ပျက်သုဥ်းရေး ဓားအစီအရင်
Vol. 25 Ch. 315
ထာဝရဓားအကျဥ်းထောင် ဓားအပျက်အစီးနယ်မြေအတွင်း နတ်ဆိုးတိုက်ကြီးနှင့် ဆက်သွယ်နေသော ဝင်ပေါက်အနားတွင် ဓားအစောင့်အရှောက်နှင့် ကြီးကြပ်သူနှစ်ဆယ်ကျော်မှာ ဖန်ပုလင်းထဲမှ ပုစဥ်းပျံကဲ့သို့ ဂျောင်ပိတ်မိနေသည်။.ပတ်ဝန်းကျင် တောင်ထိပ်များနှင့် သစ်တောများအတွင်း ငရဲရှစ်ထပ်မှ ကျင့်ကြံသူများ ရောက်ရှိနေသောကြောင့် လေထုက တင်းမာနေပြီး အရေအတွက်ရာချီကာ သတ်ဖြတ်လိုစိတ်သက်သက်ဖြင့်ပင် ခြောက်ခြားစရာကောင်းနေ၏။ အချို့က လက်နက်များနှင့် အသက်တံဆိပ်များကို အသင့်ပြင်ထားကြပြီး အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်၏ ပုံတူများကို ထပ်ကာထပ်ကာ ကြည့်ရှု မှတ်သားထားသဖြင့် ကိုယ့်ရုပ်ကိုပင် မေ့လျော့ကုန်သည်။ ထိုအချိန်တွင် ဝင်ပေါက်က တုန်ခါလာကာ ဓားကျင့်ကြံသူများ ပြေးထွက်လာ၍ တုကုန်းယွမ်သည် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဓားအစောင့်အရှောက် မကောင်းတော့ဘူး"
"ဘာဖြစ်တာလဲ ပြောစမ်း"
မုကျန်းတန်းက မျက်မှောင်ကြုတ်၍ တားဆီးလိုက်သည်။
"လင်းချန်က ကောင်းကင်မြေကို သိမ်းယူလိုက်ပြီး နတ်ဆိုးတိုက်ကြီးတစ်ဝက်လောက် ပြိုကျသွားတယ်။ ပြီးတော့ အသက်တံဆိပ်အဖြစ် သူ့လက်ထဲမှာ ပြောင်းလဲသွားတယ်။ ကျုပ်တို့ အခု ထွက်ပြေးရမယ်"
တုကုန်းယွမ်မှာ ဂနာမငြိမ်ဖြစ်နေသကဲ့သို့ မုကျန်းတန်းနှင့် နောက်လိုက်များမှာ ဟန်ဆောင်ကောင်းသူများပီပီ တုန်ယင်သွားကြသည်။ ကောင်းကင်မြေကို လင်းချန် သိမ်းယူလိုက်သော သတင်းက လူတိုင်းကို မျက်နှာပျက်သွားစေပြီး ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများသာမက ငရဲရှစ်ထပ်၏ ကျင့်ကြံသူများပါ သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။ ကုချင်ကန်သည် အကြီးအကဲတစ်ယောက်ကို အမိန့်ပေးကာ အဆုံးမဲ့ငရဲပြည် ဝင်ပေါက်တွင် လူအင်အားများများ ချထားရန် စီစဥ်လိုက်သကဲ့သို့ သတ်ဖြတ်လိုစိတ်များလည်း ပိုမို အားကောင်းလာခဲ့၏။
"လင်းချန်ကို သတ်ပြီးရင် ကောင်းကင်မြေကို ရနိုင်လောက်လား"
ရုန်းကျင့်ကြံသူတစ်ယောက်က အကြံပေးလာ၏။
"ကောင်းကင်မြေရဲ့ ဗဟိုချက်ကို ထိန်းချုပ်နိုင်ရင် ဖြစ်နိုင်တယ်"
ကုချင်ကန်၏ မျက်လုံးများတွင်လည်း လောဘမီးဝင်းဝင်းတောက်နေသည့်အပြင် ဖုလုံရှန်းအတွက် လက်စားချေပေးရန်နှင့် ကပ်ဘေးဓားကို ပြန်လည်ရယူရန် အဆောင်ဧကရာဇ်ကိုယ်တိုင် ရောက်နေသောကြောင့် ရေကန်အသင့်ကြာအသင့်ပင်။ သူတို့၏အမြင်တွင် ယွမ်ရှောင်က အသာစီးရနေသော်လည်း လင်းချန်သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေသဖြင့် ရင်ထိတ်နေကြ၏။ ဤသတင်းသည် ကုမျိုးနွယ်သို့လည်း ရောက်ရှိသွားကာ အဘိုးကြီးကု၊ ကုရွှမ်နှင့် အပေါင်းအပါများကို အပျော်ကြီး ပျော်စေခဲ့သည်။
