲ့ နတ်ဆိုးသခင် …"

တုန်းဟယ်က တန်ခိုးရှင် အစောင့်အရှောက်ကို ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သို့သော် သူ အံ့ဩ၍ မဆုံးသေးခင်မှာပင် ကောင်းကင်၌ အခြား တန်ခိုးရှင် အစောင့်အရှောက် လေးပါး ထပ်မံ ပေါ်ထွက်လာပြန်၏။

သူတို့ကား တန်ခိုးရှင် အစောင့်အရှောက် ယာမာမီဇူကီ၊ လက်ခြောက်ဖက် နတ်ဆိုး၊ ကူရိုမီနှင့် ကာရာစုတန်ဂူတို့ပင်။

သူတို့ တစ်ယောက်ချင်းစီက ဆယ့်ငါးမီတာခန့် မြင့်မားကာ ရွှေရောင် အလင်းတန်းများအား ထုတ်လွှတ်နေသည်။ စစ်မြေပြင် တစ်ခုလုံးကား တန်ခိုးရှင် အစောင့်အရှောက်များ၏ အရှိန်အဝါ အောက်၌ ရွှေရောင် အတိပင် လွှမ်းမိုးသွားသည်။

"နတ်ဆိုးသခင် ငါးယောက် …"

တုန်းဟယ်ကား လုံးဝ ဆွံ့အ သွား၏။

သူ၏ အဇူရာတစ္ဆေ ဘုရားကျောင်းတွင် နတ်ဆိုးသခင်များ ရှိသော်လည်း ထိုအထဲမှ အစွမ်း အထက်ဆုံး ပင်လျှင် သခင်ကြီး စုဆမ်နို၏ အရှိန်အဝါအား တောင့်ခံရန် မဖြစ်နိုင်ပေ။

"တိုက်စမ်း …"

ချန်းဖန်က အမိန့်ပေးလိုက်သည်နှင့် တန်ခိုးရှင် အစောင့်အရှောက်များက လက်နက်များကို ထုတ်ယူကာ စစ်မြေပြင်သို့ တိုးဝင်ကြသည်။

"ဟူး …"

သခင်ကြီး စုဆမ်နို၏ဓားက မီတာသုံးဆယ်ခန့်ကို ဖုံးလွှမ်းကာ သရဲတစ္ဆေများကို ကြမ်းတမ်းစွာ ခုတ်ပိုင်း၏။

အခြားသော တန်ခိုးရှင် အစောင့်အရှောက်များ သည်လည်း အဆုံးမဲ့သော တိုက်ခိုက်ရေး စွမ်းအားများကို ဖော်ထုတ်ကာ သရဲတစ္ဆေများကို ဖျက်ဆီးကြသည်။

သူတို့၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုများ အောက်၌ သရဲစ္ဆေများမှာ ခုခံရန် အနည်းငယ်မျှ မတတ်နိုင်ချေ။ မျက်စိ တစ်မှိတ်မျှ အချိန်အတွင်းမှာပင် ထောင်ချီသော သရဲတစ္ဆေများ ကျွတ်လွတ် ပျောက်ကွယ် သွားရတော့၏။

"ဒါက  … ဘယ်လို ဖြစ်နိုင်မှာလဲ …"

ကျောက်တုံး ဘုရားကျောင်း အတွင်းမှ တစ္ဆေများကို ထိန်းချုပ်နေသည့် အကြီးအကဲများကား စိတ်နှလုံး အတွင်းမှ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။

ထိုသရဲတစ္ဆေများကို ရရှိရန် စုန်းတစ္ဆေဂိုဏ်း၏ ဘိုးဘေး အဆက်ဆက် ခက်ခက်ခဲခဲ စုစည်း ခဲ့ရသည်။ ထို့အပြင်  အရင်းအနှီးများစွာ ပုံအော၍ တစ်ကောင်ချင်းစီကို သန့်စင်ခဲ့ရကာ အစီအရင် အတွင်း ပေါင်းထည့် ခဲ့ရသေးသည်။ ထိုတစ္ဆေသရဲများကား စုန်းတစ္ဆေဂိုဏ်း ဘိုးဘေးများ၏ သွေးချွေးများ ဖြစ်ကြသည်။

သို့သော်လည်း တန်ခိုးရှင် အစောင့်အရှောက်များသည် တန်ခိုးရှင် အဆင့် နီးပါး ရောက်နေသည့် နတ်ဆိုးသခင်များ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်များအတွင်း စီးဆင်းနေသော စွမ်းအင်သည် အထွတ်အထိပ်များ၊ ပြည့်စုံခြင်း အဆင့်များထက် အဆများစွာ သာလွန်၏။

"ဒါ အဘိုးကြီးရှီနဲ့ တုန်းဟယ်တို့ရဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူး  … ငါ အဇူရာတစ္ဆေ ဘုရားကျောင်း အကြောင်းကို စုံစမ်းဖူးတယ်  … သူတို့ရဲ့ နတ်ဆိုးသခင်က ဒီငါးယောက်လောက် အစွမ်း မထက်ဘူး …"

မျက်နှာနီနီ အကြီးအကဲက တုန်တုန်ရီရီ ရေရွတ်လိုက်သည်။

"ဒီ အစီအရင်က သူ့ရဲ့ဟာ မလား …"

ဆံပင်ဖြူ အဘိုးအိုက တစ်ခုခုကို အမှတ်ရဟန် တီးတိုး ရေရွတ်သည်။ သို့သော်လည်း သူ၏ နားလည် သဘောပေါက်မှုကား နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

"သတ် သတ် သတ် …"

တန်ခိုးရှင် အစောင့်အရှောက် ငါးပါးက စစ်မြေပြင်ကို လှည့်ပတ်ကာ ကြမ်းတမ်းစွာ ဖျက်ဆီးသည်။ သူတို့၏ တိုက်ခိုက်မှု တစ်ချက်ချင်းစီတွင် တစ်ရာမျှသော သရဲတစ္ဆေများ ပျက်စီးရသည်။

"ဟူး လား လား  …"

ဆယ်စက္ကန့်မျှ မကြာသော အချိန်အတွင်းမှာပင် တန်ခိုးရှင် အစောင့်အရှောက်များသည် တစ္ဆေများကို ဖယ်ရှားကာ ကျောက်တုံး ဘုရားကျောင်းသို့ ဝန်းရံလိုက်၏။

ထိုအခိုက်၌ စုန်းတစ္ဆေ ရွာသားများ၊ ဂိုဏ်းသားများမှာမူ ကြောက်ရွံ့မှုကြောင့် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ အချို့ဆိုလျှင် ဒူးထောက်ကာ တန်ခိုးရှင် အစောင့် အရှောက်များကို ဆည်းကပ် ကိုးကွယ် နေခဲ့ပြီ ဖြစ်သည်။

"မြန်မြန်  … မြန်မြန် ငါတို့ ဘိုးဘေးသခင်ကို နှိုးရအောင်  …"

ဆံပင်ဖြူ အဘိုးအိုက အလျင်စလို ဆော်ဩရင်း ဘုရားကျောင်း အလယ်ရှိ နတ်ဆိုး ရုပ်တု ရှေ့တွင် ဒူးထောက်လိုက်၏။ အခြားသော အကြီးအကဲများကလည်း ဆံပင်ဖြူ အဘိုးအို၏ ညွှန်ကြားချက် အတိုင်း လက်လံ ဒူးထောက်ကြသည်။

"ကျုပ်တို့ စုန်းတစ္ဆေဂိုဏ်း အသက်ဘေးနဲ့ ကြုံတွေ့ နေရပါတယ် ... ဘိုးဘေး သခင်ကြီး ကျုပ်တို့ကို ကူညီပြီး ရန်သူကို …"

"ဘုန်း …"

