စုန်းတစ္ဆေဂိုဏ်းများအား ရှင်းလင်းခြင်း
Vol. 5 Ch. 492
"ဟူး …"
ဓားပျံက အဝါရောင် ကျောက်မျက် အတွင်းမှ ထွက်ပေါ်လာကာ ကောင်းကင်၌ ရွှေရောင် စက်ဝိုင်းအား ရေးဆွဲသည်။ ထို့နောက် အလင်း၏ အမြန်နှုန်းဖြင့် သွေးကဝေထံသို့ တိုးဝင်၏။
"သွေးပေါက်ကွဲခြင်း …"
သွေးကဝေက အဆုပ်များ ပေါက်ကွဲမတတ် အော်ဟစ်လိုက်၏။
ရုတ်တရက် သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်က နီရဲလာကာ သွေးမြူကဲ့သို့ ချီများကို ထုတ်လွှတ်သည်။ သူ၏ လှုပ်ရှားမှုက အစီအစဉ်ကျနပြီး လျင်မြန်ရာ ဓမ္မ ကျင့်ကြံခြင်း ထိပ်ဆုံး အဆင့် ပုဂ္ဂိုလ်များပင် အံ့ဩရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဓားပျံနှင့် ယှဉ်လျှင်မူ သူကား နှေးကွေးလွန်းလှ၏။
သွေးပေါက်ကွဲခြင်း အသက်မဝင်ခင်မှာပင် ရွှေရောင် ဓားပျံသည် သွေးကဝေ၏ ခါးကို ဖြတ်ကာ နှစ်ပိုင်းပိုင်းသွားခဲ့သည်။ ပြည့်စုံခြင်း အဆင့် ကဝေ တစ်ယောက်၏ အသက်ကား ဤသို့ဖြင့် လွယ်လွယ်ကူကူ အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်၍ ကျန် ပြည့်စုံခြင်း အဆင့် ကဝေ ခြောက်ယောက်သည် သူတို့၏ အစွမ်း အထက်ဆုံး နည်းစနစ်များနှင့် ဓမ္မရတနာများကို ထုတ်ကာ ဓားပျံအား တားဆီးရန် အသင့် ပြင်ဆင်လိုက်ကြ၏။
သို့သော်လည်း သူတို့ ပိုင်ဆိုင်ထားသော စွမ်းအားများကား ဓားပျံ၏ ဖြစ်တည်မှုနှင့် အလှမ်း ကွာလွန်းသည်။
ဓားပျံတစ်ချက် အဝှေ့တွင်ပင် ပြည့်စုံခြင်း အဆင့် ကဝေငါးယောက်၏ ခေါင်းများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။
ပြည့်စုံခြင်းအဆင့် ကဝေ ခြောက်ယောက်ကို သတ်ရန်အတွက် ချန်းဖန်ကား လက်တစ်ချက်ပင် လှုပ်စရာ မလိုခဲ့ချေ။
"ဟူး …"
ဓားပျံက ကောင်းကင်၌ စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်ရင်း အမှောင်ကဝေဂိုဏ်းမှ ကဝေဘုရင်ထံ ဆက်လက် တိုးဝင်သည်။
"ချန်းပေ့ရွှမ်း …"
ကဝေဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရင်း အမျိုးမျိုးသော အကာအကွယ် အစီအရင်များကို ထုတ်ကာ ကာကွယ်လိုက်၏။ သို့သော်လည်း ထိုအရာများက အသုံးမဝင်ချေ။
ဓားပျံသည် လွန်ခဲ့သည့် နှစ်ထောင်ချီက ဓားလျှို့ဝှက်ချက် အသုံးပြုခဲ့သည့် လက်နက် ဖြစ်သည်။ ချန်းဖန်က ထိုဓားကို ပိုမို အစွမ်းထက်အောင် သန့်စင်ကာ တန်ခိုးရှင် အဆင့် စွမ်းအားဖြင့် ပေါင်းစပ်ခဲ့သည်။ ကောင်းကင်ရှိ အသံထက် မြန်သော တိုက်လေယာဉ်ပင်လျှင် ထိုဓားအား မတားနိုင်ချေ။
"ဘုန်း …"
"ဘုန်း …"
"ဘုန်း …"
