အကျဥ်းထောင် ခေါင်းတလား
Vol. 25 Ch. 312
ချန်ရှီနှင့် ဦးလေးနှစ်သည် အကြည့်ချင်းဖလှယ်၍ အချင်းချင်း နားလည်မှု ယူလိုက်ပြီး ဓားအပျက်အစီးနယ်မြေနှင့် ပူးပေါင်းလျှင်လည်း ဆုံးရှုံးစရာ မရှိပေ။
"ပြဿနာက ဝင်ပေါက်ကနေ ဒီနတ်ဆိုးလေး ထွက်လာနိုင်ပါ့မလား"
ဦးလေးနှစ်က မေးခွန်းထုတ်သည်။
"သူတို့က ဝင်ပေါက်ကို ထာဝရ ပိတ်မထားနိုင်ပါဘူး။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် သေရင် ထွက်သွားမှာပဲ။ အခု တူမလေးကို နန်းတော်ဆီ အရင်လိုက်ပို့ပေးမယ်။ နတ်ဆိုးကိစ္စ ဆွေးနွေးဖို့ ချင်ကဲကို ရှာလိုက်"
ချန်ရှီက ဤကိစ္စအတွက် အဖြေကို တွေးထားပြီးဖြစ်ကာ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် မကြာခင် ထွက်လာလျှင် သတ်ဖြတ်ခံရပေလိမ့်မည်။ ထိုအချိန်တွင် ကုချင်ကန်သည် အုပ်စုတစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ဝင်ပေါက်ကို ပိတ်ဆို့ရန် စီစဥ်ပေးလိုက်သည်။ ထို့နောက် သူမက မိစ္ဆာမျိုးနွယ်ကို နှုတ်မဆက်ဘဲ ဓားအပျက်အစီးနယ်မြေသို့ ချက်ချင်း ထွက်ခွာသွားသည်။ တောင်ကြားတစ်ခု အတွင်းပိုင်း၌ အဘိုးကြီးကုနှင့် အပေါင်းအပါများ ရှိနေပြီး အဝေးမှ ဝင်ပေါက်ကို စောင့်ကြည့်နေကြသည်။
"ဘာသတင်းမှ မလာသေးဘူး။ သခင်လေးလင်းက ကောင်းကင်မြေကို ယူနိုင်ပါ့မလား"
ကုရွှမ်က ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဂနာမငြိမ်ဖြစ်နေကာ အရိုးခြောက်စောင့်ရှောက်သူသည် နောက်နားကျကျတွင် တင်ပျဥ်ခွေထိုင်နေခဲ့သည်။ ကုမျိုးနွယ်ဝင်များ ကျင့်ကြံသော ဝိညာဥ်ဓားသိုင်းကြောင့် သေကာနီးလေလေ အစွမ်းထက်လေလေ ဖြစ်ကာ သူ၏ပတ်ဝန်းကျင် ဆယ်မိုင်အကွာအဝေးတွင် အပင်များ သေဆုံးသွားသကဲ့သို့ ပိုးမွှားများစွာလည်း ဘဝကူးကုန်၏။ အစိမ်းရောင် အလင်းတန်း တစ်ခု ရုတ်တရက် ရောက်ရှိလာကာ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်ပြီး ဓားစွမ်းအင်များကြောင့် သစ်ပင်များ၌ ဓားခုတ်ရာများ စွဲထင်သွားသည်။
"ရှင်တို့က ဘာမှ မသိထားဘူးလား"
ကုချင်ကန်က ကုမျိုးနွယ်ဝင်များကို အေးစက်စက် စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"ဘာကို ပြောတာလဲ"
ကုရွှမ်က တစ်ချက်ပြုံး၍ ကြိုဆိုရန် ရှေ့တက်လာသည်။
