← Chapters

ငါးခုမြောက်အသွင် အစီအရင်နတ်ဘုရား

Vol. 25 Ch. 320

ငါးခုမြောက်အသွင် အစီအရင်နတ်ဘုရား

Vol. 25 Ch. 320

"လျှောက်ပြောမနေနဲ့။ သခင်လေးလင်းက ကောင်းကင်မြေ အသက်တံဆိပ်ကို ရထားပြီးပြီ။ ဘယ်လိုလုပ်သေမှာလဲ"

သာမန်ဓားကျင့်ကြံသူများအတွက်ပင် လင်းချန် သေဆုံးကြောင်း မယုံကြည်နိုင်ကြရာ ကုရွှမ်လည်း လက်မခံနိုင်ခဲ့ပေ။

"ကြီးကြပ်သူစစ်ခုံက ရူးသွားတာလား။ အဓိပ္ပါယ်မရှိတာတွေ ပြောနေတယ်"

"အရိုးခြောက်စောင့်ရှောက်သူရဲ့ လူ မဟုတ်ဘူးလား။ ဘာလို့ ချက်ချင်း ဘက်ပြောင်းသွားတာလဲ"

သူတို့က နားမလည်နိုင်ဟန်ဖြင့် တီးတိုးပြောဆိုနေကြပြီး အခြေအနေ ရှုပ်ထွေးလာကာ ဓားအစောင့်အရှောက်၏ စကားသံ ထွက်ပေါ်လာပြန်သည်။

"ကုဂူနဲ့ နောက်လိုက်တွေက ကောင်းကင်ကြေးမုံကို ခိုးယူပြီး ပျက်စီးစေခဲ့တယ်။ ဓားအပျက်အစီးနယ်မြေအရ သေဒဏ်ထိုက်တဲ့ ပြစ်မှုပဲ"

ဤစကားကြောင့် ဆရာ တပည့် ဆက်ဆံရေး ဆုံးခန်းတိုင်ပြီဖြစ်ကြောင်း လူတိုင်း နားလည်သွား၏။

"ဟား ဟား မုကျန်းတန်း မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ငါ့အဖေသာ ပညာသင်မပေးခဲ့ရင် ဒီလိုအခြေအနေမျိုး ရောက်လာနိုင်မှာ မဟုတ်ဘူး။ ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့ကောင်။ သခင်လေးလင်းက မင်းနဲ့ အဆင့်အတန်းချင်း တူညီလို့ ကောင်းကင်ကြေးမုံကို အသုံးပြုခွင့်ရှိတယ်။ ပိုအရေးကြီးတာက သူဟာ ကပ်ဘေးဓားကို ငါတို့အတွက် ယူဆောင်လာပေးခဲ့တယ်။ ငါတို့ကို ဘာကိစ္စနဲ့ အပြစ်ပေးမှာလဲ"

ကုရွှမ်က ရုတ်တရယ် အော်ကြီးဟစ်ကျယ် ရယ်မော၍ ငေါက်ငမ်းလိုက်သည်။

"ဒါဆိုရင် ကပ်ဘေးဓားက ဘယ်မှာလဲ"

"ဒါ....ဒါကတော့ သခင်လေးလင်းနဲ့ ရှိနေမှာပေါ့"

မုကျန်းတန်းက ရုတ်တရက် မေးလိုက်သောအခါ ကုရွှမ်မှာ ကြက်ကြီး လည်လိမ်ထားသကဲ့သို့ ထစ်ထစ်အအဖြစ်သွားစဥ် ယွမ်ရှောင်သည် နှစ်ပေရှည်သော သစ်သားဓားတစ်လက်ကို မြှောက်ပြလာခဲ့သည်။ ကပ်ဘေးဓားကို ကုရွှမ်၏ သမက် အဆောင်ဧကရာဇ် ပိုင်ဆိုင်သောကြောင့် သူက ရင်းနှီးသည်ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသောကြောင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားခဲ့သည်။ ကပ်ဘေးဓား ယွမ်ရှောင်လက်အတွင်း ရှိနေကြောင်း သိလိုက်ရသောအခါ ဓားကျင့်ကြံသူများလည်း ဆူညံပွက်လောရိုက်ကုန်သည်။

