← Chapters

တတိယမြောက် ခေါင်းတလား

Vol. 25 Ch. 314

တတိယမြောက် ခေါင်းတလား

Vol. 25 Ch. 314

ဓားဝိညာဥ် ဓားမြှောင်၊ ဓားရှည်နှင့် ဓားပျံအဖြစ် ပြောင်းလဲနိုင်သော်လည်း အခြေခံအားဖြင့် ဓားအသွင်သာဖြစ်၍ အသက်တံဆိပ်နှင့် ကွဲပြားသည်။ ထောင်စောင့်နဂါးတံဆိပ်၏ အသွင်လေးမျိုးအနက် ပထမအသွင်မှာ လက်နက်အသွင် ရုန်းထီး ဖြစ်ကာ ယွမ်ရှောင်၏ လက်အတွင်း အသက်တံဆိပ်သည် လွန်စွာ လက်ရာမြောက်သော ဆီစိမ်စက္ကူထီးတစ်လက် အဖြစ် ပြောင်းလဲသွား၏။ ထီးရွက်တွင် ဟိုက်ဒရာပုံရိပ်များ ထင်ဟပ်နေကာ လက်ကိုင်သည် ၎င်း၏ အမြှီးဖြစ်ကာ ထီးကိုင်း ကိုးခု ပါဝင်ပြီး အဆုံးတွင် နဂါးခေါင်းကိုးလုံး ခမ်းနားစွာ တပ်ဆင်ထားသည်။ ၎င်း၏ ထီးရွက်အစွန်းများမှာ ဓားသွားပမာ ထက်ရှပြီး ပိတ်လိုက်လျှင်လည်း ခရမ်းရောင် လှံတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်သည်။

ပရမ်းပတာဆန်သော စစ်မြေပြင်တွင် သူက လက်တစ်ဖက်ဖြင့် မိုးပြာရောင်ဓားကို ဆွဲကိုင်လျက် ကျန်တစ်ဖက်ဖြင့် ခရမ်းရောင်ထီးကို ဆောင်းထားလျှင် လှပတင့်တယ်သော စစ်နတ်ဘုရားပမာ ထင်မှတ်ရပေလိမ့်မည်။ ၎င်းထီးက တိုက်စစ်ရော ခံစစ်ပါ အသုံးဝင်၍ တာအိုဂါထားများဖြစ်စေ ဓားချက်များဖြစ်စေ ကာကွယ်ပေးနိုင်ပြီး အဆိပ်တိုက်ကွက်များကိုလည်း သန့်စင်ပစ်နိုင်သည်။ သစ်ရွက်များ တဖွဲဖွဲ ကြွေကျနေသော သစ်တောအတွင်း ထီးတစ်လက်ဖြင့် လျှောက်လှမ်းရန် အညစ်အကြေး မတင်နိုင်သကဲ့သို့ တိုက်ပွဲအတွင်း ထီးအောက်တွင် တခြားကမ္ဘာသို့ ရောက်သွားသည့်အလား သန့်ရှင်းစင်ကြယ်နေပေလိမ့်မည်။

