← Chapters

ကမ္ဘာ၏ အံ့အားသင့်မှု

Vol. 5 Ch. 497

ကမ္ဘာ၏ အံ့အားသင့်မှု

Vol. 5 Ch. 497

"ချန်းပေ့ရွှမ်းက မြန်မာကို သွားတယ် ဟုတ်လား ဘာကြောင့်လဲ"

"မြန်မာက နိုင်ငံငယ် တစ်ခုပဲဟာ သူ ဘာကြောင့် သွားရတာလဲ  စိတ်ဝင်စားလောက်တဲ့ အရာ တစ်ခုခု မြန်မာမှာ ရှိနေလို့လား …"

"မဟုတ်ဘူး အခုပဲ တက်လာတဲ့ အစီရင်ခံစာတွေ အရဆို အမှောင်ကဝေဂိုဏ်းကို ဖြိုခွင်းဖို့ အတွက် ချန်းပေ့ရွှမ်းက မြန်မာကို သွားတာ တဲ့ …"

မဟာအင်အားကြီး နိုင်ငံများ ဖြစ်ကြသော ရုရှား၊ တရုတ်၊ ပြင်သစ်၊ အမေရိကန် စသည့် နိုင်ငံများ၌ အရေးပေါ် အစည်းအဝေးများ ခေါ်ယူကာ ချန်းဖန်၏ လှုပ်ရှားမှုများ အကြောင်းကို ဆွေးနွေးကြသည်။ ချန်းဖန်၏ ထိုခရီးစဉ်က ကမ္ဘာ၏ ငြိမ်းချမ်ရေးကို တစ်မျိုးတစ်မည် ထိခိုက်စေမည်လား သူတို့ စိုးရိမ် နေကြသည်။

ထိုအချိန်၌ အမှောင်ကမ္ဘာရှိ လူများမှာမူ ချန်းဖန်နှင့် မဟာကဝေတို့၏ တိုက်ပွဲ သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ ဖြစ်သည်။

"နတ်ဘုရားတို့ရဲ့ တိုက်ပွဲ … အဲဒါက နတ်ဘုရားတို့ရဲ့ တိုက်ပွဲပဲ …"

"ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ခုလို တိုက်ပွဲမျိုး တစ်ခါမှ မဖြစ်ခဲ့ဘူး … ကမ္ဘာမှာ တန်ခိုးရှင် အဆင့်တွေ ပေါ်ထွက် မလာတာတောင် နှစ်ပေါင်း ငါးဆယ်လောက် ရှိနေပြီ"

"မဟာကဝေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နတ်ဘုရား သတ်မှတ်ချက်မှာ ထိပ်ဆုံး ဆယ့်ငါးယောက် စာရင်း ဝင်ခဲ့တယ် … ချန်းပေ့ရွှမ်းက သူ့ကိုတောင် အနိုင်ယူခဲ့တာ ဆိုတော့ တကယ့်ကို အစွမ်းထက်လွန်းတာပဲ"

များစွာသော အသုံးပြုသူများသည် စိတ်လှုပ်ရှားစွာဖြင့် စီအိုင်အေ၏ သီးသန့် ဆာဗာတွင် ပို့စ်များ တင်ကြသည်။

တန်ခိုးရှင် အဆင့်များသည် နိုင်ငံ တစ်နိုင်ငံကို ထိန်းချုပ်နိုင်သည် အထိ အင်အား ကြီးမားသူများ ဖြစ်ကြသည်။ အမေရိကန်ပင်လျှင် တန်ခိုးရှင် အဆင့်များ၏ ဖြစ်တည်မှုကို မလေးမစား မလုပ်ရဲပေ။

တန်ခိုးရှင် အဆင့်များကား နတ်ဘုရားများနှင့်ပင် နှိုင်းယှဉ်ခံရသူများ ဖြစ်သည်။ ချန်းဖန်၏ လက်၌ တန်ခိုးရှင် အဆင့်တစ်ယောက် ကျဆုံးသွားခြင်းက ကမ္ဘာအားကြီးစွာ  တုန်လှုပ်စေသည်။

"ဟေး ကြည့်ပြီးကြပြီလား ဗီဒီယိုဖိုင် အသစ်တစ်ခု တက်လာတယ်"

တစ်ယောက်က ရေး၏။

"ဘာလဲ ဘာဗီဒီယိုဖိုင် လဲဟ …"

