← Chapters

အပိုင်း ၃၁၆ - ရုန်းများ ရေးဆွဲခြင်း

Vol. 25 Ch. 316

အပိုင်း ၃၁၆ - ရုန်းများ ရေးဆွဲခြင်း

Vol. 25 Ch. 316

မိုင်ပေါင်းသောင်းချီ ရှည်လျားသော တောင်တန်းများ တလျှောက် ဓားအလင်းများ မြင့်တက်လာကာ ပိုက်ကွန်ပမာ ယှက်နွယ်၍ ခဏအတွင်း နယ်မြေတစ်ခုလုံး ခံတပ်ပမာ ပြောင်းလဲသွားသည်။ ဓားအစောင့်အရှောက်က ယွမ်ရှောင်ကို အဆုံးတိုင် ကာကွယ်ပေးလိုနေသဖြင့် ဓားကျင့်ကြံသူများ မယုံကြည်နိုင် ဖြစ်နေကြသည်။ ပျက်သုဥ်းရေး ဓားအစီအရင်သည် ငရဲကိုးထပ်တိုက်ပွဲအတွက် ဖန်တီးထားခြင်းဖြစ်ကာ အသက်သွင်းရန် ဘိုးဘေးများ၏ ခွင့်ပြုချက် တောင်းခံရသည်။

"ဓားအစောင့်အရှောက်က တခြားငရဲရှစ်ထပ်ကို ကြောက်နေတာလား။ သခင်လေးလင်း ပြန်ရောက်လာမှာကို ကြောက်နေတာလား"

တီးတိုးစကားများက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပျံ့နှံ့နေကာ ကြီးကြပ်သူစစ်ခုံ၏ အိမ်ဝန်းအတွင်း တောင်သခင်ဆယ်​ယောက်ကျော်နှင့် ထိပ်တန်းတရားသူကြီးအချို့ ရောက်ရှိနေသည်။ စစ်ခုံက လက်နှစ်ဖက် နောက်ပစ်၍ ခေါက်တုံ့ခေါက်ပြန် လှမ်းလျှောက်နေကာ ဓားအစောင့်အရှောက်သည် လင်းချန်ကို ကြောက်လန့်နေကြောင်း ​ကောက်ချက်ဆွဲလိုက်၏။ ဓားကျွန်ဘဝသို့ နိမ့်ကျသွားသော်လည်း ကောင်းကင်မြေကို ရယူနိုင်သည်အထိ ပြန်လည်အောင်ပွဲဆင်ခဲ့သော လင်းချန်ဘက်မှ ရပ်တည်ရန် ထိုလူများ ရောက်ရှိလာခြင်းဖြစ်သည်။

"ကြီးကြပ်သူစစ်ခုံ ကျုပ်တို့က သခင်လေးလင်းကို ထောက်ခံပါတယ်။ ခင်ဗျား နေရာရလာရင် စကားကောင်းကောင်း ပြောပေးပါ"

သူတို့၏ လာရင်းရည်ရွယ်ချက်မှာ ရှင်းလင်းနေပြီး ကောင်းကင်မြေပိုင်ရှင်က လင်းချန်ဟု အယုံသွင်းခံထားရသဖြင့် မြှောက်ထိုးပင့်ကော် မျက်နှာချိုသွေးနေကြသည်။

"သူတစ်ယောက်တည်းသာ ဓားနဲ့ ရုန်း လမ်းစဥ်နှစ်ခုကို ပေါင်းစည်းနိုင်တယ်။ ငါတို့တွေ ငရဲကိုးထပ်ကို အုပ်စိုးရတော့မယ်"

စစ်ခုံ၏ မျက်လုံးများက လောဘကြောင့် တောက်ပနေသည်။

"သခင်လေးလင်းသာ ရန်သူတွေ လုပ်ကြံတာကို ကျော်ဖြတ်ပြီး ဓားအပျက်အစီးနယ်မြေကို ပြန်လာနိုင်ရင် အရာရာ အဆင်ပြေပီ။ ယွမ်ရှောင်လည်း ရောက်နေပေမယ့် အစွမ်းအသက်တံဆိပ်ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"

