← Chapters

သွေးမိစ္ဆာဗိမာန်

Vol. 25 Ch. 324

သွေးမိစ္ဆာဗိမာန်

Vol. 25 Ch. 324

အဆုံးမဲ့ငရဲပြည်ရှိ နတ်ဆိုးတိုက်ကြီးနှင့်ဆက်နွယ်ထားသော ဝင်ပေါက်သို့ ဓားအပျက်အစီးနယ်မြေမှ သတင်းများ ရောက်ရှိလာသောကြောင့် လုပ်ကြံရန် စောင့်ဆိုင်းနေသူများ ဒေါသူပုန်ထကုန်သည်။

"ဒီကောင်က သေချင်လို့ ကစား​နေတာလား"

"ကပ်ဘေးဓားကို ရသွားတယ်ဆိုတော့ ရုန်းကျင့်ကြံသူတွေအပေါ် သေးနဲ့ ပန်းလိုက်သလိုပဲ"

"သူတို့က ဒီည မတိုက်ခိုက်ဘူးဆိုရင် ငရဲကိုးထပ်တိုက်ပွဲကျရင် စာရင်းရှင်းလိမ့်မယ်"

မျက်မှောင်ကြုတ်ထားကြသော ကျင့်ကြံသူများသည် ငရဲကိုးထပ်တိုက်ပွဲ အချိန်အပြောင်းအလဲကြောင့် ထွက်ခွာသွားသောအခါ ဝင်ပေါက်၌ တည်ငြိမ်သွား၏။ ဦးလေးနှစ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး မကြာမီ ခြင်္သေ့အမတ်နှင့် မိန်းမပျိုတစ်ယောက် ရောက်ရှိလာသည်။ သူမက ဖြူဖွေးချောမွတ်သော အသားအရေပေါ်တွင် ငှက်မွေးသဏ္ဍာန်များ ထင်ဟပ်နေပြီး မင်သက်လောက်သော အလှလေးတစ်ယောက် ဖြစ်၏။

"အစ်ကို ဒါက ချင်ကဲပါ"

ချန်ရှီက သူမကို ဦးလေးနှစ်နှင့် မိတ်ဆက်ပေးလိုက်သည်။

"လူတိုင်း သွားပြီဆိုတော့ မြေခွေးလေးကို အချက်ပြလိုက်တော့"

ဦးလေးနှစ်က ခေါင်းညိတ်၍ နတ်ဆိုးတိုက်ကြီးထံ နောက်လိုက်တစ်ယောက် စေလွှတ်ကာ လနတ်သားကို ခေါ်ခိုင်းလိုက်၏။

"အမြှီးလေးချောင်းတည်းလား။ နိမ့်ကျတယ်"

ချင်ကဲက ငွေရောင်ဆံပင်နှင့် လူငယ်ကို မြင်သောအခါ အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး စကားမဆုံးခင်မှာပင် လနတ်သားသည် ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်လာ၍ ခေါင်းကို ဖြတ်ရိုက်ပစ်ခဲ့၏။

"နင်"

သူမက ဒေါသတကြီး အော်ငေါက်၍ လက်နှစ်ဖက်ဖြင့် ခုခံလိုက်သော်လည်း ဘုန်းခနဲ လွင့်ထွက်သွားကာ မြေပြင်၌ ဒရွတ်တိုက် လိမ့်နေသည်။

"ကြမ်းလှချည်လားဟ"

မြေခွေးနတ်ဆိုးများသည် အသက်ရှင်ရန် ရုပ်ရည်အပေါ် မှီခိုရပြီး အထူးသဖြင့် အစွမ်းထက်နတ်ဆိုးများ၏ ကိုယ်လုပ်တော်များအဖြစ် အလုပ်လုပ်ရသည်ဟု နားလည်ထားသော ဦးလေးနှစ်နှင့် ချန်ရှီမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ လနတ်သားက ဖီးနစ်တစ်ကောင်ကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေသည့်အပြင် ချင်ကဲမှာ ချန်ရှီနှင့် မျိုးဆက်တူဖြစ်သောကြောင့် ရှေးဟောင်းနတ်ဆိုးငရဲ၏ အကြီးအကဲတစ်ယောက်ဟု ယူဆနိုင်၏။

"အရူးကောင်"

