ဓားအပျက်အစီးနယ်မြေ စည်းလုံးမှု
Vol. 25 Ch. 321
"သခင်လေးယွမ်"
အော်ဟစ်အားပေးသံများက နယ်မြေတစ်ခွင် ပဲ့တင်ထပ်နေပြီး ကြီးကြပ်သူခြောက်ယောက် အပြစ်ပေးခံလိုက်ရသော မြင်ကွင်းသည် ဓားကျင့်ကြံသူများ၏ စိတ်ဓာတ်ကို တက်ကြွစေသည်။ နားကွဲမတတ် ကျယ်လောင်သော အားပေးသံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာပြီး တစ်ချိန်က ကုဂူ အုပ်စိုးခဲ့သော နေရာမှာ အသစ်ပြောင်းလဲသွားခဲ့၏။
"ဆရာ သတိပြန်ဝင်သင့်ပါပြီ။ ခင်ဗျားက နယ်မြေတစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီ"
"ဒီလောက်နှစ်တွေအကြာကြီး ကောင်းမွန်လာပေမယ့် သေရမှာကိုတော့ အဲ့လောက် ကြောက်ရသလား"
"ဓားအစောင့်အရှောက်တွေထဲမှာ ကုဂူက အရှက်ရစရာပဲ"
"ခင်ဗျားက ကိုယ့်ဓားကို သစ္စာဖောက်ခဲ့တယ်။ ဘာကြောင့် အမွေအနှစ်ကောင်းကောင်း ထားခဲ့ဖို့ မစဥ်းစားရတာလဲ"
မုကျန်းတန်း၏ သတိပေးစကားသံနှင့်အတူ ပြစ်တင်ကဲ့ရဲ့သံများ ဟိုမှသည် ထွက်ပေါ်လာ၏။
"ထာဝရ အသက်မရှင်နိုင်ရင် ဘာကြောင့် ကျင့်ကြံနေမှာလဲ။ ငါက ဘက်မှားရွေးလိုက်မိရုံပဲ။ ဘာမှပြောစရာမရှိတော့ဘူး။ ငါ့မျိုးဆက်တွေကို သတ်ပစ်လိုက်တာကလည်း ယွမ်ရှောင်ပဲ။ ငါနဲ့ မသက်ဆိုင်ဘူး"
ဂျောင်ပိတ်မိနေသော ကျားအိုတစ်ကောင်ကဲ့သို့ ကုဂူမှာ ယွမ်ရှောင်ကို လုပ်ကြံရန် ချောင်းမြောင်းနေသည်။
"ခင်ဗျားပြောတာ မှန်တယ်။ ကျုပ် သတ်လိုက်တာပဲ။ လမ်းပိတ်နေရင်တော့ သတ်စရာရှိ သတ်ရမှာပဲ"
ကုဂူသည် တစ်ဖက်လူကို အပြစ်သားအဖြစ် တံဆိပ်ခတ်ပေးချင်သော်လည်း ယွမ်ရှောင်သည် ရိုးရိုးရှင်းရှင်းပင် ဝန်ခံလိုက်သောကြောင့် ဂုဏ်သတင်းပျက်စီးစရာ မရှိချေ။ ဓားကျင့်ကြံသူတိုင်းက သူ၏ ရက်စက်ကြမ်းကြုတ်မှုသည် ဓားအပျက်အစီးနယ်မြေကို တောက်ပသော အနာဂတ်သို့ ခေါ်ဆောင်သွားနိုင်မည်ဟု ယုံကြည်စပြုလာ၏။ လူထုထောက်ခံမှုအရလည်း ကုဂူသည် တစ်ပန်းရှုံးနေပြီး အေးစက်စက် လှောင်ရယ်သံများက တစ်သက်လုံး တည်ဆောက်လာခဲ့သော ဂုဏ်သိက္ခာကို နင်းချေသွားကြသည်။ အထင်သေးသော အကြည့်တိုင်းသည် ဓားအလက်ပေါင်းများစွာ ထိုးစိုက်နေသကဲ့သို့ နာကျင်စေပြီး လက်ခံနိုင်စွမ်းလည်း မရှိသောကြောင့် သူက တစ်ဖက်လူအပေါ် အပြစ်ပုံချလိုက်သည်။
"မင်း သေရမယ်"
ကုဂူသည် အသက်ဓာတ်ကို လောင်ကျွမ်းလိုက်ပြီး ဓားအော်ရာ ကိုးထောင်ကျော်နှင့် အဝါရောင်ဓားဝိညာဥ်အတွင်း ချီစွမ်းအင် ထောက်ပံ့ပေးလိုက်သည်။ ဓားက သေခြင်းတရားအငွေ့အသက်များ ပြည့်နှက်လာကာ အဝါရောင်စွမ်းအင်ဝဲတစ်ခု ဖြစ်တည်လာ၍ ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် ခြောက်သွေ့သေဆုံး၍ မြက်တစ်ပင်မျှ မကျန်ရစ်ခဲ့ပေ။
