တိုက်ပွဲ(၂)
Vol. 5 Ch. 495
"မြေကမ္ဘာ … လာစမ်း"
"ဘုန်း …"
အဝါရောင် အလင်းများ နေရာအနှံ့ ပေါက်ကွဲ ထွက်ပေါ်လာကာ ထရပ်ကား တစ်စီးစာမျှ ရှိသော မြေကမ္ဘာချီများကို ဖွဲ့စည်း၏။ မြေကမ္ဘာချီများက သံချပ်ကာ တစ်စီး၏ လေးလံမှုများကို သယ်ဆောင်ကာ မဟာကဝေထံ တိုးဝင်ကြပြန်သည်။
"နိုးထ …"
မဟာကဝေ၏ မျက်လုံးမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ လက်သင်္ကေတ တစ်ခုကို ဖွဲ့စည်းသည်။ သင်္ကေတ၏ ထိန်းချုပ်မှု အောက်တွင် ခုနစ်ခုသော အမှောင်လုံးများ ဖြစ်ပေါ်လာ၏။
ထို အမှောင်လုံး ခုနစ်ခုက အဝါရောင် မြေကမ္ဘာချီများ ထံသို့ တိုးဝင်ကာ ဆက်တိုက် ပေါက်ကွဲသည်။
ဘုန်း … ဘုန်း … ဘုန်း …
ပေါက်ကွဲမှု တစ်ခုချင်းစီက နည်းပညာမြင့် အမြောက်ကြီး တစ်စီး၏ အင်အားကို သယ်ဆောင်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေသည်။
"ဒီ အမှောင်ယင်ချီဗုံး ခုနစ်ခု ဖန်တီးဖို့အတွက် ငါ သုံးနှစ်လုံးလုံး အချိန်ယူခဲ့ရတယ် … အခုတော့ မျက်တောင် တစ်ခတ် အတွင်းမှာပဲ အားလုံးကို အသုံးပြုလိုက်ရတယ် …"
ကဝေဘုရင်ကား ကြီးမားသော ဆုံးရှုံးမှုအတွက် နှမြောတသ ဖြစ်နေပုံ ရသည်။
သူကား မြေကမ္ဘာချီများသည် ချန်းဖန်၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်လိမ့်မည်ဟု တွေးထင် ခဲ့သည်။ သို့သော်လည်း ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးရင်း အခြား တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်လိုက်၏။
"မိုးကြိုး … လာစမ်း"
"ဘုန်း …"
ဆူညံသော မိုးကြိုး ပေါက်ကွဲသံများနှင့်အတူ ဂရိနတ်ဘုရား ဇူး၏ လျှပ်စီးအလင်းများ ကောင်းကင်တွင် ဝင်းလက်လာသည်။ ချန်းဖန်က ထိုလျှပ်စီး အလင်းများကို လက်ဖြင့် ထိန်းချုပ်ရင်း မဟာကဝေထံ ပစ်လွှတ်သည်။
"မလုပ်နဲ့ …"
မဟာကဝေက ကျယ်လောင်စွာ အော်ဟစ် တားလိုက်၏။
သို့သော်လည်း လျှပ်စီးကား ညှာတာခြင်း မရှိချေ။ လျင်မြန်သော အရှိန်ဖြင့် အကာအကွယ် အဆင်သင့် မဖြစ်သေးသော မဂဟာကဝေ၏ ခန္ဓာကိုယ်သို့ ကျသည်။
"ဘုန်း …"
လျှပ်စီးအလင်းက အမှောင်မီးခိုးများကို ကျော်ဖြတ်ကာ မဟာကဝေ၏ အသွေးအသားများအား တိုက်စားသည်။ မျက်တောင် တစ်ခတ်စာတွင်ပင် နှလုံးကို မြင်နိုင်သည် အထိ မဟာကဝေ၏ ရင်ဘတ်က ဟောင်းလောင်း ပေါက်သည်။
"သာလွန်ခြင်း အဆင့် ဓမ္မ အစီအရင် … မိုးကြိုး ကကြိုး ကျင့်စဉ် …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဒဏ်ရာ အကြီးအကျယ် ရသွားသည့် မဟာကဝေအား ကြည့်လိုက်၏။
