← Chapters

တိုက်ပွဲ (၁)

Vol. 5 Ch. 494

တိုက်ပွဲ (၁)

Vol. 5 Ch. 494

"ကျုပ် ချန်းပေ့ရွှမ်း အမှောင်ကဝေဂိုဏ်းက မဟာကဝေဆီကို အလည်လာတယ် … မဟာကဝေ ထွက်တွေ့စမ်း …"

ကျယ်လောင်သော ပေါက်ကွဲသံကြောင့် သံလှောင်အိမ် အတွင်းမှ လူများ ခေါင်းထောင် ကြည့်လိုက်မိကြသည်။

ရုတ်တရက် အနက်ရောင်ဝတ် အဘိုးအို၏ မျက်လုံးနှစ်ဖက် ပွင့်ဟလာ၏။ သက်ရှိ သတ္တဝါတိုင်းကို ပြုစားနိုင်သော အစိမ်းရောင် အလင်းက သူ၏ မျက်လုံး နှစ်ဖက်တွင် စူးရှစွာ ထွန်းတောက် လာသည်။

"မဟာကဝေ … ချန်းပေ့ရွှမ်း ရောက်လာပြီ …"

အနက်ရောင်ဝတ် လူတစ်ယောက်က ကပျာကယာ ပြေးဝင်လာကာ အဆုတ်များ ပွင့်ထွက်မတတ် အော်ဟစ်လိုက်သည်။

"ငါ့မှာ နားပါတယ် …"

မဟာကဝေ တစ်ဖြစ်လဲ အဘိုးအိုက မောက်မာစွာ ပြောရင်း အမှောင်ယင်ချီလှိုင်း တစ်ခုကို ပစ်လွှတ်လိုက်၏။

"ရှဲ … ရှဲ …"

ခဏ အတွင်းမှာပင် အမှောင်ယင်ချီလှိုင်းက ဝတ်စုံနက် လူကြီးကို တိုက်စားကာ အရိုးစု အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်သည်။

"မင်းတို့ အားလုံး ဒီမှာ စောင့်နေကြ … ငါ ချမ်းပေ့ရွှမ်းနဲ့ သွား ရင်ဆိုင်လိုက်ဦးမယ် …"

ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးပြီးနောက် အဘိုးအို၏ ခန္ဓာကိုယ်က အမှောင်မီးခိုးများ အသွင်ပြောင်းကာ ပျောက်ကွယ် သွားတော့၏။

"ဟုတ်ကဲ့ပါ …"

အမှောင်ကဝေဂိုဏ်း၏ တပည့်များက မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ပြိုင်တူ ရေရွတ်လိုက်ကြ၏။ သူတို့၏ အသံများကား ကြောက်လန့်မှုကြောင့် အနည်းငယ်ပင် တုန်ရီနေခဲ့သည်။

ထိုအချိန်၌ သံလှောင်အိမ် အတွင်းရှိ လူများသည်လည်း လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ငါတို့ကို ကယ်ဖို့ တစ်ယောက်ယောက် ရောက်လာတာလား … ငါတစ်ခုခု ကြားလိုက်သလိုပဲ …"

"ဟုတ်တယ် … အဲဒါက တရုတ် အသံထွက်နဲ့ ဆင်တယ် …"

ဂျွန်က တရုတ် မိန်းကလေး နှစ်ယောက်ကို ကြည့်ရင်း မေးလိုက်သည်။

"မဟာကဝေကို ချန်းဘိုင်ဇီယန် လာတွေ့တယ် ဆိုလား … သေချာတော့ မသိဘူး … ငါက တရုတ်ဆိုပေမဲ့ တရုတ်စကားက သိပ်မကောင်းဘူး …"

ဆံပင်ရှည် မိန်းကလေးက မျက်မှောင်ကြုတ်ရင်း ဖြေသည်။

"မဟုတ်ဘူး … သူက ချန်းပေ့ရွှမ်းလို့ ပြောတာ …"