အခြားလူများက စိတ်ဝင်တစားဖြင့် အသစ်တက်လာသော ဗီဒီယိုဖိုင်အား ကြည့်လိုက်ကြသည်။

ဗီဒီယိုဖိုင် အတွင်းတွင်မူ အဇူရာ အလင်းများ ဝန်းရံနေသော ပုံရိပ် တစ်ခုနှင့် အမှောင်မီးခိုးများအား ထိန်းချုပ်ထားသော ပုံရိပ်တစ်ခု တို့ ကောင်းကင်၌ တိုက်ခိုက် နေသည်ကို ရိုက်ပြထားသည်။

ဝေးကွာသော နေရာမှ ရိုက်ရသော ကင်မရာ အနေအထားနှင့် ညနေ မှောင်ရီပျိုးစ အလင်းရောင်တို့ကြောင့် ဗီဒီယိုဖိုင်မှာ ကြည်လင် ပြတ်သားခြင်း မရှိချေ။ သို့သော်လည်း တိုက်ခိုက်နေသည့် ပုံရိပ်များကိုမူ ကောင်းစွာ ပုံဖော်ရန် လုံလောက်ပေသည်။ တိုက်ပွဲက သုံးမိနစ် ခန့်သာ ကြာမြင့်ပြီး ရွှေရောင် အလင်းက အရာရာကို အဆုံးသတ်ခဲ့သည်။

"အဲဒီ အလင်းတန်းကို ငါ မြင်ဖူးတယ် … ချန်းပေရွှမ်းက ဂျပန် တိုက်လေယာဉ်တွေကို ဖျက်ချဖို့ အဲဒီ အလင်းတန်းကို သုံးဖူးတယ် မလား …"

တစ်ယောက်က ဗီဒီယိုဖိုင်၏ အောက်တွင် မှတ်ချက် ရေးသည်။

"တကယ်ပဲ မြန်လိုက်တာ … တန်ခိုးရှင် အဆင့်ကြားမှ အမြန်ဆုံး တိုက်ပွဲလို့ ခေါ်ရမလားပဲ … ချန်းပေ့ရွှမ်းကပဲ ကြမ်းလွန်းတာလား … မဟာကဝေကပဲ နုလွန်းတာလား"

"ဟုတ်တယ် တန်ခိုးရှင် အဆင့်တွေရဲ့ တိုက်ပွဲက အနည်းဆုံးတော့ နာရီပိုင်းလောက် ကြာရမှာ … ရဲ့ချင်စန်းနဲ့ အစိမ်းရောင် ဂိုဏ်းခေါင်းဆောင်တို့ရဲ့ တိုက်ပွဲတောင် သုံးရက် သုံးည တိုင်တိုင် ကြာခဲ့တာတဲ့"

အသုံးပြုသူများ ဆွေးနွေး နေကြချိန်တွင်ပင် မစ္စတာလေ့လာသူက ပို့စ်တစ်ခု တင်လာသည်။ ပို့စ်၏ ခေါင်းစဉ်ကား "နတ်ဘုရားတို့ရဲ့ တိုက်ပွဲ အသေးစိတ် လေ့လာ တင်ပြချက်" ဟူ၍။

ပို့စ် အတွင်း၌ မစ္စတာ လေ့လာသူက ဗီဒီယိုအစ အဆုံးအား အပိုင်းများ ခွဲ၍ တစ်ဆင့်ချင်း ရှင်းလင်းထားသည်။

"ဗီဒီယိုရဲ့အစမှာ သူတို့ နှစ်ယောက်စလုံး ကောင်းကင်ထက်ကို ပျံတက်သွားတာ ငါတို့ တွေ့ရတယ် … သာမန် တန်ခိုးရှင် အဆင့်တွေဆို လေထဲမှာ လိုသလို ပျံသန်းဖို့ မဖြစ်နိုင်ဘူး … ဒါကြောင့် သူတို့ နှစ်ယောက် စလုံးဟာ သာမန် တန်ခိုးရှင်တွေ မဟုတ်ဘူးလို့ မှတ်ချက် ချနိုင်တယ် …"

"အဲဒီနောက် မဟာကဝေက သူ့ရဲ့နာမည်ကျော် အမှောင် အဆိပ်တွေနဲ့ တိုက်ခိုက်တယ် … ချန်းပေ့ရွှမ်းက လေ၊ မီး၊ မြေကြီးနဲ့ မိုးကြိုး အစီအရင်တွေကို ထုတ်သုံးတယ် … သူ့နောက်ဆုံး ထုတ်သုံးခဲ့တဲ့ မိုးကြိုး အစီအရင်က မဟာကဝေရဲ့ ခန္ဓာကိုယ်ကိုပါ ပျက်စီးစေခဲ့တယ် … အဲဒီ အချက်တွေ အရ ချန်းပေ့ရွှမ်းရဲ့ ဓမ္မအစီအရင်တွေဟာ သူ့ရဲ့ခန္ဓာကိုယ် တိုက်ခိုက်မှုအောက် မလျော့ဘူး ဆိုတာ ဖော်ပြနေတယ် …"