သူတို့၏ စကား မဆုံးခင်မှာပင် ကျောက်တုံး ဘုရားကျောင်းက စတင် တုန်ခါလာသည်။

"ဘုန်း …"

တန်ခိုးရှင် အစောင့်အရှောက် ငါးယောက်ကား ဘုရားကျောင်းကို စတင် တိုက်ခိုက် နေခဲ့ပြီ ဖြစ်သည်။ ကာကွယ်ထားသည့် အစီအရင်ကြောင့်သာ မဟုတ်ပါက ဘုရားကျောင်းသည် ပြိုပျက် ကျနေလောက်ပြီ ဖြစ်သည်။

"ဘုန်း …"

ယာမာမီဇူကီက လက်နှစ်ဖက်အား မြှောက်ကာ အထက်စီးမှ ထုခြေသည်။ ကူရိုမီ၊ ကာရာစု တန်ဂူနှင့် လက်ခြောက်ဖက် နတ်ဆိုးတို့ကလည်း အခြား အရပ်မျက်နှာများမှ ဝန်းရံကာ အစီအရင်အား ဖျက်ဆီး၏။ သူတို့ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုမှာ ပြည့်စုံခြင်း အဆင့် ဆယ်ယောက်ပေါင်း တိုက်ခိုက်မှုထက် ပိုမို ပြင်းထန်သည်။

"ဘုန်း …"

သခင်ကြီး စုဆန်နိုက ရွှေရောင်ဓားအား ဦးခေါင်းထက် မြှောက်ကာ ဘုရားကျောင်းကို ပိုင်းသည်။ ထိုဓားချက်ကာ အကာအကွယ် အစီအရင်ကို ဖြတ်သန်းကာ အမိုးထိပ်သို့ ကျသည်။

"ဒါက …"

အပြင်မှ ကြည့်နေသည့် များစွာသော အစီအရင် ပညာရှင်များကား ဆွံ့အနေကြပြီ ဖြစ်သည်။

ထိုမြင်ကွင်းက သူတို့၏ စိတ်ကူးယဉ်မှုများ ထက်ပင် သာလွန်နေ၏။ ကျင့်ကြံသူရှီနှင့် သခင်ကြီး တုန်းဟယ်ပင်လျှင် ထိုကဲ့သို့သော စွမ်းအား၏ အဖျားအနားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

"သွားကြစို့ …"

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း တောင်ထိပ် ဘုရားကျောင်းဆီသို့ ဦးတည်လိုက်သည်။

"မြန်မြန်  … တန်ခိုးရှင် ဆရာချန်း နောက်ကို လိုက်ကြဟေ့ …"

ကျင့်ကြံသူရှီနှင့် တုန်းဟယ်တို့ကို အခြားလူများကို ဆော်ဩရင်း ချန်းဖန်နောက်သို့ အပြေးအလွှား လိုက်လိုက်ကြသည်။

ထိုအချိန်၌ ကျောက်တုံးဘုရားကျောင်းကား တန်ခိုးရှင် အစောင့်အရှောက်များ အောက်၌ ယိုယွင်း ပျက်စီးနေပြီ ဖြစ်သည်။

"ဘိုးဘေး သခင်ကြီး …  ကျုပ်တို့ကို ဒီလိုပဲ သေခိုင်းတော့မှာလား …"

ဆံပင်ဖြူ အဘိုးအိုသည် နတ်ဆိုးရုပ်တု ရှေ့၌ ဒူးတုပ်လျက်ပင် ရှိနေသေး၏။ သူ၏ ပါးပြင် နှစ်ဖက်တွင်မူ မျက်ရည်များက စီးကျ၍ နေသည်။

အခြားသော အကြီးအကဲများသည်လည်း နတ်ဆိုးရုပ်တု ရှေ့တွင်ပင် အေးခဲ မှိုင်တွေ နေကြသည်။ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော စုန်းတစ္ဆေဂိုဏ်း၏ အစီအရင် ပျက်စီးသွားခြင်းက သူတို့၏ စိတ်ဓာတ်များကို အဆုံးထိ ထိုးကျစေသည်။