ယုဝမ်ကျင်းက ကြားဖြတ်၍ အခိုင်အမာ ဆိုသည်။ သူ၏ မျက်လုံးများကမူ အံ့အားသင့်မှု၊ ပျော်ရွှင်မှုများဖြင့် တောက်ပ နေခဲ့ပြီ ဖြစ်၏။

ချန်းဖန်၏ အသံက ပဲ့တင်သံကို သယ်ဆောင်ကာ မိုင်ရာချီအား ဖြန့်ကြက်ခဲ့သည်။ ထို့ကြောင့်ပင် နေပြည်တော်ရှိ လူအားလုံးမှာ ထိုအသံအား ရှင်းလင်းစွာ ကြားလိုက်ရသည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သည့်တိုင် တရုတ်လူမျိုးများလည်း နေထိုင်ကြ၏။

"ချန်းပေ့ရွှမ်းက ဘယ်သူလဲ … ဘာလို့ အသံက ဒီလောက် ကျယ်ရတာလဲ … ဘာတွေ ဖြစ်နေတာလဲ …"

တရုတ် ဂျာနယ်လစ် အချို့က အသံကြားရာ ကောင်းကင်ဆီသို့ ကင်မရာများဖြင့် ထိုးချိန်ရင်း တစ်ခုခု ထူးခြားပါက အဆင်သင့် မှတ်တမ်းတင်ရန် ပြင်ဆင်လိုက်ကြသည်။

မြန်မာနိုင်ငံကား နှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံတကာ၏ အမေ့ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ပြုပြင် ပြောင်းလဲရေး ကာလကို စတင်နေပြီ ဖြစ်ရာ နိုင်ငံတကာမှ သတင်းထောက်များ ရောက်နေကြသည်က မထူးဆန်းပေ။

ထိုအချိန်၌ ချန်းဖန်ကမူ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ရင်း ပတ်ဝန်းကျင် ကီလိုမီတာ ဆယ်ချီ အတွင်းကို ပိုက်စိပ်တိုက် စစ်ဆေးနေခဲ့၏။ မကြာခင်မှာပင် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက အမှောင် တောင်တန်း၏ အတွင်းပိုင်း တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

"ဒါက … ယုဝမ်ကျင်း … သူ အသက်ရှင် နေသေးတာပဲ …"

ချန်းဖန်၏ မျက်လုံးများက တောက်ပ သွားသည်။

"ဘုန်း …"

ထိုခဏတွင်ပင် ကျယ်လောင်သော တောခြောက်သံနှင့်အတူ အလွန် အင်အားကြီးသော ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို လာရောက် ရိုက်ခတ်သည်။

"ဘုန်း …"

ဝိညာဉ် စွမ်းအင်လှိုင်း နှစ်ခုက ထိပ်တိုက် ရင်ဆိုင် ပေါက်ကွဲကာ နောက်သို့ ပြန်လည် လွင့်စဉ်သွား၏။

ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၌ ရှိစဉ်ကပင် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက ဤကမ္ဘာ၌ ပြိုင်ဘက်ကင်းခဲ့သည်။ ယခု ချန်းဖန်သည် ဝိညာဉ်ပင်လယ် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ တန်ခိုးရှင် အဆင့် လေးယောက်ပေါင်း၏ ဝိညာဉ် စွမ်းအားကိုပင် ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း … မင်း ငါ့ကလေးကို သတ်ပြီးတာတောင် ငါ့နေရာကို လာရဲသေးတယ်ပေါ့ … မင်း အဲဒီ အတွက် ပြန်ပေးဆပ်ရမယ်ကွ …"

ကြီးမား ကျယ်လောင်သော အသံ ပေါက်ကွဲမှုကြီးနှင့် အတူ ယုတ်မာခြင်းချီများ ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံတက်လာ၏။ ထို ယုတ်မာခြင်းချီများက ရက်စက် ကြမ်းကြုတ်ခြင်းများကို သယ်ဆောင်ကာ ချန်းဖန် တည်ရှိရာ အရပ်သို့ ဦးတည်သည်။

"ဘုရားရေ …"