မစ္စတာ လေ့လာသူ၏ အချက်အလက်များက အသေးစိတ် ကျန မှန်ကန်နေရာ တိုက်ပွဲအား ပိုမို ထင်သာ မြင်သာ ရှိလာစေသည်။

"ဟုတ်တယ် … ချန်းပေ့ရွှမ်းက ခန္ဓာကိုယ်နဲ့ အသံထက် မြန်တဲ့ လှုပ်ရှားမှုကိုပဲ အားကိုးတယ်လို့ ထင်ထားတာ … သူ့ရဲ့ဓမ္မ အစီအရင်တွေကလည်း အရမ်းကို အစွမ်းထက် နေတာပဲ …"

"ဟုတ်ပါ့ … သာမန် တန်ခိုးရှင် အဆင့်တွေဆို မိုးကြိုး အစီအရင်မှာတင် အသက်ထွက် နေလောက်ပြီ"

"ဟဟ ... ငါသာ မဟာကဝေ နေရာမှာဆိုရင် ပထမဆုံး လေဓားတွေနဲ့တင် အသက်ထွက် နေလောက်ပြီ …"

များစွာသော အသုံးပြုသူများက မှတ်ချက် ရေးကြသည်။

"မစ္စတာ လေ့လာသူ သုံးသပ်ချက် ဆက်ပြီး ရေးပေးပါဦး တိုက်ပွဲက မပြီးသေးဘူး မလား …"

အချို့က မစ္စတာ လေ့လာသူအား တောင်းဆိုကြ၏။

အများ၏ တောင်ဆိုမှုကြောင့် မစ္စတာ လေ့လာသူက တင်ပြချက် ဒုတိယပိုင်းကို ဆက်လက် ရေးသားသည်။

"တန်ခိုးရှင်တွေက ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွဲထုတ်နိုင်တယ် … ဒါကြောင့် မလို့ သူတို့က ခန္ဓာ ပျက်စီးရုံနဲ့ မသေနိုင်ဘူး …"

"မဟာကဝေရဲ့ နတ်ဘုရား ဝိညာဉ်က ပုံရိပ်ယောင် ခုနစ်ခု အဖြစ် ပုံစံ ပြောင်းလဲ သွားခဲ့တယ် … ဗီဒီယို မှတ်တမ်းအရ ဆိုရင်တော့ အဲဒါက ရှေးဟောင်း ကျင့်စဉ် တစ်ခုဖြစ်တဲ့ ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ် ဆိုတာ သေချာတယ် …"

"မဟာကဝေက ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ကျင့်စဉ်ကို ကျင့်ထားတာကြောင့် ပုံရိပ်ယောင် ခုနစ်ခု အထိ ဖွဲ့စည်း နိုင်ခဲ့တယ် … အဲဒီ ပုံရိပ်ယောင် ခုနစ်ခုကို တစ်ပြိုင်နက်တည်း မဖျက်ဆီးနိုင်ရင် မဟာကဝေကို သတ်နိုင်မှာ မဟုတ်ဘူး"

"အဲဒီ နောက်မှာ ချန်းပေ့ရွှမ်းက သူ့ရဲ့နာမည်ကျော် အသံထက် မြန်တဲ့ လှုပ်ရှားမှုကို ဖော်ထုတ်ခဲ့တာ တွေ့ရတယ် … တွက်ချက်မှုတွေ အရဆို သူ့ရဲ့အမြန်နှုန်းက အသံထက် နှစ်ဆကို ရောက်နေခဲ့ပြီ"

မစ္စတာ လေ့လာသူ၏ တင်ပြချက်က လူများအား မျက်လုံး ပြူးစေသည်။ အသံထက် နှစ်ဆ ဟူသော အမြန်နှုန်းက ကမ္ဘာ့ အမြန်ဆုံး တိုက်လေယာဉ် F-22 ရတ်တာ ထက်ပင် ပိုမို နေသေးသည်။

"အသံရဲ့အမြန်နှုန်းကို ထုတ်ဖော်ဖို့ အတွက် ခန္ဓာကိုယ်က သံမဏိလို ကြံ့ခိုင်နေမှ ဖြစ်မှာ … ချန်းပေ့ရွှမ်းက အသံထက် နှစ်ဆ ဆိုတော့ … ရုရှားတောင် သူ့ကို မနိုင်တာ မထူးဆန်းတော့ပါဘူး"