ဒုတိယမြောက်အသွင်က ဂါထာအဆင့်မြှင့်တင်ခြင်း တာအိုနဂါးဖြစ်ကာ ရုန်းထီးသည် အရည်ပျော်ကျသွား၍ ယွမ်ရှောင်၏ နေကိုးစင်းဒန်တန်နှင့် ကြယ်ကိုးလုံး သွေးကြောများအတွင်း စီးဝင်ပေါင်းစပ်သွားခဲ့သည်။ ခဏအတွင်း ကြမ်းတမ်းရက်စက်သော ဟိုက်ဒရာတက်တူးများ တစ်ကိုယ်လုံး ထွက်ပေါ်လာကာ စွမ်းအား မြင့်တက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေးစွမ်းနေသည်။ သူက ဝူကျိတာအိုသိုင်းကို ထုတ်ဖော်၍ စမ်းသပ်ကြည့်လိုက်သောအခါ လေဟာနယ်ဝဲများအတွင်း ခရမ်းရောင်နဂါးများ ပါဝင်လာကာ တာအိုဂါထာ၏ အစွမ်းကို မြှင့်တင်ပေးထားသဖြင့် ဓားစွမ်းရည်ဖြင့်ပင် ပခုံးချင်း ယှဥ်နိုင်လာ၏။ တတိယက ရတနာအဆင့်မြှင့်တင်ခြင်း မှော်တုတ်တံအသွင်ဖြစ်ကာ သာမန်အသက်တံဆိပ်ထက် ရတနာကို များစွာပို၍ အစွမ်းထက်လာစေနိုင်သည်။ သူက ကပ်ဘေးဓားကို ထုတ်ယူ၍ ပေါင်းစပ်လိုက်သောအခါ မူလထက် အဆပေါင်းများစွာ အစွမ်းထက်လာသော်လည်း ကောင်းကင်သင်္ချိုင်းဓားကို ပိုင်ဆိုင်ထားသဖြင့် အသုံးမဝင်လှချေ။ အကယ်၍ သူသာ ဓားမဟုတ်သော ရတနာလက်နက်တစ်ခု ပိုင်ဆိုင်ထားလျှင် ဤအသွင်က ပို၍ အသုံးဝင်နိုင်ပြီး ကောင်းကင်ကြေးမုံမှာ သင့်တော်သော်လည်း ကံဆိုးစွာဖြင့် ပျက်စီးသွားခဲ့သည်။ ရုန်းထီးဖြစ်စေ တာအိုနဂါးဖြစ်စေ မှော်တုတ်တံဖြစ်သေ ထူးခြားသော အသုံးဝင်မှုများ ပိုင်ဆိုင်ထားကာ တိုက်ပွဲ၌ သင့်တော်ရာကို ရွေးချယ်အသုံးပြုနိုင်၏။

နောက်ဆုံးအသွင်မှာ ယွမ်ရှောင်ကို မင်သက်သွားလောက်အောင် အံ့သြစေခဲ့ပြီး ဝိညာဥ်မီးတောက်မျက်လုံး အသွင်ဖြစ်သည်။ အသက်တံဆိပ်သည် သူ၏ နဖူးသို့ ပြန်လည်ဝင်ရောက်သွားကာ ဦးနှောက်နှင့် ပေါင်းစပ်သွားခဲ့ပြီး ဝိညာဥ်အား အသွင်ပြောင်းလဲပေးခဲ့သည်။ ဓားသမားတစ်ယောက်၌ စိတ်နှင့် ဝိညာဥ် ကွဲပြား၍ ဝိညာဥ်မှာ ဓားဝိညာဥ်နှင့်တည်ရှိပြီး အသိစိတ်မှာ ခန္ဓာကိုယ်၌ ကိန်းဝပ်၏။ ရုန်းကျင့်ကြံသူများအတွက်မူ အသက်တံဆိပ်နှင့် ဝိညာဥ်ကို စိတ်တိုင်းကျ ပေါင်းစပ်ခွဲထုတ်နိုင်ပြီး ထောင်စောင့်နဂါးတံဆိပ်၏ ပြောင်းလဲမှုကို ပြင်ပမှ မမြင်နိုင်သော်လည်း နဂါးဟိန်းသံများ တရစပ် ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် နဖူးတည့်တည့်၌ ဒေါင်လိုက်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ခရမ်းရောင်မျက်လုံးတစ်လုံး အသက်ဝင်လာ၍ အတွင်း၌ ခေါင်းကိုးလုံးဟိုက်ဒရာ တည်ရှိနေသည်။ လက်ရှိတွင် သူက တတိယမြောက် မျက်လုံးကို ပိုင်ဆိုင်လာခဲ့ပြီး ရုပ်သွင်ကို ပိုမိုခမ်းနားစေကာ အကြည့်တစ်ချက်တွင် သက်ရှိပေါင်းများစွာ ကြောက်လန့်တုန်လှုပ်သွားစေနိုင်၏။

"အား မကောင်းဆိုးဝါးကြီး"