"နောက်ဆုံးတော့ ဘယ်သူက ရယ်နိုင်တာလဲကွ ဟား ဟား"
အဘိုးကြီးကု၏ အေးစက်တည်ငြိမ်သော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာကာ သည်းခံခဲ့ရသော အရှက်ကွဲမှုများကို ပြန်လည် လက်စားချေနိုင်ပေတော့မည်။
"ကောင်းကင်မြေကိစ္စကြောင့် သူက ပစ်မှတ်ဖြစ်လာနိုင်တယ်"
အချိန်တစ်ခုအကြာတွင် စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားသောအခါတွင်မှ ယွမ်ရှင်းဟယ်က သတိပေးလာသည်။
"အဖေ ဘာဖြစ်ဖြစ် သခင်လေးလင်း အသက်ရှင်ရမယ်"
ကုရွှမ်က အံကြိတ်၍ ကြုံးဝါးလိုက်သည်။
"ကုချင်ကန်နဲ့ ပူးပေါင်းကြမလား။ သူမက လင်းချန်ရဲ့ အရေးပါပုံကို သိလောက်မှာပါ"
ရွှမ်းကျန်းက တီးတိုးရေရွတ်၏။
"မဖြစ်နိုင်ဘူး"
အဘိုးကြီးကုက သက်ပြင်းချ၍ လေးကန်စွာ ခေါင်းယမ်းလိုက်သည်။
"သခင်လေးလင်းကို အသက်စွန့်ကာကွယ်ဖို့ ဝင်ပေါက်ကို အခုချက်ချင်း သွားသင့်ပြီ"
ဖုန်းပုဟွေက အလောတကြီး တိုက်တွန်းခဲ့သည်။
"ကောင်းကင်မြေနဲ့ဆိုရင် သခင်လေးလင်းမှာ ဝှက်ဖဲတွေ ရှိနေမှာပဲ။ ကျုပ်တို့ အနိုင်ရဖို့ အခွင့်အရေး ရှိတယ်"
ယွမ်ရှင်းဟယ်ကလည်း ထောက်ခံလိုက်သည်။
"မုကျန်းတန်းက ယွမ်ရှောင်ကို စွန့်ပစ်လိုက်ပြီလား"
"သူက တကယ်ပြတ်သားတာပဲ"
"ဉာဏ်ကောင်းတယ်။ လက်ရှိမှာ ယွမ်ရှောင်က အကျဘက်ရောက်နေပြီ"
ထိုအချိန်တွင် ဝင်ပေါက်တွင် စောင့်ကြပ်နေခဲ့သော မုကျန်းတန်းနှင့် နောက်လိုက်များမှာ ပေါ်တင် ဆုတ်ခွာသွားကြသဖြင့် တီးတိုး စကားသံများ ထွက်ပေါ်လာ၏။ ဤသို့ဖြင့် ကုမျိုးနွယ်ဝင်များက ရှေ့တက်လာပြီး ကြီးကြပ်သူအချို့လည်း ပါဝင်နေကာ အရိုးခြောက်စောင့်ရှောက်သူ အဘိုးကြီးကုကိုယ်တိုင် ဦးဆောင်လာခြင်းဖြစ်သည်။ သူတို့က လင်းချန်ထွက်လာလျှင် ကာကွယ်ပေးရန် ရည်ရွယ်ထားသဖြင့် ဝင်ပေါက်နှင့် အနီးဆုံးအထိ အပြေးအလွှား ချီတက်နေကြ၏။
"သခင်မ ကုမျိုးနွယ်ဝင်တွေ ရှေ့တက်လာပြီး မုကျန်းတန်း နောက်ဆုတ်သွားပါတယ်"
"ကိစ္စမရှိဘူး။ ဒီအဘိုးကြီးကုက ကြီးကြီးမားမား မဆုံးရှုံးဖူးရင် သင်ခန်းစာရမှာ မဟုတ်ဘူး"
ကုချင်ကန်၏ အေးစက်စက် စကားသံသည် အမှန်တကယ်တိုက်ပွဲစလျှင် ကုမျိုးနွယ်ကို ညှာတာနေစရာမလိုကြောင်း ရုန်းကျင့်ကြံသူများကို အချက်ပြလိုက်ခြင်းပင်။
