← Chapters

သတင်းကောင်း? ၃

Vol. 66 Ch. 977

သတင်းကောင်း? ၃

Vol. 66 Ch. 977

"ဥက္ကဌချင်... အခု ရှန်းရွှေလက်ဆောင်ဆန်သိမ်းရမလား?''

ယွီရွှေ့ကမေးသည်။

ချင်လင်က ခေါင်းခါပြီး_

"မလောပါနဲ့... ဒါ ပထမဆုံးအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်တဲ့ ရှန်းရွှေလက်ဆောင်ဆန်ပထမအသုတ်ပဲ... ကျွန်တော်တို့အခမ်းအနားလုပ်ရမယ်... အဲဒီအချိန်ကျရင် ခင်ဗျားကမန်နေဂျာအနေနဲ့ ရှန်းရွှေလက်ဆောင်ဆန်စိုက်ပျိုးတဲ့အတွေ့အကြုံကိုမျှဝေရမယ်''

"ကောင်းပါပြီ သူဌေး!''

ယွီရွှေ့ကပြုံးရွှင်ပြီးပြောသည်။

ဒါဆိုရင် သူ့နာမည်က စာအုပ်ထဲပါနိုင်သည်။

…

အင်တာနက်ပေါ်တွင်_

ချင်းလင်ကုမ္ပဏီကမတုံ့ပြန်သောကြောင့် ရှန်းရွှေလက်ဆောင်ဆန်နှင့်ချင်းလင်ဝိုင်လုပ်ငန်း ပိုပြီးနာမည်ကြီးလာသည်။ အင်တာနက်ပေါ်မှလူများက ကိုယ့်ဘာသာနားလည်လိုက်ကြသည်။

ရုံချန်းစီရင်စုတွင် စွန်းရှန်နှင့်ချန်လီလည်း အင်တာနက်ပေါ်မှသတင်းများကို အောင့်သက်သက်နှင့်ကြည့်နေရသည်။

အင်တာနက်ပေါ်ကတရုန်းရုန်းကို သူတို့အာရုံမစိုက်ဘဲမနေနိုင်။

ဒီအဆိုးမြင်သတင်းက ချင်းလင်ကုမ္ပဏီကိုသာမဟုတ်၊ ရုံချန်းကိုလည်းထိခိုက်သည်။

နောက်ပြီး ချင်လင်ဝိုင်လုပ်ငန်းက သူတို့ဒေသထွက်အဓိကဘရန်းတစ်ခုဖြစ်နေသည်။

တချို့က ပွဲကိုရုံချန်းဘက်လှည့်စေချင်ကြသည်။

သူဌေးချင်က ရှန်းရွှေလက်ဆောင်ဆန်ကိုစီရင်စုအတော်များများမှာစိုက်ထားမှန်း သူတို့နှစ်ဦးသိသည်။

သို့သော် သူဌေးချင်ကမတုံ့ပြန်သောကြောင့် သူတို့စိတ်ပူလာသည်။

"ချန်လီ... သူဌေးချင်ကိုဖုန်းဆက်ပြီးမေးကြည့်စမ်းပါ''

စွန်းရှန်က တန်းပြောသည်_

"အလုပ်မဖြစ်ရင် တို့စီရင်စုကကူညီမယ်လို့''

"အင်း!''

ချန်လီကခေါင်းညိမ့်ပြီး ချင်လင်နံပါတ်ကိုနှိပ်လိုက်သည်။

ချန်လီဖုန်းဆက်ချိန်တွင် ချင်လင်ကသူ့ရုံးခန်းထဲပြန်လာနေသည်။

ချန်လီက နည်းနည်းစိုးရိမ်နေသံနှင့်_

"သူဌေးချင်... ရှန်းရွှေလက်ဆောင်ဆန်အကြောင်း အင်တာနက်ပေါ်မှာပွနေပြီ... မင်းဘယ်လိုလုပ်မယ်စီစဉ်ထားလဲ? တို့အကူအညီလိုသေးလား?''

သူ့စကားကြောင့် ချင်လင်နည်းနည်းစိတ်လှုပ်ရှားသွားသည်။

စီရင်စုကလူတွေက သူ့ကို သူတို့လူလိုသဘောထားကြသည်။

တကယ်တော့ ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံက အတိုင်းအတာတစ်ခုအထိ ရုံချန်းမိသားစုနှင့်မခြားပေ။

အထူးသဖြင့် သူတို့ကခေါင်းဆောင်ကိုမပြောင်းကြ။

"လက်ထောက်ချန်... ကျွန်တော်တို့ ဒီကိစ္စကိုအခုချက်ချင်းဖြေရှင်းမှာပါ... ရှန်းရွှေလက်ဆောင်ဆန်က ချင်းလင်စံအိမ်မှာအောင်မြင်သွားပြီ... ပြီးတော့ အရည်အသွေးက မူလရှန်းရွှေလက်ဆောင်ဆန်ထက်အများကြီးပိုကောင်းတယ်''

