← Chapters

ခွင့်လွှတ်မရနိုင်သော ပြစ်မှု

Vol. 25 Ch. 319

ခွင့်လွှတ်မရနိုင်သော ပြစ်မှု

Vol. 25 Ch. 319

ဓားအပျက်အစီးနယ်မြေရှိ တောင်ထိပ်ကိုးရာကျော်တွင် မြူခိုးများ ခြုံလွှမ်း၍ ဓားစွမ်းအင်များက ပိုက်ကွန်ပမာ ယှက်နွယ်နေသဖြင့် လှပခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများက ကောင်းကင်သို့ တအံ့တသြ မော့ကြည့်ပြီး လင်းချန်၏ သတင်းထူးများမှာလည်း ထာဝရဓားအကျဥ်းထောင်တစ်ခွင် ပျံ့နှံ့နေသည်။ သာမန်ဓားကျင့်ကြံသူများသည် ငရဲကိုးထပ် တိုက်ပွဲနှင့် ဓားအပျက်အစီးနယ်မြေ ပဋိပက္ခများတွင် ပါဝင်ရန် မသန်မာသောကြောင့် စောင့်ကြည့်နေရန်သာ တတ်နိုင်သည်။ တင်းမာနေသော အခြေအနေအောက်တွင် ကျင့်ကြံသူရှစ်ယောက်သည် ဓားပျံကိုယ်စီဖြင့် တိတ်တဆိတ်ရောက်ရှိလာကာ ပျက်သုဥ်းရေး ဓားအစီအရင်အထက်ရှိ အပေါက်တစ်ခုမှ ဝင်ရောက်လာကြသည်။

ကြီးကြပ်သူစစ်ခုံ ဦးဆောင်လာခြင်းဖြစ်ကာ အတွင်းလူ ပါဝင်နေသဖြင့် အစီအရင်အတွင်း လွယ်လင့်တကူ ဝင်ရောက်နိုင်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကြသည်။ လင်းချန်က အမည်ခံ အင်မော်တယ် နန်းတော်တွင် ရှိနေကြောင်း စစ်ခုံမှ သတင်းပေးလာသဖြင့် အဘိုးကြီးကုက ထိုနေရာသို့ အရင်ဆုံး သွားလိုခဲ့သည်။ လမ်းတလျှောက်တွင် ကျင့်ကြံနေသော လူငယ်မျိုးဆက်များကို မြင်သောအခါ သူက ယာယီ ရပ်တန့်၍ စစ်ဆေးလိုက်၏။

"အဖေ ဒီကလေးတွေက သခင်လေးလင်းနဲ့ ပူးပေါင်းထားတာဖြစ်ရမယ်"

ကုရွှမ်က တစ်ချက်ပြုံး၍ အခိုင်အမာ ပြောလာသောအခါ အဘိုးကြီးကုလည်း ကျေနပ်နေပုံပေါ်သည်။ ထို့အပြင် ကပ်ဘေးဓားအကြောင်းကိုလည်း သာမန်တပည့်များပင် ဆွေးနွေးနေကြသဖြင့် တစ်ချိန်က အိပ်မက်ဆိုး ဖြစ်ခဲ့သော ရတနာသည် ကောင်းကင်ကြေးမုံကို သူတို့ ခိုးယူခဲ့သော ပြစ်မှုအား လျော်ကြေးပေးရန် လုံလောက်ပေ၏။

"သွားကြစို့"

ဓားအပျက်အစီးနယ်မြေတစ်ခုလုံး လင်းချန်အကြောင်း ပြောနေသောအခါ အဘိုးကြီးကုသည် ပေါ်တင် ခရီးဆက်ရန် အမိန့်ပေးလိုက်၏။ လူတိုင်းက ကောင်းကင်မြေ၏ အရေးပါပုံအကြောင်း နားလည်သဖြင့် လင်းချန်သာ ယွမ်ရှောင်ကို သတ်လိုက်လျှင် မုကျန်းတန်းအနေဖြင့် ဓားအမွေအနှစ်အား သူ့ထံ လက်လွှဲပေးရပေလိမ့်မည်။ ဓားအမွေအနှစ်ကြောင့် သူ၏ မျက်လုံးများ တောက်ပနေကာ ဓားပျံစီးနင်း၍ အမည်ခံ အင်မော်တယ်နန်းတော်သို့ ဆက်လက် ဦးတည်လာခဲ့သည်။