"ကုဂူ ဒါကို ကြည့်လိုက်စမ်း"

ထို့နောက် ယွမ်ရှောင်သည် အနက်ရောင်သိုလှောင်အိတ်တစ်လုံးကို ထုတ်ပြလာသောအခါ လင်းချန်ထံ ကုဂူ ကိုယ်တိုင်ပေးခဲ့သော လက်ဆောင်ဖြစ်၍ ချက်ချင်း မှတ်မိသွားခဲ့သည်။ ကပ်ဘေးဓားရော ထိုအိတ်ပါ တစ်ဖက်လူလက်အတွင်း ရောက်နေသောကြောင့် အဖြေက ရှင်းလင်းနေပြီဖြစ်၏။

"လင်းချန်က ကောင်းကင်မြေကို ရသွားတဲ့အကြောင်း ဘယ်သူက သတင်းဖြန့်တယ်လို့ ထင်လဲ။ နိမ့်ကျတဲ့ ဓားကျွန်တစ်ယောက်က သခင်လေးယွမ်ကို စော်ကားရဲတယ်။ ကောင်းကင်မြေအသက်တံဆိပ်က ဘယ်သူ့လက်ထဲ ရောက်နေပြီဆိုတာ မှန်းကြည့်ပေါ့"

ထိုအချိန်၌ တုကုန်းယွမ်က နှာခေါင်းတစ်ချက်ရှုံ့၍ ဝင်ပြောလိုက်ပြီး ကုဂူနှင့် နောက်လိုက်များ၏ နားအတွင်း သံရည်ပူလောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး လူပြက်ပမာ လှောင်ပြောင်ခံလိုက်ရ၏။ သန်းချီသော ဓားကျင့်ကြံသူများသည် ယွမ်ရှောင်ကို စိုက်ကြည့်နေကြပြီး ကြောက်မက်ဖွယ် ပါရမီအပြင် လုပ်ရည်ကိုင်ရည်ရှိသောကြောင့် ယုံကြည်အားကိုးနိုင်ကြောင်း သဘောပေါက်ကုန်သည်။

"မဖြစ်နိုင်ဘူး။ သခင်လေးလင်းက အင်မော်တယ်လူဝင်စားတစ်ယောက်ပဲ"

ကုရွှမ်၏ စိတ်ဓာတ် ပျက်ပြားသွားကာ စကားမဆုံးခင်မှာပင် ယွမ်ရှောင်က သူ၏ နဖူးကို လှစ်ဟာပြခဲ့သည်။ ခရမ်းရောင်အသက်တံဆိပ် ထွက်ပေါ်လာပြီး ခေါင်းကိုးလုံးနဂါးတစ်ကောင် အသွင်သည် ယမမင်းတစ်ယောက်ပမာ ရစ်ခွေနေ၍ မရေမတွက်နိုင်သော ရုန်းများ ထင်ဟပ်နေ၏။ ၎င်းတွင် ရုန်းပေါင်း ရှစ်ထောင်ကျော် ရှိနေပြီး အချိန်တိုအတွင်း ဤပမာဏလောက်အထိ ရေးဆွဲနိုင်ခြင်းသည် လူအုပ်ကို မင်သက်သွားစေသည်။ ကုဂူနှင့် နောက်လိုက်များသည်လည်း မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကာ သံနံရံကို ကန်မိပြီဖြစ်ကြောင်း နားလည်သွား၏။

"ဆရာ ခင်ဗျား လက်လျှော့လိုက်ပါတော့"

မုကျန်းတန်းက တည်ငြိမ်စွာ သတိပေးလိုက်သောအခါ ကုဂူနှင့် ကုရွှမ်မှ လွဲ၍ ကြီးကြပ်သူငါးယောက်မှာ ဒူးထောက်တောင်းပန်လိုက်ကြသည်။

