အမှောင်ကဝေဂိုဏ်း၏ ကျဆုံးမှု
Vol. 5 Ch. 496
"မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး … မဟာကဝေက ခုလို ရှုံးမှာ မဟုတ်ဘူး …"
ဆရာဟူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ သူကား အမှောင်ကဝေဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ မဟာကဝေနှင့် အနီးကပ် ဆက်ဆံခဲ့သူ တစ်ယောက် အနေဖြင့် မဟာကဝေ မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းစွာ သိသည်။
မဟာကဝေကား လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ထင်ရှားခဲ့သည့် တန်ခိုးရှင် အဆင့် ဖြစ်သည်။
သူ၏နာမည်က စီအိုင်အေ၏ နတ်ဘုရား သတ်မှတ်ချက်တွင်ပင် ထိပ်ဆုံး စာမျက်နှာ၌ ရပ်တည်ခဲ့သည်။
ယခုတွင်မူ မဟာကဝေ ကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကား လူငယ်လေး တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း ပို၍ အံ့ဩစရာကား လူငယ်လေးသည် မဟာကဝေကို အနိုင်ယူရန် အားစိုက်ထုတ်ခဲ့ပုံပင် မပေါ်ချေ။
"ဘုန်း …"
ရုတ်တရက် အမှောင်မီးခိုးများ ပြန်လည် စုစည်းကာ မဟာကဝေ၏ ပုံရိပ်ယောင် တစ်ခု ပြန်ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်ယောင်က ကျယ်လောင်စွာ အော်ဟစ်ရင်း ထွက်ပြေးသည်။
"ချန်းပေ့ရွှမ်း … မင်း ဒီအတွက် ပြန်ပေးဆပ်ရမယ်ကွ"
"ဟမ့် … မင်း ပြေးလို့ မလွတ်ပါဘူး …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကောင်းကင်၌ လွင့်မျောနေ၏။ ဘေး၌ ဝန်းရံကာ တောက်ပနေသော အဇူရာ အလင်းက သူ့အား နတ်ဘုရား တစ်ပါး၏ အရှိန်အဝါကို ပေးသည်။
"နိုးထ …"
ချန်းဖန်က ရေရွတ်သည်နှင့် ဓားပျံက အသံ၏ အမြန်နှုန်းကို ချိုးဖောက်ပြီး မဟာကဝေအား ခုတ်ပိုင်းသည်။
"ဘုန်း …"
ဓားပျံ၏ နှစ်ပိုင်းဖြတ်ခြင်း ခံရသည်တွင် မဟာကဝေ၏ ပုံရိပ်ယောင် စတင် ပျက်စီး၏။ ထို့နောက် အမှောင်ယင်ချီများက ကောင်းကင်တွင် တစ်စတစ်စ ပြိုပျက်ကာ လွင့်ပါး သွားရတော့၏။
မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော မဟာကဝေကား အသတ်ခံလိုက်ရပြီ ဖြစ်သည်။
မဟာကဝေအား သတ်ဖြတ်ပြီးသည်နှင့် ချန်းဖန်က မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုးနှင့် အခြား ဓမ္မရတနာများကို ကောက်ယူကာ အမှောင်ကဝေ တောင်တန်းဆီသို့ ပျံသန်း လာခဲ့၏။
"ယုဝမ်ကျင်းကို ပေးမလား … သေမလား …"
ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက အမှောင်တောင်တန်း တစ်ခုလုံးကို ဖြန့်ကြက်ကာ ကျယ်လောင်သော အသံအား ထုတ်လွှတ်လိုက်၏။