"ချင်လန်နဲ့ ဖုန်းရှ သေပြီ။ လင်းချန်ရဲ့ သက်တော်စောင့် ကုမျိုးနွယ်ဝင်တွေလည်း အသတ်ခံလိုက်ရပြီ။ ဒီနှစ်တွေမှာ ကုမျိုးနွယ်က တော်တော် နိမ့်ကျသွားတာပဲ။ ပုန်းအောင်းပြီး လောင်းကြေးထပ်ဖို့သာ တတ်နိုင်တယ်။ ဘာမှကို မထိန်းချုပ်နိုင်ပါလား"
သူမက နှာခေါင်းရှုံ့၍ သတင်းပေးလိုက်သောအခါ ကုရွှမ်၏ မျက်နှာတစ်ခုလုံး မည်းနက်သွားသည်။
"ဘာဖြစ်တာလဲ ပြောစမ်း"
အဘိုးကြီးကု၏ အေးစက်စက် စကားသံ ထွက်ပေါ်လာ၏။ ဖြစ်ကြောင်းကုန်စင် သိလိုက်ရသောအခါ ထိုအုပ်စုမှာ စိတ်ဓာတ် ထိခိုက်သွားကာ ဂုဏ်အယူရဆုံး မြေးဖြစ်သူ ဖုလုံရှန်း၏ အဖြစ်ဆိုးကြောင့် ကုရွှမ်မှာ နှလုံးသွေးများ စီးထွက်လာသည်။
"ဒါက ရှင်တို့ကြောင့်ပဲ။ ရှန်းအာက ကုမျိုးနွယ်ကြောင့် ဒီလိုဖြစ်ရတာပဲ။ အဘိုး ငါ့ကို ဖြေရှင်းချက်ပေးပါ"
ကုချင်ကန်က အပြစ်တင် စွပ်စွဲလာသောအခါ လင်းချန်ကို ထိန်းချုပ်မရကြောင်း နားလည်ထားသော ကြီးကြပ်သူအချို့ ပြောစရာ စကားရှာမရတော့ပေ။
"ဖြေရှင်းချက် ဟုတ်လား။ နင်က ရုန်းကျင့်ကြံသူတွေနဲ့ ပေါင်းပြီး သခင်လေးလင်းကို လုပ်ကြံချင်လို့ ဖုလုံရှန်း ဒီလိုဖြစ်ရတာပဲ။ တကယ်တော့ နင်ကမှ ငါတို့ကို ဖြေရှင်းချက် ပေးရမယ်။ မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး ကောင်းကင်မြေအကြောင်း သတင်းဖြန့်ခဲ့တယ်။ ဓားကျင့်ကြံသူတွေကို သစ္စာဖောက်တဲ့ မိန်းမက ဘာဖြေရှင်းချက် လိုချင်နေတာလဲ။ ကပ်ဘေးတံဆိပ်ငရဲက လူတစ်ယောက်အနေနဲ့ ဓားကျင့်ကြံသူလို ဟန်ဆောင်နေတာ ရပ်လိုက်စမ်း"
အဘိုးကြီးကုက ခေါင်းမော့လာပြီး စကားသံတွင် စိတ်ပျက်မှုများ အတိုင်းသား ထင်ဟပ်နေသည်။
"ကောင်းပြီ။ နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်။ ငရဲရှစ်ထပ်က အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ကို သတ်ဖို့ ပူးပေါင်းလိုက်ကြပြီ။ လိပ်တွေလို အခွံထဲမှာ ပုန်းနေရင် ကုမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိတယ်။ ဒီအတိုင်းဆက်သွားနေရင် ဓားအမွေအနှစ် တစ်သောင်းရှိရင်တောင် ရှင် သေရလိမ့်မယ်"
ကုချင်ကန်က ဒေါသတကြီး စော်ကားပြောဆို၍ အေးစက်စက် ရယ်မောနေသဖြင့် အဘိုးကြီးကု၏ မျက်လုံးများ အေးစက်တင်းမာသွားခဲ့သည်။
"နင်က ဒီလိုလုပ်ဖို့ အကြံပေးခဲ့တာလား"