ဝင်ပေါက်အတွင်းမှ ထွက်ခွာလာရန် ကျန်ရစ်သည်မှာ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်သာ ဖြစ်သောကြောင့် အကြည့်များ ထက်ရှနေကာ မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် ဝင်ပေါက်က တုန်ခါလာသဖြင့် အရိပ်အတွင်း စုဝေးရောက်ရှိနေသော ကျင့်ကြံသူများ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာသော်လည်း ကြေးခေါင်းတလားကြီးတစ်လုံး လွင့်ထွက်လာခဲ့သည်။
"ဘာကြီးလဲ"
လူတိုင်းက မင်သက်သွားကြသော်လည်း တိုက်ကွက်မျိုးစုံ ပစ်ခတ်လိုက်ကြပြီး ၎င်းအပေါ် တဘုန်းဘုန်း ကျရောက်နေသဖြင့် ကြယ်ပြာနှင့်လနီမှာ ခံရခက်နေကြသည်။ သူတို့ ခုခံနေရသော တိုက်ခိုက်ချက်များသည် ကံပင်လယ် နယ်ပယ် ကျင့်ကြံသူကို သတ်ဖြတ်ရန် လုံလုံလောက်လောက် အစွမ်းထက်သဖြင့် ယွမ်ရှောင်သာ အတွင်း၌ ရှိမနေလျှင် အမှုန့်ကြေသွားနိုင်၏။ တိုက်ခိုက်သူတိုင်းမှာ ငရဲရှစ်ထပ်၏ ကံပင်လယ်နယ်ပယ် အထက်အဆင့် ကျင့်ကြံသူများချည်း ဖြစ်နေသည်မဟုတ်ပါလော။ သူ့အနေဖြင့် ဤရန်ကြွေးကို ဖြေရှင်းရန် လိုအပ်သော်လည်း ရှေ့ဆက်သွားနေခဲ့ပြီး တစ်ယောက်ချင်းစီ၏ မျက်နှာကို မှတ်သားနေခဲ့သည်။
"ဘုန်း"
"အမှိုက်ကောင်တွေ"
ကြေးခေါင်းတလားသည် ဝန်းရံပိတ်ဆို့မှုကို ဖောက်ထွက်၍ ရန်သူပမာဏများပြားသော်လည်း တားဆီးမရနိုင်ခဲ့ဘဲ မျက်တောင်တစ်ခတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားကာ ယွမ်ရှောင်၏ အေးစက်စက် စကားသံသာ ပဲ့တင်ထပ် ကျန်ရစ်သည်။ ကုချင်ကန်နှင့် အခြားသူများသည် ယွမ်ရှောင်ဖြစ်ကြောင်း မှတ်မိသွားသောအခါတွင် ခေါင်းတလားမှာ မျက်ချည်ပြတ်သွားပြီဖြစ်သည်။ ဤတိုက်ခိုက်မှုများကို ကာကွယ်ရန် သားရဲလေးက သူတော်စင်ကျောက် သန်းသုံးဆယ်ကျော် အသုံးပြုလိုက်ရသဖြင့် ယွမ်ရှောင်၏ မျက်နှာသည် ရှုံ့မဲ့နေပြီး သန်းသုံးရာကျော် အကြွေးပြန်တောင်းရန် တေးမှတ်ထားလိုက်သည်။
"သခင်လေးယွမ်"
မုကျန်းတန်းနှင့်အုပ်စုကို လိုက်မီသောအခါတွင်မှ သူက ဓားပျံစီးနင်း၍ ခေါင်းတလားအပြင်သို့ ခုန်ထွက်လာခဲ့သည်။ မုကျန်းတန်းအပါအဝင် ဓားကျင့်ကြံသူများက ဒူးတစ်ဖက် ထောက်၍ ရိုရိုသေသေ ကြိုဆိုလိုက်ပြီး ဓားအစောင့်အရှောက်ထက် အဆင့်အတန်း မြင့်မားလာခဲ့၏။
"သခင်လေးယွမ်ကတော့ တကယ့်ကို အကြံပိုင်ပါပေတယ်။ လင်းချန်လို လူသေကိုတောင် အသုံးချနိုင်တယ်"
မုကျန်းတန်းက ကျေနပ်စွာ ပြုံး၍ ချီးကျူးလိုက်သည်။
"ဒီအရူးတွေက လင်းချန်နဲ့ ကောင်းကင်မြေ ထွက်လာမှာကို စောင့်နေကြတုံးပဲ။ တကယ့်ကို ရယ်ရတယ်"