ဝိညာဉ်ပင်လယ် အဆင့်သို့ ဝင်ရောက်ပြီးချိန်မှ စ၍ မည်သည့် တန်ခိုးရှင် အဆင့်ကို မဆို အစီအရင်ကိုသာ သုံး၍ သူ အနိုင်ယူနိုင်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ နတ်ဘုရား စွမ်းအားများကိုပင် ထုတ်သုံးစရာ မလိုခဲ့ချေ။
ချန်းဖန်သည် မတူညီသော ဒြပ်စင်များ ဖြစ်သည့် လေ၊ မီး၊ မြေကြီးနှင့် လျှပ်စီးတို့ကို အစီအရင် အဖြစ် အသက်သွင်း ပုံဖော်ခဲ့သည်။ မဟာကဝေသည် နှင်းဝံပလွေ ဘုရင်ထက် ပိုမို အစွမ်းထက်သည့်တိုင် ပြိုင်ဘက်ကင်း ပြန်လည် ကုသနိုင်စွမ်းကို မပိုင်ဆိုင်ထားချေ။ ထို့ကြောင့်ပင် ဒဏ်ရာက သူ့အား ကြီးစွာ ထိခိုက်စေသည်။
"ဒါက …"
အဘိုးအိုနှင့် ကောင်ကလေးတို့သည် ကောင်းကင်ရှိ တိုက်ပွဲကို ငေးကြည့်ရင်း ဆွံ့အ သွားကြ၏။
အဘိုးအိုသည် အထွတ်အထိပ် အဆင့်ဖြစ်ရာ မဟာကဝေ၏ ခန္ဓာကိုယ် တစ်ဝက်ကျော် ပျက်စီးသွားပြီ ဖြစ်ကြောင်း ကောင်းစွာ မြင်တွေ့ရသည်။ မဟာကဝေ မသေရသေးခြင်းကား ပြိုင်ဘက်ကင်း ဝိညာဉ် စွမ်းအားကြောင့်သာ ဖြစ်သည်။
"တန်ခိုးရှင် အဆင့် တစ်ယောက်တောင် ချန်းပေ့ရွှမ်းကို မနိုင်ဘူးပေါ့ …"
အဘိုးအိုက ခပ်တိုးတိုး ရေရွတ်ရင်း သက်ပြင်း ချလိုက်သည်။
ထိုအချိန်တွင်ပင် ကောင်းကင်၌ အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။
"ဘုန်း …"
ပေါက်ကွဲသံနှင့်အတူ မဟာကဝေ၏ ခန္ဓာကိုယ်မှ များစွာသော အမှောင်မီးခိုးများ ထွက်ပေါ်လာကာ အထက်သို့ ထက်သည်။
မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် အမှောင်မီးခိုးများက မဟာကဝေနှင့် ချွတ်စွပ်တူသော ပုံရိပ်ယောင် ခုနစ်ခု အသွင်သို့ ယူသည်။
"ချန်းပေ့ရွှမ်း … မင်း ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ် … မင်း အသက်နဲ့ ပြန်ပေးဆပ်စမ်း …"
မဟာကဝေ ပုံရိပ်ယောင် ခုနစ်ခုက တစ်ပြိုင်နက် အော်ဟစ် ပြောသည်။
"စကားပြောတာ တော်လောက်ပြီ …"
ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းရင်း လက်သီးတစ်ချက်ကို ဖော်ထုတ် လိုက်ပြန်၏။
"ဘုန်း …"
ချန်းဖန်၏ လက်သီးက ကြီးမားသော စွမ်းအင်လှိုင်းကို သယ်ဆောင်ကာ မဟာကဝေ၏ ပုံရိပ်ယောင်များထံ တိုးဝင်သည်။
