← Chapters

သူ့လူကိုယ့်ဘက်သား (ခ)

Vol. 25 Ch. 318

သူ့လူကိုယ့်ဘက်သား (ခ)

Vol. 25 Ch. 318

စစ်ခုံသည် ဘဝတလျှောက် ဤမျှ ကြောက်လန့်စရာကောင်းသော အဖြစ်မျိုး မကြုံဖူးပေ။ မကောင်းဆိုးဝါး၏ နဖူးတည့်တည့်တွင် ခရမ်းရောင် မျက်လုံး တိုးထွက်လာကာ ဖြည်းဖြည်းချင်း ကြီးမားလာပြီး အတွင်းမှ ခေါင်းကိုးလုံးနဂါး ပုံရိပ် မြင်နေရပြီး သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်သည်ဟု အထင်မှားနေ၏။

"စစ်ခုံ မင်းအသက်နဲ့ရင်းပြီး ငါ့ကို အမှုထမ်းရမယ်"

ခရမ်းရောင်မျက်လုံးက သူနှင့် အကြည့်ချင်းဆုံကာ စကားတစ်ခွန်းပြောလိုက်သောအခါ မျက်ဝန်းများအတွင်း ခရမ်းရောင်ပြောင်းလဲ၍ ထပ်ကာထပ်ကာ ကြားနေရသည်။ အချိန်တစ်နာရီက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားကာ ဝိညာဥ်မီးတောက်မျက်လုံးအစွမ်းဖြင့် သူ၏ အသိစိတ်တွင် ခေါင်းကိုးလုံးနဂါးသဏ္ဍာန် ထွက်ပေါ်လာစေခဲ့သည်။ နောက်ဆုံးတွင် ကြောက်စိတ်ကြောင့် တဆတ်ဆတ်တုန်ရီနေသော စစ်ခုံက တည်ငြိမ်သွားကာ ယွမ်ရှောင်သည် အသက်ပြင်းပြင်းရှူ၍ ဒေါင်လိုက်မျက်လုံးကို ပိတ်သိမ်းလိုက်၏။

"သူ့ကို ချုပ်ထားစရာ မလိုတော့ဘူး။ ဝိညာဥ်ကို ငါ ထိန်းချုပ်လိုက်ပြီ"

ယွမ်ရှောင်က ညွှန်ကြားလိုက်ပြီး တစ်နာရီအတွင်း ကြီးကြပ်သူတစ်ယောက်ကို အလွယ်တကူ ထိန်းချုပ်ပြခဲ့သောကြောင့် မုတလုံမှာ အလွန်လေးစားနေပြီး သမီးဖြစ်သူကဲ့သို့ ပရိသတ်တစ်ယောက် ဖြစ်လာခဲ့သည်။

"ပိုးကောင်နက်ဆေးလုံးက တော်တော်အသုံးဝင်တာပဲ။ တုကုန်းယွမ် ခင်ဗျားမှာ ရှိသေးလား"

ယွမ်ရှောင်က ထပ်မံ တောင်းဆိုလိုက်သည်။

"ကျုပ်က ဒီလိုဆေးလုံးမျိုး မဖော်စပ်နိုင်ပါဘူး။ ကျုပ်ဆရာရဲ့ လက်ရာတစ်ခုပါ"

"နောက်တစ်ကြိမ် သူနဲ့တွေ့ရင် ကျုပ်ကိုယ်စား နည်းနည်းလောက် တောင်းဆိုပေးပါ"

"အကောင်းဆုံး ကြိုးစားပါမယ်"

တုကုန်းယွမ်က အောင်မြင်မည်ဟု သေချာပေါက် အာမ မခံနိုင်သော်လည်း အမည်ခံဓားအင်မော်တယ်အတွက် ကြိုးစားရပေလိမ့်မည်။

"စစ်ခုံနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဥ်ထားလဲ"

မုတလုံက စပ်စုနေစဥ် ကြီးကြပ်သူစစ်ခုံမှာ တည်ငြိမ်စွာ ထွက်ခွာသွားခဲ့သည်။

"ငါးစာ မချရင် ဘယ်လိုလုပ် ငါးဖမ်းနိုင်မှာလဲ"