"ဘုန်း …"

တန်ခိုးရှင် အစောင့်အရှောက်များ၏ တိုက်ခိုက်မှုများ အောက်၌ ဘုရားကျောင်းကား တစ်စစီ ပြိုကျ ပျက်စီးနေပြီ ဖြစ်သည်။ နံရံများရှိ ကျောက်တုံးများက အရပ်ရှစ်မျက်နှာသို့ လွင့်စဉ် နေကြသလို အမိုးများသည်လည်း ဟောင်းလောင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် …

နတ်ဆိုးရုပ်တုမှ အမှောင် အခိုးအငွေ့များ ထွက်ပေါ်လာကာ ပုံရိပ်ယောင် တစ်ခု ဖွဲ့စည်းလာ၏။ ထိုပုံရိပ်ယောင်က အကျည်းတန်သော မျက်နှာဖုံးကို တပ်ကာ နတ်ဆိုး အရှိန်အဝါများကို ထုတ်လွှတ်သည်။

"ဘယ်သူက ငါ့ဂိုဏ်းကို ကျူးကျော်ရဲတာလဲ … မင်းတို့တွေ သေဖို့သာ ပြင်ထားကြ …"

နတ်ဆိုး ပုံရိပ်ယောင်က ပါးစပ်ကို ဟကာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုကို ထုတ်လွှတ်လိုက်၏။

"အဲဒါ … ဘိုးဘေးသခင်ကြီးပဲ သူ အသက်ရှင် နေသေးတယ်ဟေ့ …"

ဆံပင်ဖြူ အဘိုးအိုနှင့် အကြီးအကဲများက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ နောက်ဆုံး၌ သူတို့၏ ဘိုးဘေးသခင်ကြီးကား ပေါ်ထွက်လာခဲ့လေပြီ။

တန်ခိုးရှင် အစောင့်အရှောက် ယာမာမီဇူကီက နတ်ဆိုးပုံရိပ်ယောင်၏ ခြိမ်းခြောက်မှုများ စကားဖြင့် မတုံ့ပြန်ပဲ လက်ဝါးဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ၏ လက်ဝါးက ရွှေရောင် အလင်းများကို သယ်ဆောင်ကာ နတ်ဆိုး ပုံရိပ်ယောင်ကို အထက်စီးမှ ဖျက်ဆီးသည်။

"ဘုန်း …"

ထိုလက်ဝါးရိုက်ချက် အောက်၌ နတ်ဆိုးပုံရိပ်ယောင်ကား နောက်သို့ မီတာများစွာ လွင့်စဉ်သွား၏။ သူ၏ ဝိညာဉ် စွမ်းအားဖြင့် ဖွဲ့စည်းထားသော ခန္ဓာပင် ပျက်စီးတော့မတတ် တုန်ရီသွားခဲ့သည်။

သို့သော်လည်း ထိုအရာက အစမျှသာ။

သခင်ကြီး ကူရိုမီက သွေးအလင်းကို ဖော်ထုတ်ကာ နတ်ဆိုး ပုံရိပ်ယောင်ဆီသို့ ပစ်လွှတ်သည်။ ထိုအလင်းက နတ်ဆိုး ပုံရိပ်ယောင်၏ ခန္ဓာအား ထိမှန်ကာ ဟောင်းလောင်းပေါက် နှစ်ပေါက်အား ချန်ရစ်သည်။

လက်ခြောက်ဖက် နတ်ဆိုးကမူ ခြောက်ခုသော လက်နက်များကို ဆွဲကိုင်ကာ တရစပ် တိုက်ခိုက်သည်။

ကာရာစုတန်ဂူ၏ ရွှေရောင်ရုပ်တုက ကောင်းကင်၌ ပျံဝဲကာ ကြီးမားသော အားအင်ကို သယ်ဆောင်၍ တိုက်ခိုက်သည်။

သခင်ကြီး စုဆမ်နိုကလည်း ဓားအား ဆွဲကိုင်ကာ နတ်ဆိုးပုံရိပ်ယောင်ကို အကြိမ်ကြိမ် ဖြတ်ပိုင်းသည်။

"ဘုန်း …"

"ဘုန်း..."