အမှောင်မီးခိုးများက မဟာကဝေ ပုံရိပ်ယောင်များ အထက်၌ ဒိုင်းတစ်ခု ကဲ့သို့ စုစည်းကာ ကာကွယ်သည်။ တစ်ပြိုင်နက်ပင် ပုံရိပ်ယောင် ခုနစ်ခုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ချန်းပေ့ရွှမ်း … မင်း နှင်းဝံပလွေ ဘုရင်ကို အသံထက် မြန်တဲ့ တိုက်ခိုက်မှု သုံးပြီး အနိုင်ယူခဲ့တာ ငါသိတယ် … ဒါပေမဲ့ မင်း သိထားဖို့က ငါက အဲဒီ အရူး မဟုတ်ဘူး … ငါ့ရဲ့ ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်း နားမလည် နိုင်ပါဘူးကွာ …"
"ဟုတ်လား …"
ချန်းဖန်က ဂရုမစိုက်သလို တုံ့ပြန်လိုက်ရင်း လက်သီးချက်အား ထုတ်ဖော်လိုက်၏။
ရုတ်တရက် အလင်း၏ အမြန်နှုန်းကို သယ်ဆောင်ထားသည့် အဖြူရောင် အလင်းတန်း တစ်ခု ဖြစ်ပေါ်လာကာ အမှောင်မီးခိုးများဆီသို့ တိုးဝင်သည်။
"ဘုန်း …"
အလင်းတန်းက ပုံရိပ်ယောင် တစ်ခုဆီသို့ တိုးဝင်ကာ အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီးပစ်သည်။ သို့သော်လည်း ခဏ အတွင်းမှာပင် အစစ ကျဲပြန့်နေသော အမှောင်မီးခိုးများက ပုံရိပ်ယောင် အသွင်သို့ ပြန်လည် ဆောင်ယူသည်။
"ချန်းပေ့ရွှမ်း … ငါ့ရဲ့ ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ်တွေက ရဲ့ချင်စန်းနဲ့ တိုက်ပွဲ အတွက် ဖန်တီးထားတာကွ … မင်း လွယ်လွယ် ဖျက်ဆီးလို့ မရဘူး …"
ပုံရိပ်ယောင် ခုနစ်ခုက ကောင်းကင်တွင် ရပ်ရင်း ပြိုင်တူ ဆိုလိုက်၏။
"ငါ့ရဲ့ မူလ အမြုတေ ဝိညာဉ် တစ်ခုချင်းစီက ယုတ်မာခြင်း ချီ ခုနစ်မျိုးနဲ့ ပေါင်းစပ်ထားတာ … မင်း ပုံရိပ်ယောင်တွေကို တစ်ပြိုင်နက်တည်း ဖျက်ဆီး မပစ်နိုင်ရင် ငါ့ကို နိုင်မှာ မဟုတ်ဘူး …"
မဟာကဝေကား သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့၏။
သူ၏နတ်ဘုရား ဝိညာဉ်များသည် ယင်ယုတ်မာခြင်း၊ မြေကမ္ဘာ ယုတ်မာခြင်း၊ အဆိပ် ယုတ်မာခြင်း၊ မိစ္ဆာ ယုတ်မာခြင်း၊ မီးယုတ်မာခြင်း၊ မိုးကြိုးယုတ်မာခြင်းနှင့် အမှောင် ယုတ်မာခြင်း ဟူသော ယုတ်မာခြင်းချီ ခုနစ်ခုကို သန့်စင်ကာ ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်သည်။ ချန်းဖန်က နတ်ဘုရားဝိညာဉ် ခုနစ်ခုကို တစ်ပြိုင်နက် ဖျက်ဆီးပစ်လျှင်ပင် သူ့အနေဖြင့် ပြန်လည် ဖွဲ့စည်းနိုင်စွမ်း ရှိသည်။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပုံရိပ်ယောင် ခုနစ်ခုအား ကြည့်လိုက်၏။ မတူညီသော ယုတ်မာခြင်းချီ ခုနစ်ခုကို ပေါင်းစပ်ထားသည့် အမှောင်ကဝေဂိုဏ်း၏ နည်းစနစ်ကား အထင်ကြီးလောက်ပေသည်။
မဟာကဝေ၏ ပုံရိပ်ယောင် တစ်ခုချင်းစီသည် တန်ခိုးရှင် တစ်ပိုင်းအဆင့် နတ်ဘုရား ဝိညာဉ်ကဲ့သို့ အစွမ်းထက်သည်။ နှင်းဝံပလွေ ဘုရင်အား မဟာကဝေ အထင်သေးခြင်းက မထူးဆန်းချေ။
