နားခိုရာဂိုဏ်း
Vol. 25 Ch. 322
သမိုင်းကြောင်းတွင် ငရဲကိုးထပ်သည် ဤအခြေအနေမျိုးအထိ ဖိအားပေးခံခဲ့ရခြင်း မရှိဘဲ ဟန်ချက်ညီမျှနေခဲ့သည်။ ယွမ်ရှောင် ကျဆုံးသွားလျှင် ဓားအပျက်အစီးနယ်မြေလည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားမည်ဖြစ်ကာ ပျက်သုဥ်းရေး ဓားအစီအရင်က ငရဲရှစ်ထပ်၏ အင်အားစုစုပေါင်းကို မခုခံနိုင်ချေ။
"ငါတို့က ဘဲတွေလို ဥထိုင်ဝပ်နေလို့တော့ မရဘူး။ အင်မော်တယ်ကျောက်စိမ်း လိုအပ်တယ်ဆိုရင် အပြင်ထွက်ပြီး လုကြတာပေါ့"
မုကျန်းတန်းက ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ယုံကြည်ချက်များ တောက်ပနေကာ ယွမ်ရှောင် ရှုံးနိမ့်မည်ကို မကြောက်ချေါ
"ဒီလိုဆိုရင် ကျုပ်အတွက် အရင်းအမြစ် စုဆောင်းပေးပါ"
ယွမ်ရှောင်က လောဘကြီးစွာ တောင်းဆိုလိုက်သော်လည်း ပွင့်လင်းမှုကြောင့် မည်သူမျှ မကန့်ကွက်ခဲ့ပေ။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ငရဲရှစ်ထပ်ကို တစ်ခုတည်းက ရင်ဆိုင်တာဟာ သေကြောင်းကြံတာပဲ။ ဒါပေမယ့် မင်းကို ငါတို့ ယုံကြည်တယ်"
မုကျန်းတန်းက လက်သီးလက်မောင်းတန်း၍ ကြေညာလိုက်သည်။ ထို့နောက် ယွမ်ရှောင်က အမည်ခံ အင်မော်တယ်နန်းတော်အတွင်း ပြန်လည် ဝင်ရောက်သွားကာ ပိုင်မျိုးနွယ် သားအမိကို လွတ်လပ်ခွင့်ပေးလိုက်သည်။
"လင်းချန် တကယ်သေသွားပြီလား။ ကျေးဇူးတင်ပါတယ်။ သခင်လေးယွမ်အတွက် ကြိုးစားပြီး အမှုတော်ထမ်းပါမယ်"
"ကောင်းပြီ။ သွားကြတော့"
သူတို့က ချက်ချင်း ဒူးထောက်၍ မျက်ရည်လည်ရွဲဖြင့် ကျေးဇူးတင်စကားဆိုကြသောအခါ ယွမ်ရှောင်သည် လက်ကာပြ၍ နှင်ထုတ်လိုက်သည်။ ငရဲကိုးထပ်တိုက်ပွဲကို အစွမ်းထက်ကျင့်ကြံသူများချည်း ရင်ဆိုင်ရန် တွေးထားသဖြင့် သာမန်ဓားကျင့်ကြံသူများ၏ အသက်ကို သူက မစတေးလိုပေ။ သူက ထောက်ခံမှုကိုသာ လိုအပ်ပြီး ကြီးကြပ်သူများ၏ အကူအညီဖြင့် ရန်သူများကို ကိုယ်တိုင် သုတ်သင်ရန် ကြံစည်ထားသည်။
"အဆုံးမဲ့ငရဲပြည်က မိစ္ဆာ၊ ရှေးဟောင်းနတ်ဆိုးငရဲက နတ်ဆိုး၊ ကပ်ဘေးတံဆိပ်ငရဲက လူသားမျိုးနွယ်နဲ့ သက်ဆိုင်နေတယ်။ ကျန်ငရဲတွေအကြောင်း ပြောစမ်းပါဦး"
ယွမ်ရှောင်က ဓားအစောင့်အရှောက်ထံ စပ်စုလိုက်သောအခါ အောက်ပါအတိုင်း ရှင်းပြလာခဲ့သည်။
