မြန်မာသို့
Vol. 5 Ch. 493
အမှောင်ကဝေဂိုဏ်းသည် တရုတ်၏အင်အား အကြီးဆုံး ရှေးဟောင်း ကဝေဂိုဏ်းကြီး ဖြစ်သည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က အမှောင်ကဝေဂိုဏ်း၏ မဟာကဝေသည် တရုတ် နိုင်ငံအား ဖြတ်သန်းကာ ကောင်းကင် သခင်ဂိုဏ်းချုပ်ကို သတ်ဖြတ် ပစ်ခဲ့သည်။ သူ၏ လက်ထက်၌ အမှောင်ကဝေဂိုဏ်းသည် တရုတ်အား နှစ်ပေါင်း ရာချီအောင် စိုးမိုးနိုင်ခဲ့သည်။ ထိုကာလများ အတွင်း၌ တရုတ်၏ ဧကရာဇ်ပင်လျှင် မဟာကဝေကို "ဆရာ" သူသော နာမ်စားကို သုံး၍ ခေါ်ဆိုရသည်။
လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ခန့်က ရဲ့ချင်စန်းသည် အမှောင်ကဝေဂိုဏ်းအား တစ်ကိုယ်တော် နှိမ်နင်းက တရုတ်မှ နှင်ထုတ် ပစ်ခဲ့သည်။ မဟာကဝေသည် ရဲ့ချင်စန်းကို တန်ပြန် တိုက်ခိုက်ခဲ့သော်လည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
မရှုမလှ ရှုံးနိမ့်ပြီးနောက် အမှောင်ကဝေဂိုဏ်းသည် မြန်မာဘက်သို့ ထွက်ပြေးလာကာ အမှောင်တောင်တန်း၌ အခြေစိုက်ခဲ့သည်။ ထို့နောက် အချိန်တို အတွင်းမှာပင် အင်အား ပြန်လည် စုစည်းနိုင်ခဲ့ကာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကဝေဂိုဏ်းကြီး ဖြစ်လာခဲ့သည်။ မြန်မာ အစိုးရပိုင်း ပင်လျှင် အမှောင်ကဝေဂိုဏ်းကို သွားမရှုပ်ဝံ့ချေ။
"အမှောင်ကဝေဂိုဏ်းမှာ မဟာကဝေ အပြင် ပြည့်စုံခြင်းအဆင့် ကဝေကိုးယောက်နဲ့ တပည့် တစ်ရာကျော် ရှိတယ် … မဟာကဝေက သူ့ရဲ့ ယုတ်မာခြင်းခုနစ်ပါး နတ်ဘုရားဝိညာဉ် ကျင့်စဉ်ကို အောင်မြင်ဖို့ အတွက် မိတ်ဖက် ဝိညာဉ်တွေကို ရှာနေခဲ့တယ်"
ကဝေဝိညာဉ်များထံမှ အချက်အလက်များကို စစ်ဆေးပြီးနောက် ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။
"ပြည့်စုံခြင်း ကဝေကိုးယောက် … အမှောင်ကဝေဂိုဏ်းက တကယ် မထိသင့်တဲ့ အင်အားစုပဲ …"
ယူကီရှီရိုဆာက မှတ်ချက်ချသည်။
"အင်း ဟုတ်တယ် … မဟာကဝေက တန်ခိုးရှင် အဆင့်တွေထဲမှာတောင် ထိပ်ဆုံး အဆင့်ရှိတဲ့ တစ်ယောက်ပဲ … နျူကလိယ မပေါ်ခင် တုန်းကဆို ဘယ်လောက်တောင် အင်အား ကြီးမယ် မသိဘူး …"
ချန်းဖန်က ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူက အဝါရောင် ကျောက်မျက် အတွင်းမှ ဝိညာဉ်များကို ထုတ်ယူကာ မီးတောက်ဖြင့် လောင်ကျွမ်း ပစ်လိုက်သည်။
"ချန်းပေ့ရွှမ်း … အားလုံး ပြောပြရင် လွှတ်ပေးမယ်လို့ မင်း ကတိပေးထားတယ်လေ … ဒါက ဘာအဓိပ္ပာယ်လဲ …"
ကဝေဘုရင်၏ ဝိညာဉ်က မီးတောက်များ အကြားမှ နာကျင်စွာ အော်ဟစ်လိုက်သည်။
"ငါ လိမ်တာ …"
ချန်းဖန်က ထူးမခြားနား ပြန်ပြောလိုက်သည်။ သက်ရှိ သေမျိုးများနှင့် ကတိကဝတ်များက သူ့အား ထိန်းချုပ်ရန် အဆင့်မမီချေ။
"ချန်းပေ့ရွှမ်း … သောက်ရေး မပါတဲ့ ခွေးကောင် … ငါ့အဖေက မင်းကို သတ်လိမ့်မယ်ကွ … ဟားဟား …"