"ဟီးဟီး … မူလ အမြုတေ ဟုတ်လား … တကယ့် မူလ အမြုတေ ဆိုတာ မင်းရဲ့ ပုံရိပ်ယောင် ခုနစ်ခု ပေါင်းထက်တောင် ပိုပြီး အစွမ်းထက်တယ်"
ချန်းဖန်က ရယ်မောရင်း ဆိုလိုက်၏။ သူ့ ကဲ့သို့သော မြောက်ပိုင်း ကောင်းကင် အရှင်သခင် အတွက် မဟာကဝေ၏ ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ်များမှာ ဟာသ သာသာလောက်သာ ရှိသည်။
"ကျိုးပျက်စမ်း …"
ချန်းဖန်က အော်ဟစ်ကာ အသံ၏ အမြန်နှုန်းကို ချိုးဖောက်လိုက်၏။
အားလုံး၏ အကြည့်များ အောက်တွင်ပင် သူ၏ ခန္ဓာကိုယ်က အဇူရာ အလင်းတန်း အသွင်သို့ ပြောင်းလဲသည်။ အဇူရာ အလင်းတန်းက အခြား ရောင်စဉ် ခြောက်ခုကိုပါ ခွဲထုတ်ကာ ရန်သူထံသို့ တိုးဝင်သည်။
ဘုန်း … ဘုန်း … ဘုန်း …
အဇူရာ အလင်းများက အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ မဟာကဝေ၏ ပုံရိပ်ယောင် ခြောက်ခုအား တစ်ပြိုင်နက် ဖျက်ဆီးသည်။ တစ်ခုတည်းသော ပုံရိပ်ယောင်သာ အဇူရာ အလင်း၏ တိုက်ခိုက်မှုမှ ကင်းလွတ်ခဲ့သည်။
"သူက ဘာလို့ … ဒီလောက် အစွမ်းထက်ရတာလဲ …"
မဟာကဝေ ပုံရိပ်ယောင်ကား ကြောက်ရွံ့မှုကြောင့် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်သည် အသံ၏ အမြန်နှုန်းကို တစ်ပြိုင်နက်တည်း ခုနစ်ကြိမ် တိုင်တိုင် ချိုးဖောက်ခဲ့သည်။ ခုနစ်ခုသော တိုက်ခိုက်မှုများ ပေါင်းစပ်မှုတွင် သူကား သံစက်ရုပ် တစ်ခုထက်ပင် အင်အား ကြီးမားသည်။
ပို၍ လွန်ကဲသည်ကား ထိုတိုက်ခိုက်မှု ခုနစ်ခုအား ဖော်ထုတ်ပြီးချိန်တွင်ပင် ချန်းဖန်၏ ပုံစံက မောပန်းဟန် မရသေးခြင်းပင်။ ထိုအချက်က သူ၏ ခန္ဓာကိုယ် သန့်စင်မှု မည်မျှ မြင့်မားသည်ကို ဖော်ပြနေသည်။
"မင်းကို သတ်နိုင်လု နီးနီးပါပဲလား …"
ချန်းဖန်က ခေါင်းခါလိုက်သည်။
သူ့အနေဖြင့် အသံထက် မြန်သော လှုပ်ရှားမှုကို တစ်ပြိုင်နက်တည်း ခုနစ်ကြိမ်ထက် ပိုအောင် ဖော်ထုတ်နိုင်သည်။ သို့သော်လည်း အမြန်နှုန်းတွင် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ ထိုသို့ ဆိုလျှင် မဟာကဝေ၏ ပုံရိပ်ယောင်အား ဖျက်ဆီးရန် လွယ်ကူတော့မည် မဟုတ်ပေ။
"ဓမ္မရတနာ လာစမ်း …"
ပုံရိပ်ယောင် ခြောက်ခုအား လျင်မြန်စွာ ပြန်လည် ဖွဲ့စည်း ပြီးသည်နှင့် မဟာကဝေက လက်နှစ်ဖက်အား ဆန့်တန်းရင်း အော်ဟစ်လိုက်၏။
"ကဝေ မီးလင်းဖို …"
"မြွေကဝေ ရုပ်တု …"
"သွေကဝေ ဓား …"