ကပ်ဘေးတံဆိပ်ငရဲအနီးတွင် နေမင်းငရဲ တည်ရှိပြီး အဆုံးမဲ့ငရဲပြည်ထက် ပိုမိုသန်မာကာ ဝင်ပေါက်တွင် တိုက်ခိုက်ရန် ကျင့်ကြံသူများ စေလွှတ်ခဲ့ပြီး ယန်မိစ္ဆာမျိုးနွယ် အုပ်ချုပ်သည်။ အဆုံးမဲ့ငရဲပြည်ကို ယင်မိစ္ဆာမျိုးနွယ်က အုပ်ချုပ်ပြီး တစ်ချိန်က အမှိုက်ဖြစ်ခဲ့သော စစ်မင်းသမီးမှာ ဦးရီးတော်ခြောက်ယောက်၏ အဖိုးတန်ရတနာလေး ဖြစ်လာ၍ မကြာခင် အာဏာရယူနိုင်တော့မည်ဖြစ်ရာ အတွင်းလူအဖြစ် သေချာပေါက် အသုံးဝင်ပေလိမ့်မည်။ ယန်မိစ္ဆာမျိုးနွယ်က ပို၍ ရက်စက်ကြမ်းကြုတ်ပြီး တားမြစ်ပညာရပ်များကို အသုံးပြုကာ ယင်မိစ္ဆာမျိုးနွယ်နှင့် မတည့်ချေ။ ခေတ်အဆက်ဆက် စစ်ပွဲများတွင် မိစ္ဆာအထီးများ သတ်ဖြတ်ခံရပြီး မိစ္ဆာမများ၏ သွေးစွမ်းအင် ဝါးမျိုခံနေရသည်။ နှစ်ဖက်လုံးက ပိုမိုသန်မာလာစေရန် အချင်းချင်းရန်စောင်နေတတ်ကြပြီး ယင်မိစ္ဆာမျိုးနွယ်သည် လက်ရှိတွင် အောက်စည်းသို့ အနည်းငယ်ကျရောက်နေသည်။ ကပ်ဘေးတံဆိပ်ငရဲ၏ အဓိကမဟာမိတ်သည် နေမင်းငရဲပြည်ဖြစ်သောကြောင့် ကုချင်ကန် အဆုံးမဲ့ငရဲပြည်သို့ သွားရောက်ခဲ့သည်ကို ယန်မိစ္ဆာမျိုးနွယ်က မကျေနပ်ချေ။
ငရဲကိုးထပ်တွင် မျိုးနွယ်တူလျှင် ဆက်ဆံရေးက အမှန်တကယ် ဆိုးရွားပြီး ဓားအပျက်အစီးနယ်မြေနှင့် ကပ်ဘေးတံဆိပ်ငရဲကဲ့သို့ ဆန့်ကျင်ဘက်ရပ်တည်နေကြသည်။ ကျန်ငရဲများတွင် သုံးခုသည် ပင်လယ်အတွင်း တည်ရှိပြီး ရေနတ်ဆိုးများ အုပ်ချုပ်ကာ ငရဲကိုးထပ်လောက၏ အကျယ်အဝန်းတစ်ဝက်ကို ရေပြင်ကြီး ဖုံးလွှမ်းထား၏။ ငရဲကိုးထပ်တွင် လေးထပ်ကို နတ်ဆိုးများ အုပ်ချုပ်နေသောကြောင့် ထာဝရဓားအကျဥ်းထောင် သင်းကွဲဖြစ်နေရသည့် အကြောင်းအရင်းပင်။ အကယ်၍ နတ်ဆိုးငရဲများသာ စည်းလုံးလျှင် ၎င်းက သမိုင်းကြောင်းအတွင်း ရောက်ရှိနေပြီဖြစ်သော်လည်း ကံကောင်းသည်မှာ ကုန်းနတ်ဆိုးများနှင့် ရေနတ်ဆိုးများ မတည့်ကြသဖြင့် ရှေးဟောင်းနတ်ဆိုးငရဲသည် ပင်လယ်ငရဲသုံးခုနှင့် စဥ်ဆက်မပြတ် တိုက်ခိုက်နေရသည်။ ထို့အပြင် ပင်လယ်သုံးခုမှာလည်း အချင်းချင်း ရန်စောင်နေကြပြီး အထူးသဖြင့် ဆိုင်ရန်ပင်လယ်နှင့် နဂါးပင်လယ်မှာ တစ်ယောက်လည်မျို တစ်ယောက် ဓားဖြင့် ထောက်ထားကြရာ ဓားကျင့်ကြံသူများကို မျိုးဖြုတ်ရန် မအားလပ်ချေ။
ဆိုင်ရန်ပင်လယ်ကို လူသားတစ်ဝက် ငါးတစ်ဝက် ရေနတ်ဆိုးများ အုပ်ချုပ်ပြီး လူသားမျိုးဆက်သွေး ဆက်နွယ်နေသောကြောင့် နတ်ဆိုးအရိုးများက ဓားကျင့်ကြံသူများအတွက် အသုံးမဝင်ပေ။ သို့ရာတွင် နဂါးပင်လယ်ကိုမူ နဂါးနတ်ဆိုးများ အုပ်ချုပ်ပြီး အများစုမှာ မျိုးစပ်များဖြစ်ကြ၍ သွေးသန့် နဂါးအစစ်အမှန်များမှာ ရှားပါးပေသည်။ နဂါးပင်လယ်၏ နတ်ဆိုးအရိုးများက ဓားကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သောကြောင့် ဓားအပျက်အစီးနယ်မြေ တိုးတက်လာရန် အဓိကကျပေရာ ရှေးဟောင်းနတ်ဆိုးငရဲကို လနတ်သား ပစ်မှတ်ထားနေစဥ် နဂါးပင်လယ်မှာ ယွမ်ရှောင်၏ စိတ်ဝင်စားမှုကို ရရှိလိုက်သည်။ နောက်ဆုံး ပင်လယ်ငရဲမှာ တမလွန်ပင်လယ် ဖြစ်ပြီး ပင်လယ်ရေနက်ပိုင်းတွင် ပေါက်ဖွားလာတတ်သော အငြှိုးကြီး ရေနတ်ဆိုးများ၏ ပိုင်နက်ဖြစ်ကာ အရေအတွက် မများသော်လည်း စွမ်းအားကြီးမား၍ သတ်ဖြတ်ရန် ခဲယဥ်းပေသည်။ တမလွန်ပင်လယ်၏ နတ်ဆိုးများက ရေနက်ပိုင်းတွင်သာ နေထိုင်ကျက်စား၍ ကုန်းပေါ်သို့ တက်လာလေ့မရှိသောကြောင့် ဓားအပျက်အစီးနယ်မြေနှင့် ပြဿနာ မရှိသလောက်ပင်။ သို့ရာတွင် အမည်ခံ ဓားအင်မော်တယ်များကို လုပ်ကြံရန် ထွက်ပေါ်လာသော အင်အားစုများတွင် အငြှိုးကြီး ရေနတ်ဆိုး အချို့ ပါဝင်နေသောကြောင့် ငရဲရှစ်ထပ်လုံး လှုပ်ရှားလာခြင်းဖြစ်၏။
နောက်ဆုံးငရဲသည် နားခိုရာငရဲ ဖြစ်ပြီး လောက၏ အလယ်ဗဟို၌ တည်ရှိကာ နယ်မြေတစ်ခုပမာ သေးငယ်၍ မျိုးနွယ်ပေါင်းစုံ စုဝေးနေသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ၎င်းသည် ငရဲရှစ်ထပ်လုံးမှ ကျင့်ကြံသူများကို အချက်နှစ်ခုဖြင့် လက်ခံပြီး ပါရမီရှင်တစ်ယောက်ဖြစ်၍ နားခိုရာဂိုဏ်းအပေါ် သစ္စာရှိလျှင် လုံလောက်ပေသည်။ ငရဲကိုးထပ်၏ ကိစ္စရပ်များတွင် ၎င်းသည် ဘေးထွက်နေတတ်ပြီး ဂိုဏ်းသားများ ထွက်ပေါ်လာလေ့မရှိသောကြောင့် အဓိကအင်အားကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ သို့ရာတွင် အစွမ်းထက်ကျင့်ကြံသူများချည်း စုဝေးနေသော ဂိုဏ်းဖြစ်သောကြောင့် ရှေးဟောင်းခေတ်မှ စတင်၍ သြဇာအာဏာ ကြီးကြီးမားမား ဆုပ်ကိုင်ထားကာ များစွာသော ဖြစ်ရပ်များကို နောက်ကွယ်မှ ခြယ်လှယ်နေတတ်သည်။ နားခိုရာဂိုဏ်းသားတစ်ယောက်တလေပင် ထွက်ပေါ်မလာခဲ့သော်လည်း အမည်ခံဓားအင်မော်တယ်များကို သတ်ရန် သေချာပေါက် သွေးထိုးလှုံ့ဆော်ခဲ့ပေလိမ့်မည်။
"သခင်လေးယွမ် အဖေ နားခိုရာဂိုဏ်းသားတစ်ယောက် သတင်းပို့ ရောက်လာတယ်"
ယွမ်ရှောင်က ငရဲကိုးထပ်အပေါ် ပိုမိုနားလည်လာသော အခိုက်အတန့်တွင် မုတလုံ အပြေးတစ်ပိုင်း ရောက်ရှိလာသည်။
"ဘာသတင်းလဲ"
မုကျန်းတန်းက မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်သည်။
"သူတို့က ငရဲကိုးထပ်တိုက်ပွဲရဲ့ အချိန်ကို ရှေ့တိုးလိုက်တယ်။ မနက်ဖြန် မနက်မှာ ကျင်းပလိမ့်မယ်"
မုတလုံ၏ စကားကြောင့် ယွမ်ရှောင်နှင့် မုကျန်းတန်းမှာ အကြည့်ချင်းဖလှယ်၍ အေးစက်စက် ပြုံးလိုက်လေသည်။
"ဒီကောင်တွေမှာ လှည့်ကွက်တွေ ကုန်ပြီပေါ့"