အကင်းပါးသော ကြီးကြပ်သူများက စကားများများ မပြောခဲ့သော်လည်း ယွမ်ရှောင်အပေါ် လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ဓားအစောင့်အရှောက်ကို အသင့်ပြင်ခိုင်းထားလိုက်။ ပိုက်ကွန်ရုတ်ဖို့ အချိန်တန်ပြီ"

ထို့နောက် ယွမ်ရှောင်သည် အမည်ခံ အင်မော်တယ်နန်းတော်သို့ ထွက်ခွာလာခဲ့ပြီး ဝင်ပေါက်၌ ပိုင်ဝူချွဲ ဒူးထောက်နေဆဲဖြစ်ကာ ပိုင်ချင်းရွှယ်မှာလည်း အသက်ရှင်နေသော အလောင်းကောင်ပမာ မျက်လုံးများ အသက်ဓာတ်ကင်းမဲ့နေသည်။

"ပိုင်ဝူချွဲ မင်း ဘာလုပ်​​နေတာလဲ"

"သခင်လေးလင်း ပြန်ရောက်လာမှာဆိုတော့ ကုမျိုးနွယ်က ကျွန်တော့်ကို ဒူးထောက်ခိုင်းထားလို့ပါ"

"အခု မင်းတို့ သွားနိုင်ပါပြီ။ လင်းချန်ကို ငါ သတ်လိုက်ပြီ"

ယွမ်ရှောင်က ခွင့်ပြုပေးလိုက်သော်လည်း အကြောက်လွန်နေသည့် ပိုင်ဝူချွဲမှာ ဒူးထောက်နေဆဲဖြစ်ပြီး ပိုင်ချင်းရွှယ်သည်လည်း လှုပ်ပင် မလှုပ်ရဲပေ။ ကျင့်ကြံရေးလမ်းကြောင်းတွင် အားနည်းသူများအပေါ် အနိုင်ကျင့်တတ်သူများမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းသဖြင့် အမှန်တရားကို မမြင်နိုင်ကြပေ။ လူသားသဘာဝအရ ဘဝတလျှောက်လုံး နံရံများအတွင်း ပိတ်မိနေသကဲ့သို့ ဖြစ်ကာ သန်မာသူများသာ ထိုးဖောက် ကျော်လွှားနိုင်ကြပြီး အချိုးအကွေ့တိုင်း ရှင်သန်နိုင်ခဲ့သည်။ အမှန်တရားဟူ၍ မရှိဘဲ သန်မာသူများ၏ စကားသည်သာ အမှန်တရားဖြစ်ကာ ဤသဘောတရားကို လောကတာအိုနှလုံးသားကြောင့် ယွမ်ရှောင် ပိုမို သဘောပေါက်လာခဲ့၏။

ထာဝရဓားအကျဥ်းထောင်ရှိ ဝင်ပေါက်အနားတွင် မီးနှင့် ရေပမာ ဆန့်ကျင်ဘက်ဖြစ်နေပြီး ရုန်းကျင့်ကြံသူများက အနီးဆုံး တိုးကပ်လာသောကြောင့် အဘိုးကြီးကုနှင့် နောက်လိုက်များမှာ ဆုတ်ခွာပေးနေရသည်။ သူတို့က ငရဲရှစ်ထပ်၏ ကျင့်ကြံသူများအကြား ပိတ်မိနေပြီး လင်းချန် ကောင်းကင်မြေကို ရယူနိုင်ခဲ့သည်ဟူသော သတင်းကြောင့် အရေအတွက် ပိုမို များပြားလာခဲ့သည်။ ထိုအချိန်တွင် ကြီးကြပ်သူစစ်ခုံသည် ဓားအပျက်အစီးနယ်မြေမှ ထွက်ခွာလာကာ ထိုလူစုထံ ချဥ်းကပ်လာခဲ့သည်။

"အကြီးအကဲအတွက် သတင်းကောင်း ရှိပါတယ်"

သူက စိတ်လှုပ်ရှားပျော်ရွှင်နေဟန်ဖြင့် တီးတိုးပြောလိုက်သဖြင့် ​အစွမ်းထက် ဓားကျင့်ကြံသူ ရှစ်ယောက် စုဝေးလိုက်ကြသည်။