"အမှောင်ကဝေ သံချပ်ကာ …"
" … "
ခုနစ်ခုသော ကဝေ ရတနာများက အမှောင် တောင်တန်းဆီမှ ပျံသန်းကာ ခုနစ်ယောက်သော ပုံရိပ်ယောင်များနှင့် ပေါင်းစပ် ဖွဲ့စည်းသည်။
ဆေးနတ်ဘုရား တောင်ကြား၏ မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုးသည်လည်း ထိုအထဲတွင် ပါဝင်ကာ မြေကမ္ဘာ ယုတ်မာခြင်း ပုံရိပ်ယောင်နှင့် ပေါင်းစပ်နေ၏။
"ချန်းပေ့ရွှမ်း … ဒီဓမ္မ ရတနာ ခုနစ်ခုက ငါ့ဘိုးဘေးတွေ ထားခဲ့တဲ့ဟာကွ … အားလုံးက မြေကမ္ဘာ နတ်ဘုရားတွေ ဖန်တီးခဲ့တဲ့ ဟာတွေချည်းပဲ … မင်းကို နောက်ဆုံး သတိပေးမယ် … ထွက်သွားမလား … သေမလား …"
မဟာကဝေ ခုနစ်ပါးက ခုနစ်ခုသော ဓမ္မ ရတနာများကို ဝင့်ကြွားစွာ ကိုင်ရင်း မေးလိုက်၏။
"အဲဒီ လက်နက်တွေ ကိုင်ထားတဲ့သူက မြေကမ္ဘာအဆင့် နတ်ဘုရား ဖြစ်ရင်တော့ ငါထွက်သွားချင် ထွက်သွားမိမယ် … ဒါပေမဲ့ မင်းရဲ့ စွမ်းအားကတော့ နိမ့်ကျလွန်းတယ် … အဲဒီ အရုပ်လေးတွေ ကိုင်ပြီး ခြိမ်းခြောက်ရုံနဲ့ ငါကြောက်မယ်လို့ စိတ်ကူးယဉ် မနေစမ်းနဲ့"
ချန်းဖန်က ဂရုမစိုက် သလို တစ်ချက် ပြုံးလိုက်၏။
"အရူး …"
ပုံရိပ်ယောင် မဟာကဝေ ခုနစ်ပါးက ကျိန်ဆဲကာ ဓမ္မရတနာ ခုနစ်ခုအား စတင် ချိတ်ဆက်လိုက်၏။ ဓမ္မရတနာ ခုနစ်ခုက ကောင်းကင်သို့ ပျံတက်ကာ ဝင်္ကပါတစ်ခု အသွင်သို့ ဖွဲ့စည်းသည်။
"ဒါက …"
ချန်းဖန်က ရင်းနှီးနေသော အစီအရင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
"အဆိပ် ခုနစ်ပါး အစီအရင် …"
"ဟားဟား … ဒါက ငါ့ရဲ့ဘိုးဘေး မဟာကဝေ ထားခဲ့တဲ့ အဆပ် ခုနစ်ပါး အစီအရင်ပဲ … မင်းက ဆေးနတ်ဘုရား တောင်ကြားမှာ ရှိတဲ့ တစ်ခုကို တွေ့ခဲ့တာ ဖြစ်ရမယ်"
မဟာကဝေက သဘောကျစွာ ရယ်မောရင်း အစီအရင်ကို ဆက်လက် ထိန်းချုပ်သည်။
ဓမ္မရတနာ ခုနစ်မျိုးက ရောင်စဉ် ခုနစ်မျိုး အဖြစ် ပြောင်းလဲကာ ကောင်းကင်၌ စူးရှစွာ လင်းလက်လာ၏။ ရုတ်တရက် ယင်ချီများက ကောင်းကင်တွင် ပေါက်ကွဲကာ အဆိပ်နှင့် အမှောင်ချီများက အရပ်မျက်နှာ ရှစ်ခု အနှံ့ ပျံ့လွင့်သည်။
"ဘုန်း …"
ကဝေမီးလင်းဖိုမှ မီးတောက်များက ပေါက်ကွဲကာ ချန်းဖန်အား ဝင်ဟပ်ကာ ပြာချရန် ကြိုးစားသည်။
သွေးကဝေဓားကလည်း ကောင်းကင်၌ သွေးအလင်းတန်းကို ချန်ရစ်ကာ ချန်းဖန်အား ခုတ်ပိုင်းသည်။
မြွေကဝေ ရုပ်တုက အစိမ်းရောင် မြူမှုန်များကို မှုတ်ကာ လေထုအား လောင်ကျွမ်းစေသည်။
