← Chapters

တတိယမြောက် တပည့်

Vol. 5 Ch. 499

တတိယမြောက် တပည့်

Vol. 5 Ch. 499

မြောက်ပိုင်းချုံးဂိုဏ်း၊ အမှောင်ကဝေဌာန ဖွင့်ပွဲ အခမ်းအနားအား ထိုညတွင်ပင် အမှောင်တောင်တန်း၊ အမှောင်ကဝေ ဌာနချုပ်တွင် ကျင်းပခဲ့၏။

အမှောင်ကဝေ ဌာနခွဲတွင် အကြီးအကဲ လေးဦးသာ ကျန်ရှိတော့သော်လည်း ထိုအင်အားစုက ဂိုဏ်းကြီးတစ်ခု လည်ပတ်ရန်ပင် လုံလောက်နေပြီ ဖြစ်သည်။

"ဂိုဏ်းချုပ် သက်တော်ရာကျော် ရှည်ပါစေ …"

ဖွင့်ပွဲ အခမ်းအနား၌ မြောက်ပိုင်းချုံးဂိုဏ်း အမှောင်ကဝေဌာန အကြီးအကဲများ၊ တပည့်များက ချန်းဖန်အား ထုံးစံအတိုင်း ဒူးထောက်ကာ ဂါဝရ ပြုကြ၏။

ကဝေလောကတွင် အင်အားကြီးသူကသာ အုပ်စိုးသော အစဉ်အလာ ရှိသည်။ အင်အား အကြီးဆုံး ပုဂ္ဂိုလ်ကသာ အားနည်းသူများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။

ချန်းဖန်ကား မဟာကဝေကို သတ်ဖြတ် နိုင်ခဲ့သည့်အပြင် တောင်တန်း အကာအကွယ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ အင်အားသည် အမှောင်ကဝေဂိုဏ်းကို ထိန်းချုပ်ရန် လိုအပ်သည်ထက်ပင် ပိုမို နေသေး၏။

"အားလုံး ထလို့ ရပြီ …"

ချန်းဖန်က အမိန့်ပေးလိုက်၏။ သူ၏ဘေးတွင်မူ ယုဝမ်ကျင်းက တိတ်တဆိတ်သာ ရပ်နေခဲ့သည်။

"မြောက်ပိုင်းချုံးဂိုဏ်းက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ဖွဲ့စည်းခဲ့တဲ့ဂိုဏ်း အသစ်ပဲ … ဂိုဏ်းတစ်ခုလုံးမှာ ဆေးဌာန တစ်ခုပဲ ရှိခဲ့သေးတယ် … အမှောင်ကဝေ ဌာနကတော့ ဒုတိယမြောက် ဌာနပေါ့ …"

"ငါတို့ ဂိုဏ်းမှာ တန်ခိုးရှင်အဆင့် နှစ်ယောက် ရှိတဲ့အပြင် အခြား အထွတ်အထိပ် အဆင့်တွေ့လည်း ရှိတယ် … မင်းတို့သာ ငါ့ကို သစ္စာရှိမယ် ဆိုရင် ငါ့ဘက်ကလည်း တန်ခိုးရှင် ကျင့်စဉ်တွေ သင်ပေးဖို့ နှမြောနေမှာ မဟုတ်ဘူး …"

ချန်းဖန်၏ ကြေညာချက်ကြောင့် အမှောင်ကဝေ ဌာနခွဲ ဂိုဏ်းသားများ၏ မျက်နှာများမှာ တောက်ပလာခဲ့သည်။

"တန်ခိုးရှင် ပြောတာ အမှန်ပဲလား …"

အကြီးအကဲချုပ်က ချန်းဖန်အား ကြည့်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မဟာကဝေသည် နှစ်ရာချီအောင် ကျင့်ကြံခဲ့ကာ ယုတ်မာခြင်း ခုနစ်ပါး နတ်ဘုရား ဝိညာဉ်ကို ဖန်တီးနိုင်ခဲ့သည်။ သို့တိုင်အောင် ချန်းဖန်၏ တိုက်ခိုက်မှုများကို သုံးမိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့သည်။

အကယ်၍ ချန်းဖန်သာ လမ်းညွှန်မှု ပေးပါက အမှောင်ကဝေ ဌာနခွဲအနေဖြင့် မူလကထက် ပိုမို တိုးတက်လာမည်မှာ သေချာပေသည်။

"ဒါပေါ့ …"