ကဝေဘုရင်က နာကျင်စွာ အော်ဟစ် ရယ်မောသည်။ သိပ်မကြာခင်မှာပင် ကဝေဘုရင်၏ ဝိညာဉ်သည် မီးတောက်များ၏ လောင်ကျွမ်းမှု၌ ပြာကျ ပျောက်ကွယ် သွားခဲ့ရတော့၏။
"နင် ဒီမှာပဲ စောင့်နေလိုက်တော့နော် … ငါ သွားမယ့် နေရာက အန္တရာယ် ရှိတယ် … နင်သာ ပါလာမယ် ဆိုရင် ငါ့အတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ် …"
ကဝေဘုရင်၏ ဝိညာဉ်ကို အဆုံးသတ် ပြီးသည်နှင့် ချန်းဖန်က ယူကီရှီရိုဆာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ယူကီရှီရိုဆာက လိုက်နာစွာပင် ခေါင်းညိတ်သည်။
***
မြန်မာ-တရုတ် နယ်စပ် တစ်နေရာတွင် …
စစ်ယူနီဖောင်းကို ဆင်မြန်းထားသော မြန်မာစစ်သား တစ်စုသည် စစ်ဆေးရေးဂိတ်၌ အလုပ်များ နေကြ၏။
"စိတ်ရှုပ်စရာ ကောင်းလိုက်တာကွာ … ဒီရာသီဆို အလုပ်က ရှုပ်တော့တာပဲ"
"ဒါက ပုံမှန်ပဲလေ … တရုတ်တိုးရစ်တွေ စီးပွားရေး သမားတွေ ဟိုဘက်ဒီဘက် အိမ်ဦးနဲ့ ကြမ်းပြင် ကူးနေကြတာပဲ …"
စစ်သားများကား အလုပ်များသော ရာသီအတွက် စိတ်ပျက် လက်ပျက် ဖြစ်နေကြပုံ ပေါ်သည်။
"ဟေ့ကောင်တွေ … ကောင်းကင်ကို ကြည့်လိုက်စမ်း …"
ရုတ်တရက် စစ်သား တစ်ယောက်က မိုးကုပ် စက်ဝိုင်းဆီသို့ လက်ညှိုးထိုးပြလိုက်၏။
အခြား စစ်သားများက ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ အလင်း၏ အမြန်နှုန်းဖြင့် ချဉ်းကပ်လာသော အဇူရာအလင်း တစ်ခုကို တွေ့မြင်ရသည်။
"ဘုန်း …"
အလင်းက စက္ကန့်ပိုင်းတွင်ပင် သူတို့၏ အရှေ့၌ ကျဆင်းကာ ဆံပင်ရှည်ရှည်၊ ချောမော ခန့်ညားသော လူငယ် တစ်ယောက် အသွင် ပြောင်းလဲသွား၏။
"ဒါက မြန်မာ နယ်စပ် ဟုတ်ရဲ့လား …"
လူငယ်က ဗမာစကားဖြင့် မေးလိုက်သည်။ သူ၏ လေသံက အစပိုင်းတွင် အနည်းငယ် လေးလံနေသယောင် ထင်ရသော်လည်း အလယ် ရောက်သည်နှင့် ချောမွေ့သွားသည်။
"ဟုတ်ပါတယ် …"
စစ်သား ခေါင်းဆောင်က တုန်ရီစွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျေးဇူးပဲ …"
စကားသံ ဆုံးသည်နှင့် လူငယ်၏ ခန္ဓာကိုယ်က အဇူရာ အလင်း အသွင်ပြောင်းကာ မျက်တောင် တစ်ခတ်အတွင်း ပျောက်ကွယ် သွားတော့သည်။
"ဆရာကြီး … ကျုပ်တို့ ဘာလုပ်ကြမလဲ … အထက်ကို တင်ပြကြမလား …"
စစ်သားများက ခေါင်းဆောင်ထံသို့ ကြည့်ရင်း ကြောက်ရွံ့စွာ မေးလိုက်ကြသည်။
"မလိုတော့ဘူး … ပညာရှင်တွေရဲ့ ကိစ္စမှာ ဝင်မရှုပ်ဖို့ အထက်က မှာထားတယ်"
ခေါင်းဆောင်က ခေါင်းကိုခါရင်း ဆိုလိုက်တော့သည်။
***
နာရီပိုင်းမျှ အချိန်အတွင်းမှာပင် ချန်းဖန်သည် ဗန်းမော်၊ မန္တလေး၊ မိတ္ထီလာ မြို့များကို ဖြတ်သန်း၍ နေပြည်တော် မြို့အနီးသို့ ရောက်ရှိလာခဲ့သည်။
"ဒါက မြန်မာနိုင်ရဲ့ မြို့တော်လား …"
မြို့ပြင်ရှိ တောင်ကုန်း တစ်ခုထက်၌ ရပ်ရင်း ချန်းဖန် မြို့အား လှမ်းမျှော် ကြည့်လိုက်သည်။
နေပြည်တော်မြို့ ...