"သခင်လေးလင်းက ဓားအပျက်အစီးနယ်မြေကို ပြန်ရောက်နေပြီ"

ထိုစကားကို ကြားသောအခါ အဘိုးကြီးကုနှင့် အပေါင်းအပါများမှာ စိတ်သက်သာရာရသွား၏။

"သူက ဘယ်လိုပြန်ရောက်လာတာလဲ"

အဘိုးကြီးကုက မယုံသင်္ကာဟန်ဖြင့် မေးခွန်းထုတ်သည်။

"ခင်ဗျား မေ့နေတာလား။ သခင်လေးလင်းက လေဟာနယ်တာအိုမှာ ဆရာတစ်ဆူပဲ။ ကောင်းကင်မြေကို ရယူပြီးနောက်မှာ သူက ငရဲကိုးထပ်ကို စိတ်ကြိုက်ဝင်ထွက်နိုင်ပြီ။ အခု သခင်လေးလင်းက ခင်ဗျားတို့ကို ပြန်လာဖို့ ခေါ်ခိုင်းလိုက်တယ်"

စစ်ခုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သောအခါ ကုရွှမ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ကောင်းကင်ကြေးမုံကိစ္စကြောင့် ငါတို့ ပြန်လာရင် မုကျန်းတန်းက ပြဿနာရှာနိုင်တယ်။ ပျက်သုဥ်းရေး ဓားအစီအရင်က သူ့လက်ထဲမှာဆိုတော့ ငါတို့အတွက် မလွယ်ကူလှဘူး"

အဘိုးကြီးကုက အချက်တစ်ချက် ထောက်ပြလိုက်ပြန်သည်။

"ခင်ဗျားတို့က ကပ်ဘေးဓားကို မေ့နေကြတာလဲ။ ဒီရတနာနဲ့ဆိုရင် ကောင်းကင်ကြေးမုံကို အစားထိုးနိုင်ပြီး ဓားကျင့်ကြံသူတွေ အစွမ်းထက်လာဖို့ အချိန်တန်ပြီ"

စစ်ခုံက အဝေးရှိ ကုချင်ကန်ကို တစ်ချက်ကြည့်ကာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်ပြီး ကပ်ဘေးဓားမှာ ဓားကျင့်ကြံသူများအတွက် အမြဲတမ်း အရိပ်မိုးနေခဲ့ပြီး ၎င်းကို ပိုင်ဆိုင်ရလျှင် ကောင်းကင်ကြေးမုံ ခိုးယူသည့် အပြစ်ကို အစားထိုးနိုင်လောက်ပေသည်။ ထို့အပြင် အဘိုးကြီးကု၏ နောက်လိုက်ကြီးကြပ်သူများမှာ ဓားအပျက်အစီးနယ်မြေတွင် ကျန်ရစ်ခဲ့သော မိသားစုနှင့် မျိုးနွယ်ကို စိုးရိမ်နေသဖြင့် ဖင်တကြွကြွဖြစ်ကုန်သည်။ ကုချင်ကန်သည်လည်း ဝင်ပေါက်ပတ်ဝန်းကျင်ကို သိမ်းပိုက်ထားပြီး သူတို့ကို အေးစက်စက် သဘောထားဖြင့် ဆက်ဆံနေသောကြောင့် ကုမျိုးနွယ်နှင့် သေခန်းဖြတ်လိုက်သည်မှာ ထင်ရှားပေါ်လွင်နေ၏။

"စစ်ခုံ သခင်လေးလင်းရဲ့ အစွမ်းက ဘယ်လိုလဲ"

"ကောင်းကင်မြေအသက်တံဆိပ်က တကယ့်ကိုအစွမ်းထက်တယ်။ ဓားအပျက်အစီးနယ်မြေတစ်ခုလုံးက သူ့ဘက်မှာ ရောက်နေပြီ။ တောင်သခင်တွေနဲ့ တရားသူကြီးတွေတောင် မဟာမိတ်ဖွဲ့ဖို့ ကျုပ်ကို ဆက်သွယ်လာကြတယ်"

"သခင်လေးလင်းက ဘာကြောင့် ငါတို့ကို မစောင့်ရတာလဲ"