ရွှေရောင် ဓားပျံက ကဝေဘုရင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အကာအကွယ် အစီအရင် ခုနစ်ခုအား ချိုးဖောက်ကာ လည်ပင်းထက်သို့ ကျဆင်းသည်။
"ဘုန်း …"
ရုတ်တရက် ကဝေဘုရင်၏ လည်ပင်းတွင် ဆွဲထားသော အရိုးလည်ဆွဲမှ အမှောင်မြူများ ထွက်ပေါ်လာကာ ဓားကို တားဆီးသည်။
"ဘုန်း …"
ဓားနောက်သို့ အနည်းငယ် တန့်သွားသည်နှင့် အမှောင်မြူများက အနက်ရောင် ဝတ်စုံဝတ် အဘိုးအို တစ်ဦးအသွင် ဖွဲ့စည်း၏။ ထိုအဘိုးအို၏ မျက်နှာက ထင်ရှားခြင်း မရှိသော်လည်း မျက်လုံးများကမူ အစိမ်းရောင် အလင်းဖြင့် တောက်ပနေသည်။
"အဖေ …"
ကဝေဘုရင်က ပုံရိပ်ယောင်အား ကြည့်ရင်း တုန်ရီစွာ ရေရွတ်လိုက်သည်။
"သတ် …"
ချန်းဖန်က ဓားပျံအား အမိန့်ပေးလိုက်၏။
သခင့်အလိုကျပင် ရွှေရောင်ဓားက နောက်တစ်ဖန် ပြန်လည် လှုပ်ရှားကာ ကဝေဘုရင်၏ လည်ပင်းကို ဖြတ်သန်းသည်။
ကဝေဘုရင်၏ ဦးခေါင်းကား ပုံရိပ်ယောင်၏ ကာကွယ်မှု အောက်တွင်ပင် ပခုံးမှ ကင်းကွာကာ မြေပြင်ထက်သို့ ကျ၏။
"မလုပ်နဲ့ …"
ပုံရိပ်ယောင်က မြေပြင်ထက်၌ လိမ့်ဆင်းသွားသော ဦးခေါင်းကို ကြည့်ရင်း ဝမ်းခေါင်းသံကြီးနှင့် ဟစ်ကြွေးလိုက်သည်။
ဓားကမူ အနည်းငယ်မျှ တန့်သွားခြင်း မရှိပဲ ပုံရိပ်ယောင်ထံသို့ ဆက်လက် တိုးဝင်ကာ ထက်ဝက် ပိုင်းဖြတ်၏။ ဓားပျံ၏ အကြိမ်ကြိမ် ခုတ်ထစ်မှုများ အောက်၌ ပုံရိပ်ယောင်ကား အပိုင်းပိုင်း ပြတ်ကာ ပျက်စီးသွားတော့သည်။
"ဟူး …"
ပုံရိပ်ယောင်အား အဆုံးသတ် ပြီးသည်နှင့် ဓားက လေထဲသို့ ပျံတက်ကာ အသက်ရှင် နေသေးသော ကဝေများထံ ဦးတည် လိုက်ပြန်၏။
"မလုပ်ပါနဲ့ …"
"တန်ခိုးရှင် … ကျုပ်တို့ အညံ့ခံပါတယ် …"
"ကျုပ်တို့ တန်ခိုးရှင်ကို အမှောင်ကဝေဂိုဏ်းဆီ ခေါ်သွားပေးပါ့မယ် …"
များစွာသော ကဝေများက မျက်လုံး စုံမှိတ်ရင်း တုန်တုန်ရီရီ အော်ဟစ်ကြသည်။
ချန်းပေ့ရွှမ်းကား ပြည့်စုံခြင်းအဆင့် ကဝေ ခုနှစ်ယောက်နှင့် မဟာကဝေ၏ ပုံရိပ်ယောင်တို့ကို လက်ပင် မလှုပ်ပဲ သတ်ဖြတ်ပစ်ခဲ့သည်။ အကယ်၍ ချန်းပေ့ရွှမ်းနှင့် ကြုံတွေ့ရမှန်း ကြိုတင် သိခဲ့လျှင် စုန်းကဝေ ညီလာခံသို့ပင် သူတို့ တက်ရောက်ခဲ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူတို့၏ နောင်တကား နောက်ကျ နေခဲ့ပြီ ဖြစ်တော့သည်။
"သတ် … သတ် … သတ် …"
ဓားပျံက ကောင်းကင်မှ ဆင်းသက်ရင်း များစွာသော ကဝေများ၏ အသက်ကို နုတ်ယူသည်။ ဓားပျံ၏ တိုက်ခိုက်မှု အောက်၌ ဓမ္မ အစီအရင်၊ နတ်ဘုရား စွမ်းအား၊ သိုင်းပညာ မည်သည့် အရာကမျှ ကာကွယ်ရန် မတတ်နိုင်ကြချေ။
ဗုဒ္ဓ၏ ဆိုရိုး တစ်ခုရှိသည်။