"မြန်မြန်ဟေ့ … တောင်တန်း အကာအကွယ် အစီအရင်ကို စကြရအောင် … ငါတို့ သူ့ကို ပေးဝင်လို့ မဖြစ်ဘူး"
အမှောင်ကဝေဂိုဏ်း အကြီးအကဲချုပ်က အော်ဟစ် အမိန့်ပေးလိုက်၏။
အမှောင်ကဝေဂိုဏ်း၌ မဟာကဝေ သေဆုံးသွားပြီ ဖြစ်သည့်တိုင် ပြည့်စုံခြင်း အဆင့် ငါးယောက် ကျန်ရှိနေသေးသည်။ ထိုအင်အားက ဂိုဏ်းကြီးများကိုပင် ယှဉ်ရန် လုံလောက်ပေသည်။
"ဘုန်း …"
ပြည့်စုံခြင်း အဆင့် ငါးယောက်နှင့် ရာချီသော တာအိုရရှိခြင်း အဆင့် တပည့်များက သူတို့၏ စွမ်းအားများကို ချိတ်ဆက်ကာ တောင်တန်း အကာအကွယ် အစီအရင်အား အသက်သွင်း လိုက်၏။ ရုတ်တရက် အမှောင်တောင်တန်း အထက်၌ ကြီးမားသော အနက်ရောင် တိမ်တိုက်များ ထွက်ပေါ်လာကာ ကျူးကျော်သူအား တားဆီးသည်။
"ဘုန်း … ဘုန်း … ဘုန်း …"
မြေပြင်ရှိ အမှောင် တိမ်တောင်များက အဆက်မပြတ် စီးဆင်းကာ တောင်တန်း အကာအကွယ်ကို အားဖြည့်သည်။
ထိုတိမ်တောင်များသည် ဆင်တစ်ကောင်ကို ချက်ချင်း သေစေနိုင်သည့် အဆိပ်များ ရောစပ် နေသလို ရေအေးကို ချက်ချင်း ဆူပွက် စေနိုင်သည့် အပူချိန်အား ပိုင်ဆိုင်ထားသည်။
"အသုံးမကျတဲ့ အစီအရင်ပဲ … မင်းတို့ရဲ့ အမှောင်ချီထုလေးက ငါ့ကို တားနိုင်မယ် ထင်နေလား …"
"မင်းတို့က သေချင်နေတယ် ဆိုတော့လည်း ငါ့က လိုက်လျောပေး ရမှာပေါ့ …"
ချန်းဖန်က ပြုံးရင်း အဝါရောင် ကျောက်မျက်ကို ခပ်ဖြည်းဖြည်း ပုတ်လိုက်၏။
"နိုးထ …"
ဓားက ရွှေရောင် အလင်းကို ဖြန့်ကြက်ကာ အဝါရောင် ကျောက်မျက် အတွင်းမှ ထွက်ပေါ်လာသည်။ ဓားက ခဏအတွင်းမှာပင် အလင်းရောင်များ ပိုမို တောက်ပလာကာ အရွယ်အစား ကြီးမားလာ၏။
"နိုးထ …"
ချန်းဖန်က နောက်တစ်ကြိမ် အော်ဟစ်လိုက်ရာ ဓားက တဆတ်ဆတ် တုန်ရီလာသည်။ ဓား၏ ဘေးရှိ ရွှေရောင် အလင်းကလည်း မီတာ သုံးဆယ် အထိ ပိုမို ကြီးမား လာသည်။
"သတ် …"
ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း အေးစက်စက် ရေရွတ်လိုက်၏။
"ဟူး …"
ဓားပျံက ချက်ချင်းပင် ကောင်းကင်၌ ပျံဝဲကာ တောင်တန်းထက်သို့ ကျသည်။
"ဘုန်း …"
ဓား၏ တစ်ချက် ခုတ်ပိုင်းမှုတွင်ပင် တောင်တန်းကား တဆတ်ဆတ် တုန်ရီသွား၏။
တောင်တန်းအား ကာကွယ်ထားသော အမှောင်ချီများသည်လည်း ကစဉ့်ကလျား ဖြစ်ကာ တဖြည်းဖြည်း ပြိုကွဲစပြုသည်။
"ဆက်တောင့်ထားကြ … သူ့ကို ငါတို့ ပေးဝင်လို့ မဖြစ်ဘူး …"
အကြီးအကဲချုပ်က ပါးစပ် အပြည့် သွေးတစ်လုတ် အန်ရင်း အော်ဟစ်လိုက်၏။
"ကောင်းပါပြီ …"
တပည့်များက ခေါင်းညိတ်ကြသည်။
သို့သော်လည်း သူတို့၏ မျက်နှာများကမူ မျှော်လင့်ချက် မဲ့စွာ မှေးမှိန်နေခဲ့ပြီ ဖြစ်သည်။
"ဘုန်း …"
