← Chapters

မြေကမ္ဘာအဆင့် ရတနာ

Vol. 5 Ch. 498

မြေကမ္ဘာအဆင့် ရတနာ

Vol. 5 Ch. 498

နေပြည်တော်သည် မြို့သစ်တစ်ခု ဖြစ်ပြီး အစိုးရ ရုံးစိုက်ရန် အတွက် ရန်ကုန်မှ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။ သို့သော်လည်း မြို့အတွင်း၌ နေထိုင်သော လူဦးရေမှာမူ တစ်သိန်းကျော်ခန့် ရှိ၏။

ထို့ကြောင့်ပင် တိုက်ပွဲသတင်းမှာ တားဆီး၍ မရအောင် ပျံ့နှံ့သွားခဲ့သည်။ တိုက်ပွဲပုံရိပ်များ၊ ဗီဒီယိုဖိုင်များသည် လူမှုကွန်ရက်များ ဖြစ်သော ဖေ့ဘွတ်၊ တွစ်တာတို့တွင် ရေပန်းအစားဆုံး သတင်းများ ဖြစ်လာခဲ့၏။

"ဘုရားရေ ဘာကြီးလဲ …"

"သူတို့က သူတော်စင်တွေလား နတ်ဆိုးတွေလား ဒါမှမဟုတ် အရှေ့တိုင်း ဒဏ္ဍာရီထဲက ရှေးဟောင်း နတ်ဘုရားတွေလား …"

"ဒါကို ကြည့်စမ်း … တကယ်ကြီး အမှောင် မီးခိုးတွေနဲ့ အဇူရာ အလင်းတို့က ကောင်းကင်မှာ ပျံနေကြတာ … သူတို့ ကြည့်ရတာ တိုက်ခိုက်နေကြပုံ ရတယ် … နောက်ဆုံးမှာ အဇူရာအလင်း ပိုင်ရှင်က နိုင်သွားတာ ဖြစ်မယ် …"

ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များအား လူအများက ခေါင်းစဉ် အမျိုးမျိုးဖြင့် မျှဝေကြသည်။

"အန်နီ … နင်က ဘာသာမဲ့ဆို … ဒါတွေတွေ့တော့ နင်မကြောက်ဘူးလား"

"မကြောက်ပါဘူး … ဒီပုံတွေက အကုန် မှုန်ဝါးနေတာပဲ … အစစ် မဖြစ်လောက်ဘူး …  တကယ်တော့ ဝိညာဉ်တွေ နတ်ဘုရားတွေ ဆိုတာ တကယ်မှ မရှိကြတာ"

လူအများက ကွဲပြားသော အမြင်များဖြင့် ငြင်းခုံကြသည်။

"အဲဒီပုံတွေက ဖိုတိုရှော့နဲ့ လုပ်ထားတဲ့ လှိမ့်လုံးတွေပါ အရူးတွေပဲ ယုံလိမ့်မယ်"

"အဇူရာ အလင်းနဲ့ မီးခိုးလေးတွေ့ရုံနဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲ ဟုတ်လား ဟာသပဲ"

ခေါင်းမာသော လူများက ထိုအရာကို မယုံကြည်ကြပေ။

ယနေ့ နည်းပညာခေတ်၌ "နဂါးတစ်ကောင် တွေ့ရှိခြင်း" "ဂျီးဆပ် ပြန်လာပြီ" ဆိုသော ထူးထူးဆန်းဆန်း ခေါင်းစဉ်မျိုးက နေရာတိုင်းတွင် တွေ့မြင်ကြရသည်။ အချို့ ကွန်ပျူတာ နည်းပညာဖြင့် ဖန်တီးထားသော ပုံများဆိုလျှင် အစစ်များနှင့်ပင် ထင်မှတ်မှားရသည်။

ထို့ကြောင့်ပင် လူများစွာ၏ ဗီဒီယိုနှင့် ဓာတ်ပုံများအပေါ် ထင်မြင်ချက်များက ကွာခြားကြ၏။