ချန်းဖန်က အနည်းပြုံးရင်း ဆက်လက် ကြေညာလိုက်၏။

"အကြီးအကဲတွေကလွဲပြီး အားလုံး ပြန်လို့ ရပြီ … သေချာမှတ်ထားပါ … မြောက်ပိုင်းချုံး ဂိုဏ်းဝင်တွေ အနေနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခွင့် မရှိသလို ရက်စက်တဲ့ ကျင့်စဉ်တွေလည်း ကျင့်ခွင့် မရှိဘူး … စည်းကမ်း ချိုးဖောက်ရင် ငါကိုယ်တိုင် အပြစ်ပေးမယ်"

"ကောင်းပါပြီ … ဂိုဏ်းချုပ်"

များစွာသော တပည့်များကား ချန်းဖန်ကို အရိုအသေပြုပြီးနောက် တိတ်ဆိတ်စွာပင် အလျှိုလျှို ထွက်ခွာ သွားကြတော့၏။

တပည့်များ ထွက်သွားပြီးသည့် နောက်၌ ချန်းဖန်က အကြီးအကဲများ ဘက်သို့ လှည့်ရင်း မေးလိုက်သည်။

"မြေကမ္ဘာ နတ်ဘုရားရဲ့ လျှို့ဝှက် ရတနာသိုက်က ဘယ်မှာ ရှိတာလဲ …"

"မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက် …"

အကြီးအကဲများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ခဏ အကြာတွင်မှ အကြီးအကဲချုပ်က အံတစ်ချက် ကြိတ်ရင်း ဆိုလိုက်၏။

"တန်ခိုးရှင် ခင်ဗျာ … အဲဒါက ဘော်နီယိုကျွန်းမှာပါ …"

"ဘော်နီယိုကျွန်း …"

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဟုတ်ပါတယ် ခင်ဗျာ … အဲဒီ နေရာကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မဟာကဝေက ရှာတွေ့ခဲ့တာပါ … ဒါပေမဲ့ ကာကွယ်ထားတဲ့ အစီအရင်တွေကြောင့် အထဲက ပစ္စည်းတွေကို ရယူဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး …"

"မဟာကဝေ ပြောပုံ အရဆိုရင် အဲဒီ အစီအရင်တွေက ကြယ်တာရာ လမ်းကြောင်းတွေ အတိုင်း ခင်းကျင်းထားတာပါ … ဒါပေမဲ့ အစီအရင်က နှစ်နှစ်ဆယ်ကို တစ်ကြိမ် အားအနည်းဆုံး အနေအထားကို ရောက်လာတတ်ပါတယ်တဲ့ …"

"အဲဒီနေရာကို တွေ့ချိန်ကစလို့ မဟာကဝေက နှစ်နှစ်ဆယ်တိုင်း တစ်ကြိမ် သွားပြီး ကြိုးစားခဲ့ပါတယ် … တွက်ချက်မှု အရဆို နောက် ဆယ်ရက်အတွင်း အစီအရင်က အားအနည်းဆုံး အချိန်ကို ရောက်လာမှာပါ"

အကြီးအကဲချုပ်က ရိုသေစွာဖြင့် ချန်းဖန်အား တစ်လုံးမကျန် ရှင်းပြလိုက်သည်။ သူကား မြောက်ပိုင်းချုံး  ဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ သစ္စာရှိမှုကို ပြသရန် လိုအပ်ပေသည်။

"နောက်ဆယ်ရက် …"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း သူ့အနေဖြင့် ဘော်နီယိုကျွန်းသို့ သွားရန် အလျင်မလိုခဲ့ပေ။ အစီအရင် အားအနည်းဆုံး အချိန်ဖြစ်စေ၊ အားအကောင်းဆုံး အချိန် ဖြစ်စေ သူ့အား တားနိုင်လိမ့်မည် မဟုတ်ချေ။

"ငါ ဆရာဟူကို အခြား ဖမ်းထားတဲ့ လူတွေ ပြန်လွှတ်ဖို့ ပြောထားလိုက်ပြီ … နင်ရော ဘယ်လို လုပ်ချင်လဲ … တရုတ်ကိုပဲ ပြန်မလား ဒီမှာပဲ ငါ့ကို စောင့်နေမလား"

ချန်းဖန်က ယုဝမ်ကျင်းဘက်သို့ လှည့်ကာ မေးလိုက်၏။

ယုဝမ်ကျင်းက ခဏမျှ စဉ်းစားရင်း ပြန်လည် အဖြေပေးလိုက်သည်။

"တရုတ်မှာ ငါ့ရဲ့ဆွေမျိုးတွေ တစ်ယောက်မှ မရှိတော့ဘူး … အဘွားလည်း အကြီးအကဲ ကဝေသတ်လို့ သေပြီ … နောက်ပြီး စူးမိသားစုကိုလည်း ငါ မပြန်ချင်ဘူး … ငါ နင့်နောက်ကို လိုက်ပြီး ကူညီပေးချင်တယ်"