သူတို့က တအံ့တသြဖြင့် ချီးကျူးမြှောက်ပင့်လိုက်ပြန်သည်။

"မင်းတို့က ဉာဏ်ကောင်းတယ်။ အစီအရင်ရဲ့ အဓိကနေရာမှာ တာဝန်ယူထားကြ။ သခင်လေးလင်းနဲ့ အရိုးခြောက်စောင့်ရှောက်သူ ပြန်ရောက်လာရင် ငါတို့က ကြိုဆိုရမယ်"

စစ်ခုံ၏ အမိန့်အတိုင်း ထိုလူအုပ်က တာဝန်ထမ်းဆောင်ရန် မျှော်လင့်တကြီး ထွက်ခွာသွားကြ၏။

အပျက်အစီးတောင်ကြားအတွင်း ယွမ်ရှောင်သည် မုကျန်းတန်း၏ ရွှေရောင် ဆေးရည်ကန်အတွင်း အပေါ်ပိုင်းဗလာဖြင့် ရှိနေပြီး နဖူးအထက်မှ ထောင်စောင့်နဂါးတံဆိပ်မှာ ဆန်းကျယ်စွာ တောက်ပနေသည်။

"ကောင်းကင်မြေကို မင်း ရသွားပြီး လင်းချန် သေသွားပြီဆိုတာ ဒီကောင်တွေ သိသွားရင် ဘယ်လိုနေလောက်မလဲ"

ကြယ်ပြာက ယွမ်ရှောင်၏ အကြံကို သဘောကျနေသည်။

"အမှန်တရားကို သဘောပေါက်သွားရင်တောင် ပြန်လှည့်မှာ မဟုတ်ဘူး။ ကောင်းကင်မြေကို လောဘတက်နေမှတော့ ခံကြပေါ့"

ယွမ်ရှောင်သည် တုကုန်းယွမ်ကို ကောင်းကင်မြေကို လင်းချန် ရသွားသည့်အကြောင်း လိမ်လည်ရန် ညွှန်ကြားပေးခဲ့ပြီး ငရဲရှစ်ထပ်မှ ကျင့်ကြံသူများကို အောင်အောင်မြင်မြင် လှည့်စားခဲ့သည်။ ထို့အပြင် သူက နောက်ပိုင်းအဆင့် တာအိုနှလုံးသား နယ်ပယ်သို့ အဆင့်တက်ရန် အချိန်ရသွားခဲ့ပြီး ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။

"အစ်ကိုကြီး"

မုရှောင်လုံက အပြေးတစ်ပိုင်း ရောက်ရှိလာ၍ ရေစက်များ တင်ကျန်နေသော ယွမ်ရှောင်၏ အပေါ်ပိုင်း ခန္ဓာကိုယ် တောင့်တင်းမှုကို မြင်လိုက်ရသောအခါ မျက်လုံးကို လက်ဖြင့် အုပ်လိုက်သော်လည်း လက်ချောင်းများ သိသိသာသာ ကျဲထား၏။

"ဘာကိစ္စလဲ"

ယွမ်ရှောင်က သူ၏ ဝတ်ရုံဖြူကို ပြန်လည်ဆင်မြန်းကာ ရေကန်အတွင်း တက်လာခဲ့သည်။

"တုကုန်းယွမ်က တွေ့ခွင့်တောင်းနေပါတယ်"

"ဝင်လာခိုင်းလိုက်"

ဤသို့ဖြင့် သူက အခန်းတစ်ခုအတွင်း စောင့်ဆိုင်းနေလိုက်ပြီး များမကြာမီ တုကုန်းယွမ်မှာ သိုလှောင်အိတ်များဖြင့် ရောက်ရှိလာခဲ့သည်။

"ဓားကျင့်ကြံသူတွေက လူသေကို နောက်တစ်ကြိမ် မြှောက်ပင့်နေကြပြန်ပြီ"

တုကုန်းယွမ်က စိတ်ပျက်လက်ပျက် ညီးညူလိုက်သည်။

"ကျုပ် မှာလိုက်တာတွေ ပါလာရဲ့လား"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ထိုကိစ္စကို လုံးဝလျစ်လျူရှုထားလိုက်သည်။