မုတလုံက ခစ်ခနဲ ရယ်မော၍ လှောင်ပြောင်လိုက်သည်။
"ဒီအတိုင်းဆိုရင် ဓားအပျက်အစီးနယ်မြေကို လုံလုံခြုံခြုံ ပြန်နိုင်ပြီ။ ပျက်သုဥ်းရေး ဓားအစီအရင်ကို အသက်သွင်းလိုက်ရင် ငရဲကိုးထပ် တိုက်ပွဲ မတိုင်ခင်အထိ ဘာမှ စိတ်ပူစရာ မလိုအပ်တော့ဘူး"
တုကုန်းယွမ်က အကြံပေးလိုက်ခြင်း ဖြစ်သည်။
"သူတို့ကို စောင့်ခိုင်းလိုက်။ ကျုပ် တံခါးပိတ် ကျင့်ကြံရဦးမယ်"
ယွမ်ရှောင်က အမိန့်ပေး၍ မုကျန်းတန်းနှင့်အုပ်စုကို ဦးဆောင်ကာ ဓားပျံကိုယ်စီဖြင့် ဘေးလွတ်ရာသို့ ချက်ချင်း ထွက်ခွာလာကြသည်။
"ယွမ်ရှောင်ရဲ့ ခေါင်းတလားက ဘာကြီးလဲ"
"လင်းချန်မှာသာ ဒီလိုရတနာမျိုး ရှိနေရင် ငါတို့တော့ ပြဿနာတက်ပြီ"
ဝင်ပေါက်ရှေ့တွင် ကျင့်ကြံသူများမှာ စုဝေး၍ နောက်တစ်ကြိမ် လွတ်မြောက်မသွားစေရန် တင်းတင်းကြပ်ကြပ် စောင့်ဆိုင်းနေကြသည်။
"ဖုရှန်း နတ်ဆိုးတိုက်ကြီးကို သွားကြည့်စမ်း။ ပြဿနာရှိရင် ချက်ချင်း ပြန်လာခဲ့"
ကုချင်ကန်က လူငယ်ရုန်းကျင့်ကြံသူတစ်ယောက်ကို အမိန့်ပေးလိုက်သောအခါ ကြောက်စိတ်ဖြင့် တုန်ရီသွားသော်လည်း အမိန့်ကို ဖီဆန်လျှင် အသတ်ခံရမည်ဖြစ်သောကြောင့် လိုက်နာရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ကံကောင်းသည်မှာ အခြားငရဲများမှ ကျင့်ကြံသူများလည်း ဖိအားပေးခံလိုက်ရပြီး စုစုပေါင်း ကျင့်ကြံသူခုနစ်ယောက်သည် ဝင်ပေါက်အတွင်း ချီတက်သွားခဲ့ကြသည်။ သို့ရာတွင် လေထဲတွင် ပျောက်ကွယ်သွားသည့်အလား သတင်းပြန်မပို့နိုင်ခဲ့သောကြောင့် လင်းချန်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်နိုင်ရာ စောင့်နေသူအားလုံး စိုးရိမ်စပြုလာသည်။
ဓားအပျက်အစီးနယ်မြေအတွင်း၌လည်း လင်းချန်က ကောင်းကင်မြေကို ရယူနိုင်ခဲ့သည်ဟူသော သတင်းက တောမီးပမာ လျင်လျင်မြန်မြန် ပျံ့နှံ့နေသည်။ ဓားကျင့်ကြံသူများ အားလုံး လှုပ်ရှားသွားကာ ဖိနှိပ်ခံထားရသော ကုမျိုးနွယ်နှင့် အပေါင်းအပါများ တစ်စခန်းထလာပြန်သည်။
"ယွမ်ရှောင်က အပျက်အစီးတောင်ကြားကို ပြန်ရောက်လာတယ်လို့ ကြားတယ်"
"ဒီကောင် ဘယ်လိုခံစားနေရမလဲဆိုတာ သိချင်မိတယ်"
ဓားအပျက်အစီးနယ်မြေ၏ အတွင်းရောအပြင်ပါ ကောလဟာလများ ပြန့်နေကာ ရာထူးအဆင့်အတန်းအပေါ် တပ်မက်သူများမှာ လင်းချန်ဘက်သို့ ယိမ်းသွားကြသည်။ ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ဓားသဏ္ဍာန်တောင်ထွတ် ၉၉၉ခုှုာ လှုပ်ရှားလာ၍ မရေမတွက်နိုင်သော ဓားအလင်းများ ကောင်းကင်သို့ မြင့်တက်လာကာ ပျက်သုဥ်းရေး ဓားအစီအရင် အသက်ဝင်လာပေတော့မည်။