ငါတစ်ယောက်ယောက်ကို အရင်သတ်ရမယ်
Vol. 5 Ch. 491
"မင်း ဘယ်က ခွေးသားလဲ … စုန်းကဝေညီလာခံကို နှောင့်ယှက်ရဲတယ် ဆိုတော့ သတ္တိတော့ တော်တော် ကောင်းတာပဲ"
ဆံပင် အနီနှင့် တစ်ကိုယ်လုံး၌ တက်တူး အနီများ ရေးထိုးထားသော လူကြီး တစ်ယောက်က ကြုံးဝါးကာ လက်အား ဆန့်ထုတ်လိုက်သည်။
"ဘုန်း …"
မီးတောက်မီးလျှံများနှင့် အတူ ကြီးမားသော လက်ဝါး တစ်ခု ဖြစ်ပေါ်လာ၏။ လက်ဝါး၏ ထိပ် လက်ချောင်းများ၌မူ အမှောင်မီးခိုးများဖြင့် ပြည့်နှက်နေသည်။
ထို မီးခိုးများနှင့် မီးများက ရောယှက် ပေါင်းစပ်ကာ အဆိပ်မီးတောက်များနှင့် ယင်ချီများကို ထုတ်လွှတ်သည်။ ထိုအရာများက လေထုကိုပင် လောင်ကျွမ်း ဖျက်ဆီးနေ၏။
တိုက်ခိုက်လိုက်သူကား မီးကဝေ ဖြစ်သည်။
မီးကဝေသည် စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲကဝေလောက် အစွမ်းမထက်သည့်တိုင် ဓမ္မကျင့်ကြံခြင်း အလယ် အဆင့်အထိ ရောက်ရှိနေသူ ဖြစ်သည်။ သူ၏ အဆိပ်မီးလက်ဝါးသည် သိုင်းပညာနှင့် ဓမ္မ ကျင့်ကြံခြင်း လမ်းစဉ် နှစ်ခု ပေါင်းစပ်၍ ဖန်တီးထားသည့် ကျင့်စဉ် တစ်ခု ဖြစ်ပြီး ရက်စက်မှုနှင့် ကြမ်းကြုတ်မှုတို့ အတွက် အလွန် ကျော်ကြား၏။ ထိုမီးတောက်များက သာမန် အထွတ်အထိပ်များကိုပင် အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်သည်။
"ကလန့် …"
ယူကီရှီရိုဆာက ရှေးဟောင်းဓားကို ထုတ်ကာ အဆိပ်မီးတောက်များအား ခုတ်ပိုင်း လိုက်၏။
"ဘုန်း …"
အဇူရာဓား အလင်း၏ အောက်တွင် မီးတောက် လက်ဝါးကား နှစ်ပိုင်း ကွဲပျက်ရ၏။ မရေမတွက်နိုင်သော မီးခိုးနှင့် မီးများကား နေရာအနှံ့ ပြန့်ကျဲထွက်ကာ နောက်ရှိ ကဝေ အကြီးအကဲများကို ထိသည်။ အချို့ဆိုလျှင် နေရာတွင်ပင် သေဆုံး သွားခဲ့ရတော့သည်။
"အားလုံး ဝိုင်းတိုက်ပြီး သူကို ကဝေဘုရင်ဆီ အပ်ကြရအောင်ဟေ့ …"
မြွေကဝေဂိုဏ်း၏ ခေါင်းဆောင်က အော်ဟစ်ရင်း လက်ထဲရှိ မြေဦးခေါင်း တောင်ဝှေးအား ကြမ်းပြင်အား ဆောင့်ချလိုက်၏။ ရုတ်တရက် မြေဦးခေါင်း တောင်ဝှေးမှ မြွေဝိညာဉ် ထွက်ပေါ်လာကာ အစိမ်းရောင် အဆိပ်မြားများကို မှုတ်ထုတ်လိုက်၏။ ထိုအဆိပ်မြားများက အလင်း၏ အမြန်နှုန်းဖြင့် လေထုအား ဖြတ်သန်းကာ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ထံ ထိုးစိုက်သည်။
ထိုအချိန်၌ အခြားသော ကဝေ အကြီးအကဲများ၊ တပည့်များသည်လည်း သူတို့၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားများကို ဖော်ထုတ်နေကြပြီ ဖြစ်သည်။
ထိုတစ်ရာကျော်မျှ အရေအတွက် ရှိသည့် ကဝေ ပညာရှင်များကား အနည်းဆုံး တာအိုရရှိခြင်း အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုများက ယူကီရှီရိုဆာကိုပင် အခက်ကြုံစေသည်။