"ဝိညာဥ်မင် ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်တွေ ယူဆောင်လာပါတယ်"

တုကုန်းယွမ်သည် သိုလှောင်အိတ်သုံးဆယ်ကျော်ကို ထုတ်ပေးလိုက်ပြီး ဆေးနံ့များ မွှေးကြိုင်နေကာ များပြားလှသော သစ်ဥသစ်ဖုများ ပါဝင်သည်။

"ဒီဆေးပင်တွေ မရှိတာက ဓားအပျက်အစီးနယ်မြေရဲ့ ဆေးဝါးဖော်စပ်မှုကို ထိခိုက်စေနိုင်လား"

ယွမ်ရှောင်က စပ်စုလိုက်သည်။

"ဟုတ်ပါတယ်။ အများစုက ဆေးလုံးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေပါ။ တပည့်တွေနဲ့ စီရင်သူအများအပြား ဒါတွေအပေါ် မှီခိုနေရပါတယ်"

တုကုန်းယွမ်သည် ယွမ်ရှောင်အနေဖြင့် ဆေးပင်တစ်ဝက်ခန့် ပြန်ပေးရန် မျှော်လင့်ထားသော်လည်း စကားတစ်ခွန်းကြောင့် ပျက်စီးသွားရသည်။

"အနာဂတ်ကျရင် ကျုပ်က သေချာပေါက် ပြန်ဆပ်မယ်။ အခု ရုန်းစုတ်တံနဲ့ ရုန်းမှတ်တမ်းတွေ ထုတ်ပေး"

"ဒါတွေက ဓားအပျက်အစီးနယ်မြေ ပိုင်ဆိုင်ထားသမျှ ရုန်းမှတ်တမ်းတွေ ဖြစ်ပါတယ်။ အရေအတွက် နည်းပေမယ့် ရုန်းရေးဆွဲဖို့ လောလောဆယ် လံကလောက်ပါတယ်။.အချိန်ယူပြီး လေ့လာလိုက်ပါ။ ကျုပ်တို့မှာ ရုန်းကျင့်ကြံသူ မရှိတော့ လမ်းညွှန်မပေးနိုင်တာ စိတ်မရှိပါနဲ့"

ယွမ်ရှောင်က လက်ဝါးဖြန့်လိုက်သောအခါ လှပသပ်ရပ်စွာ ထုလုပ်ထားသော အဖြူရောင် ရတနာစုတ်တံ တစ်ချောင်းနှင့် စာအုပ်ထူထူများ တုကုန်းယွမ်မှ ကမ်းပေးလာခဲ့သည်။ ထို့နောက် သူက စာအုပ်များကို လျင်မြန်စွာ တဖြတ်ဖြတ်လှန်၍ ဖတ်ရှုခဲ့ပြီး လောင်းကစားသမားတစ်ယောက် ငွေရေတွက်နေသည့်အလားပင်။

အသက်တံဆိပ်အတွက် ရုန်းများမှာ ဓားအော်ရာနှင့် ကွဲပြားခြားနားပြီး ရုန်းစုတ်တံနှင့် ဝိညာဥ်မင်ကို အသုံးပြု၍ ကျင့်ကြံသူကိုယ်တိုင် ရေးဆွဲရခြင်းဖြစ်သည်။ ရုန်းအရေအတွက်များလေလေ အစွမ်းထက်လေလေ ဖြစ်သောကြောင့် ဝိညာဥ်မင် ရောနှောဖော်စပ်ရန် တုကုန်းယွမ်က တာဝန်ယူကာ မုရှောင်လုံသည် ဆေးပင်များ ကြိတ်ချေပေးခဲ့သည်။ ရုန်းမှတ်တမ်းများတွင် အစီအရင်ရေးဆွဲပုံများကို မှတ်တမ်းတင်ထားပြီး တစ်ခုချင်းစီမှာ ထူးခြားသော အသုံးဝင်ပုံများ ရှိသည်။ ဥပမာအားဖြင့် ရုန်းဆယ့်ရှစ်ခု ပါဝင်သော ကောင်းကင်မီးတောက် အစီအရင်ကို အသက်တံဆိပ်အပေါ် ရေးဆွဲလိုက်လျှင် ၎င်း၏ မီးချီများကို ပိုမို အားကောင်းလာစေနိုင်သည်။ ရုန်းကျင့်ကြံသူမျိုးဆက်၏ တိုးတက်လာမှုကြောင့် အစီအရင်မြောက်များစွာ အရေအတွက် တိုးပွားလာခဲ့ပြီး အချို့မှာ ရုန်းအနည်းငယ်သာ လိုအပ်သော်လည်း အချို့က ထောင်ချီ လိုအပ်သည်။