အဘိုးကြီးကုက ဆက်တိုက် မေးခွန်းထုတ်နေသည်။

"ကျုပ်လည်း သေချာမသိဘူး။ သူက ငရဲကိုးထပ်တိုက်ပွဲအတွက် အစွမ်းမြှင့်တင်ဖို့ အလျင်လိုနေတာ ဖြစ်ရမယ်။ ကောင်းကင်မြေအသက်တံဆိပ်မှာ ရုန်းတွေ ရေးဆွဲနေတာကို ကျုပ်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်။ သူက ဝိညာဥ်မင်နဲ့ ရုန်းမှတ်တမ်းတွေ လိုအပ်ပေမယ့် ကျုပ်ရဲ့ အစွမ်းအစက အကန့်အသတ်ရှိတယ်။ ခင်ဗျားတို့ ပြန်ရောက်လာပြီး ရင်းမြစ်တွေ စုဆောင်းပေးဖို့ အလျင်လိုနေတယ်။.အနှေးနဲ့အမြန် ယွမ်ရှောင်ကို သတ်ဖို့ဆိုတာ အလွယ်လေးပါ"

စစ်ခုံက ထိုလူစုကို လင်းချန်အကြောင်း လီဆယ်၍ အယုံသွင်းနေခဲ့သည်။ ထို့အပြင် အစီအရင်ဆုံချက်တစ်ခုကိုလည်း ထိန်းချုပ်ထား၍ ပြန်လာနိုင်စေရန် စီစဥ်ထားကြောင်း တင်ပြလိုက်၏။

"အဖေ သံသယဝင်မနေပါနဲ့တော့။ ကောင်းကင်မြေက ကျုပ်တို့အတွက် အကြီးဆုံး အောင်ပွဲပဲ။ သခင်လေးလင်းအတွက် အရင်းအမြစ်တွေ ချက်ချင်း ထောက်ပံ့ပေးရမယ်."

ကုရွှမ်က စိတ်မရှည်ဟန်ဖြင့် အလောတကြီး တိုက်တွန်းလိုက်ပြီး ကျန်ကြီးကြပ်သူများလည်း သဘောတူလိုက်စဥ် ကုချင်ကန် ရုတ်တရက် ရောက်ရှိလာသည်။

"သတိပေးစရာ တစ်ခု ရှိတယ်။ နတ်ဘုရားချောက်နက်က လူတွေလည်း အမည်ခံဓားအင်မော်တယ်တွေကို စိတ်ဝင်စား​နေတယ်။ သူတို့ လှုပ်ရှားလာရင် ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ မသေချင်ရင် ထွက်သွားစမ်း"

သူမက အေးစက်စက် သတိပေးလာခဲ့သဖြင့် ထိုလူအုပ်မှာ တိတ်ဆိတ်သွားခဲ့သည်။

"သွားကြစို့ ဟား ဟား"

အဘိုးကြီးကုက စိတ်ရှိလက်ရှိ ရယ်မောကာ မြေးဖြစ်သူကို တစ်ချက်စိုက်ကြည့်၍ နောက်လိုက်များနှင့်အတူ ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။ ပြောရဆိုရလွယ်ကူနေသဖြင့် ကုချင်ကန်က မင်သက်နေစဥ် ကြီးကြပ်သူစစ်ခုံအပါအဝင် ကျင့်ကြံသူရှစ်ယောက်သည် ဓားပျံကိုယ်စီဖြင့် ဓားအပျက်အစီးနယ်မြေသို့ ဦးတည်နေပြီဖြစ်သည်။

"အဖေ ဒီတစ်ခေါက် ကျုပ်တို့ အရာအားလုံးကို သိမ်းပိုက်ရမယ်"

ကုရွှမ်က အေးစက်စက် ကြုံးဝါးလိုက်သည်။

"သခင်လေးလင်း ရှိနေသရွေ့ ဘာပြဿနာမှ မရှိဘူး"

ကြီးကြပ်သူစစ်ခုံ၏ အသိစိတ်အတွင်း ယွမ်ရှောင်၏ အမှတ်အသားဖြစ်သော ခရမ်းရောင် ခေါင်းကိုးလုံး နဂါးတစ်ကောင် ရှိနေသည်ကိုမူ သူတို့ မမြင်နိုင်ခဲ့ပေ။

All Chapters