"အစစ်အမှန် အင်မော်တယ်ဆိုရင်တောင် သေတတ်တယ်"
သူက အစွမ်းကုန်ကြုံးဝါး၍ ဓားမြှောင်အသွင်ဖြင့် ပစ်ခတ်လိုက်သောအခါ တန်ပြန်အားကြောင့် ကျင့်ကြံသူများစွာကို လွင့်ထွက်သွားစေသည်။ အဝါရောင်စွမ်းအင်ဝဲက ၎င်းပတ်လည်တွင် လှည့်ပတ်နေကာ အချိန်ခဏအတွင်း ကမ္ဘာကြီးတစ်ခုလုံး အလင်းရောင် မှိန်ကျသွား၏။ ပျက်သုဥ်းရေး ဓားအစီအရင်သာ မရှိလျှင် အသတ်ခံရနိုင်ချေ ရှိသော်လည်း ယွမ်ရှောင်အတွက် ကံကောင်းသောနေ့ပင်။ ကုဂူသည် အစွမ်းကုန် ထုတ်သုံးထားသောကြောင့် တစ်ကိုယ်လုံး အသားစများ အက်ကွဲ၍ သွေးများ စီးထွက်နေကာ ဓားချက်အပေါ် အသက်ကို ပုံအပ်ထား၏။
"ကျုပ် ကိုင်တွယ်လိုက်မယ်"
"မလိုအပ်ဘူး။ ခင်ဗျားတို့က ဆရာတပည့်ဆိုတော့ ကျုပ်ပဲ ရှင်းပစ်လိုက်မယ်"
မုကျန်းတန်းက ဝင်ရောက် ကာကွယ်ပေးလိုသော်လည်း ယွမ်ရှောင်သည် ငြင်းဆန်၍ အစီအရင်ဗဟိုချက်ကို လေပေါ်သို့ မြှောက်ကိုင်လိုက်၏။ ထိုအချိန်တွင် အမြစ်မဲ့မြက် သိုင်းကွက်ဖြင့် ပစ်ခတ်လိုက်သော ဓားမြှောင် နီးကပ်လာသဖြင့် ရောက်လေရာရာ သစ်ပင်များ ခြောက်သွေ့ သေဆုံးကုန်သည်။ သူက မျက်နှာသေဖြင့် တည်ငြိမ်စွာ ရပ်နေပြီး ပျက်သုဥ်းရေး ဓားအစီအရင်မှ ခရမ်းရောင်ဓားအလင်းများသည် ခေါင်းကိုးလုံးနဂါးတစ်ကောင် ရစ်ပတ်နေသည့် ဓားမြှောင်အဖြစ် စုဝေးသွား၏။ လက်ဟန်တစ်ခု ပြုလိုက်သောအခါ အစီအရင်သည် ဓားမြှောင်ကို အမြစ်မဲ့မြက် ဓားချက် အသုံးပြု၍ ပစ်ခတ်လာသောအခါ စွမ်းအားချင်း ကွာခြားလွန်းနေရာ ကုဂူ စိတ်ဓာတ်ကျသွား၏။
ပျက်သုဥ်းရေး ဓားအစီအရင်မှတစ်ဆင့် သိုင်းကွက်တစ်ခု အသုံးပြုလိုက်ခြင်းသည် မုကျန်းတန်းကိုပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူက ၎င်းကို နှစ်ပေါင်းများစွာ ထိန်းချုပ်ဖူးသော်လည်း အစီအရင်များမှာ ပုံသေကားကျ လှုပ်ရှားသည်ချည်းဖြစ်၍ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ကုဂူသည်လည်း မျက်လုံးများ ပြူးထွက်နေပြီး ဓားကျင့်ကြံသူသန်းချီက အော်ဟစ် အားပေးနေကြစဥ် ဓားမြှောင်နှစ်ခု တွေ့ဆုံသွားသည်။ အဝါရောင်ဓားဝိညာဥ်မှာ ခရမ်းရောင်ဓားမြှောင်ကြောင့် အငွေ့ပျံသွားပြီး ထိခိုက်မှုကြောင့် သူသည် သွေးများ အဆက်မပြတ် အန်ချနေလိုက်မိ၏။ ထို့နောက် ခရမ်းရောင် ဓားအလင်းများက ဝါးမျိုသွားသဖြင့် ကုဂူသည် အမည်ခံ အင်မော်တယ် နန်းတော်ရှေ့တွင် အရိုးစုတစ်ခုအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။
