ငရဲရှစ်ခု လှုပ်ရှားခြင်း
Vol. 25 Ch. 311
ချန်ရှီ၊ ဖုန်းယုနှင့် စစ်မင်းသမီးသာ အဆုံးမဲ့ငရဲပြည်သို့ ပြန်လာကြပြီး ငယ်သားမိစ္ဆာများမှာ နတ်ဆိုးတိုက်ကြီးတွင် ပုန်းအောင်းကျန်ရစ်နေခဲ့သည်။ ရုန်းကျင့်ကြံသူများ အသတ်ခံလိုက်ရပြီး မိစ္ဆာများ အထိအခိုက် မရှိလျှင် ကပ်ဘေးတံဆိပ်ငရဲက လက်ခံလိမ့်မည် မဟုတ်ပေ။ သူတို့က ဝင်ပေါက်မှ တဆင့် အဆုံးမဲ့ငရဲပြည်သို့ ပြန်လည်ရောက်ရှိသွားသောအခါ ရင်းနှီးနေသော သွေးဆာရက်စက်သည့် အငွေ့အသက်သည် စစ်မင်းသမီး၏ နှလုံးသားကို လှုပ်ရှားသွားစေ၏။ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသောအခါ အတိတ်မှ အရှက်ကွဲမှုများကို ပြန်လည် လက်တုံ့ပြန်ရပေလိမ့်မည်။
"တူမလေး"
အမှောင်ထုအတွင်းမှ မိစ္ဆာတစ်အုပ်နှင့်အတူ ထူးထူးခြားခြား သေးကွေးပိန်လှီသော မိစ္ဆာတစ်ယောက် ထွက်ပေါ်လာကာ အနက်ရောင်မျက်ဝန်းများ ပိုင်ဆိုင်ထားသည်။
"ဦးလေးနှစ်"
သူမက ချက်ချင်း ဦးညွှတ်လိုက်ရ၏။
"မင်း ပြန်ရောက်လာတာ ကောင်းတယ်။ ကံပင်လယ်နယ်ပယ်ရောက်နေပြီဆိုတော့ ကိုးဆင့်သွေးက တကယ့်ကို ဒဏ္ဍာရီအတိုင်းပဲ"
ဦးလေးနှစ်က မျက်လုံးများ ကျဥ်းမြောင်း၍ အကဲခတ်လိုက်ပြီး ချီးကျူးနေစဥ် ကုချင်ကန်နှင့် ရုန်းကျင့်ကြံသူများ အေးစက်စက် မျက်နှာထားဖြင့် ထွက်ပေါ်လာကြသည်။
"ရုန်းကျင့်ကြံသူတွေ ဘယ်မှာလဲ"
ဦးလေးနှစ်၏ မေးခွန်းအဆုံးတွင် ကုချင်ကန်၏အကြည့်က ချန်ရှီထံ ကျရောက်လာသောအခါ သူ့အနေဖြင့် သက်ပြင်းချ၍ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
"သခင်မ ကုမျိုးနွယ်က တော်တော်အကြံကြီးတာပဲ"
ဖုလုံရှန်းကို မသန်မစွမ်းဖြစ်စေ၍ ကပ်ဘေးဓား လုယူခံလိုက်ရခြင်းအတွက် ရုန်းကျင့်ကြံသူများက မကျေမနပ် ဖြစ်နေကြသည်။
"ပါးစပ်ပိတ်ထားစမ်း။ လင်းချန် ကပ်ဘေးဓား ပိုင်ဆိုင်ထားတယ်ဆိုတာကို မျက်မြင်တွေ့ခဲ့တဲ့ ရုန်းကျင့်ကြံသူတွေ ဘယ်ရောက်နေတာလဲ"
ကုချင်ကန်က ငယ်သားများကို အော်ငေါက်၍ ချန်ရှီဘက်လှည့်ကာ အေးစက်စက် မေးလာခဲ့၏။ ထို့ကြောင့် သူက လင်းချန် ထွက်ပြေးလွတ်မြောက်သွားသည်မှ အစပြု၍ လနတ်သားနှင့် နတ်ဆိုးစစ်တပ် ရောက်လာခြင်းအထိ ရှင်းပြလိုက်သည်။ နတ်ဆိုးမြေခွေးမှာ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူဖြစ်ကာ ကြီးကြပ်သူတစ်ယောက်နှင့် ခွန်အားချင်း တူညီ၍ မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများ မလွတ်မြောက်နိုင်ခဲ့ ဟူ၍ လိမ်ညာခဲ့သည်။ ထို့ကြောင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူ ခြောက်ဆယ်ကျော် ဆုံးရှုံးလိုက်ရသည့်အတွက် ဦးလေးနှစ်က မျက်မှောင်ကြုတ်သွားခဲ့သည်။ ရုန်းကျင့်ကြံသူများ၏ မျက်နှာထားကလည်း အေးစက်တင်းမာနေပြီး သူတို့ မသိထားသည်မှာ ယွမ်ရှောင်၏ လှည့်ကွက်များ ဖြစ်နေသည်ကိုပင်။
"ဒီကိစ္စက အရေးကြီးတယ်။ မင်းကြီးကို သတင်းပို့ရမယ်။ မင်းတို့သုံးယောက် နန်းတော်ကို ပြန်ကြ"
"ရပ်စမ်း"
ဦးလေးနှစ်က လွတ်မြောက်လာသူများကို ပြန်ခွင့်ပေးလိုက်သော်လည်း ကုချင်ကန်မှ တားမြစ်လာခဲ့သည်။
"အစကနေ အဆုံးထိ နင်တို့ စကားချည်းပဲ။ ကပ်ဘေးတံဆိပ်ငရဲက လူတွေ ဘာမှမဟုတ်ဘဲ အသက်ပေးခဲ့ရတာလား။ ကပ်ဘေးဓားက ဘယ်မှာလဲ"
"မိစ္ဆာမျိုးနွယ်ရဲ့ ဆုံးရှုံးမှုက ပိုပြီး ကြီးမားတယ်။ ကပ်ဘေးဓားက လင်းချန်ရဲ့ လက်ထဲမှာပဲ။ ဓားအပျက်အစီးနယ်မြေကို သွားမေးလိုက်ပါလား"
စစ်မင်းသမီးက ဒေါသတကြီးဖြင့် ဘုတောလိုက်သည်။
"ကုချင်ကန် ငါတို့က ကပ်ဘေးတံဆိပ်ငရဲနဲ့ ဘာပြဿနာမှ မရှိဘူး။ ဘာကိစ္စ မင်းတို့ကို မကောင်းကြံရမှာလဲ။ ကုမျိုးနွယ် သစ္စာဖောက်တာကို မင်း လက်မခံနိုင်ရင် ဓားအပျက်အစီးနယ်မြေကို ကိုယ်တိုင် သွားမေးလိုက်လေ"
ဦးလေးနှစ်ကလည်း ခေါင်းယမ်း၍ တင်းမာစွာ သတိပေးလာခဲ့သည်။
"ကောင်းပြီ။ နင်တို့ ပြောတာ အမှန်တွေ ဖြစ်ပါစေလို့ မျှော်လင့်ထားတယ်။ မဟုတ်လို့ကတော့ ကပ်ဘေးတံဆိပ်ငရဲက ငြိမ်ခံနေမယ် မထင်နဲ့"
ကုချင်ကန်က သူမ၏ ဒေါသကို ဖိနှိပ်၍ ပြောလိုက်သော်လည်း စစ်မင်းသမီးက ဆဲဆိုလိုက်၏။
"နင့်မေကြီးတော်ကို ငြိမ်ခံလိုက်ပါလား"
"လူကြီးတွေ စကားပြောနေရင် ကလေးတွေက ငြိမ်ငြိမ်နေစမ်း"
"လူကြီးက လူကြီးလိုနေမှပေါ့"
"နောက်မှ ရန်ဖြစ်ကြ။ ကုချင်ကန် ငါတို့ အခု သွားလို့ရပြီလား"
ချန်ရှီက ရန်စောင်နေသော စစ်မင်းသမီးကို အနောက်ပို့၍ တစ်ဖက်လူအား စိုက်ကြည့်လိုက်သည်။
"ရှင်က ရယ်စရာပြောနေတာပဲ။ ဒါက မိစ္ဆာမျိုးနွယ်ရဲ့ ပိုင်နက်ဖြစ်နေတာကို ငါ ဘယ်လိုလုပ် တားမြစ်နိုင်မှာလဲ"
ကုချင်ကန်က ခပ်ရွဲ့ရွဲ့ ပြောနေစဥ် ရုန်းကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပြီး သတင်းတစ်ခု ပေးပို့လာသကဲ့သို့ ဦးလေးနှစ်သည်လည်း တူညီသော သတင်းကို ရရှိလိုက်ပုံပေါ်သည်။
"ကောင်းကင်မြေအကြောင်း ငရဲကိုးထပ်မှာ သတင်းဖြန့်လိုက်တာလား"