လူမြင်ကွင်း၌ လူငယ်မျိုးဆက်တစ်ယောက် လက်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရသောကြောင့် ချင်ကဲမှာ ဒေါသထွက်သွားပြီး မိုးပြာရောင် ဖီးနစ်အသွင်ပြောင်းကာ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး ဓားသွားပမာ ထက်ရှသော ငှက်မွေးများ ဝဲချလိုက်သည်။ ၎င်းတို့ ကျဆင်းလာသော မြေပြင်၌ အက်ကြောင်းများ ဖြစ်ပေါ်လာသော်လည်း လနတ်သားက မြေခွေးအသွင်ပြောင်းကာ အေးစက်တည်ငြိမ်စွာ ပျံတက်လာခဲ့၏။ ဖီးနစ်နှင့် မြေခွေးက ကောင်းကင်တွင် တွေ့ဆုံသောအခါ အံ့လောက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး လနတ်သားသည် ချင်ကဲ၏ လည်မျိုကို ကိုက်ခဲ၍ မြေပြင်သို့ ဆွဲချသွားခဲ့သည်။

"ဘုန်း"

မြေပြင်က တုန်ခါသွားကာ ချင်ကဲမှာ ဖိနှိပ်ခံထားရပြီး မည်မျှရုန်းကန်ပါစေ၊ မလွတ်မြောက်နိုင်ဘဲ ဒဏ်ရာများသာ တိုးပွားလာသောကြောင့် သွေးချင်းချင်းနီနေသည်။

"ငါက အမြှီးလေးချောင်းပဲရှိတော့ရော ဘာဖြစ်လဲ။ အရှုံးပေးပြီလား"

မြေခွေးက ဖီးနစ်ကို လက်သည်းဖြင့် ထောက်ထားကာ အေးစက်စက် စိုက်ကြည့်နေသည်။

"ဘေးဖယ်စမ်း"

ချင်ကဲက ဒေါသတကြီး ရုန်းထလိုက်သော်လည်း ရိုက်ချခံလိုက်ရသောကြောင့် ပြန်မထနိုင်တော့ပေ။

"လုံလောက်ပါပြီ။ လနတ်သား သူမက ရှေးဟောင်းနတ်ဆိုးငရဲက အကြီးအကဲတစ်ယောက်ပါ။ မင်းကို ခေါ်ဖို့ ရောက်လာတာပဲ"

"အကြီးအကဲတစ်ယောက်ဆိုတော့ မျက်နှာသာရအောင် လွှတ်ပေးလိုက်ပါကွယ်"

ချန်ရှီနှင့် ဦးလေးနှစ်သည် တအံ့တသြ ကြည့်နေရာမှ ငြိမ်းချမ်းရေး သံတမန်များပမာ ဝင်ရောက်ဖြန်ဖြေ၍ ချင်ကဲ၏ သိက္ခာကို အနည်းငယ် ကာကွယ်ပေးခဲ့သည်။

"ကျုပ်ကို ရှေးဟောင်းနတ်ဆိုးငရဲဆီ ခေါ်သွားပေး"

လနတ်သားက လူအသွင် ပြောင်း၍ လွှတ်ပေးလိုက်သောအခါ ချင်ကဲလည်း ထရပ်လာပြီး လည်ပင်းနှင့် လက်မောင်းများတွင် ဒဏ်ရာများ ပြည့်နှက်နေသဖြင့် မကျေမနပ် အံကြိတ်နေခဲ့သည်။

"ကောင်းပြီ။ သွားမယ်"

ချင်ကဲက ဦးဆောင်ထွက်ခွာသွားပြီး အဒေါ်ဖြစ်သူနှင့် တွေ့လျှင် အရှင်လတ်လတ် အရေခွံနွှာခိုင်းမည်ဟု စိတ်ထဲမှ ကြုံးဝါးနေခဲ့သည်။ လနတ်သားသည်လည်း သူမကို အနိုင်ကျင့်လိုဟန်ဖြင့် လည်ပင်းကို အနောက်မှ ဆုပ်ကိုင်ထားရင်း ထွက်ခွာသွားကာ ချန်ရှီနှင့် ဦးလေးနှစ်၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွား၏။

အဆုံးမဲ့ငရဲပြည်၏ တော်ဝင်နန်းတော်အတွင်း သွေးမိစ္ဆာဗိမာန် တည်ရှိပြီး သာမန်တဲတစ်လုံးပမာ ထင်မှတ်ရသော်လည်း ယင်မိစ္ဆာ ဘိုးဘေးများ၏ အမွေအနှစ်ကို ထိန်းသိမ်းထားကာ တော်ဝင်မျိုးဆက်သွေးများသာ ဝင်ရောက်ခွင့်ရှိသည်။ လက်ရှိ အခြေအနေကြောင့် တော်ဝင်နန်းတော်အတွင်း အကြီးအကဲများ စည်းဝေးတိုင်ပင်နေစဥ် စစ်မင်းသမီး ဝင်ရောက်လာသဖြင့် ပလ္လင်အထက်မှ စကားသံတစ်ခု ထွက်ပေါ်လာ၏။