သို့သော်လည်း ချန်းဖန်ကမူ ဝင်ပါမည့်ပုံ မရသေးချေ။ သူက စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲကဝေကို ကြည့်ရင်း မေးလိုက်၏။
"သူ ဘယ်မှာလဲ …"
အကြီးအကဲကဝေက ပြန်မဖြေချေ။
"ပြောမှာလား သေမှာလား …"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
"ဘုန်း …"
အဇူရာ ဓားအလင်းများက ချန်းဖန်၏ လက်၌ ပေါ်ထွက်လာကာ အဆိပ်မြားများ ပစ်လွှတ်နေသည့် မြွေဝိညာဉ်အား ဖျက်ဆီးသည်။ ထိုဓားအလင်းက ဆက်လက် တိုးဝင်ကာ ဝိညာဉ် ကဝေဂိုဏ်း မြွေကဝေဂိုဏ်း၏ အကြီးအကဲကို နှစ်ပိုင်း ခွဲပစ်သည်။
သို့သော်လည်း ထိုအရာက အစမျှသာ။
ချန်းဖန် ဒုတိယ ခြေလှမ်းကို လှမ်းသည်နှင့် စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ ကဝေအစောင့်အရှောက် တစ်ဦး၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်သည်။
တတိယ ခြေလှမ်းတွင်မူ ဝိညာဉ်ကဝေဂိုဏ်း၏ တပည့် တစ်ယောက် ရုတ်ခြည်းပင် ပေါက်ကွဲထွက် သွားသည်။
စတုတ္ထ ခြေလှမ်း …
ခြေလှမ်းတိုင်းတွင် ချန်းဖန်၏ လက်၌ ရန်သူ တစ်ယောက်ကျ သေဆုံးရသည်။ အချို့ကား အဇူရာ ဓားချီ၏ တိုက်ခိုက်မှုဖြင့် ရုပ်ခန္ဓာ ပျက်စီးရပြီး အချို့ကမူ ကျိန်စာကြောင့် ဝိညာဉ်ပျက်စီးကာ သေဆုံးရသည်။
ဆယ့်ကိုးလှမ်း …
ချန်းဖန် ဆယ့်ကိုးလှမ်း လှမ်းပြီးချိန်၌ ရုပ်အလောင်း ဆယ့်ကိုးခုမှု ကြမ်းပြင်ပေါ်၌ လဲကျ နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်၌ ရန်သူများကား တဖြည်းဖြည်း သွေးပျက် ချောက်ချား လာနေခဲ့ပြီ ဖြစ်သည်။ အမှောင်ကဝေဂိုဏ်းမှ လူငယ် ပင်လျှင် မျက်နှာပျက် နေခဲ့တော့သည်။
"အဲဒီ လူငယ်က ဘယ်သူလဲ … သူက သိုင်းပညာ ဝိညာဉ်စွမ်းအားနဲ့ ဓမ္မ အစီအရင် သုံးမျိုး စလုံးကို အရမ်းကို အစွမ်းထက်တဲ့ပုံ ပေါ်တယ် … သူက ခွန်းလွန်က အဇူရာ နဂါးများလား …"
ဝိညာဉ်ကဝေဂိုဏ်း အကြီးအကဲကဝေက ကြောက်လန့်စွာဖြင့် ခန့်မှန်းသည်။
"မဖြစ်နိုင်ပါဘူး … အဇူရာ နဂါးက သိုင်းပညာနဲ့ ဓမ္မကျင့်ကြံခြင်း နှစ်ခု အပြင် ကျိန်စာနဲ့ မဟာယန နည်းစနစ်တွေကိုပါ ကျွမ်းကျင်တယ်တဲ့ … သူက ဒီလောက် အသက်ငယ်သေးတာ မဖြစ်နိုင်ဘူး …"
အမှောင်ကဝေဂိုဏ်းမှ လူငယ်က ခေါင်းခါရင်း စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲ ကဝေအား ကြည့်ကာ မေးလိုက်၏။
"အကြီးအကဲကဝေ … အဲဒီ လူငယ်က ခင်ဗျားနောက်ကို လိုက်လာတဲ့ပုံပဲ … သူ ဘယ်သူလဲ ခင်ဗျား သိလား …"
အခြားလူများကလည်း စုန်းတစ္ဆေဂိုဏ်း အကြီးအကဲ ကဝေအား မေးခွန်းထုတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ ထိုလူငယ် အကြောင်း အကြီးအကဲကဝေ တစ်ခုခုတော့ သိရမည်။