ချန်းဖန်က ဓားပျံ၏ အင်အားကို နှစ်ဆ တိုးမြှင့်လိုက်၏။ ဓား၏ အလင်းက တဖြည်းဖြည်း ပိုမို ကြီးမားလာရာ မီတာ လေးဆယ်ခန့် အထိပင် ရောက်ရှိ လာခဲ့သည်။
"ဓား … လာစမ်း"
ချန်းဖန်က လက်သင်္ကေတ တစ်ခုကို ဖွဲ့စည်းရင်း အမိန့်ပေးလိုက်၏။
"ဘုန်း …"
ဓားအလင်းများက နောက်တစ်ကြိမ် ကောင်းကင်သို့ ပျံတက်ကာ တောင်တန်းအား နှစ်ပိုင်း ဖြတ်ပိုင်းလိုက်၏။ ဓားက တောင်တန်း အကာအကွယ် အစီအရင်ကို တစ်ချက် အတွင်းပင် ပိုင်းဖြတ်ကာ အမှောင်ကဝေ အခြေစိုက်စခန်း အပေါ်ထိ ကျသည်။
"ဘုန်း …"
ရာချီသော တာအိုရရှိခြင်း အဆင့် တပည့်များနှင့် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ နောက်သို့ လွင့်စဉ်ကျ၏။ သူတို့ကား အကြီးအကျယ် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်သည်။
"အားလုံးပဲ အားတင်းထားကြဟေ့ … သူက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အန်တုပြီး တိုက်ခိုက်နေရတာ … သူ မောပန်း နေလောက်ပြီ … ငါတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး …"
အကြီးအကဲချုပ်က ပါးစပ်မှ သွေးများကို သုတ်ရင်း အစီအရင်အား နောက်တစ်ကြိမ် ပြန်လည် ထိန်းချုပ်ရန် ကြိုးစားသည်။
သို့သော်လည်း သူ၏စကား မဆုံးခင်မှာပင် ဓားအလင်းက နောက်တစ်ကြိမ် ကျဆင်း လာပြန်၏။
"ဘုန်း …"
တတိယမြောက် တိုက်ခိုက်မှုက တောင်တန်း အကာအကွယ် အစီအရင်ကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီးပစ်သည်။ များစွာသော အကြီးအကဲများ၊ တပည့်များမှာမူ မြေပြင်ပေါ်၌ လဲကျကာ ပြန်လည် ထနိုင်စွမ်းပင် မရှိတော့ချေ။
မြေပြင်သည်ကား သူတို့၏ ပါးစပ်မှ စီးကျနေသော သွေးများကြောင့် ခြင်းခြင်းနီ နေခဲ့ရပြီ ဖြစ်သည်။
"ငါ … ငါတို့ ရှုံးသွားပြီလား …"
အကြီးအကဲချုပ်သည် မြေပြင်၌ အူကြောင်ကြောင် ထိုင်နေမိသည်။ သူ၏ ပါးစပ်၊ နား၊ နှာခေါင်း၊ မျက်လုံးများတွင်မူ သွေးများက တစက်စက် စီးကျနေသည်။ သို့သော်လည်း သူက ထိုအရာကို သတိထားမိပုံပင် မပေါ်ချေ။
"သူ … သူက ငါ့ရဲ့ မင်းသားလေးပဲ"
သံလှောင်အိမ် အတွင်းရှိ မိန်းကလေးက ကောင်းကင်မှ ဆင်းသက်လာသော ချန်းဖန်အား ကြည့်ရင်း ဆိုသည်။ သူမကား ချန်းဖန် အပေါ်၌ အလွန်ပင် ကြွေဆင်းသွားပုံ ရသည်။
ယုတမ်ကျင်းက မည်သို့မျှ ပြန်မပြောပဲ နွေးထွေးစွာ ပြုံးလိုက်၏။ သူမ၏ အကြည့်များကမူ နူးသိမ့် သိမ်မွေ့စွာဖြင့် ချန်းဖန် အပေါ်တွင်သာ ဝေ့ဝဲနေခဲ့တော့သည်။
***
၂၀၁၀ မတ်လ ၃၀ ရက်နေ့ … ချန်းပေ့ရွှမ်းသည် မဟာကဝေအား သတ်ဖြတ်ကာ အမှောင်ကဝေဂိုဏ်းအား ဖျက်စီးခဲ့၏။
ထိုသတင်းက ခဏချင်းပင် ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
***