"လက်တစ်ချောင်း အလှုပ်တွင် ခြောက်ဆယ်သော အချိန်အတိုင်းအတာများ ပါဝင်၏။ ထိုအခိုက်အတန့်တွင်ပင် ကိုးရာသော အဟောင်းများ ပျက်စီးရကာ အခြား ကိုးရာသော အသစ်များ မွေးဖွားလာရ၏" ဟူ၍။
ထိုဆိုရိုးနှင့် လိုက်ဖက်ညီစွာပင် ချန်းဖန်သည် ရာချီသော အသက်များအား စက္ကန့်ပိုင်း အတွင်း ဖျက်ဆီးပစ်ခဲ့သည်။ စုန်းကဝေ ညီလာခံ ကျင်းပရာ အဆောက်အဦအား သွေးဖြင့် ဆေးကြောခဲ့သည်။
ထိုကဲ့သို့သော ရက်စက်မှုက ယူကီရှီရိုဆာ ကဲ့သို့သော မိန်းမကိုပင် ကြက်သီး ထစေသည်။
"ဟူး …"
များစွာသော အသက်များအား နုတ်ယူပြီးနောက် ဓားပျံက ချန်းဖန်ထံ ပြန်လည် ရောက်ရှိလာကာ အဝါရောင် ကျောက်မျက်အတွင်း ဝင်ရောက် ပုံးကွယ်သည်။ ထိုအရာကား အခြားသော သွေးများကို ဆာလောင်နေသည့် အလား ရက်စက် ကြမ်းကြုတ်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
"စိတ်မပူနဲ့ … ဒါက အစလောက်ပါပဲ … မင်း အတွက် ပိုကောင်းတာတွေ ရှိသေးတယ်"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဓားအား နှစ်သိမ့်လိုက်သည်။
"ဆရာ … ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
ယူကီရှီရိုဆာက ခေါင်းကို ငုံ့ရင်း မေးလိုက်၏။
"စုန်းကဝေဂိုဏ်းတွေကို သူတို့နဲ့ ထိုက်တန်တာ ပေးရမှာပေါ့ …"
ချန်းဖန်က အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။
"အဲဒါကို မလုပ်ခင် ငါတို့ ဒီနေရာကို အရင် ရှင်းလင်းကြတာပေါ့"
ချန်းဖန်က သေဆုံးသွားသော ပြည့်စုံခြင်း အဆင့် ကဝေများ၏ ဝိညာဉ်များကို ထုတ်ယူကာ အဝါရောင် ကျောက်မျက်အတွင်း ထည့်သိမ်းလိုက်သည်။ အမှောင်ကဝေဂိုဏ်း၏ တည်နေရာကို သိရန် ထိုဝိညာဉ်များအား စစ်မေးရဦးမည်။
***
ထိုအချိန် အဆောက်အဦ အပြင်ဘက်၌ …
လူအများကား စုစုရုံးရုံးဖြင့် အဆောက်အဦ ရှိရာသို့ ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေကြသည်။ လူငယ်နှင့် မိန်းကလေးတို့ အဆောက်အဦ အတွင်း ဝင်သွားသည်မှာ မိနစ်ပိုင်းမျှသာ ကြာသေးသော်လည်း သူတို့ အတွက်မူ စောင့်ရသည်မှာ ရာစုနှစ် တစ်ခုအလား ကြာရှည်လှ၏။
"အစ်ကိုကြီးလုံ … အထဲမှာ ဘာတွေ ဖြစ်နေမယ်လို့ ထင်သလဲ … ခုနက အသံတွေ ကြားနေရသေးပေမဲ့ ခုတော့ အကုန်လုံးက တိတ်ဆိတ်နေတာပဲ"
ရှောင်ချီက စိတ်ဝင်တစား မေးသည်။
"မင်းက ပိန်းလိုက်တာကွာ … ခုလောက်ဆို ဟိုနှစ်ယောက် သေနေလောက်ပြီပေါ့ … ဘာတွေ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားနေတာလဲ"
အစ်ကိုကြီးလုံက စိတ်မရှည်စွာ အဖြေပေးလိုက်သည်။