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သော်လည်း လူဦးရေမှာ တစ်သန်း မပြည့်ချေ။ ၂၀၁၀ ခုနှစ်သည် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ကာလဖြစ်ရာ စီးပွားရေး အခြေအနေမှာလည်း ကောင်းစွာ မဖွံ့ဖြိုး သေးပေ။
ထိုကာလ၌ မြန်မာနိုင်ငံ လူဦးရေ ၀.၅ ရာခိုင်နှုန်းသာ လက်ကိုင်ဖုန်းများကို ကိုင်ဆောင် နိုင်ကြပြီး ထိုအရာကိုပင်လျှင် ချမ်းသာမှု၏ သင်္ကေတဟု ယူဆကြသည်။
ချန်းဖန် အနေဖြင့်မူ နေပြည်တော်အား အထူးတလှယ် စိတ်ဝင်စားချင်းမျိုး မရှိချေ။ သူ၏ ပစ်မှတ်က အမှောင်ကဝေဂိုဏ်း တည်ရှိရာ အမှောင်တောင်တန်းသာ ဖြစ်သည်။
"ကျုပ် ချန်းပေ့ရွှမ်း အမှောင်ကဝေဂိုဏ်းက မဟာကဝေဆီကို အလည်လာတယ် … မဟာကဝေ ထွက်တွေ့စမ်း …"
ချန်းဖန်က တောင်ကုန်းထက်၌ ရပ်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ၏ အသံက မြို့၏ မိုးကုပ်စက်ဝိုင်းကို ဖြတ်ကာ အရပ်မျက်နှာ ရှစ်ခုသို့ လှိုင်းတစ်ခု အလား ပျံ့နှံ့သွားတော့၏။
အမှောင်ကဝေဂိုဏ်းသည် အမှောင်တောင်တန်းတွင် အခြေစိုက်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များက အမှောင်ကဝေဂိုဏ်းသည် အမှောင်တောင် တစ်ဖြစ်လဲ မီးတောင်မြုံအား ရှင်းလင်းကာ အခြေစိုက် စခန်းအဖြစ် ပြုပြင်ခဲ့သည်။
မီးတောင်မြုံရှိရာ အမှောင်တောင်တန်းကား အဆိပ်မီးများ၊ ယင်ချီများနှင့် ပြည့်နှက်နေသော နေရာဖြစ်ရာ ယုတ်မာခြင်း အမှောင်ချီကို လေ့ကျင့်သည့် အမှောင်ကဝေဂိုဏ်း အတွက် အံကိုက်ပင် ဖြစ်သည်။
"ဟူး …"
အမှောင်တောင်၏ အတွင်းပိုင်းတွင် ကျောက်ရည်ပူများက ပြင်းထန်စွာ စီးဆင်းနေ၏။ ထိုကျောက်ရည်ပူများသည် အမှောင်ကဝေများ အတွက် စွမ်းအား ရင်းမြစ်များပင် ဖြစ်သည်။
ကျောက်ရည်ပူမြစ်၏ ဘေး၊ ခုနစ်မီတာခန့် မြင့်သော စင်တစ်ခုပေါ်တွင် အနက်ရောင်ဝတ် အဘိုးအို တစ်ဦး တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ ဝင်သက်၊ ထွက်သက်တိုင်း၌ ပတ်ဝန်းကျင်ရှိ ယုတ်မာခြင်း အမှောင်ချီများက အဘိုးအို၏ ခန္ဓာကိုယ် အတွင်း အရူးအမူး တိုးဝင်နေကြသည်။
အဘိုးအိုနှင့် ခပ်လှမ်းလှမ်း ဂူတစ်ခုရှိ သံလှောင်အိမ် အတွင်းတွင်မူ လူခုနစ်ယောက် ရှိနေခဲ့၏။
"ဟေး ... အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ သိလား … ဟိုအဘိုးကြီး တော်တော် ဒေါသထွက်နေပုံ ရတယ် …"