နေပြည်တော် မြို့အတွင်း ရှိနေသော သတင်းထောက်များကား ကောင်းကင်၌ ဖြစ်ပေါ်လာသော အမှောင်မီးခိုးများကို ကြည့်ရင်း ဆွံ့အသွားကြ၏။ သို့သော်လည်း သတင်းထောက်ပီပီ သူတို့၏ လက်များက ကင်မရာ ခလုတ်ကို အကြိမ်ကြိမ် နှိပ်ကာ ပုံရိပ်များအား ဖမ်းယူသည်။

"မဟာကဝေ …"

ချန်းဖန်က နှာခေါင်း တစ်ချက်ရှုံ့ရင်း ကောင်းကင်သို့ ပျံတက်ကာ အမှောင်မီးခိုးများထံ ပျံသန်းသည်။

"ဟူး …"

အဝေးမှ ကြည့်ပါက ချန်းဖန်၏ အရိပ်ကား အဇူရာ ကြယ်တစ်စင်း ကြွေသွားသည့် အလားပင် ထင်မှတ်ရ၏။

ထိုအချိန်၌ နေပြည်တော်၏ မြို့သားများ၊ အစိုးရ အရာရှိများကား ကောင်းကင်ရှိ ထူးဆန်းသော အရာများကို ကြည့်ရန် မြင်ကွင်း ရှင်းလင်းရာ လမ်းများထက်၌ ရောက်နေကြပြီ ဖြစ်သည်။

နေမင်းက တဖြည်းဖြည်း ကျဆင်းလာသည်နှင့် တိမ်တောင်များက နီညိုရောင် ယှက်သန်းကာ ဆည်းဆာကို ရေးခြယ်ကြသည်။

ကောင်းကင်၏ တစ်နေရာတွင်မူ အမှောင် မီးခိုးများနှင့် အဇူရာ အလင်းက နေရာယူကာ ထိပ်တိုက် ရင်ဆိုင်တော့မည့်ပုံ ရသည်။ ထိုမြင်ကွင်းက မြန်မာလူမျိုးများအား ဒဏ္ဍာရီထဲမှ သိကြားမင်းနှင့် အသူရာတို့၏ စစ်ပွဲများကို ပြန်လည် အမှတ်ရစေသည်။

နတ်ဘုရားတို့၏ တိုက်ပွဲကား စတင်ချေတော့မည်။

နေပြည်တော်မြို့ လမ်းကြားတစ်ခု၌ …

"ဟီးဟီး … နတ်ဘုရားတွေရဲ့ စစ်ပွဲ … ချန်းပေ့ရွှမ်းနဲ့ မဟာကဝေ … ဒီလို တိုက်ပွဲမျိုး မရှိခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက် ကြာပြီပေါ့ …"

သာမန် အဝတ်အစားနှင့် အဘိုးအို တစ်ယောက်က ကောင်းကင်သို့ ကြည့်ရင်း အားတက်သရော ဆိုသည်။ အင်အားကြီးသော စွမ်းအင်လှိုင်းများက အဘိုးအို၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ပျံ့နှံ့ကာ အထွတ်အထိပ် အဆင့် တစ်ယောက်၏ အရှိန်အဝါကို ဖော်ထုတ်နေ၏။

"ဘဘ … နတ်ဘုရားတွေ ကြားထဲက တိုက်ပွဲ ဆိုတာ ဘာလဲ …"

အဘိုးအို၏ ဘေးတွင် ရပ်နေသော ကောင်ငယ်လေးက မျက်လုံး အဝိုင်းသားဖြင့် မေးသည်။

"တန်ခိုးရှင် အဆင့်တွေ ကြားက တိုက်ပွဲကို နတ်ဘုရားတွေရဲ့ စစ်ပွဲလို့ ခေါ်တာ မြေးရဲ့ … သူတို့တွေက လေပေါ်မှာ ပျံဝဲနိုင်တဲ့အပြင် နတ်ဘုရားတွေ လိုမျိုး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ထိတွေ့နိုင်တယ် …"

အဘိုးအိုက ကောင်ငယ်လေး၏ ခေါင်းကို ပွတ်သပ်ရင်း နွေးထွေးစွာ ပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က စလို့ တန်ခိုးရှင် အဆင့်တွေ ကြားမှာ တစ်ခါမှ တိုက်ပွဲ မဖြစ်ခဲ့ဘူး …"