"မင်းမေကြီးတော် မကောင်းဆိုးဝါး။ ခန္ဓာကိုယ်တစ်ခုမှာ မျက်စိလေးလုံး ရှိနေတဲ့ကောင်က ပြောရတယ်ရှိသေး"

လနီက အလန့်တကြားဖြင့် ငယ်သံပါအောင် အော်ဟစ်နေသောကြောင့် ယွမ်ရှောင်မှာ ဆွံ့အသွားခဲ့သည်။ သူက သားရဲလေးကို လျစ်လျူရှုကာ တတိယမျက်လုံးကို အာရုံစိုက် စစ်ဆေးလိုက်သောအခါ ပုံရိပ်ယောင်များနှင့် ဝိညာဥ်ပူးကပ်မှုများကို တွန်းလှန်နိုင်သည့်အပြင် ရန်သူ၏ ဝိညာဥ်ကိုလည်း ဖမ်းချုပ်နိုင်သောကြောင့် ပြိုင်ဘက်ကင်းစွမ်းရည်တစ်ခုပင်။ ထောင်စောင့်နဂါးတံဆိပ်သည် သူ့ကို ထူးခြားအသုံးဝင်သော စွမ်းရည်လေးမျိုးပေးစွမ်းခဲ့ပြီး ဝိညာဥ်မီးတောက်မျက်လုံးအသွင်၌ ဝိညာဥ်နှင့် အသက်တံ​ဆိပ်မှာ တစ်သားတည်းဖြစ်နေသည်။ ရုန်းရည်ရွယ်ချက်က ဓားရည်ရွယ်ချက်လောက် အစွမ်းထက်လာပြီး ပိုမိုသန်မာလာစေရန်အတွက် ရုန်းအရေအတွက်ကို မြှင့်တင်ရပေလိမ့်မည်။ သူက အသက်တံဆိပ်ကို ရုတ်သိမ်းလိုက်သောအခါ နဖူးရှိ တတိယမျက်လုံး ပျောက်ကွယ်သွား၍ ဟိုက်ဒရာတံ​ဆိပ်အဖြစ် ပြောင်းလဲသွားသည်။

ယွမ်ရှောင်က ဒုတိယမြောက် ခေါင်းတလားကို တာအိုရင်းမြစ်ဖြင့် ပေါင်းစပ်နိုင်ခဲ့သောကြောင့် စိတ်ဓာတ်တက်ကြွနေပြီး နတ်ဆိုးတိုက်ကြီးမှာလည်း တစ်ချိန်က နတ်ဘုရားတိုက်ကြီးအတွက် အန္တရာယ်ဖြစ်ခဲ့ရာမှ နောက်ဖေးခြံဝန်းအသွင် ပြောင်းလဲသွားသောကြောင့် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ရာ နောက်ဆုံးတွင် ကတိတည်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏ ဦးတည်ချက်က ဓားအပျက်အစီးနယ်မြေ၏ ဝင်ပေါက်ဖြစ်ကာ ရန်သူများ စုဝေးနေရုံဖြင့် လုပ်ကြံနိုင်မည်ဟု ထင်ထားကြသော်လည်း ဓားနှင့် ရုန်း အစစ်အမှန်ကျင့်ကြံသူ ရောက်ရှိလာပေတော့မည်။ သားရဲလေးသည် ကြေးခေါင်းတလားအသွင်ပြောင်းကာ ယွမ်ရှောင်သည် အထဲသို့ လှမ်းဝင်လိုက်ပြီး ၎င်း၏အကာအကွယ်ဖြင့် ရန်သူများကို ထိုးဖောက်သတ်ဖြတ်၍ ဓားအပျက်အစီးနယ်မြေသို့ ပြန်ရန် စီစဥ်ထားသည်။

"ဟင်"