ကျောင်းဟိုင်မြို့ ပါ့ကျင်းတောင် …

"ဆရာ … အဲဒီ ဗီဒီယိုထဲက တစ်ယောက်က ဆရာဘိုးဘိုး မလား …"

ချမ့်တန့်ချင်က အဘိုးအိုထံသို့ လျှောက်လာရင်း မေး၏။

အဘိုးအိုက ချမ့်တန့်ချင်ကို ကျောခိုင်းကာ အဝေးရှိ မြို့ပြကို ငေးမော ကြည့်နေခဲ့သည်။ သူ၏ ခြေဖျားများက ကြမ်းပြင်နှင့် ထိမနေပဲ လေပေါ်၌ အနည်းငယ် မျောပါနေ၏။

"အင်း အဲဒါက ဆရာနဲ့ မဟာကဝေ ကြားထဲက တိုက်ပွဲပဲ မဟာကဝေ ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကျော်ကြားခဲ့တဲ့သူ  … သူ့ရဲ့ စွမ်းအားက ငါတို့ ဘိုးဘေးနဲ့တောင် ယှဉ်နိုင်တယ် … ဆရာက သူ့ကို လွယ်လွယ်ကူကူနဲ့ သတ်ပစ်နိုင်လိမ့်မယ် လို့ ထင်မထားမိခဲ့ဘူး …"

ဟွာရန်ဖန်းက ဖြေလိုက်၏။

ချမ့်တန့်ချင်က ခေါင်းကို ငုံ့ရင်း ချန်းဖန်၏ အကြောင်းကို ပြန်လည် သုံးသပ်နေမိသည်။ ချန်းပေ့ရွှမ်းသည် သူမ၏ ဆရာကို တန်ခိုးရှင် အဆင့် တက်လှမ်းနိုင်အောင် ကူညီခဲ့သည့်အပြင် မဟာကဝေကဲ့သို့ အလွန် အစွမ်းထက်သော တန်ခိုးရှင်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့သည်။

"သူက မြေကမ္ဘာအဆင့် နတ်ဘုရားများလား"

ထိုအတွေးက ချမ့်တန်ချင်၏ စိတ်အား တုန်လှုပ်စေသည်။

"ငါ့မြေးက တစ်နေ့ထက် တစ်နေ့ ပိုပြီး အစွမ်းထက်လာ နေတာပဲ …"

ချန်းဟွိုက်အန်းက လူမှုကွန်ယက် ပေါ်ရှိ ဗီဒီယိုများအား ကြည့်ရင်း တီးတိုး ရေရွတ်မိသည်။

"ငါ့ကိုကိုက တန်ခိုးရှင် … ငါ့ကိုကိုက တန်ခိုးရှင် …"

ချန်းကူးကူးကမူ ကြမ်းပြင်ထက်၌ ပျော်မြူးစွာ အော်ဟစ်ရင်း ခုန်ပေါက် နေခဲ့၏။

ချန်းနဉ်ကမူ ကုလားထိုင်ပေါ်၌ ငြိမ်သက်စွာ ထိုင်ရင်း ဗီဒီယိုကိုသာ အထပ်ထပ် ကြည့်နေခဲ့မိတော့သည်။

***

ထိုအချိန် နေပြည်တော် ရှန်ဂရီလာ ဟော်တယ်၌ …

"ရှင်က ဝမ်ကျင်းရဲ့ သူငယ်ချင်းလား … ကျွန်မ နာမည်က အန်ဒီပါ … အမေရိကမှာ နေတယ် … ဒါနဲ့ ရှင့်နာမည်က ဘယ်သူလဲ … အသက် ဘယ်လောက် ရှိပြီလဲ"

ဆံပင်ရှည်ရှည် မိန်းကလေးက ချန်းဖန်အား ကြည့်ရင်း မေးခွန်းများ တရစပ် မေးသည်။

သို့သော်လည်း ချန်းဖန်က ပြန်မဖြေခဲ့ချေ။ ယုဝမ်ကျင်းမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ပါးစပ်ပိတ်၍သာ ရယ်မော နေမိသည်။