တန်ခိုးရှင် အဆင့် တစ်ယောက်ချင်းစီသည် မခန့်မှန်းနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ကာ နိုင်ငံတိုင်း၏ သင်္ကေတ အမှတ်လက္ခဏာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကြီးမားသော ရန်ငြိုး မရှိပဲ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်ကမူ ကြီးကျယ် ခမ်းနားသော တိုက်ပွဲကြီးအား ကလေးဘဝ သူငယ်ချင်းကြောင့် ဖန်တီးခဲ့သည်။ သူ့ကဲ့သို့ တစ်ဇွတ်ထိုးဆန်သူ အခြားတစ်ယောက် ရှိလိမ့်မည် မဟုတ်ချေ။

ထိုအချိန်၌ အမှောင်မီးခိုးများနှင့် အဇူရာ အလင်းတို့ကား မိုးကုပ်စက်ဝိုင်း တစ်နေရာ၌ တွေ့ဆုံ နေကြပြီ ဖြစ်သည်။ သူတို့၏ ခမ်းနားသော ဖြစ်တည်မှုကား ကောင်းကင်ရှိ လမင်းနှင့် ယှဉ်လျှင်ပင် မှေးမှိန်ခြင်း မရှိချေ။

"ချန်းပေ့ရွှမ်း မင်းက တရုတ်မှာ နေတဲ့သူ … ငါက မြန်မာမှာပဲ နေတဲ့သူ … မင်းနဲ့ ငါနဲ့က လမ်းမတူသလို ပတ်သက်စရာလည်း မရှိဘူး … ဒါတောင် ဘာကြောင့် ငါ့ကလေးနဲ့ တပည့်တွေကို သတ်ပစ်ရတာလဲ …"

မဟာကဝေက တိမ်များထက်၌ ရပ်တည်ရင်း မေးသည်။ သူ၏ အသံက ဝိညာဉ် စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်ရာ အသွေး အသားအထိ တိုက်ရိုက် ထိတွေ့ ကြားမြင်နိုင်၏။

"မင်းဖမ်းထားတဲ့ အပြစ်မဲ့ လူတွေထဲက တစ်ယောက်က ငါ့သူငယ်ချင်းပဲ … သူ့နာမည်က ယုဝမ်ကျင်းတဲ့ …"

ချန်းဖန်က အေးဆေးစွာ ပြန်ပြောလိုက်၏။

"ဟမ် … မင်းလုပ်ခဲ့တာတွေ အားလုံးက အဲဒီ မိန်းကလေးကြောင့်ပဲပေါ့ …"

မဟာကဝေ အနည်ငယ် အံ့အားသင့်သွား၏။

သာမန်ဆိုလျှင် သေမျိုးများ၏ သေရေးရှင်ရေးမှာ တန်ခိုးရှင် အဆင့်များ အတွက် အရေးမပါလှချေ။ ယုဝမ်ကျင်းသည် ရှားပါးသည့် သန့်စင်သောယင် သွေးကြော ပိုင်ရှင် ဖြစ်သော်လည်း ထိုသို့ ပါရမီပါသော လူများ ရှာဖွေရန် မဟာကဝေ အတွက် မခက်ခဲချေ။

"သူက မင်းရဲ့ မျက်လုံးထဲမှာ သာမန် မိန်းကလေး ဖြစ်ချင် ဖြစ်လိမ့်မယ် … ဒါပေမဲ့ ငါ့အတွက်တော့ သူက အမှောင်ကဝေဂိုဏ်း တစ်ခုလုံးထက်တောင် ပိုပြီး အရေးကြီးတယ် …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြောလိုက်သည်။

"ကောင်းပါတယ် …"

