ဟိုက်ဒရာ (ခေါင်းကိုးလုံးနဂါး)
Vol. 25 Ch. 313
ရှေးခေါင်းတလားများသည် ပြန်လည်မွေးဖွားပြီးနောက် ယခင်ဘဝထက် ပို၍ အစွမ်းထက်လာစေရန် ဖန်ဆင်းရှင်အင်မော်တယ် ပြင်ဆင်ထားသော ဝှက်ဖဲများဖြစ်ကာ ဆန်းကျယ်မှုများ ပြည့်နှက်၍ သင့်လျော်သော တာအိုရင်းမြစ်အနားသို့ ရောက်လျှင် အသက်ဝင်လာပေလိမ့်မည်။ အကျဥ်းထောင် ခေါင်းတလားသည် နတ်ဆိုးတိုက်ကြီး၏ တာအိုရင်းမြစ်ကို တုံ့ပြန်သောကြောင့် ယွမ်ရှောင်သည် နတ်ဆိုးစစ်တပ်ကို ရှင်းပစ်လိုက်ရပြီး လက်ကျန်နတ်ဆိုးများကိုလည်း ချန်ရှောင်နှင့် လူသားစစ်တပ်က လိုက်လံသုတ်သင်နေခဲ့၏။ ခေါင်းတလား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နတ်ဆိုးတိုက်ကြီးရော နတ်ဘုရားတိုက်ကြီးပါ လုံးဝတိတ်ဆိတ်သွားကာ ကောင်းကင်သင်္ချိုင်းခေါင်းတလား အသွင်ပြောင်းသော ပုံရိပ်များ သူက မြင်ယောင်လာ၏။
သားရဲလေးသည်လည်း သူ၏ ပခုံးအပေါ် ခုန်တက်ကာ စပ်စုလိုစိတ်ဖြင့် စောင့်ကြည့်နေကာ နတ်ဆိုးတိုက်ကြီး၏ ကောင်းကင်မြေသည် နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်ထောက်တိုင်ကဲ့သို့ တာအိုရင်းမြစ် ဖြစ်၏။ ၎င်းက ခေါင်းတလားကြောင့် အသက်ဝင်လာဟန်ရှိကာ မြေပြင်ကို ထိုးဖောက်၍ ခရမ်းရောင် တောက်ပနေကာ မည်သည့်နေရာမှ ကြည့်သည်ဖြစ်စေ တိုက်ကြီးတစ်ခုလုံး ခမ်းနားကြီးကျယ်စွာ တောက်ပလာသည်။ သေးငယ်သော လောကအလွှာတစ်ခုတည်းတွင် တာအိုရင်းမြစ် နှစ်ခုအထိ ရှိနေသောကြောင့် ဖန်ဆင်းရှင်အင်မော်တယ်က ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ခွန်းလွန်မြေအောက်ဘုံသည် သူ ကွယ်လွန်ခဲ့သောနေရာဖြစ်ကာ ယွမ်ရှောင်အနေဖြင့် ခရီးဝေး လျှောက်လှမ်းရန် လိုအပ်နေ၏။
အကျဥ်းထောင်ခေါင်းတလားက ရုတ်တရက် တုန်ခါလာကာ ကြမ်းတမ်းပြင်းထန်ပြီး ဝိညာဥ်ထိရောက်လောက်အောင် စူးရှသော နဂါးဟိန်းသံများ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် နတ်ဆိုးတိုက်ကြီးရှိ မည်သည့်သက်ရှိမဆို နားကို လက်ဖြင့် အုပ်ထားလိုက်ရပြီး မြေပြင်တစ်ခွင် တုန်ခါနေသည်။ ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် မိုးပြာရောင် ကြာပန်းအဖြစ် အသက်ဝင်လာသဖြင့် အကျဥ်းထောင်ခေါင်းတလားအတွင်း နဂါးတစ်ကောင် ရှိနေပုံပေါ်၏။ ခရမ်းရောင် ခေါင်းတလားအတွင်းမှ နဂါးဟိန်းသံများသည် နတ်ဘုရားတိုက်ကြီးအထိ ရောက်လာသောကြောင့် မရေမတွက်နိုင်သော လူသားများကို ကြောက်လန့်စေသည်။ နတ်ဆိုးတိုက်ကြီးရှိ မြေပြင်အက်ကွဲ၍ မြစ်များ ပြောင်းပြန်စီးကာ မီးတောင်များ တရစပ် ပေါက်ကွဲနေသဖြင့် သိမ်မွေ့သော ကောင်းကင်သင်္ချိုင်းခေါင်းတလား၏ အသွင်ပြောင်းခြင်းနှင့် ကွဲပြားခြားနားပေသည်။