"ဆရာ … ကျွန်တော့်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် … အယ်ဗန် မိသားစုက ဆရာ့ရဲ့ကျေးဇူးကို မမေ့ပါဘူး"

ဂျွန်က ချန်းဖန်အား လေးလေးစားစား ဦးညွှတ်ရင်း ပြောသည်။

"ငါ ဒီကိုလာတာ ယုဝမ်ကျင်းကို ကယ်ဖို့ တစ်ခုတည်းပဲ … ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး …"

ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါး ပြန်လည် ပြောလိုက်၏။

"ဆရာ … အမှောင်တောင်တန်းက လူတစ်ယောက် အပြင်မှာ ရောက်နေပါတယ် … ဆရာ့ကို တွေ့ချင်လို့တဲ့"

ထိုအချိန်တွင်ပင် ဟော်တယ် ဝန်ထမ်း တစ်ယောက်က လာရောက်၍ အကြောင်းကြားသည်။

"ဝင်လာခိုင်းလိုက် …"

ချန်းဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

"တွေ့ရတာ ဂုဏ်ယူပါတယ် သခင်ကြီး ခင်ဗျာ …"

ခဏအကြာ၌ အသက်လတ် အရွယ် လူတစ်ယောက် အခန်းအတွင်းသို့ ဝင်လာရင်း ဒူးထောက်လိုက်သည်။ သူကား အမှောင်ကဝေဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သော ဆရာဟူပင်။

"ထလို့ ရပြီ …"

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်၏။ ထို့နောက် သူက တစ်ဆက်တည်း မေးလိုက်၏။

"မင်း ဒီကိုလာတာ ဘာကိစ္စလဲ ငါမင်းကို သတ်ပစ်မှာ မကြောက်ဘူးလား …"

ချန်းဖန်၏ စကားကြောင့် ဆရာဟူ၏ ခန္ဓာကိုယ်က တုန်လှုပ် သွားခဲ့၏။ ထို့နောက် သူက ဦးညွှတ်ရင်း တွန့်ဆုတ်စွာဖြင့် ဆိုလိုက်သည်။

"တန်ခိုးရှင် ခင်ဗျာ … ကျွန်တော် မြေကမ္ဘာအဆင့် ရတနာတွေ ရှိတဲ့ နေရာကို သိပါတယ် … အဲဒီ အကြောင်းကို ပြောချင်လို့ အရဲစွန့်ပြီး လာခဲ့တာပါ …"

"ဟုတ်လား ပြောပါဦး …"

ချန်းဖန်က ဆရာဟူအား ကြည့်ရင်း ပြောခွင့် ပြုလိုက်၏။

"လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်မှာ မဟာကဝေက မြေကမ္ဘာအဆင့် နတ်ဘုရား တစ်ယောက် နေခဲ့တဲ့ နေရာကို တွေ့ရှိခဲ့ပါတယ် …  အဲဒီ နေရာမှာ မြေကမ္ဘာ နတ်ဘုရား ထားခဲ့တဲ့ ဓမ္မရတနာတွေ အများကြီး ရှိနေတယ်တဲ့ … ဒါပေမဲ့ တားဆီးထားတဲ့ အစီအရင်တွေကြောင့် မဟာကဝေက ဘာမှ ရမလာခဲ့ပါဘူး …"

"လွန်ခဲ့တဲ့ လပိုင်းလောက်က တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုက လူတွေ ကျွန်တော်တို့ဆီ ရောက်လာပါတယ် … သူတို့က ကျွန်တော်တို့ မဟာကဝေဂိုဏ်းနဲ့ မြေကမ္ဘာ နတ်ဘုရား ထားခဲ့တဲ့ နေရာကို ဖွင့်ဖို့ သဘောတူခဲ့ပါတယ် … ဒါကြောင့် မလို့ပဲ မဟာကဝေက ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ်ကို အောင်မြင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့တာပါ"