မဟာကဝေက နာကြည်းစွာ ပြုံးလိုက်၏။

"ချန်းပေ့ရွှမ်း ကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်း တန်ခိုးရှင် မဟုတ်ဘူး … သွေးဝံပလွေ ဘုရင်လို ခပ်ပျော့ပျော့ကောင်ကို အနိုင်ယူနိုင်ခဲ့ရုံနဲ့ ဘဝင်မြင့် မနေနဲ့ … ဒီနေ့မှာ အစစ်အမှန် တန်ခိုးရှင် ဆိုတာ ဘာလဲ မင်းကို ပြရသေးတာပေါ့"

စကားဆုံးသည်နှင့် မဟာကဝေက ဆန့်ကို ဆန့်ထုတ်ရင်း လက်ချောင်းများကို ဖမ်းဆုပ်လိုက်၏။

"ဘုန်း …"

ရုတ်တရက် ယုတ်မာ ရက်စက်ခြင်း ချီများဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်၏ အပေါ်သို့ တည့်တည့်ပင် ကျဆင်းသည်။ ထိုအရာက ပတ်ဝန်းကျင်ရှိ လေထုကိုပင် အရည်ပျော်စေနိုင်သည့် အပူချိန်အား သယ်ဆောင်ထား၏။

အမှောင်ယင်ချီ အဆိပ်လက်ဝါး...။

ထိုတိုက်ခိုက်မှု၌ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ပါဝင်နေကာ သိုင်းပညာနှင့် ဓမ္မ ကျင့်ကြံခြင်း လမ်းစဉ် နှစ်ခုအား ပေါင်းစပ်ထားသည်။ သံချပ်ကာ တင့်ကား တစ်စီးပင်လျှင် ထိုလက်ဝါး အောက်၌ အရည်ပျော်အောင် တိုက်စားခံရလိမ့်မည် ဖြစ်သည်။

"ဟမ့် …."

ချန်းဖန်က လှောင်ပြုံးပြုံးရင်း လက်တစ်ဖက်အား ဝှေ့ယမ်းသည်။

"ဘုန်း …"

ကျောက်တုံးများစွာ ပြိုကျလာသကဲ့သို့ ကျယ်လောင် နက်ရှိုင်းသည့် တော်လဲသံကြီး တစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာ၏။

အစစ်အမှန်ချီများက လက်၏ ဝှေ့ယမ်းမှုအတိုင်း လိုက်ပါ စီးနင်းကာ လှိုင်းများသဖွယ် အမှောင်ယင်ချီ အဆိပ်လက်ဝါးထံ တိုးဝင်သည်။

"မဖြစ်နိုင်ပါဘူး … သူက အသက်နှစ်ဆယ်ပဲ ရှိသေးတာ … ဘာလို့ သူ့ရဲ့ အစစ်အမှန်ချီက ခုလောက်ထိ အစွမ်းထက် နေရတာလဲ …"

မဟာကဝေ၏ မျက်နှာ၌ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာ၏။

"ဘုန်း …"

အစစ်အမှန်ချီများက အမှောင်ယင်ချီများကို တိုက်စားကာ  လက်ဝါးကြီးအား ချေဖျက်သည်။ အချိန်တိုအတွင်းမှာပင် အမှောင်ယင်ချီ အဆိပ် လက်ဝါးကား အစစ်အမှန် ချီများ၏ တိုက်စားမှု အောက်၌ အပြည့်အဝ ပျက်စီးရသည်။

ချန်းဖန်သည် မဟာကဝေ၏ အစွမ်း အထက်ဆုံးသော အစီအရင် တစ်ခုအား အစစ်အမှန် ချီကိုသာ သုံး၍ ဖျက်ဆီးပြခဲ့သည်။ မဟာကဝေနှင့် တိုက်ခိုက်ရခြင်းက သူ့အတွက် သက်သောင့် သက်သာ နိုင်လွန်းလှသည်။

ဝိညာဉ်ပင်လယ် အဆင့်သို့ တက်ရောက်ပြီး နောက်၌ ချန်းဖန် အနိုင်မယူနိုင်သော တန်ခိုးရှင် အဆင့် ဤကမ္ဘာတွင် မရှိတော့ချေ။