"ကျုပ်တို့ မျက်စိကန်းပြီး အစစ်အမှန်အင်မော်တယ်ကို စော်ကားမိခဲ့တယ်။ သခင်လေးယွမ်ရဲ့ လက်အောက်မှာ သေတဲ့အထိ တာဝန်ထမ်းဆောင်ချင်ပါတယ်။ ခွင့်လွှတ်ပေးပါ"

သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီး ကုမျိုးနွယ်ဝင်များ မဟုတ်လျှင် အသက်ရှင်ရန် အခွင့်အရေးရှိမည်ဟု မျှော်လင့်ထားကြ၏။

"သခင်လေးယွမ် ကုမျိုးနွယ်ဝင် သစ္စာဖောက်တွေကို ဖမ်းပေးရမလား"

ဖုန်းပုဟွေက မျက်နှာချိုသွေး၍ ပြောလိုက်သောကြောင့် ကုရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးမည်းများ ထွေးထုတ်လိုက်ရသည်။

"မင်းတို့က ဘိုးဘေးတွေ အနားယူနေတာကို ဖျက်ဆီးချင်နေတဲ့ သစ္စာဖောက်တွေပဲ"

ရွှမ်းကျန့်က ကုမျိုးနွယ်၏ ပြစ်မှုကို လူသိရှင်ကြား ထုတ်ပြောလိုက်သည်။

"သခင်လေးယွမ် ကျုပ်တို့ကို အခွင့်အရေးတစ်ခုလောက်ပေးပါ။ ဒီသစ္စာဖောက်တွေကို ရှင်းလင်းပြီးရင် ဓားအပျက်အစီးနယ်မြေက တစ်သားတည်း ဖြစ်လာလိမ့်မယ်"

ယွမ်ရှင်းဟယ်က တောင်းပန်လိုက်ပြန်သည်။

"မလိုအပ်ဘူး။ မင်းတို့ရဲ့ အမှားအတွက် ပေးဆပ်ချင်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်"

ယွမ်ရှောင်၏ စကားကြောင့် ထိုငါးယောက်မှာ မျှော်လင့်ချက်မဲ့သွားကာ တစ်ဖက်လူသည် သနားကရုဏာကြီးမားသော သူတော်ကောင်း မဟုတ်ကြောင်း နားလည်သွားခဲ့၏။

"ဓားအစောင့်အရှောက် ကျုပ်ကို အစီအရင် ဗဟိုချက် ပေးပါ"

"ဒီကောင့်ကို သတ်ကြ"

ယွမ်ရှောင်က တောင်းဆိုလိုက်သည့် အခိုက်တွင် ကုဂူသည် မထူးဇာတ်ခင်းရန် အမိန့်ပေးလိုက်ပြီး ကုရွှမ် ဦးဆောင်ကာ ကြီးကြပ်သူငါးယောက် တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ ဓားအစောင့်အရှောက်သည် အချင်းတစ်မီတာလောက်ရှိသော အဖြူရောင် အလင်းလုံးသဏ္ဍာန် အစီအရင်ဗဟိုချက်ကို ယွမ်ရှောင်ထံ ကမ်းပေးလာ၍ အစီအရင်ဆုံချက် ၉၉ခု နှင့် ချိတ်ဆက်ထား၏။

"သခင်လေးယွမ် ဂရုစိုက်ပါ"