ဓမ္မရတနာ ခုနစ်ခု၏ တိုက်ခိုက်မှုက တစ်ချိန်တည်းတွင်ပင် ထွက်ပေါ်လာရာ ကမ္ဘာ မြေကြီးပင် ငလျင်လှုပ်သည့် အလား တုန်ခါလာခဲ့၏။ ထို ခုနစ်ခုကား ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထုတ်ယူ၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားရာ သူတို့၏ တိုက်ခိုက်နိုင်စွမ်း မှာလည်း မူလကထက် အဆများစွာ တိုးမြင့် နေခဲ့ပြီ ဖြစ်သည်။
ဘုန်း … ဘုန်း … ဘုန်း …
များစွာသော တိုက်ခိုက်မှုများ၏ အလယ်၌ ချန်းဖန်၏ ခန္ဓာကိုယ်က နစ်မြုပ်သွားခဲ့၏။ ခုနစ်မျိုးသော အရောင်များကို ခြယ်လှယ်ထားသည့် အဆိပ်များ၊ မီးခိုးနှင့် မီးများ အောက်တွင် ချန်းဖန်ကား ပြန်ပေါ်လာတော့မည့်ပုံ မရချေ။
"ချန်းပေ့ရွှမ်း ရှုံးသွားတာလား …"
အဘိုးအိုက ကောင်းကင်သို့ မျှော်ကြည့်ရင်း တီးတိုး ရေရွတ်သည်။ သူက ခေါင်းကိုခါရင်း အကြည့်လွှဲလိုက် စဉ်မှာပင် တိမ်များ အကြားမှ ကျယ်လောင်သော အသံ တစ်ခု ထွက်ပေါ်လာ၏။
"သတ် …"
ရုတ်တရက် မိုးတိမ်များ အကြားမှ ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာကာ မီး၊ အဆိပ်၊ သွေးဓားနှင့် အမှောင်ချီတို့အား ဖောက်ထွင်းသည်။
"ဘာလဲ …"
အဘိုးအို၏ ခန္ဓာကိုယ်က အေးစက် တောင့်တင်းသွား၏။ သူ၏ စိတ်အတွင်းတွင်မူ ဒဏ္ဍာရီလာ လက်နက် တစ်ခု၏ အမည်က ထင်ဟပ်လာသည်။
"ဓားပျံ …"
ရွှေရောင် ဓားပျံကား နေပြည်တော်သားတို့၏ အကြည့်များ အောက်တွင်ပင် ကဝေ မီးလင်းဖိုကို ဖောက်ထွင်း၏။ ဓားပျံ၏ ထက်ရှမှု အောက်တွင် မီးလင်းဖိုသည် နှစ်ပိုင်း ပြတ်ကာ မြေပေါ်သို့ ကျသည်။
"ဘုန်း …"
ကဝေ မီးလင်းဖို ပျက်စီးသည်နှင့် ဓားပျံက မီး ယုတ်မာခြင်း ပုံရိပ်ယောင်ကို ပိုင်းဖြတ်သည်။ ထို့နောက် တစ်ဆက်တည်းပင် မြွေကဝေ ရုပ်တုထံ တိုးဝင်၏။
ဘုန်း...
ဘုန်း …
ဘုန်း …
ပေါက်ကွဲမှု ခုနစ်ခု ဆက်တိုက် ဆိုသလို ထွက်ပေါ်လာကာ မဟာကဝေ၏ ပုံရိပ်ယောင် ခုနစ်ခုသည်လည်း ဓားပျံ၏ ဖျက်ဆီးခြင်းကို ခံရသည်။ ကိုင်ဆောင်ခဲ့သော ဓမ္မရတနာ များသည်လည်း ပိုင်ရှင်၏ လမ်းစဉ် နောက်သို့သာ လိုက်ရ၏။
အကောင်းပကတိ အတိုင်း ကျန်ခဲ့သည့် အရာဟူ၍ မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုး တစ်ခုသာ ရှိသည်။
နေပြည်တော် မြို့သူ မြို့သားများကား ကောင်းကင်၌ ရပ်နေသော ချန်းဖန်အား ကြည့်ရင်း ဆွံ့အ နေကြဆဲပင်။ ထိုလူငယ်လေးကား နတ်ဘုရားများ၏ တိုက်ပွဲ၌ အနိုင်ရသူ ဖြစ်ရမည်။
"မဟာကဝေ ရှုံးပြီ …"
အဘိုးအိုက ခေါင်းခါရင်း မြေးငယ်ကို လက်ဆွဲကာ ထွက်ခွာ သွားတော့၏။
***