သူက မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်း ဖြစ်သည်။
"ကောင်းကင်မြေဆိုတာက ကောလဟာလတစ်ခုထက် မပိုဘူး။ ကျန်ငရဲတွေက အမည်ခံ ဓားအင်မော်တယ်တွေကိုသာ အာရုံစိုက်လိမ့်မယ်"
ကုချင်ကန်က အေးစက်စက် ရယ်မော၍ ဝန်ခံလိုက်သည်။
"ဒါကြောင့် ကတိဖျက်လိုက်တာလား"
"ကိစ္စတွေက ပြောင်းလဲသွားပြီ။ ရုန်းကျင့်ကြံသူတွေက ငရဲကိုးထပ်အကျိုးအတွက် ဆောင်ရွက်ရမယ်။ ကောင်းကင်မြေအစား ဒီနှစ်ယောက်ကို သတ်ပစ်ဖို့ ကြိုးစားလိုက်ရင် အရာရာ အေးချမ်းသွားလိမ့်မယ်"
ကုချင်ကန်မှာ အမှန်တရား ဘက်တော်သား ဟန်ပင်ဖြင့် ပြောဆိုနေသော်လည်း ဝင်ပေါက်သာ ကပ်ဘေးတံဆိပ်ငရဲ၌ ရှိနေလျှင် ဤသတင်း ဖြန့်မည်မဟုတ်ချေ။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ကို ငရဲရှစ်ထပ်က လုပ်ကြံရန် ဆုံးဖြတ်ထားကြပြီး ဤသတင်းကြောင့် ဝင်ပေါက်နှစ်ခုထံ ကျင့်ကြံသူများ ရောက်ရှိလာပေလိမ့်မည်။ မိစ္ဆာများက တိတ်ဆိတ်သွားပြီး ချန်ရှီနှင့် ဦးလေးနှစ်သည် အကြည့်ချင်းဖလှယ်ကာ စစ်မင်းသမီး တစ်ခုခု ပြောချင်သော်လည်း ပြောခွင့်မပေးခဲ့ပေ။ အမည်ခံဓားအင်မော်တယ် နှစ်ယောက် အသတ်ခံလိုက်ရလျှင် သူမက နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်ပြီး ငရဲကိုးထပ်မှာ သာမန်ထက်ပိုသော ပါရမီရှင်များ၏ တည်ရှိမှုကို လက်ခံနိုင်စွမ်း မရှိကြချေ။
"စစ်မင်းသမီးက ငယ်ရွယ်ချောမောပြီး အရည်အချင်း ရှိတယ်။ ဘယ်မျိုးနွယ်ရဲ့ ပါရမီရှင်က သူမနဲ့ လက်ထပ်ခွင့်ရမှာလဲ"
ကုချင်ကန်က ရုတ်တရက် မေးခွန်းထုတ်၍ ရန်စနေခဲ့သည်။
"ဖုန်းယုက တူမလေးရဲ့ သတို့သားပဲ။ ရက်အနည်းငယ်ကြာရင် လက်ထပ်ကြလိမ့်မယ်"
ဦးလေးနှစ်က ဖြတ်ပြောလိုက်သော်လည်း သူမ၏ ပါးစပ်က အငြိမ်မနေဘဲ ဆက်လက်ရန်စနေသဖြင့် စစ်မင်းသမီးမှာ ဆွဲဖြဲချင်စိတ်ပေါက်လာသည်။
"ဒါဆိုရင် လင်ယူဖို့အတွက် မြောက်ကြွမြောက်ကြွ ဖြစ်နေတာပေါ့"
စစ်မင်းသမီးသည် ကပ်ဘေးသွေးမှတဆင့် ယွမ်ရှောင်ထံ ဆက်သွယ်၍ ထိုမိန်းမ၏ ပါးစပ်ကို ဓားဖြင့် ထိုးစိုက်ချင်ကြောင်း ပူဆာလိုက်သည်။ ထို့အပြင်
ငရဲရှစ်ထပ်မှ အစွမ်းထက်ကျင့်ကြံသူများ ဝင်ပေါက်နှစ်ခုကို ပိတ်ဆို့ထားလျှင် သခင်ဖြစ်သူ မလာနိုင်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။ ကုချင်ကန်က ကျန်ငရဲများမှ ကျင့်ကြံသူများနှင့် ဆက်သွယ်ရန် ထွက်ခွာသွားစဥ် ချန်ရှီသည် ဦးလေးနှစ်ကို မျက်ကွယ်တစ်နေရာသို့ ခေါ်ဆောင်လာခဲ့၏။