နဂါးဟိန်းသံများသည် ယွမ်ရှောင်၏ ဝိညာဥ်ကိုပင် ထိခတ်လောက်အောင် ကျယ်လောင်နေပြီး ခေါင်းတလားအထက်တွင် အက်ကြောင်းများ ပျံ့နှံ့လာသဖြင့် ဥတစ်လုံး ပေါက်လာသကဲ့သို့ ထင်မှတ်ရ၏။ အတွင်းရှိ အရာက သက်ရှိလား သက်မဲ့လား ဆိုသည်မှာ ပဟေဠိဖြစ်နေပြီး ယွမ်ရှောင်အနေဖြင့် သိချင်စိတ် ပြင်းပြကာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ ခေါင်းတလားများမှာ သူ၏ လမ်းကြောင်းအတွက် လှေကားထစ်များဖြစ်ပြီး တစ်ခု အသက်ဝင်လာလျှင် စွမ်းအားအသစ် မွေးဖွားလာပေလိမ့်မည်။
"ဘုန်း ဘုန်း ဘုန်း"
အက်ကြောင်းများအတွင်း ခရမ်းရောင် မြူခိုးများ စိမ့်ထွက်လာကာ အတွင်း၌ သားရဲကြီးတစ်ကောင် ရုန်းကန်နေသကဲ့သို့ ထင်မှတ်ရသည်။ နောက်ဆုံးတွင် ခရမ်းရောင် ခေါင်းတလားက ဘုန်းခနဲ ပေါက်ကွဲသွားကာ တန်ပြန်အားကြောင့် သူကိုယ်တိုင် နောက်ဆုတ်ပေးလိုက်ရသည်။ ပြန့်ထွက်လာသော ခရမ်းရောင်မြူခိုးများအတွင်း ဧရာမ သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသဖြင့် မြေအောက်ဘုံ အရှင်သခင်ပမာ ကြမ်းကြုတ်ရက်စက်ဟန်ပေါ်သော အသွင်မျိုး ပိုင်ဆိုင်ထားသည်။ သားရဲကိုယ်ကြီးအထက်တွင် နဂါးခေါင်းကိုးလုံး တည်ရှိပြီး တစ်ခုချင်းစီက ကိုယ်ပိုင်အသိစိတ်ရှိနေဟန်ဖြင့် ယွမ်ရှောင်နှင့် သားရဲလေးကို စူးစမ်းနေကြ၏။ နတ်ဆိုးများတွင် သားရဲမျိုးနွယ်များ ရှိသော်လည်း ၎င်းက ကွဲပြားခြားနားပြီး နတ်ဆိုးမျိုးနွယ်ဝင် မဟုတ်ဘဲ ကမ္ဘာခြားမှ ဖြစ်တည်မှုတစ်ခုပင်။
"ထောင်စောင့်ဟိုက်ဒရာ"
ယွမ်ရှောင်၏ စိတ်အတွင်း ၎င်း၏ အမည်နာမ ရုတ်တရက် ထွက်ပေါ်လာကာ ခေါင်းကိုးလုံးသည် ကောင်းကင်သို့ မော့ကြည့်၍ ဟိန်းဟောက်နေသဖြင့် ဝင်ပေါက်နှစ်ခုတွင် စောင့်ကြပ်နေသော ကံပင်လယ် နယ်ပယ် ကျင့်ကြံသူများပင် ကြောက်လန့်ကုန်သည်။
"ဘုန်း"
၎င်းက သူ့ကို တစ်ချက်စိုက်ကြည့်၍ မြေအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားကာ တာအိုရင်းမြစ်ဖြစ်သော ကောင်းကင်မြေထံ ဦးတည်နေသည်။ နတ်ဆိုးတိုက်ကြီးတစ်ခွင် ပျက်စီးကိန်း ဆိုက်ရောက်လာသကဲ့သို့ လှုပ်ခတ်နေပြီး တောတောင်ရေမြေ တစ်ဝက်ခန့်မှာ ကောင်းကင်မြေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ခရမ်းရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာကာ မရေမတွက်နိုင်သော တောင်တန်းများနှင့် သစ်တောများ မြေအောက်သို့ ပြိုကျသွားကာ ကောင်းကင်တစ်ခုလုံး ဖုန်မှုန့်များ ပြည့်နှက်၍ အော်သံပေါင်းစုံ စိတ်ပျက်အားငယ်စွာ ကြားနိုင်ပေသည်။ အကယ်၍ ကောင်းကင်မြေပျောက်ကွယ်သွားလျှင် နတ်ဆိုးတိုက်ကြီးတစ်ဝက်က ပြိုကျပျက်စီးသွားမည် ဖြစ်သော်လည်း ယွမ်ရှောင်ကို အံ့သြစေသည်မှာ ခရမ်းရောင်အလင်းတန်းများသည် အရာအားလုံးကို ရစ်ပတ်ထိန်းချုပ်၍ ကမ္ဘာအသစ်တစ်ခုအဖြစ် ပုံဖော်ပေးနေသည်။ ၎င်းက မူလအရွယ်အစားအောက် တစ်ဝက်ခန့် သေးငယ်သွားသော်လည်း အနည်းဆုံး သက်ရှိများကို ကယ်တင်နိုင်ခဲ့ပေ။
ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် လှပ၍ ရင်သပ်ရှုမောဖွယ် ဖြစ်ကာ အသက်ဓာတ်ပိုင်ဆိုင်ထားပုံပေါ်သော်လည်း အမှန်တကယ်အားဖြင့် ပျက်စီးခြင်းနှင့် သေခြင်းတရားကို ကိုယ်စားပြု၏။ ထောင်စောင့်ဟိုက်ဒရာကမူ ကြမ်းကြုတ်ရက်စက်သော သားရဲအသွင် ပိုင်ဆိုင်ထားကာ မိစ္ဆာနှင့် နတ်ဆိုး မျိုးနွယ်များထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော်လည်း ကြင်နာသနားတတ်သော သဘာဝ ရှိပုံရသည်။ အကယ်၍ ကောင်းကင်သင်္ချိုင်းက လှပတင့်တယ်သော သေခြင်းတရားဆိုလျှင် ဟိုက်ဒရာမှာ ကြမ်းကြုတ်ရက်စက်ပုံရှိသော ကြင်နာမှု ဖြစ်ပေလိမ့်မည်။
နတ်ဆိုးတိုက်ကြီး အရွယ်အစား သေးငယ်သွားခြင်းသည် ဟိုက်ဒရာနှင့် ကောင်းကင်မြေ ပေါင်းစပ်၍ ယွမ်ရှောင်အတွက် ရတနာအသစ်တစ်ခုကို မွေးဖွားလာစေခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်နေစဥ် ခရမ်းရောင်အလင်းတန်း မြောက်များစွာသည် နဖူးထက်သို့ စုဝေးဆင်းသက်လာကာ ခဏအတွင်း ဦးနှောက်တစ်ခုလုံး ခရမ်းရောင်သန်းသွားခဲ့၏။ မျက်ဝန်းများက ခရမ်းရောင်တဖြတ်ဖြတ် လင်းလက်နေပြီး ဉာဏ်အလင်းပွင့်နေဟန် ထင်မှတ်ရပြီး မျက်တောင်တစ်ခတ်သာ ကြာမြင့်ခဲ့သော်လည်း ပြောင်းလဲမှု အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။ နဖူးအလယ်တွင် ခေါင်းကိုးလုံးနဂါးသဏ္ဍာန် ခရမ်းရောင် တံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားသော အသွင်ကို ဆောင်၏။
"အသက်တံဆိပ်။ ထောင့်စောင့်ဟိုက်ဒရာတံဆိပ်"
ယွမ်ရှေယင်က အသက်ကို ပြင်းပြင်းရှူ၍ ကျေနပ်စွာ ရေရွတ်လိုက်သည်။
"မြန်မြန်ထုတ်ပြပါဟ"
ကြယ်ပြာနှင့် လနီက အလောတကြီး တိုက်တွန်းနေကြ၏။
ယွမ်ရှောင်၏ အတွေးတစ်ချက်တွင် နဖူးအထက်မှ နဂါးသဏ္ဍာန်တံဆိပ်သည် ခရမ်းရောင်တောက်ပလာကာ လေးထောင့်သဏ္ဍာန် အသက်တံဆိပ်အဖြစ် ဆင့်ခေါ်ခံလိုက်ရသည်။ ၎င်းအထက်တွင် ခေါင်းကိုးလုံးနဂါး ဟိုက်ဒရာသည် အသက်ဝင်နေဟန်ဖြင့် ရစ်ပတ်ရွေ့လျားနေကာ အဆက်မပြတ် ဟိန်းဟောက်နေ၏။ ၎င်းတွင် ရုန်းများ မရှိသေးသော်လည်း ဖုလုံရှန်း၏ ထောင်ချီတံဆိပ်ထက် များစွာပို၍ အစွမ်းထက်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ကာ ခေါင်းတလားများ၏ ဆန်းကျယ်မှုကို ယွမ်ရှောင်ရော သားရဲလေးပါ အဖြေရှာမရသေးချေ။ ဓားဝိညာဥ်နှင့် မတူသည်မှာ အသက်တံဆိပ်တွင် အသုံးဝင်မှုများစွာ ရှိပြီး ထောင်စောင့်နဂါးတံဆိပ်၌ မတူကွဲပြားသော ပုံစံလေးမျိုးအထိ ပိုင်ဆိုင်ထားသောကြောင့် ယွမ်ရှောင်မှာ အပျော်ကြီး ပျော်နေခဲ့လေသည်။