"ကျုပ်တို့ကို ဓားတာအိုရဲ့ ခေတ်သစ်တစ်ခုဆီ ခေါ်သွားပေးပါ"
အသက်ဆယ်ရှိုက်အကြာတွင် ဓားကျင့်ကြံသူတိုင်းသည် ကောင်းကင်သို့ ဓားဝိညာဥ်ကိုယ်စီဖြင့် ချိန်ရွယ်၍ တခဲနက် တိုင်တည်လိုက်ကြသည်။
"ဓားအပျက်အစီးနယ်မြေက ကျုပ်ကို ထောက်ခံပေးခဲ့တယ်။ ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်မယ်။.အခုကစပြီး ဓားတာအိုကို ဆန့်ကျင်ရင် အကုန်ရှင်းပစ်မယ်"
ယွမ်ရှောင်က အစီအရင်ဗဟိုချက်အတွင်းမှ အသက်တံဆိပ်ကို ပြန်လည် သိမ်းယူကာ ရဲရဲကြီး အာမခံလိုက်ပြီး ပွင့်လင်းသော ဓားကျင့်ကြံသူများအတွက် လေးစားစရာ ဖြစ်လာခဲ့သည်။
"လူအချို့ သေသွားပေမယ့် ဓားအပျက်အစီးနယ်မြေက စည်းလုံးမှုကြောင့် ပိုအစွမ်းထက်လာခဲ့ပြီ"
မုကျန်းတန်းက စိတ်ဓာတ်တက်ကြွနေသော ဓားကျင့်ကြံသူများကို တစ်ချက်ကြည့်၍ မှတ်ချက်ပေးသည်။
"အတွင်းပိုင်း ပြဿနာ ရှိနေရင် အားနည်းတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ပြဿနာကို ရှင်းပြီး စည်းလုံးသွားရင် ခွန်အားက နှစ်ဆဖြစ်လာတယ်"
ဤအကြောင်းအရင်းကြောင့် ကုမျိုးနွယ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းခံလိုက်ရခြင်းဖြစ်သည်။
"ငရဲရှစ်ထပ်က ကျင့်ကြံသူတွေ မကြာခင် သတင်းရကြလိမ့်မယ်။ သူတို့က ပိုပြီး စိုးရိမ်လာကြရင် လုပ်ကြံမှုတွေ တိုးလာနိုင်တယ်။ ငရဲကိုးထပ်တိုက်ပွဲမတိုင်ခင် ကျုပ်တို့ တောင့်ခံနိုင်ဖို့ စီစဥ်ထားရမယ်"
မုကျန်းတန်းက လေးနက်စွာ သတိပေးလိုက်ပြန်သည်။
"ဘယ်အချိန် စတင်မှာလဲ"
"လဝက်လောက် လိုပါသေးတယ်"
ရက်အနည်းငယ်အတွင်း ငရဲကိုးထပ် တိုက်ပွဲကို မျှော်လင့်ထားသော ယွမ်ရှောင်က အတွေးနက်သွားသဖြင့် မုကျန်းတန်း စကားစလာပြန်သည်။
"ဖိအားများနေတာလား"
"မများဘူး။ လဝက်ဆိုရင် ကျုပ် ကျင့်ကြံဖို့ အချိန်ရသေးတယ်။ သူတို့ရဲ့ ဘိုးဘေးတွေကို တိုက်ခိုက်ခိုင်းဖို့ ဂူထဲက တူးထုတ်လာရင်တောင် ကိစ္စမရှိပါဘူး"
လဝက်ဆိုသော အချိန်က ယွမ်ရှောင်ကို ကျင့်ကြံဆင့် မြင့်တက်လာစေရန် လုံလောက်နေသည်။
"ငါ စိုးရိမ်တာက ငရဲရှစ်ထပ် မထူးဇာတ်ခင်းပြီး ငါတို့ကို ပူးပေါင်းတိုက်ခိုက်လာမှာပဲ။ ဒါဆိုရင် ပျက်သုဥ်းရေးဓားအစီအရင်ကို ထောက်ပံ့ဖို့ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ထောင် ရှိနေရင်တောင် မလုံလောက်ဘူး"
ဓားအစောင့်အရှောက် မုကျန်းတန်းက သက်ပြင်းချ၍ ရေရွတ်လိုက်လေသည်။