ထိုကဲ့သို့ လူများစွာ ခန့်မှန်း ပြောဆို နေကြချိန်တွင်ပင် ရှောင်ချီက အဆောက်အဦဆီသို့ လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။
"အစ်ကိုကြီးလုံ … ကြည့်လိုက်စမ်း … အဲဒါကြီးက ဘာလဲ"
အစ်ကိုကြီးလုံက ရှောင်ချီ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ လူငယ် စုံတွဲအား တွေ့ရသည်။ သူတို့၏ အင်္ကျီများကား သွေးများဖြင့် စွန်းထင်းခြင်း မရှိပဲ မူလအတိုင်း သန့်ပြန့် နေ၏။
"ဘာဖြစ်တာလဲ …"
အစ်ကိုကြီးလုံက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
စုန်းကဝေညီလာခံ၌ ပြည့်စုံခြင်း အဆင့် ခုနစ်ယောက်နှင့် ဆယ့်ကိုးခုသော ကဝေဂိုဏ်းများမှ ပညာရှင်များ ရှိနေကြောင်း သူ ကောင်းစွာ သိထားသည်။ ထိုကဝေများတွင် လူငယ်နှစ်ယောက်ကို အသက်ရှင်လျက် ပြန်လွှတ်ပေးမည့် နူးညံ့သော စရိုက် မရှိချေ။
"ဟမ့် …"
အစ်ကိုကြီးလုံ၏ စူးစမ်းသော အကြည့်များ အောက်တွင်ပင် လူငယ်က နှာခေါင်းရှုံ့ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟူး …"
ရုတ်တရက် စူးရှသော ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာကာ လူ အစုအဝေးထံ တိုးဝင်လာ၏။
"အဲဒါက ဘာကြီးပါလိမ့် …"
အစ်ကိုကြီးလုံ တွေးနေစဉ်မှာပင် အလင်းက သူ၏ လည်ပင်းအား ထိုးဖောက်ကာ ဖြတ်သန်း သွားတော့၏။
"ဟူး …"
လူ အစုအဝေးအား တစ်ချက် အဝှေ့အတွင်း သတ်ဖြတ်ပြီးနောက် ဓားက ရွာထဲသို့ ဆက်လက် ပျံသန်း ပျောက်ကွယ် သွားသည်။
"သွား ကဝေတောင်မှာ ရှိတဲ့ လူတွေ အားလုံးကို သတ်ခဲ့ …"
ချန်းဖန်က ခပ်တိုးတိုး ရေရွတ်ရင်း အမိန့်ပေးလိုက်သည်။
ကဝေတောင်ရွာသည် ရာဇဝတ်သားနှင့် ဝရမ်းပြေးတို့ ခိုလုံရာ မြေဖြစ်သည်။ အမျိုးမျိုးသော မကောင်းမှုများ စတင်ရာ နေရာ ဖြစ်သည်။ ထိုလူများအား ရှင်းလင်း ပစ်ခြင်းတွင် သနားညှာတာ နေစရာ မရှိချေ။
"အမလေး …"
"ကယ်ကြပါ …"
မကြာခင် အချိန်အတွင်း ရွာကလေးဆီမှ နာကျင်သော အော်ဟစ်သံများ၊ ငိုယို အကူအညီ တောင်းသံများ ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း ဓားသည် သနား စာနာတတ်ခြင်း မရှိချေ။ ရွာကလေး အတွင်းရှိ အသက်ဓာတ် မှန်သမျှကို ရက်စက်စွာပင် ဖျက်ဆီးပစ်သည်။
ယူကီရှီရိုဆာကား ထိုမြင်ကွင်းကို မကြည့် မမြင်လိုသောကြောင့် မျက်စိများကို ပိတ်လိုက်မိသည်။ သူမ၏ ဆရာကား လူသားများ၏ အသက်ကို လုံးလုံးပင် ဂရုစိုက်ခြင်း မရှိသည့် နတ်ဆိုး တစ်ပါးပင်။
"ဆရာ … ဘာဆက်လုပ်ကြမလဲ"
သူမက သက်ပြင်း တစ်ချက်ချရင်း မေးလိုက်သည်။