အရှေ့တောင် အာရှသား အသားအရေ ခပ်မည်းမည်းကို ပိုင်ဆိုင်ထားသော လူငယ်က မေးလိုက်သည်။
"မသိဘူး … ဂျွန် နင်က ဒီကို အရင်ဆုံး ရောက်နေတဲ့သူ ဆိုတော့ ဘာတွေ ဖြစ်နေလဲ တွေးမိလား …"
လှပသော ကိုယ်လုံးနှင့် ကြေးနီရောင် အသားအရေပိုင်ရှင် မိန်းကလေးက ခေါင်းခါရင်း မေးမြန်လိုက်သည်။
"ငါဒီကို ရောက်လာတာ သုံးလလောက် ရှိပြီ … ဟိုအဘိုးကြီးက တစ်လနေမှ မျက်လုံးကို တစ်ကြိမ်တောင် ဖွင့်ချင်မှ ဖွင့်တာ … ဒါပေမဲ့ တရုတ် ကောင်မလေး ရောက်လာတဲ့ နောက်ပိုင်းမှာ သူ့ပုံစံက ပိုပြီး တက်ကြွလာတယ် … ငါ နားစွန်နားဖျား ကြားရသလောက်ဆို အခမ်းအနား အတွက် ပစ္စည်း အစုံအလင် ရပြီ ဆိုသလားပဲ …"
ဂျွန်သည် ဆံပင် ရွှေဝါရောင် လူဖြူ တစ်ယောက် ဖြစ်သည်။ သူက အင်္ဂလိပ် ဘာသာဖြင့် ပြောလိုက်သည်။
"သူ … သူ ပြောတာ ငါတို့များလား … ငါတို့ကို ဘာလုပ်မလို့လဲ …"
ခန္ဓာကိုယ် သေးသေး ကိုရီယား မိန်းကလေးက တုန်ရီစွာ မေးသည်။
"ငါလည်း မသိဘူး … ဒါပေမဲ့ ဆိုးဆိုးဝါးဝါး တစ်ခုတော့ သေချာတယ် …"
ဂျွန်က ခေါင်းခါလိုက်သည်။
သူ၏ စကားကြောင့် အခြားလူများ မျက်နှာများ ပျက်သွားကြသည်။
"ဝမ်ကျင်း … နင် ကြောက်လား …"
အနက်ရောင် ဆံပင်ရှည် မိန်းကလေးက သံလှောင်အိမ် ထောင့်တစ်ခု၌ တိတ်ဆိတ်စွာ ထိုင်နေသော မိန်းကလေးကို မေးလိုက်သည်။
"ငါ့ရဲ့ ကံကြမ္မာက မွေးလာကတည်းက ခုလို ဖြစ်လာဖို့ သတ်မှတ်ပြီးသားပါ … သူ့ကြောင့်သာ မဟုတ်ရင် စုန်းတစ္ဆေဂိုဏ်း သခင်လေးဆီမှာ ငါသေနေလောက်ပြီ …"
"ငါမကြောက်ဘူး ဆိုပေမဲ့လည်း သူ့ကိုတော့ နောက်တစ်ကြိမ်လောက် တွေ့ချင်မိသေးတယ်"
မိန်းကလေးက ခပ်တိုးတိုး ပြန်ဖြေသည်။
သူမကား အခြားသူ မဟုတ်ချေ။ ချန်းဖန်၏ သူငယ်ချင်း ယုဝမ်ကျင်းပင် ဖြစ်သည်။
"သူက ဘယ်သူလဲ … နင့်ရည်းစားလား …"
ဆံပင်ရှည် မိန်းကလေးက မေးသည်။
သံလှောင်အိမ် အတွင်း၌ တရုတ်လူမျိုး ဆို၍ သူမနှင့် ယုဝမ်ကျင်းတို့ နှစ်ယောက်သာ ရှိသည်။ ထို့ကြောင့်ပင် အခြားလူများထက် သူတို့ နှစ်ယောက်သည် ပိုမို နီးစပ်မှု ရှိ၏။
"သူက ငါ့ရဲ့ သူငယ်ချင်းပါ … ဒါပေမဲ့ သူက လျင်လျင်မြန်မြန်ပဲ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့ပြီးတော့ ငါ့ထက် အဆတစ်ရာ တစ်ထောင်မက မြင့်မားတဲ့ အဆင့်မှာ ရပ်တည် နေနိုင်ပြီ … နောက်ပြီး သူက အခြား မိန်းကလေး တစ်ယောက်ဆီကို ပါသွားပြီလေ … ဘာပဲဖြစ်ဖြစ် နောက်ဆုံး တစ်ကြိမ်လောက် သူ့ကို တွေ့ရရင်ပဲ ငါသေပျော်ပါပြီ …"