"အရိုးခြောက်စောင့်ရှောက်သူနဲ့ ကြီးကြပ်သူတွေ ပြန်ရောက်လာပြီဆိုတော့ သခင်လေးလင်းလည်း လုံလုံခြုံခြုံ ပြန်ရောက်နေပြီထင်တယ်"

ဓားကျင့်ကြံသူများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကာ အကယ်၍ လင်းချန် တစ်ခုခု ဖြစ်သွားလျှင် အပြစ်ရှိသော အဘိုးကြီးကု လူလုံးထွက်ပြရဲမည် မဟုတ်ချေ။ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မည်ကို ခန့်မှန်းနိုင်လိုက်သဖြင့် ကျင့်ကြံသူများစွာ မနီးမဝေးမှ လိုက်ပါလာကြ၏။ ထိုအချိန်တွင် လင်းချန်က ကောင်းကင်မြေအသက်တံဆိပ်နှင့်အတူ ပြန်ရောက်လာပြီး ယွမ်ရှောင်ကို စာရင်းရှင်းမည်ဟူသော သတင်းတစ်ခု တောမီးပမာ ထွက်ပေါ်လာသည်။ ၎င်းကို လက်တွေ့မြင်လိုကြသော ဓားကျင့်ကြံသူအများအပြားသည် အမည်ခံ အင်မော်တယ်နန်းတော်သို့ စိတ်လှုပ်ရှားစွာ ချီတက်လာကြသည်။

"အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ သခင်လေးလင်းက ရှုံးနိမ့်ခဲ့ပေမယ့် အခုတော့ အသာစီးပြန်ရလိုက်ပြီ"

ရှုံးနိမ့်နေရာမှ အောင်ပွဲ ပြန်လည်ရယူနိုင်ခဲ့သော ခံစားချက်သည် ကုရွှမ်ကို အပျော်ကြီးပျော်စေပြီး ရက်အနည်းငယ်အတွင်း ဓားအပျက်အစီးနယ်မြေအား အုပ်စိုးရန် စိတ်ကူးယဥ်နေမိသည်။ ထိုလူစုသည် နန်းတော်ရှေ့မှောက်သို့ ရောက်သောအခါ ဒူးထောက်နေသည့် ပိုင်ဝူချွဲကို မြင်လိုက်ရသဖြင့် လင်းချန် ရှိနေကြောင်း သေချာသွားခဲ့၏။

"ပိုင်ချင်းရွှယ်က အထဲမှာလား။ သခင်လေးလင်းက ဘယ်လိုအောင်ပွဲခံရမလဲဆိုတာ ကောင်းကောင်းသိတာပဲ"

ကုရွှမ်၏မှတ်ချက်နှင့်အတူ ကြီးကြပ်သူခြောက်ယောက်က တဟားဟား ရယ်မောနေကြပြီး အဝေးတွင်လည်း အခြေအနေကို ကြည့်ရှုရန် ကျင့်ကြံသူများ ဓားပျံကိုယ်စီနှင့် နေရာယူထားကြ၍ လင်းချန် မည်သို့မည်ပုံ ခမ်းခမ်းနားနား ထွက်ပေါ်လာမည်ကို မှန်းဆနေကြသည်။

"ငါတို့ သခင်လေးလင်းနဲ့ တွေ့ပြီးရင် မုကျန်းတန်းကို တိုက်ခိုက်ရလိမ့်မယ်။ ဓားအပျက်အစီးနယ်မြေရဲ့ အနာဂတ်အတွက် အသင့်ပြင်ထားကြ"

သေရမည်ကို ကြောက်သဖြင့် ဓားအမွေအနှစ်အပေါ် လောဘဇောတိုက်နေသည့် အဘိုးကြီးကုက အသံကောင်းဟစ်သည်။

"မုကျန်းတန်းကို ဘယ်လိုစီရင်ကြမလဲ"