"အစ်ကို တကယ်တော့ ငါတို့ငယ်သားတွေ မသေဘူး"
သူက ဤသို့အစချီ၍ လနတ်သား၏ တောင်းဆိုချက်နှင့် ပူးပေါင်းမှုကို ရှင်းပြကာ လက်မခံခဲ့လျှင် ရုန်းကျင့်ကြံသူများ၏လမ်းစဥ်သို့ လိုက်ရပေလိမ့်မည်။
"လင်းချန်က ကပ်ဘေးဓားကို လုယူပြီး ဖုလုံရှန်းကို သတ်ခဲ့တာ တကယ်လား"
ဦးလေးနှစ်က မေးလိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်။ ငါတို့ ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ခဲ့ရတာပဲ။ ကပ်ဘေးဓားက လင်းချန်ရဲ့ လက်ထဲမှာ တကယ် ရှိနေတယ်"
ချန်ရှီက ခေါင်းညိတ်၍ အတည်ပြုပေးခဲ့သည်။
"နဆ်ဆိုးမြေခွေးအကြောင်း ဘယ်လိုထင်လဲ။ သူ့ကြောင့် ရှေးဟောင်းနတ်ဆိုးငရဲက ပိုပြီး အစွမ်းထက်လာလိမ့်မယ်။ ငါတို့အတွက် စွမ်းအားကောင်းတဲ့ အိမ်နီးချင်းရှိနေတာ မကောင်းဘူးနော်"
ဦးလေးနှစ်က တွေးတွေးဆဆနှင့် မှတ်ချက်ချခဲ့သည်။
"ကျုပ်တို့က သူနဲ့ မိတ်ဆွေဖွဲ့ထားသင့်တယ်။ ကုချင်ကန်ရဲ့ ရည်ရွယ်ချက်က အတော်လေးသိသာတယ်။ ကပ်ဘေးတံဆိပ်ငရဲမှာ ပါရမီရှင် မရှိတော့ဘူး။ ဒါကြောင့် သူတို့က အခြားငရဲတွေကိုလည်း ပိုင်ဆိုင်ခွင့်ပြုမှာ မဟုတ်ဘူး။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ကို သတ်ပြီးရင် တူမလေးက ပစ်မှတ်အသစ် ဖြစ်လာလိမ့်မယ်"
ချန်ရှီက အေးစက်စက် မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။
"ဒါဆိုရင် မင်းက နတ်ဆိုးမြေခွေးနဲ့ အပေးအယူလုပ်ပြီး တခြားငရဲတွေကို ဆန့်ကျင်ချင်တာလား။ သူက ရှေးဟောင်းနတ်ဆိုးငရဲကို ဦးဆောင်နိုင်ပါ့မလား"
ဦးလေးနှစ်က မျက်ခုံးတစ်ချက်ပင့်လိုက်သည်ါ
"ကျုပ်တို့သာ ရှေးဟောင်းနတ်ဆိုးငရဲနဲ့ ပူးပေါင်းထားရင် တခြားငရဲတွေလည်း လက်တွန့်သွားမှာပဲ။ တူမလေးနဲ့ နတ်ဆိုးမြေခွေးရဲ့ ပါရမီအကြောင်း သူတို့ အတိအကျ မသိထားတာလည်း ကောင်းတယ်"
ချန်ရှီက ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် ဓားအပျက်အစီးနယ်မြေကိုပါ ထပ်ထည့်ရင်ရော.ဘယ်လိုလဲ။ ငရဲသုံးခု မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ရင် ကျန်ငါးထပ်ကို ဖျက်ဆီးနိုင်မှာ သေချာတယ်။ ကပ်ဘေးတံဆိပ်ငရဲက ငကြောက်တွေကို စိတ်ကုန်နေပြီ။ သူတို့က ပါရမီရှင်တွေကို မျှမျှတတ မယှဥ်ပြိုင်ရဲတော့ အကွက်ချကြံစည်နေတယ်။ ရွံစရာကောင်းလိုက်တာ"
စစ်မင်းသမီးက ဖြတ်ပြောလိုက်ပြီး ကုချင်ကန်ကို ရွံရှာဟန်ဖြင့် တံတွေးတစ်ချက် ထွေးချလိုက်လေသည်။