ထိုအခိုက်၌ မဟာကဝေ၏ မျက်နှာမှာမူ ပိုပို၍ မည်းမှောင်ခက်ထန် လာနေခဲ့ပြီ ဖြစ်သည်။

"ရဲ့ချင်စန်းက ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ ပထမဆုံး တစ်ယောက် အခု မင်းကတော့ ဒုတိယမြောက် တစ်ယောက်ပေါ့"

"သောက်စကား မများနဲ့ကွာ …"

ချန်းဖန်က ဂရုမစိုက်သလို ပြောရင်း လေထုရှိ တစ်ခုခုကို ဆုပ်ကိုင်လိုက်သည်။

"လေ … လာစမ်း"

သူ၏ အမိန့်အောက်၌ လေထုက မရေမတွက် နိုင်သော ဓားများအသွင်ပြောင်းကာ နေရာ အနှံ့တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့က ဓားမုန်တိုင်း အသွင်ပြောင်းကာ မဟာကဝေထံသို့ တိုးဝင်သည်။

"ဟူး … ဟူး …"

လေဓားသွား တစ်ခုချင်းစီက သုံးမီတာခန့် အထိ ရှည်လျားကာ စတီးကိုပင် ဖြတ်တောက် နိုင်သည် အထိ ထက်ရှ၏။ ချန်းဖန်က လေဓားများ၌ လျှပ်စီး စွမ်းအားကို ထပ်မံ ပေါင်းစပ်၍ တိုက်ခိုက်မှုအရှိန်ကို တိုးမြှင့်ထားသေးသည်။

"ပျက်စီးစမ်း …"

မဟာကဝေက ကျယ်လောင်စွာ အော်ဟစ်ရင်း မျက်လုံးအိမ်မှ အစိမ်းရောင် အလင်းတန်း နှစ်ခုကို ဖော်ထုတ်လိုက်၏။

အလင်းတန်းနှင့် အတူပင် သူ၏ ဝတ်ရုံကြီးမှ အမှောင်ချီများ ပျံ့နှံ့ထွက်လာကာ အမှောင်တိမ်တိုက်များ အသွင်ကို ယူဆောင်သည်။

ဘုန်း … ဘုန်း … ဘုန်း …

လေဓားများက အမှောင်တိမ်တိုက်များထံ တိုးဝင်ရာ မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

အဆုံးမဲ့သည့် အမှောင်ယင်ချီ ထောက်ပံ့မှုကို ရရှိထားသော အမှောင်တိမ်တိုက်များ၏ တားဆီးမှုတွင် လေဓားများကား ပေါက်ကွဲ ပျက်စီးရသည်။

သို့သော်လည်း ချက်ချင်းပင် ချန်းဖန်က အခြား တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်၏။

"မီး … လာစမ်း"

"ဘုန်း …"

ပေါက်ကွဲသံ တစ်ခုနှင့်အတူ ချန်းဖန်က တစ်ဒါဇင်မျှ ရှိသော မီးလုံးများကို ဆင့်ခေါ်လိုက်၏။ မီးလုံးများက အဖြူရောင် အလင်းကို သယ်ဆောင် ဖြစ်ပေါ်လာကာ အမှောင်ယင်ချီများထံ တိုးဝင်သည်။

ဘုန်း … ဘုန်း … ဘုန်း …

တစ်ဒါဇင်မျှ ရှိသော မီးလုံးများသည်လည်း အမှောင်တိမ်တိုက်၏ ကာကွယ်မှုတွင် အလုံးစုံ ပျက်စီးရပြန်သည်။ တစ်ချိန်တည်းမှာပင် မီးလုံးများ ပေါက်ကွဲမှုကြောင့် အမှောင် တိမ်တိုက်များသည်လည်း ထက်ဝက်ခန့် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း … မင်း"

မဟာကဝေကား တဖြည်းဖြည်း မျက်နှာ ပျက်လာနေခဲ့ပြီ ဖြစ်၏။

သူတစ်ခုခု ပြောရန် ကြိုးစား နေချိန်တွင်ပင် ချန်းဖန်က ခြေထောက်အောက်ရှိ လေထုအား ဖနှောင့်ဖြင့် ပေါက်လိုက်ပြန်၏။

"မြေကမ္ဘာ … လာစမ်း"

***

All Chapters