ကုရွှမ်က မေးသည်။

"ငါက သူ့ကို အနာဂတ်တစ်ခု ပေးခဲ့ပေမယ့် ဆရာကို ကျေးဇူးကန်းတယ်။ ဒီလိုကောင်မျိုးကို သတ်ပစ်ရမယ်။ ဓားအပျက်အစီးနယ်မြေက သခင်လေးလင်းရဲ့ လက်အောက်မှာ တစ်စုတစ်စည်းတည်း ပေါင်းစပ်ဖို့ လိုအပ်တယ်"

အဘိုးကြီးကုက အဖြေပေးရင်း နန်းတော်ဝင်ပေါက်သို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။

"ကျုပ် ကုဂူက တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေးလင်း"

ထို့နောက် သူက ဦးဆောင်၍ နောက်လိုက်များနှင့်အတူ ဒူးထောက်ကာ အသံကုန် ကြွေးကြော်လိုက်၏။

"ဘန်း"

နန်းတော်ဝင်ပေါက်က ရုတ်တရက် ကန်ဖွင့်ခံလိုက်ရပြီး စကားသံတစ်ခု ပျံ့လွင့်လာသည်။

"မင်းတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ငြင်းဆန်တယ်"

လင်းချန်၏ အသံမဟုတ်ဘဲ ကြည်လင်အေးမြ၍ တည်ကြည်ခန့်ညားသော အသံ ထွက်ပေါ်လာသောကြောင့် ဒူးထောက်နေသည့် ကျင့်ကြံသူ ခုနစ်ယောက် တုန်တက်သွားကြသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ လက်နှစ်ဖက် နောက်ပစ်၍ ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ထွက်လာသော ယွမ်ရှောင်ကြောင့် တောင်ကြီးများ ထမ်းထားရသည့်အလား ဖိအားများနေကြ၏။ တစ်ဖက်လူသည် ကြွက်ကို ကြောင်က ကစားနေသကဲ့သို့ ပြုံးနေသောကြောင့် ကုဂူသည် ကြီးကြပ်သူ စစ်ခုံထံ မကျေမနပ် စိုက်ကြည့်လိုက်မိသည်။

"သခင်လေးလင်းနဲ့ ကောင်းကင်မြေအသက်တံဆိပ်က ဘယ်မှာလဲ"

လူအုပ်ကြီး၏ စိတ်ထဲတွင်လည်း မေးခွန်းပေါင်းစုံ ပြည့်နှက်နေကာ ဝေခွဲမရဖြစ်နေစဥ် ထောင်ချီသော အလင်းတန်းများ တဖွဲဖွဲကျရောက်လာ၍ စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားလိုက်ကြသည်။ ဓားအစောင့်အရှောက်သည် ကြီးကြပ်သူနှစ်ဆယ်ကျော်၊ တရားသူကြီးတစ်ရာကျော်နှင့် တောင်သခင် ရှစ်ရာကို ဦးဆောင် ထွက်ပေါ်လာကာ ဓားအပျက်အစီးနယ်မြေ၏ အဓိက တိုက်ခိုက်ရေးအင်အားလည်း ဖြစ်သည်။

"သခင်လေးယွမ်"

သူတို့က ကုဂူနှင့် နောက်လိုက်များကို ပိတ်ဆို့ထား၍ သစ္စာရှိမှုကို ဖော်ပြရန် ဓားကိုယ်စီ ဆွဲထုတ်ကာ ချိန်ရွယ်ထားခဲ့ကြသဖြင့် တစ်ဖက်လူကို ရင်ထိတ်သွားစေ၏။

"မုကျန်းတန်း။ သခင်လေးလင်း ဘယ်မှာလဲ"

ကုရွှမ်မှာ ကိုယ့်ကိုကိုယ် အားတင်း၍ စစ်ခုံဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သကဲ့သို့ အဖြေကို သိလိုသော မျက်လုံးပေါင်းများစွာသည်လည်း ကျရောက်လာခဲ့သည်။

"လင်းချန်က သခင်လေးယွမ်ရဲ့ ဓားချက်အောက်မှာ အသက်ပျောက်သွားတာ ကြာပြီလေ"

စစ်ခုံက အနားမှ ချက်ချင်း ဆုတ်ခွာသွားကာ အေးစက်စက် လှောင်ပြုံးဖြင့် ဖြေလိုက်သောအခါ မရေမတွက်နိုင်သော ဓားကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။

All Chapters