ဓားဝိညာဥ်ရှိ ဓားအော်ရာနှင့် ရုန်းများက ကွဲပြားခြားနားပြီး ရုန်းကျင့်ကြံသူများမှာ ရုန်းရေးဆွဲရန် အစီအရင်များကို နားလည်တတ်ကျွမ်းရပေလိမ့်မည်။ ပျက်သုဥ်းရေး ဓားအစီအရင်မှာလည်း တောတောင်ရေမြေများအထက်၌ မရေမတွက်နိုင်သော ရုန်းများ စီရင်ထားခြင်း ဖြစ်သည်။ အသက်တံဆိပ်တိုင်းတွင် မွေးရာပါ ရုန်းအရေအတွက် အကန့်အသတ်ရှိသည့်အပြင် တားမြစ်ချက်များလည်း ရှိသည်။ ဥပမာအားဖြင့် မီးအသက်တံဆိပ်တစ်ခုအပေါ် ရေဓာတ် အစီအရင်ကို ရေးဆွဲလိုက်လျှင် ကိုယ့်ကိုကိုယ် သေကြောင်းကြံသည်နှင့် မခြားပေ။ ဖုလုံရှန်း၏ ထောင်ချီတံဆိပ် နာမည်ကျော်ကြားရခြင်းမှာ မည်သည့် အစီအရင်ကိုမဆို ရေးဆွဲနိုင်သောကြောင့် ဖြစ်သည်။

"မုရှောင်လုံ ဝိညာဥ်မင် ပေးပါ"

ယွမ်ရှောင်သည် ရုန်းမှတ်တမ်းများကို ​လေ့လာပြီးနောက် စာအုပ်ကို ပိတ်ကာ တောင်းဆိုလိုက်သောအခါ သူမက ရိုသေစွာ ကမ်းပေးလိုက်သည်။ ထောင်စောင့်တံဆိပ်အပေါ် ရုန်းများ ရေးဆွဲရန် သူက စုတ်တံကို မင်အတွင်း နှစ်လိုက်သောအခါ တုကုန်းယွမ်က အလန့်တကြား တားမြစ်လာ၏။

"သခင်လေးယွမ် အခြေခံ သဘောတရားတွေ ပိုင်နိုင်ရဲ့လား။ အခု မလုပ်သင့်သေးပါဘူး။ ဟင်...."

သို့ရာတွင် စကားမဆုံးခင်မှာပင် ရုန်းစုတ်တံသည် နဂါးတစ်ကောင်ပမာ လူးလွန့်သွား၍ ရုန်း၉၉ခုဖြင့် ဖွဲ့စည်းထားသော အစီအရင်တစ်ခု အသက်တံဆိပ်အပေါ်တွင် အသက်ဝင်လာသည်။

"မုရှောင်လုံ အကုန်လုံးကို ဝိညာဥ်မင်လုပ်လိုက်"

ယွမ်ရှောင်က သိုလှောင်အိတ်အားလုံး မုရှောင်လုံထံ တွန်းပို့လိုက်သည်။

"ဟုတ်"

မုရှောင်လုံသည် စိတ်လှုပ်ရှားသဖြင့် အထပ်ထပ် ခေါင်းညိတ်နေသကဲ့သို့ တုကုန်းယွမ်မှာလည်း ယွမ်ရှောင်၏ ပါရမီအပေါ် နားလည်နိုင်စွမ်း မရှိတော့ချေ။

"ဘယ်လိုမကောင်းဆိုးဝါးလဲကွာ"

All Chapters