သူကပြုံးပြုံးနှင့်ပြောပြသည်။

"ကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်း ဒီဆန်ကိုချင်းလင်ဆန်လို့ခေါ်မယ်... စိုက်ပျိုးတာအောင်မြင်တဲ့အတွက် ကောက်ရိတ်သိမ်းပွဲကျင်းပဖို့စီစဉ်ထားတယ်... စီရင်စုကိုဖိတ်ပြီး မြို့တော်ကခေါင်းဆောင်တချို့ကိုလည်း ကူဖိတ်ခိုင်းမလို့ပါ''

"ရတယ်!''

ချန်လီက ပြန်ဖြေသည်။ သူကဖုန်းကိုအုပ်ပြီး အံ့ဩသံနှင့် စွန်းရှန်ကိုအစီရင်ခံသည်_

"စွန်းရှန်... ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်စိုက်ခင်း အောင်မြင်သွားပြီ... သူဌေးချင်က ကောက်ရိတ်သိမ်းပွဲလုပ်ပြီး တို့ကိုဖိတ်မယ်တဲ့... ပြီးတော့ ဆန်အသစ်ကို ချင်းလင်ဆန်လို့ခေါ်မယ်တဲ့''

"ဟုတ်လား?''

စွန်းရှန်ကသတင်းကြားပြီး တအံ့တဩနှင့်မတ်တပ်ထရပ်သည်။

ချင်းလင်စံအိမ်ကရှန်းရွှေလက်ဆောင်ဆန်အောင်မြင်တယ်ဆိုတော့ ရုံချန်းကတခြားရှန်းရွှေလက်ဆောင်ဆန်အကွက်တွေလည်း အောင်မြင်မယ်ဆိုတဲ့သဘောပေါ့။

အထူးသဖြင့် အရည်အသွေးပိုကောင်းခြင်းပင်။

ဒီအဓိပ္ပါယ်ကိုသူသိသလို ရုံချန်းကဘယ်လောက်အကျိုးအမြတ်ရမည်မှန်းလည်းသူသိသည်။

စွန်းရှန်က တစ်ခုခုတွေးမိပုံရပြီး ချန်လီကိုအလောတကြီးမေးသည်_

"မြန်မြန်လေး သူဌေးချင်ကိုမေးလိုက်စမ်းပါ... ချင်းလင်ဆန်ရှေ့မှာ 'ရုံချန်း'ထည့်လို့ရမလားလို့''

ချန်လီက သဘောပေါက်သည်။ သူကဖုန်းထဲမေးလိုက်၏_

"သူဌေးချင်... စီရင်စုကမေးတယ်... ချင်းလင်ဆန်ရှေ့မှာ 'ရုံချန်း'ထည့်လို့ရမလားတဲ့''

"ရပါတယ်!''

ချင်လင်ကမေးခွန်းကြားကြားချင်း သဘောပေါက်ပြီးဖြေလိုက်သည်။

အမှန်အတိုင်းပြောရရင် သူလိမ်ညာခဲ့သော်လည်း စံအိမ်၊ မွေးမြူရေးခြံနှင့် ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးအောင် စီရင်စုကအများကြီးကူညီပေးခဲ့သည်။

အထူးသဖြင့် သူ့ကိစ္စများအတွက်ပြေးလွှားပေးခဲ့သောချန်လီပင်။

ချင်းလင်ဆန်ရှေ့မှာ ရုံချန်းထည့်တာ ကိစ္စမရှိ။ လူသိများသောထုတ်ကုန်အတော်များများလည်း ဒီလိုလုပ်ကြသည်။

ထို့ကြောင့် သူ့အတွက်အပမ်းမကြီးပေ။ နောင်မှာ လှပသောဇာတ်လမ်းတစ်ပုဒ်တောင် ဖြစ်ကောင်းဖြစ်နိုင်သည်။

"သူဌေးချင်... ကျေးဇူးအများကြီးတင်ပါတယ်''

ချန်လီက အံ့ဩသံနှင့်ဖုန်းထဲပြောပြီး စွန်းရှန်အား 'အဆင်ပြေတယ်'ဟူသောအမူအရာပြလိုက်သည်။

"ဟုတ်ပြီ''

စွန်းရှန်က စိတ်လှုပ်ရှားပြီး လက်သီးလက်မောင်းတန်းကာ ကလေးတစ်ယောက်လိုပျော်နေသည်။ ဒါရုံချန်းအတွက်ဘယ်လောက်အကျိုးရှိမှန်း သူသိသောကြောင့်ပင်။

All Chapters