တစ်ယောက်က လေးလေးနက်နက် မှတ်ချက် ရေးသည်။

"အဲဒါက သိပ်ပြီး အံ့ဩစရာ မရှိပါဘူး … သူ့ရဲ့ စွမ်းအား တိုးတက်နှုန်းက အရမ်းကို မြန်နေတာကို  မင်းတို့ သတိထားမိကြလား …"

တစ်ယောက်က ဝင်ရေးသည်။

မထင်မှတ်စွာပင် သူ၏ မှတ်ချက်က လူအများ အာရုံစိုက်စရာ ဖြစ်လာခဲ့၏။

"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက လဲ့ချန်းကျွယ်ကို နိုင်ဖို့ သူ တော်တော်လေး ရုန်းကန်ခဲ့ရတယ် … အခုဆိုရင် လဲ့ချန်းကျွယ် ဆယ်ယောက် ပေါင်းတောင် သူ့ရဲ့ တိုက်ကွက် တစ်ကွက်ကို ခံနိုင်မှာ မဟုတ်တော့ဘူး"

"ချန်းပေ့ရွှမ်းက တစ်နေ့ထက်တစ်နေ့ ပိုပြီး အစွမ်းထက် လာတာပဲ …"

ဒါရိုက်တာရှောင်က စီအိုင်အေ ဆာဗာရှိ မှတ်ချက်များကို ကြည့်ရင်း ခေါင်းခါမိသည်။

ကျားဖြူနှင့် လိပ်နက်တို့ကမူ တစ်ယောက်ကို တစ်ယောက်သာ ကြည့်ရင်း မေးငေါ့ နေမိကြသည်။

ချန်းပေ့ရွှမ်းကား သူတို့ကို ဆက်တိုက်ပင် အံ့အားသင့်အောင် စွမ်းဆောင်နိုင်သည်။ ရုရှားမှ ပြန်လာပြီး မကြာခင်တွင်ပင် မြန်မာအား တိုက်ရိုက် သွားကာ တန်ခိုးရှင် တစ်ယောက်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုလုပ်ရပ်များကား စည်းကမ်းမဲ့ကာ ကြမ်းတမ်းလွန်းသည်။

ပျံလွှားနီလေးကမူ မည်သို့မျှ ဝင်မပြောပဲ ခေါင်းကိုသာ ငုံ့နေခဲ့၏။ သူမ၏ စိတ်အတွင်းတွင်မူ ချန်းဖန်နှင့် ရဲ့ချင်စန်းတို့၏ စွမ်းအားကို ကျိတ်၍ နှိုင်းယှဉ် နေမိသည်။

"ခေါင်းဆောင်ကြီး … ကျွန်မတို့ ဘာလုပ်ကြမလဲ …"

အိုဂါက စီအိုင်အေ ဆာဗာမှ ဗီဒီယိုအား ကြည့်ပြီးနောက် ဖြူဖပ်ဖြူရော်ဖြင့် မေးသည်။ သူမနည်းတူပင် အခြားသော ခေါင်းဆောင်များမှာလည်း  မျက်နှာပျက် နေကြ၏။

ချန်းပေ့ရွှမ်းသည် တန်ခိုးရှင်အဆင့် တစ်ယောက်ကို လွယ်ကူစွာပင် သတ်ဖြတ်ခဲ့သည်။ အကယ်၍ သူသာ ဟောင်ဂိုဏ်းသို့ ရောက်ချလာပါက အကုန်လုံး သေကျေ ပျက်စီးရလိမ့်မည်။

"ဘိုးဘေးသခင်ကြီး ကိုယ်တိုင် အခုကိစ္စကို ကိုင်တွယ်မယ်တဲ့ … ငါတို့ စောင့်လိုက်ကြရုံပေါ့"

ဟောင်ဂိုဏ်း ခေါင်းဆောင်ကြီးက အဖြေပေးလိုက်သည်။

သူ၏ မျက်လုံးတွင်မူ နောင်တရသည့် အရိပ်အယောင်များ ဖြတ်ပြေးနေ၏။ အကယ်၍ ပြန်လည် ပြင်ဆင်ခွင့်သာ ရှိခဲ့လျှင် ချန်းပေ့ရွှမ်းအား မပတ်သက်အောင် သူ နေခဲ့မည် ဖြစ်သည်။

***

All Chapters