ယုဝမ်ကျင်းက ခေါင်းငုံ့ရင်း ပြန်ဖြေလိုက်သည်။
"ဟွန့် နင်က သူ့ကို အရမ်း အထင်ကြီး နေတာပဲ … အခု နင် ဒုက္ခရောက်နေတဲ့ အချိန်မှာ သူ ပေါ်လာလို့လား …"
အခြား မိန်းကလေး တစ်ယောက်က နှာခေါင်းရှုံ့ရင်း ဝင်ပြောသည်။
"ငါ့ရဲ့ ကောင်ကတော့ လူတွေ ငါ့နောက်ကို လိုက်နေတာ သိတာနဲ့ ငါ့ကို ထားခဲ့တော့တာပဲ … ငါသာ ဒီကနေ အသက်ရှင်လျက် ထွက်နိုင်ရင် အဲဒီခွေးကောင်ရဲ့ မျက်နှာကို သွားကန်ပစ်ဦးမှာ …"
ဆံပင်ရှည်ရှည် မိန်းကလေးက မြေပြင်အား ဆောင့်ကန်ရင်း ပြောသည်။ ထို့နောက် သူမ၏ မျက်နှာက စိတ်ကူးယဉ် ကမ္ဘာအတွင်း ကျရောက်ကာ နူးညံ့သွား၏။
"တကယ်လို့ မင်းသားလေး တစ်ပါးသာ ငါ့ကို လာပြီး ကယ်ရင် အရမ်းကောင်းမှာပဲ … ငါ သူ့ကို ဒီနေရာမှာတင် လက်ထပ်လိုက်မယ် … အရမ်းကို ရိုမန့်တစ် ဆန်မှာပဲနော် …"
ယုဝမ်ကျင်းက မိန်းကလေး၏ ရူးကြောင်ကြောင် အတွေးကြောင့် ပါးစပ်ကို ပိတ်ရင်း ရယ်လိုက်မိသည်။
"မင်းသားလေး အစား အရုပ်ဆိုးဆိုး ဘီလူးကြီး လာကယ်မယ် ဆိုရင်ရော …"
ယုဝမ်ကျင်း၏ တန်ပြန် မေးခွန်းက ဆံပင်ရှည် မိန်းကလေး၏ မျက်နှာကို ရှုံ့မဲ့ သွားစေသည်။ သို့သော်လည်း သူမက ချက်ချင်းပင် ပြန်လည် ချေပလိုက်၏။
"သူ ရုပ်ဆိုးလည်း ငါဂရုမစိုက်ဘူးဟာ … ဒီနေရာကသာ လွတ်မယ် ဆိုရင် သူ ဘာလုပ်လုပ် … နင် သိတယ် မလား … အမှောင်ထဲမှာဆို အားလုံးက အတူတူပဲလေ … ဒါပေမဲ့ဟာ အရုပ်ဆိုးဆိုး ဘီလူးကြီးတောင် ငါတို့ကို လာကယ်မှာ မဟုတ်ပါဘူး … ဟို အဘိုးကြီးကို ဘယ်သူမှ နိုင်မှာ မဟုတ်ဘူး"
မျှော်လင့်ချက် မရှိတော့ကြောင်း တွေးမိသည်နှင့် မိန်းကလေး၏ ပါးပြင် နှစ်ဖက်၌ မျက်ရည်များ စီးကျလာသည်။
ယုဝမ်ကျင်းက မိန်းကလေးအား အသာအယာ ပွေ့ဖက်၍ နှစ်သိမ့်လိုက်သည်။
"ရှောင်ဖန်ရေ … ငါတို့လည်း နောက်တစ်ကြိမ် ဆုံဖြစ်မှာ မဟုတ်တော့ဘူး ထင်ပါတယ် …"
ထိုအချိန်တွင်ပင် တောင်တန်းများအား ဖြတ်ကျော်၍ ကျယ်လောက်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့၏။
"ကျုပ် ချန်းပေ့ရွှမ်း အမှောင်ကဝေဂိုဏ်းက မဟာကဝေဆီကို အလည်လာတယ် … မဟာကဝေ ထွက်တွေ့စမ်း …"
***