"မုကျန်းတန်းနဲ့ ဓားအပျက်အစီးနယ်မြေက ခြင်းထဲက ဖားတွေလို ဖြစ်နေပြီ။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်လည်း ပြန်လမ်း မရှိတော့ဘူး။ ဘယ်သူပဲ ကူညီပါစေ၊ အဆုံးသတ်ရမှာပဲ။ ရှင်တို့က ကံကောင်းပါသေးတယ်။ မုကျန်းတန်းနဲ့ သူတို့နှစ်ယောက် သေသွားရင် ဓားအပျက်အစီးနယ်မြေကို သိမ်းပိုက်ပြီး အေးဆေးနေလိုက်ကြ။ မဟုတ်ရင် ကောင်းကင်ကြေးမုံကို ခိုးတာကတင် အပြစ်ကြီး.ဖြစ်နေပြီ"
ထို့နောက် သူမက ဓားပျံစီးနင်း၍ ဒေါကြီးမောကြီး ထွက်ခွာကာ လင်းချန်ကို သတ်ပစ်မည်ဟု ကြုံးဝါးသွားခဲ့သည်။
ဓားအပျက်အစီးနယ်မြေ၏ ဝင်ပေါက်တွင် ဓားအစောင့်အရှောက်နှင့် ကြီးကြပ်သူများ စောင့်ကြပ်နေသော်လည်း ပတ်ဝန်းကျင်သို့ အခြားငရဲရှစ်ထပ်မှ ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသဖြင့် အခြေအနေ တင်းမာနေသည်။
"အဖေ ကိစ္စတွေက ထိန်းမရတော့ဘူး"
မုတလုံက စိုးရိမ်တကြိး ရေရွတ်သည်။
"လူတိုင်းက သခင်လေးယွမ်ကို ကြောက်လန့်နေတာ ရယ်စရာပဲ"
ဓားအစောင့်အရှောက်က ထိုကျင့်ကြံသူများကို အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး ငရဲကိုးထပ်ကို ထိတ်လန့်စေသော အဖြစ်အပျက် တစ်ခု ရှိရမည်ဟု ကောက်ချက်ဆွဲလိုက်သည်။
"ဒါက သခင်လေးယွမ် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို သက်သေပြနေတာပဲ။ သူ့ကြောင့် ဒီကောင်တွေ အထိနာခဲ့တာ ဖြစ်ရမယ်။ ငါတို့က အရာအားလုံးကို သူ့အပေါ် ယုံကြည်ထားပြီးပြီ။ အခုအချိန် နောက်ဆုတ်လို မဖြစ်ဘူး။ သူတို့တွေ လာချင်သလောက် လာစမ်းပါစေ"
"သခင်လေးယွမ် လုံခြုံပါ့မလား။ ဘယ်သူမှလည်း သတင်းလာမပို့ဘူး"
သူက ကြုံးဝါးလိုက်သော်လည်း မုတလုံမှာ စိုးရိမ်မကင်း ဖြစ်နေသည်။ ထိုအချိန်တွင် ဝင်ပေါက်က တုန်ခါသွားပြီး လူတစ်ယောက် ထွက်လာသဖြင့် ငရဲကိုးထပ်၏ ကျင့်ကြံသူများ သတ်ဖြတ်လိုစိတ်ဖြင့် ချဥ်းကပ်လာသော်လည်း မုတရှုံဖြစ်နေသောကြောင့် ပြန်လည်ဆုတ်ခွာသွားကြ၏။
"တရှုံ မြန်မြန်လာ"
မုတလုံ၊ မုတရှုံနှင့် မုကျန်းတန်းတို့ သားအဖ သုံးယောက် ထောင့်တစ်နေရာတွင် စုဝေးလိုက်ကြ၏။
"အခြေအနေက ဘယ်လိုလဲ"
"သခင်လေးယွမ် ဘယ်လိုလုပ်လိုက်လဲ မသိပေမယ့် ကုမျိုးနွယ်ဝင်တွေနဲ့ ရုန်းကျင့်ကြံသူတွေ သေကုန်ပြီ။ မိစ္ဆာတွေလည်း နတ်ဆိုးတိုက်ကြီးမှာ တကွဲတပြား ပုန်းအောင်းနေရတယ်။ အကောင်းဆုံးကတော့ လင်းချန်လည်း ခွေးသေဝက်သေ အသတ်ခံလိုက်ရတာပဲ"
မုတရှုံက တစ်လုံးချင်း ပြောလိုက်သောအခါ မုတလုံမှာ အလန့်တကြား အော်မိလိုက်သော်လည်း ပါးစပ်ကို လက်ဖြင့် အပိတ်ခံခဲ့ရသည်။
"ဘာ လင်းချန်...."