"ဘုန်း..."

စုန်းတစ္ဆေဂိုဏ်း၏ ဘိုးဘေး သခင်ကြီးကား တန်ပြန် တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။

တစ်ဆယ် စက္ကန့်မျှ မကြာသေးသော အချိန် အတွင်းမှာပင် သူကား ခုခံနိုင်စွမ်း ကင်းမဲ့စွာဖြင့် ပျက်စီး ပျောက်ကွယ် သွားခဲ့ရတော့၏။

"အဲဒါက ပြီးသွားပြီလား …"

ကျင့်ကြံသူရှီနှင့် စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲများ အပါအဝင် လူတိုင်းကား ဆွံ့အနေကြဆဲပင်။

"အဲဒါတွေက တန်ခိုးရှင် အဆင့်များလား …"

တုန်းဟယ်က တီးတိုး ရေရွတ်မိသည်။

စုန်းတစ္ဆေဂိုဏ်း၏ ဘိုးဘေး သခင်ကြီးကား တန်ခိုးရှင် တစ်ပိုင်း အဆင့် ဖြစ်သည်။ သို့တိုင်အောင် တန်ခိုးရှင် အစောင့်အရှောက် ငါးယောက်၏ တိုက်ခိုက်မှုကို တစ်မိနစ်ပင် တောင့်မခံနိုင်ခဲ့ချေ။

သို့သော် သူမသိသည့် အချက်ကား လွန်ခဲ့သည့်  တစ်နှစ်ခန့်ကပင် တန်ခိုးရှင် အစောင့်အရှောက် ငါးယောက်သည် တန်ခိုးရှင် အဆင့် နှင်းဝံပလွေ ဘုရင်နှင့် ယှဉ်ပြိုင် တိုက်ခိုက် နိုင်ခဲ့သည်။

တစ်နှစ်အတွင်း ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့် ပိုမို တိုးတက်လာရာ သူတို့၏ တိုက်ခိုက်နိုင်စွမ်းများလည်း ပိုမို တိုးတက် လာခဲ့၏။ ယခုဆိုလျှင် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုသည် တန်ခိုးရှင် အဆင့်ကို ပင်လျှင် လွယ်လွယ်ကူကူ အနိုင်ယူနိုင် နေပြီ ဖြစ်သည်။

"ယုဝမ်ကျင်း ဘယ်မှာလဲ …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အကြီးအကဲများဆီသို့ လျှောက်လာကာ မေးလိုက်၏။

"ခင် ခင်ဗျားက … ချန်းပေ့ရွှမ်းလား …"

ဆံပင်ဖြူ အကြီးအကဲကား ကြောက်ရွံ့မှုကြောင့် အသံများပင် တုန်နေခဲ့ပြီ ဖြစ်၏။

"ယုဝမ်ကျင်း ဘယ်မှာလဲ …"

ချန်းဖန်က အဖြေမပေးပဲ ဒုတိယ အကြိမ် မေးလိုက်ပြန်သည်။

"ယုဝမ်ကျင်းကို အကြီးအကဲကဝေက စုန်းကဝေညီလာခံကို ခေါ်သွားပါတယ် …"

ဆံပင်ဖြူ အကြီးအကဲက ကြောက်ရွံ့စွာ အဖြေပေးလိုက်သည်။

"စုန်းကဝေညီလာခံ …"

ချန်းဖန်၏ မျက်လုံးများ၌ အေးစက်သော အလင်းတစ်ခု ဖြစ်တည်လာခဲ့၏။

***

All Chapters