"သမီးလေး နောက်ဆုတ်ပါဦး။ မင်းရဲ့ ဦးရီးတော်တွေနဲ့ ငါက ဆွေးနွေးတိုင်ပင်စရာ ရှိနေတယ်"

အသံရှင်မှာ ခရမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသော ယင်မိစ္ဆာဘုရင်ဖြစ်ကာ ယောကျ်ားတစ်ယောက်ဖြစ်သော်လည်း ထူးထူးခြားခြား လှပလွန်းနေသည်။ စစ်မင်းသမီး၏ အလှတရားသည် ဖခင်ဖြစ်သူထံမှ အမွေဆက်ခံထားခြင်းဖြစ်ကာ ယန်မိစ္ဆာခေါင်းဆောင် မီးမိစ္ဆာနှင့် ယှဥ်လျှင် ရုပ်ရည်ချင်း မိုးနှင့်မြေပမာ ကွာခြားပေ၏။

"သမီးကိစ္စက ပိုအရေးကြီးတယ်"

"ဘာများလဲ"

"ပထမဆုံး သမီးကို ငရဲသွေး ပေးပါ။ ပြီးတော့ သွေးမိစ္ဆာဗိမာန်ထဲကို ဝင်ချင်ပါတယ်"

စစ်မင်းသမီး၏ တောင်းဆိုချက်က မိစ္ဆာဘုရင်ကို ဆွံ့အသွားစေသဖြင့် ဖြည့်ဆည်းပေးရန် ခက်ခဲပုံပေါ်သည်။

"အစ်ကို တူမလေးရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပါ"

"ငရဲကိုးထပ်တိုက်ပွဲက နီးကပ်​နေပြီ။ တူမလေးက အစွမ်းထက်လာမှ ရမယ်"

တစ်ချိန်က သူမအပေါ် မျှော်လင့်ချက်မဲ့ခဲ့သော ဦးလေးများသည် အတိတ်မှ မဖြည့်ဆည်းပေးနိုင်ခဲ့သည်များကို အပြစ်ရှိစိတ်ဖြင့် ထောက်ခံပေးနေကြသည်။ မိစ္ဆာဘုရင်မှ သူမ၏ တောင်းဆိုချက်ကို လက်ခံကြောင်း ကြေညာကာနီးတွင် ခန္ဓာကိုယ်တောင့်တင်း၍ အရပ်ဆယ်ပေကျော် မြင့်မားသော ရွှေရောင်ချပ်ကာဝတ် မိစ္ဆာတစ်ယောက်က ကန့်ကွက်ရန် ရှေ့တက်လာခဲ့၏။ ၎င်းက နဖူးအထက်တွင် ဧရာမဂျိုကြီးများ ပိုင်ဆိုင်ထား၍ ဆင်ရိုင်းကြီးတစ်ကောင်ပမာ ပြင်းထန်စွာ အသက်ရှူနေသည်။

"မိစ္ဆာဘုရင် ငရဲသွေးက မီးအဆင့် ရင်းမြစ်တစ်ခုဖြစ်ပြီး အဆုံးမဲ့ငရဲပြည်မှာ အသန့်စင်ဆုံးပဲ။ ဒါကို လူငယ်တွေဆီ မပေးသင့်ပါဘူး။ မင်းသမီးက ကိုးဆင့်မျိုးဆက်သွေးကြောင့် ငရဲသွေးကို ချီးမြှင့်မယ်ဆိုရင်တောင် သွေးမိစ္ဆာဗိမာန် ဝင်ခွင့်က ဘုရင်နဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် အလျင်စလို မဆုံးဖြတ်ပါနဲ့"

မိစ္ဆာစစ်သူကြီးက မိစ္ဆာအကြီးအကဲ အချို့၏ ထောက်ခံချက်ဖြင့် ကလန်ကဆန် လုပ်နေသည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"

"ကိုးဆင့်မျိုးဆက်သွေး အသက်ဝင်လာတဲ့ ပါရမီရှင်တစ်ယောက်ကို ဘာတွေ ကန့်သတ်ချင်နေတာလဲ"

"ငရဲကိုးထပ် တိုက်ပွဲက အိမ်ဝရောက်နေပြီ။ တကယ်လို့ ငါ့တူမလေးသာ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ယူနိုင်လို့လား"

ဦးရီးတော်များက စစ်မင်းသမီးဘက်မှ ဒေါသတကြီး ထောက်ခံပေးနေကြသည်။

"တိတ်ကြ"

မိစ္ဆာဘုရင်က လက်ကာပြလိုက်ပြီး ရန်စောင်နေကြသော နှစ်ဖက်လုံးကို တိတ်ဆိတ်စေလိုက်သည်။

"ဘာစည်းမျဥ်းမှ ဂရုမစိုက်ဘူး။ ငါ့လမ်းကို ပိတ်ချင်ရင်တော့ အစွမ်းရှိမှ ရလိမ့်မယ်"