"သူက ချန်းပေ့ရွှမ်းပဲ …"
အကြီးအကဲ ကဝေက ပင့်သက် တစ်ချက်ရှိုက်ရင်း ပြန်ဖြေလိုက်၏။
"ဘယ်လို …"
ထိုအဖြေက များစွာသော ကဝေ ပညာရှင်များကို ဆွံ့အစေသည်။
ချန်းပေ့ရွှမ်းသည် အရှေ့တောင် အာရှနှင့် ဝေးကွာသော တရုတ်မြောက်ပိုင်းတွင်သာ ကျက်စား နေသူ ဖြစ်သည်။ ထို့ကြောင့်ပင် မည်သူကမျှ ထိုလူငယ်မှာ ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု မထင်မှတ် ထားကြချေ။
များစွာသော ကဝေများကား ရှေ့သို့ တစ်လှမ်းချင်း တိုးလာသော ချန်းဖန်အား ကြည့်ကာ ဒူးတုန် လာခဲ့ကြတော့၏။ အမှောင် ကဝေဂိုဏ်းမှ လူငယ်ပင်လျှင် တည်ငြိမ်မှု ရှိမနေတော့ချေ။
"ချန်းပေ့ရွှမ်း … မင်းဘာလို့ ညီလာခံကို ဖျက်ဆီးပြီး ငါ့လူတွေကို သတ်တာလဲ … ကဝေ ဂိုဏ်းတွေကို မင်း လုပ်ချင်တိုင်း လုပ်လို့ ရမယ် ထင်နေတာလား …"
အမှောင်ကဝေဂိုဏ်းမှ လူငယ်က တွန့်ဆုတ်ရင်း မေးလိုက်သည်။
"သူ ဘယ်မှာလဲ …"
ချန်းဖန်က သူ့အား သတိပင် ပြုမိပုံ မရပဲ စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲ ကဝေကိုသာ ကြည့်ရင်း မေးလိုက်သည်။
ထို မေးခွန်းကြောင့် အကြီးအကဲ ကဝေ၏ ခန္ဓာကိုယ်ကား တစ်ချက် တုန်ခါသွားခဲ့၏။ သူ၏ မျက်နှာမှာမူ သွေးမရှိ သကဲ့သို့ ဖြူရော် နေခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း … ငါမေးနေတာ မကြားဖူးလား …"
အမှောင်ကဝေ ဂိုဏ်းမှ လူငယ်က မေးလိုက်သည်။
သူကား လက်ရှိ အမှောင်ကဝေဂိုဏ်း အကြီးအကဲကဝေ ဖြစ်ကာ မရေမတွက်နိုင်သော လူများကို အမိန့်ပေးနိုင်သူ ဖြစ်သည်။ လောလောဆယ် စုန်းကဝေ ညီလာခံတွင်လည်း ကဝေ ဘုရင် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသူ ဖြစ်သည်။ ချန်းဖန်၏ အရေးမလုပ်သော အပြုအမူက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။
"နားငြီးတယ် …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘုန်း …"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ထက်၌ တစ်ဆယ် မီတာခန့် ကြီးမားသော လက်ဝါးကြီး ပေါ်ထွက်လာ၏။ ထိုလက်ဝါးကြီးက တောင်တစ်လုံး၏ အားအင်ကို သယ်ဆောင်ကာ အမှောင်ကဝေဂိုဏ်းမှ လူငယ်ထံသို့ ကျဆင်းသည်။
"ကဝေဘုရင်ကို ကာကွယ်ကြဟေ့ …"
လူငယ်၏ ဘေး၌ ရှိနေသည့် မီးကဝေ၊ စစ်ကဝေနှင့် သွေးကဝေတို့က စုပေါင်းကာ လက်ဝါးကြီးကို တားဆီးလိုက်သည်။ လူငယ်ကလည်း ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားများကို နှိုးဆွကာ ရွယ်တူ လက်ဝါးတစ်ခုကို ဖန်ဆင်းသည်။
ဘုန်း … ဘုန်း … ဘုန်း ….