သူက အခေါင်းကြီးအတွင်း နေရာလပ်သို့ ရောက်သောအခါ မသိစိတ်အရ ကျောစိမ့်သွားခဲ့သည်။ တတိယမြောက် ခေါင်းတလားတစ်ခုက ရုတ်တရက် မြင့်တက်လာပြီး ကောင်းကင်သင်္ချိုင်း ခေါင်းတလားကဲ့သို့ အေးစက်သော အရှိန်အဝါနှင့် အကျဥ်းထောင် ခေါင်းတလားကဲ့သို့ ကြမ်းကြုတ်သော အရှိန်အဝါမျိုး ကင်းမဲ့နေသော်လည်း အသည်းခိုက်လောက်သော ထိတ်လန့်မှုမျိုး ပေးစွမ်းနိုင်သကဲ့သို့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ခေါင်းတလားအဖုံးက ရုတ်တရက် ပျောက်ကွယ်သွားကာ အတွင်း၌ အနက်ရောင်ဝတ်ရုံရှည်နှင့် မိန်းကလေးတစ်ယောက် လဲလျောင်းနေသဖြင့် သူ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

"အစ်မကျောက်က ဘယ်လိုလုပ် ဒီအခေါင်းထဲကို ရောက်နေရတာလဲ"

ခေါင်းတလားအတွင်း၌ အာကာသနတ်ဓားနှင့် ကြယ်မျှော်စင်လည်း သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေကြသည်။

"သေမျိုးခံစားချက်တွေက ပုံရိပ်ယောင်ပါပဲ။ အရူးလေး ဒီလမ်းကြောင်းက ပြန်လမ်း မရှိဘူးနော်"

သူမက အနီရောင်နှုတ်ခမ်းများကို ဖွင့်ဟ၍ စကားတစ်ခွန်းပြောလိုက်ပြီး ဘယ်ဘက် မျက်ဝန်းတွင် မြေအောက်ဘုံပမာ မည်းမှောင်နေပြီး ညာမျက်ဝန်း၌မူ အရောင်အသွေးစုံလင်သော ပန်းခင်းပမာ တောက်ပနေ၏။ ထို့နောက် အခေါင်းအဖုံးက ပြန်လည်ထွက်ပေါ်လာကာ အနက်ရောင်ခေါင်းတလားသည် ဝုန်းခနဲ ထွက်ခွာသွားပြီး ကြေးခေါင်းတလားကြီးအတွင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"ပြန်လမ်း မရှိဘူးတဲ့လား"

ယွမ်ရှောင်က မင်သက်နေရာမှ သတိပြန်ဝင်လာကာ ရေရွတ်လိုက်မိသည်။

"မင်း ဘာတွေ ပြောနေတာလဲ"

"မင်းတို့ မမြင်လိုက်ဘူးလား"

"ဘာကိုမြင်ရမှာလဲ"

"တတိယမြောက် ခေါင်းတလား ပေါ်လာတယ်လေ"

"ဘယ်ဟာလဲကွ။ နောက်ထပ်ခေါင်းတလားရှစ်ခု ကျန်သေးတယ်။ သူတို့ဘာသာ တည်ငြိမ်နေတာပဲ"

ကြယ်ပြာနှင့် လနီမှာ နားမလည်နိုင်ဖြစ်နေကြပြီး အနက်ရောင် ခေါင်းတလား ထွက်ပေါ်လာသည်ကို မြင်လိုက်ပုံမရချေ။

ထို့ကြောင့် ယွမ်ရှောင်က ကြေးခေါင်းတလားကြီးအတွင်းမှ ချက်ချင်းပြေးထွက်ကာ သားရဲလေးနှင့်အတူ အသူရာဂိုဏ်းသို့ ဓားပျံစီးနင်း၍ ဒရောသောပါး ထွက်လာခဲ့သည်။ တိမ်ခြံဝန်းအတွင်း ကျောက်ရန်ရန် ရှိနေပြီး တည်ငြိမ်အေးချမ်းစွာ ပန်းပင်များကို ရေလောင်းပေါင်းသင်နေသည်ကို မြင်ရသောအခါတွင်မှ ဗလောင်ဆူနေသော သူ၏ စိတ်များ ပြန်လည်တည်ငြိမ်သွားရ၏။ သူက နှုတ်မဆက်ဘဲ ပြန်လည်ထွက်ခွာလာသော်လည်း သူမသည် တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ကောင်းကင်သို့ မော့ကြည့်ကာ နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်လေသည်။

All Chapters