ကြီးကြပ်သူခြောက်ယောက် တိုက်ခိုက်လာသောကြောင့် ဓားကျင့်ကြံသူများက စိုးရိမ်တကြီး အော်ဟစ်လိုကိကြသည်။ သူက တစ်ချက်ပင် မကြည့်ဘဲ အသက်တံဆိပ်နှင့် ဗဟိုချက်ကို ပေါင်းစပ်၍ ငါးခုမြောက်အသွင် အစီအရင်နတ်ဘုရားကို အသုံးချလိုက်သည်။ ၎င်းတို့ ပေါင်းစပ်သွားသော အခိုက်တွင် အစီအရင်ဆုံချက်များသည် ခရမ်းရောင် ပြောင်းလဲသွားပြီး ဓားအပျက်အစီးနယ်မြေအပေါ် ဖုံးလွှမ်းနေသည့် ပိုက်ကွန်ကြီးမှာလည်း ခရမ်းရောင် ခေါင်းကိုးလုံး နဂါးအသွင် ဖြစ်လာခဲ့၏။

"အဖေ မုကျန်းတန်းကို ထိန်းချုပ်ထားလိုက်။ ကျုပ် ယွမ်ရှောင်ကို သတ်မယ်"

ကုရွှမ်က ရုတ်တရက် ခုန်ထွက်၍ ဓားအပျက်အစီးနယ်မြေ၏ တတိယမြောက် အသန်မာဆုံးလူ ဖြစ်သောကြောင့် ဓားဝိညာဉ်တွင် ဓားအော်ရာ ရှစ်ထောင်ကျော်နှင့် ငရဲနတ်ဆိုး ဓားစက်ကွင်းများ ပိုင်ဆိုင်ထား၏။

"ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"

သူ၏ ဓားချက်က တောင်ကြီးတစ်ခုလုံးကို နှစ်ခြမ်းကွဲလောက်အောင် ပြင်းထန်သော်လည်း ယွမ်ရှောင်သည် အေးစက်စက် စိုက်ကြည့်၍ အသက်တံဆိပ်ကို ထိန်းချုပ်နေခဲ့သည်။

"ဘုန်း"

ခရမ်းရောင် နဂါးကြီးက ဓားစွမ်းအင်များ ထွေးထုတ်လိုက်သောအခါ မြစ်တစ်စင်းပမာ စီးကျလာပြီး ကုရွှမ်အား ဝါးမျိုသွားသဖြင့် ခဏအတွင်း အရိုးစုသာ ကျန်ရစ်သည်အထိ အငွေ့ပျံသွားခဲ့သည်။ တစ်ဖက်လူသည် ပျက်သုဥ်းရေး ဓားအစီအရင်ကို အဆင့်မြှင့်တင်လိုက်သောကြောင့် ကျန်ငါးယောက်မှာလည်း ထုံထိုင်းသွားစဥ် ဓားစွမ်းအင်များအတွင်း အတူတကွ ပျောက်ကွယ်သွားခဲ့ကာ ကုဂူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

ယွမ်ရှောင်က ထောင်စောင့်နဂါးတံဆိပ်၏ အစွမ်းကို ပထမဆုံးအကြိမ် အသုံးချခြင်းဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပြီး ကြီးကြပ်သူခြောက်ယောက် မျက်တောင်တစ်ခတ်အတွင်း အရိုးစုဖြစ်ကုန်သည်။

"ဒီအစီအရင်ကို အလကားသုံးလို့ရတယ်များ ထင်နေလား။ ဒီတိုက်ခိုက်မှုက အင်မော်တယ်ကျောက်စိမ်း သန်းနှစ်ဆယ်လောက် ကုန်သွားပြီနော်"

ကြယ်ပြာက လှောင်ပြုံးနှင့် သတိပေးလာသဖြင့် ငွေကြေး အရေးကြီးပုံကို ယွမ်ရှောင် သတိပြုမိလိုက်သည်။ လက်ရှိတွင် အန္တရာယ်ပေးနိုင်သူမှာ ကုဂူတစ်ယောက်တည်းသာ ကျန်ရစ်ပြီး သေခြင်းတရားကို အရာအားလုံးထက် ကြောက်ရွံ့သူသည် တစ်ကိုယ်ကောင်းဆန်၍ မျိုးဆက်သစ်များစွာကို လောဘအတွက် စတေးခဲ့လေသည်။

All Chapters