ကောင်းကင်ရှိ အဇူရာ လက်ဝါးက ခုခံမှု အလုံးစုံကို ချိုးဖျက်ကာ လူငယ်ထံသို့ ထပ်မံ ကျဆင်းသည်။
ဘုန်း …
အဇူရာ လက်ဝါး၏ အလေးချိန် အောက်၌ လူငယ်၏ အမှောင် လက်ဝါးသည်လည်း အသုံးမဝင်ချေ။ အစိတ်စိတ် အမြွှာမြွှာ ကြေကွဲကာ လက်ဝါးက ဆက်လက် ဆင်းသက်၏။
"တကယ် အစွန်းထက်လွန်းတာပဲ …"
လူငယ်က အသက်ကို ပြင်းစွာ ရှူ၍ ဘေးသို့ ရှောင်တိမ်းသည်။
အမျိုးမျိုးသော ခုခံမှုများကို အဇူရာ လက်ဝါး ဖြတ်သန်းသည့် အချိန်သည် အသက် တစ်ရှိုက်စာမျှသာ ကြာမြင့်သော်လည်း ထိုအရာက လူငယ် အတွက် လုံလောက်နေပြီ ဖြစ်၏။ သူကား အသက်ဘေးမှ လွတ်မြောက်အောင် ပွတ်ကာသီကာ ရှောင်တိမ်း နိုင်ခဲ့သည်။
"သူ ဘယ်မှာလဲ …"
ချန်းဖန်က စုန်းစ္ဆေဂိုဏ်း၏ အကြီးအကဲကဝေကို ကြည့်ရင်း ထပ်မံမေးသည်။
"ချန်းပေ့ရွှမ်း … ငါ ယုဝမ်ကျင်းကို မဟာကဝေဆီ ဆက်သလိုက်ပြီ … မင်း နောက်ကျသွားပြီ … သူ့ရဲ့ သန့်စင်သော ယင်ခန္ဓာကိုယ်ကို မဟာကဝေက သုံးပြီးလောက်ပြီ"
အကြီးအကဲ ကဝေက မျက်လုံးကို စုံမှိတ်ရင်း အော်ဟစ်လိုက်သည်။
"ဘာ …"
ချန်းဖန်၏ မျက်နှာက ဒေါသဖြင့် မည်းမှောင်သွား၏။ ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အဘက်ဘက်ကို ရိုက်ခတ်သည်။ ထိုအငွေ့အသက်များ အကြား၌ ကဝေ ပညာရှင်များ၏ နှလုံးသားများသည် တဖြည်းဖြည်း မွမ်းကျပ်လာ၏။
မရေမတွက်နိုင်သော နတ်ဆိုးများက ကိုက်ဖြတ်နေသည့် အလား နာကျင်မှုက သူတို့၏ စိတ်ဝိညာဉ်တွင် တဆစ်ဆစ် စတင် ဖြစ်ပေါ်လာသည်။ ထိုနာကျင်မှုအား ခုခံရန် အစွမ်းကုန် ကြိုးစားသည့်တိုင် မသုံးမဝင်ချေ။
"အား … ချန်းပေ့ရွှမ်း မင်း ဘာလုပ်တာလဲ"
များစွာသော ကဝေများက နာကျင်စွာ အော်ဟစ်ရင်း ညည်းညူကြသည်။ သူတို့၏ စိတ်တွင်မူ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်ကြချေ။
"ဘုန်း …"
ချန်းဖန်က အမူအရာ ကင်းမဲ့စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးရင်း မြေပြင်ပေါ်တွင် အော်ဟစ် ညည်းညူနေသည့် ကဝေတစ်ယောက်အား တက်နင်းလိုက်သည်။
"ဘုန်း …"
သူ၏ ခြေထောက်က ထိုကဝေ၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်ကာ ရွှေရောင် မီးတောက်က သူ၏ ဝိညာဉ်အား ဖျက်ဆီးပစ်သည်။
"ယုဝမ်ကျင်းသာ တစ်ခုခု ဖြစ်ကြည့် … မင်းတို့ တွေရော မင်းတို့ရဲ့ ဂိုဏ်းတွေရော အားလုံးရော ငါ ဖျက်ဆီးပစ်မယ် …"
အေးစက်သော ချန်းဖန်၏ အသံက ကြက်သီးထဖွယ် ပေါ်ထွက်လာ၏။
များစွာသော ကဝေများကား မြေပြင်ပေါ်၌ ကောင်းစွာ မရပ်နိုင်အောင် တုန်လှုပ် နေခဲ့ကြပြီ ဖြစ်သည်။ ချန်းဖန်သည် ရုပ်ခန္ဓာကိုယ်အား ဖျက်ဆီးပစ်သည့် အပြင် ဝိညာဉ်ကိုပါ ရက်စက်စွာ လောက်ကျွမ်းစေသည်။ ထိုကဲ့သို့သော နည်းစနစ်မျိုးကား အကြင်နာတရား ကင်းမဲ့လွန်းသည်။
"ချန်းပေ့ရွှမ်း … မင်း ငါ့အဖေကို မကြောက်ဘူးလား …"
အမှောင်ကဝေဂိုဏ်းမှ လူငယ်က ကြောက်ရွံ့စွာ မေးသည်။
သို့သော်လည်း ထိုမေးခွန်းအား ချန်းဖန်က ဓားနှင့်သာ တုံ့ပြန်လိုက်၏။
***