ဆရာဟူက ရှည်လျားစွာ ပြောရင်း စကားကို အဆုံးသတ်လိုက်သည်။

"မြေကမ္ဘာအဆင့် တစ်ယောက် နေခဲ့တဲ့ နေရာ …"

ချန်းဖန်၏ မျက်ဝန်း၌ စိတ်လှုပ်ရှားမှု အချို့ ဖြတ်ပြေးသွား၏။

မြေကမ္ဘာအဆင့် ရတနာများသည် ချန်းဖန် အတွက် မသုံးမဝင်လှချေ။ ထိုရတနာများထက် ပိုမို အစွမ်းထက်သော ရတနာများအား သူကိုယ်တိုင် ဖန်တီးနိုင်သည်။

သို့သော်လည်း မြေကမ္ဘာအဆင့် နတ်ဘုရား၏ ခန္ဓာကိုယ် အကြွင်းအကျန်မှာ အစွမ်းထက် ဆေးဝါးများ ဖန်တီးရာ၌ အလွန် အသုံးဝင်သည်။ ထို့အပြင် မြေကမ္ဘာအဆင့် တစ်ယောက် အခြေချခဲ့သော နေရာသည် သာမန် နေရာတစ်ခု မဖြစ်နိုင်ပေ။ လျှို့ဝှက် ဝိညာဉ်နယ်မြေ တစ်ခုပင် ဖြစ်နေနိုင်သည်။

ဝိညာဉ်ပင်လယ် အဆင့်သို့ ဝင်ရောက်ပြီးချိန်မှ စ၍ အစိမ်းရောင် နဂါးအစီအရင်မှ ဆေးပင်များမှာ ချန်းဖန် အတွက် အသုံးမဝင်တော့ချေ။ ထို့ကြောင့်ပင် သူ့အနေဖြင့် အခြား စွမ်းအား အရင်းအမြစ်များကို ရှာဖွေရန် လိုအပ်သည်။

"မင်းပြောတာ အမှန်ပဲလား …"

ချန်းဖန်က ဆရာဟူကို စိုက်ကြည့်ရင်း မေးလိုက်၏။

"တကယ်ပါ ခင်ဗျာ  … ကျွန်တော် ကျိန်ဝံ့ပါတယ်"

ဆရာဟူက အံကို တင်းတင်းကြိတ်ရင်း ဆိုလိုက်သည်။

"ကောင်းပြီလေ … မင်းတို့ဘက်က တန်ဖိုးရှိတဲ့သတင်းနဲ့ ကမ်းလှမ်းတယ် ဆိုတော့ ငါ့ဘက်ကလည်း လိုက်လျောရမှာပေါ့ … ဒီနေ့ကစလို့ အမှောင်ကဝေဂိုဏ်းဟာ မြောက်ပိုင်းချုံးဂိုဏ်း ဌာနခွဲ တစ်ခု ဖြစ်သွားပြီ … နာမည်ကိုတော့ အမှောင်ကဝေ ဌာနလို့ပဲ ခေါ်ကြတာပေါ့ …"

ဆရာဟူ လိမ်ညာခြင်း မရှိကြောင်း သေချာသည်နှင့် ချန်းဖန်က ကြေညာလိုက်သည်။

"ကျေးဇူးတင်ပါတယ် တန်ခိုးရှင် …"

ဆရာဟူက ကြမ်းပြင်ပေါ် ဒူးထောက်ရင်း အရိုအသေ ပြုလိုက်တော့သည်။

"ဒီနေ့ကစလို့ မြန်မာရဲ့ အမှောင်ကဝေဂိုဏ်းက တန်ခိုးရှင် အပေါ်မှာ သစ္စာစောင့်သိပါ့မယ် … အမှောက်ကဝေဂိုဏ်းခွဲ အဖြစ် တန်ခိုးရှင် ပေးအပ်တဲ့ တာဝန်တွေကို အသက်ပေးပြီး ထမ်းဆောင်ပါ့မယ်"

***

All Chapters