"အမှောင်ကဝေဂိုဏ်းဆီကို သွားမယ် … သူတို့ ယုဝမ်ကျင်းကို သတ်လိုက်ပြီ ဆိုရင်တော့ သွေးနဲ့ ပြန်ပေးဆပ်ရမယ်"
ချန်းဖန်က အေးစက်စွာ အဖြေပေးလိုက်၏။
မဟာကဝေ၏ ယုတ်မာခြင်း ခုနစ်ပါး ကောင်းကင်ဝိညာဉ် မည်မျှ အစွမ်းထက်သည်ကို သူမသိချေ။ သို့သော်လည်း ထိုအရာ၏ ညစ်ညမ်းသော နာမည်အရ သေခြင်းတရားထက် ဆိုးဝါးသော အရာကို ယုဝမ်ကျင်း ကြုံတွေ့ရမည်မှာ ကျိန်းသေသည်။
"ငါ့သူငယ်ချင်းကို နာကျင်အောင် လုပ်ရဲရင် ကောင်းကင်ကိုးခုရဲ့ တန်ခိုးရှင်ကိုတောင် ငါ သတ်ပစ်မယ်"
ချန်းဖန်က ကြုံးဝါးရင်း အမှောင်ကဝေဂိုဏ်း တည်ရှိရာ တောင်အရပ်သို့ ကြည့်လိုက်တော့၏။
***
မြန်မာနိုင်ငံ၊ နေပြည်တော် မြို့တော်၏ အပြင်ဘက်၌ အမှောင်တောင်တန်း တည်ရှိသည်။
အမှောင်တောင်သည် မီးတောင်မြုံ တစ်လုံးဖြစ်၏။ တောင်တစ်ဝိုက်၌ အဆိပ်မြူများ၊ ယုတ်မာခြင်း မီးခိုးများ၊ ယင်ချီများဖြင့် ပြည့်နှက်နေရာ သာမန်လူများ နေထိုင်ရန် မသင့်လျော်ချေ။
အမှောင်တောင်တန်းကား များစွာသော မြန်မာ စုန်းကဝေ ဒဏ္ဍာရီများ၏ အစပျိုးရာ မြေဖြစ်သည်။ ထို့ကြောင့် နေ့ခင်းကြောင်တောင်ပင်လျှင် ထိုနေရာသို့ သွားဝံ့သူ မရှိကြချေ။ အယုံအကြည် မရှိ၍ သွားရောက် စုံစမ်းသူများသည်လည်း ပြန်ရောက်လာရိုး ထုံးစံ မရှိခဲ့ချေ။
အမှောင်တောင်တန်း၏ အတွင်းပိုင်း ဘုရားကျောင်း တစ်ခု၌ အနက်ရောင် ဝတ်ရုံဝတ် အဘိုးအို တစ်ဦး တင်ပျဉ်ခွေကာ ထိုင်နေ၏။ သူ၏ ဘေးတွင်မူ ထူထပ်သော ယုတ်မာခြင်းချီများက ဝေ့လွင့်နေသည်။
ရုတ်တရက် အဘိုးအိုက မျက်လုံး နှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်နှာက မည်းမှောင်လာကာ စိမ်းဖန့်ဖန့် အလင်းများကလည်း မျက်လုံးများ၌ တောက်ပလာသည်။
"ငါ့ကလေးကို သတ်ပြီး ငါ့ရဲ့ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်တဲ့ကောင် … မင်း ပြန်ပေးဆပ်ရမယ် …"
အဘိုးအို၏ အသံက တောင်တန်းသို့ ပေါက်ကွဲ ထွက်လာသည်နှင့် မြေကြီးက ငလျင်လှုပ်သည့် အလား တုန်ရီလာသည်။
"ဘုန်း …"
အမှောင်ကဝေဂိုဏ်း၏ တပည့်များကား ချက်ချင်းပင် မြေကြီးပေါ် ဒူးထောက်ချကာ ဘုရားကျောင်းဆီသို့ မျှော်ကြည့်လိုက်ကြ၏။
"သူ့ကို ရှာစမ်း ... သူ့ကို သတ်စမ်း …"
"တစ္ဆေကျွန် … သူ့ကို တစ္ဆေကျွန် ဘဝ ပြောင်းပြီး နှစ်တစ်သောင်း တိတိ နှိပ်စက်ပစ်မယ် …"
ပေါက်ကွဲသံက များစွာသော ပဲ့တင်များကို ယူဆောင်ကာ အမှောင်တောင်တန်း တစ်လျှောက် ပျံ့နှံ့လာသည်။
"ကောင်းပါပြီ … ဘိုးဘေးသခင်ကြီး …"
များစွာသော တပည့်များက ဘုရားကျောင်း ရှိရာသို့ ဦးခိုက်ရင်း တုန်ရီစွာ ပြောလိုက် ကြတော့သည်။
***