စစ်မင်းသမီးက ရဲရဲရင့်ရင့် ကြေညာ၍ စိန်ခေါ်လိုက်သောကြောင့် မိစ္ဆာစစ်သူကြီးနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။

"မင်းသမီးရဲ့ ပါရမီက ကောင်းချီးတစ်ခု ဖြစ်ပေမယ့် ဘိုးဘေးတွေရဲ့ ဆန္ဒကို လေးစားရပါမယ်"

"ငါတို့မိသားစုရဲ့ သွေးမိစ္ဆာဗိမာန်က နင့်အပိုင် ဖြစ်နေလို့လား။ မိစ္ဆာစစ်တပ်ကို အုပ်ချုပ်နေတာကနေ ဗိမာန်ကိုပါ အုပ်ချုပ်ချင်နေပြီလား။ ဘာလဲ ဘုရင်ဖြစ်ချင်နေတာလား"

စစ်မင်းသမီးက စစ်သူကြီး၏ စကားကို အေးစက်စက် တုံ့ပြန်သည်။

"ကျုပ်ကို အထင်မလွဲပါနဲ့။ ကျုပ်က ယင်မိစ္ဆာမျိုးနွယ်အတွက် အသက်ကို ပေးဆပ်ထားတာပါ"

စစ်သူကြီးက မိစ္ဆာဘုရင်ကို လေးစားစွာ အရိုအသေပေး၍ ကြေညာလိုက်သည်။

"သရုပ်ဆောင်နေတာ ရပ်လိုက်စမ်း။ နင်တို့ ဘာကြံနေလဲဆိုတာ ငါ မသိဘူးထင်နေလား"

အဆုံးမဲ့ငရဲပြည်တွင် အတွင်းပဋိပက္ခများ ရှိနေပြီး စစ်မင်းသမီး အားနည်းခဲ့သော အတိတ်တွင် ထိုစစ်သူကြီးနှင့် နောက်လိုက်များက အဆိုးဆုံး နှိမ့်ချခဲ့ကြ၏။

"သမီးလေး စစ်သူကြီးကို ခက်ခဲအောင် မလုပ်ပါနဲ့"

"ဒါပေမယ့် သမီးက သွေးမိစ္ဆာဗိမာန်ထဲကို တကယ်ဝင်ချင်ပါတယ်"

မိစ္ဆာဘုရင်က ဖြတ်ပြောလာသောအခါ သူမသည် နောက်တစ်ကြိမ် ပူဆာလိုက်ပြန်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် အဖေက စောစော ရာထူးစွန့်လွှတ်ပြီး သမီးကို နန်းတင်ပေးမယ်"

မိစ္ဆာဘုရင်၏ ကြေညာချက်က အစည်းအဝေးတစ်ခူလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။

"အရှင်မင်းကြီး..."

"ငါ ဆုံးဖြတ်ပြီးပြီ။ ဘာမှဆွေးနွေးစရာ မလိုဘူး"

မိစ္ဆာဘုရင်၏ သဘောထားကြောင့် အကြီးအကဲများသည် စိတ်ရှုပ်နေကြပြီး တော်ဝင်မိသားစုသည် စစ်မင်းသမီးအပေါ် အဆုံးထိ ထောက်ခံပေးခြင်းလား သို့မဟုတ် သွေးမိစ္ဆာဗိမာန် ဝင်ခွင့်အတွက်လား ဝေခွဲမရချေ။

"နေပါဦး။ ဘိုးဘေးတွေရဲ့ စည်းကမ်းအရ နန်းတက်မယ်ဆိုရင် အနိမ့်ဆုံး ပြည့်စုံခြင်းအဆင့် ကံပင်လယ် နယ်ပယ် ကျင့်ကြံသူ ဖြစ်ရမယ်။ မင်းသမီးက အလယ်အဆင့်ပဲ ရှိသေးတယ်"

စစ်သူကြီးက ရုတ်တရက် ဝင်ပြောကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

"နင့်သား​က ပြည့်စုံခြင်းအဆင့် မဟုတ်လား။ ခေါ်လိုက်စမ်း။ ဒီကောင့်မျက်နှာကို တက်နင်းပြီး နန်းတက်ပြမယ်"

စစ်မင်းသမီးက ထိုစစ်သူကြီး၏ အနောက်တွင် ရပ်နေသော ခန္ဓာကိုယ် တောင့်တင်းသန်မာသည့် လူငယ်တစ်ယောက်ကို စိန်ခေါ်လိုက်လေသည်။

All Chapters