"တိုးတိုးနေ။ ဒီကိစ္စကို လူမသိစေချင်ဘူးလို့ သခင်လေးယွမ်က မှာလိုက်တယ်"
"ကြည့်ရတာ သူက ဘာဆက်လုပ်ရမယ်ဆိုတာ သေချာ ကြံစည်ထားပုံရတယ်"
မုကျန်းတန်းက မှတ်ချက် ပေးလိုက်သည်။
"တရှုံ သူ့ကို ပြန်မလာဖို့ ပြောလိုက်"
မုတလုံက စိုးရိမ်တကြီးဖြင့် လက်ရှိအခြေအနေကို သတိပေးခဲ့သည်။
"မလိုအပ်ဘူး။ သခင်လေးယွမ်က သူတို့စောင့်နေတယ်ဆိုတာကို သိထားတယ်"
မုတရှုံက အေးစက်စက် ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
"အင်မော်တယ်လူဝင်စားတစ်ယောက်ကို သတ်နိုင်ဖို့ဆိုတာ အတော်လေး အစွမ်းထက်နေရမယ်။ သူက ငါတို့ကို ဘာလုပ်ဖို့ အမိန့်ပေးလိုက်သေးလဲ"
ဓားအစောင့်အရှောက် မုကျန်းတန်းက ကျေနပ်စွာဖြင့် သားဖြစ်သူ၏ ပခုံးကို တစ်ချက်ပုတ်သည်။
"အခြားငရဲတွေနဲ့ မတိုက်ခိုက်ဖို့ မှာလိုက်တယ်။ ပြီးတော့ ပေါ်တင်ဆုတ်မသွားဖို့နဲ့ ဖိအားပေးခံရလို့ နောက်ဆုတ်သွားသလို ဟန်ဆောင်ရမယ်"
"နားလည်ပြီ"
မုတရှုံ၏ စကားကြောင့် ဓားအစောင့်အရှောက်တွင် အစီအစဥ်တစ်ခု ရှိလာသည်။ ငရဲရှစ်ထပ်လုံးကို ဆန့်ကျင်ခြင်းက ရူးသွပ်ရာကျသော်လည်း အစစ်အမှန်အင်မော်တယ် တစ်ယောက်ကို လုပ်ကြံခြင်းလောက် မမိုက်မဲသောကြောင့် သူ၏ မျက်နှာအထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။
နတ်ဆိုးတိုက်ကြီးရှိ တားမြစ်မီးတောင် ဒေသတွင် ယွမ်ရှောင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။ မိစ္ဆာများက အဆုံးမဲ့ငရဲပြည် ဝင်ပေါက်တွင် ရှိနေပြီး ဓားကျင့်ကြံသူများမှာ ထာဝရဓားအကျဥ်းထောင် ဝင်ပေါက်၌ စောင့်ကြပ်နေသဖြင့် နှောင့်ယှက်မည့်သူ မရှိချေ။
"အကျဥ်းထောင်ခေါင်းတလား ထွက်လာစမ်း"
သားရဲလေးက ဧရာမကြေးခေါင်းတလားအဖြစ် အသွင်ပြောင်းလဲကာ ယွမ်ရှောင်၏အမိန့်အတိုင်း အဖုံးပွင့်လာကာ ခရမ်းရောင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။