မိန်းကလေး၏ ဆုံးဖြတ်ချက်က ချန်းဖန်ကို အနည်းငယ် အံ့အားသင့်စေသည်။ သို့သော်လည်း မိန်းကလေး၏ မျက်လုံးထဲမှ ခိုင်မာသော ဆုံးဖြတ်ချက်များအား တွေ့သည်နှင့် ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"အင်း ဒါဆိုလည်း ဒီမှာပဲ စောင့်နေ … အမှောင်ကဝေ ဌာနခွဲကို ငါနင့်လက်ထဲ အပ်ခဲ့မယ် …"

ထို့နောက် ချန်းဖန်က အမှောင်ကဝေ ဌာနခွဲ၏ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများကို စုစည်းစေကာ ကြေညာလိုက်သည်။

"ယုဝမ်ကျင်းက ငါ့ရဲ့တတိယမြောက် တပည့်ပဲ … ဒီနေ့က စပြီး သူ့ကို ငါ့ကို ဆက်ဆံတဲ့ အတိုင်း ဆက်ဆံရမယ် … သူ့စကားက ငါ့ရဲ့ စကား သူ့ဆုံးဖြတ်ချက်က ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ …"

ယုဝမ်ကျင်းကား ချန်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သူမက ကပျာကယာပင် ချန်းဖန်၏ လက်ကိုဆွဲရင်း ပြောလိုက်သည်။

"ရှောင်ဖန် ငါက အခုမှ တာအို ရရှခြင်း အလယ်ဆင့်ပဲ ရှိသေးတာလေ … ဒီ အကြီးအကဲတွေက ပြည့်စုံခြင်း အဆင့်တွေ … ငါ သူတို့ကို အုပ်ချုပ် နိုင်မှာ မဟုတ်ဘူး …"

"ဘာလို့ မရရမှာလဲ … ဒါက ငါတို့ မြောက်ပိုင်းချုံးဂိုဏ်းရဲ့ စည်းမျဉ်းပဲ … နင်က ငါ့တပည့် ဆိုတော့ သူတို့ထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိတယ် … စိတ်ပူစရာ မလိုဘူး"

ချန်းဖန်က ပြုံးရင်း သူပြုလုပ်ထားသည့် ကျောက်စိမ်းပြား အချို့ကို ထုတ်ယူကာ ယုဝမ်ကျင်းအား ပေးလိုက်သည်။

"ငါ ဒီကျောက်စိမ်းပြားတွေကို သူတို့ရဲ့ ဝိညာဉ်နဲ့ ချည်နှောင်ထားတယ် … သူတို့ နင့်ကို တစ်ခုခု လုပ်ရင် ဒီကျောက်စိမ်းပြားကိုသာ ချိုးလိုက် …"

"အင်း …"

ယုဝမ်ကျင်းက ကျောက်စိမ်းပြားများကို လက်ခံရင်း ခေါင်းညိတ် လိုက်သည်။

"ဒီနေ့ကစပြီး မိန်းကလေးရဲ့ အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာပါ့မယ် ခင်ဗျာ …"

ထိုမြင်ကွင်းအား ကြည့်ရင်း အကြီးအကဲချုပ် အပါအဝင် လူတိုင်းက ဒူးထောက်ကာ အော်ဟစ် လိုက်ကြသည်။

နောက်ရက်ပိုင်း အတွင်း ချန်းဖန်က ယုဝမ်ကျင်းအတွက် ဓမ္မရတနာများ ဖန်တီးပေးကာ မည်သို့မည်ပုံ အသုံးပြုရမည်များကို သင်ကြားပေး နေခဲ့သည်။ ထို့အပြင် သူမအား "မဟာယင် ဝိညာဉ်သန့်စင်ခြင်း" ကျင့်စဉ်ကိုပါ သင်ပြ ပေးခဲ့၏။ ယုဝမ်ကျင်းကလည်း လျင်လျင်မြန်မြန်ပင် ချန်းဖန် သင်ပြ ပေးသမျှကို တတ်မြောက်ခဲ့၏။

ယုဝမ်ကျင်းကား သန့်စင်သော ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရာ ချန်းဖန်၏ တပည့်များထဲ၌ ပါရမီ အရှိဆုံးဟု ဆိုနိုင်သည်။ ချန်းဖန် ကမ္ဘာမှ ထွက်ခွာသည့် အချိန်ရောက်ပါက ယုဝမ်ကျင်း တစ်ယောက်သာ သူနှင့်အတူ လိုက်ပါနိုင်ရန် မျှော်လင့်ချက် ရှိသည်။

ယူကီရှီရိုဆာ ရောက်လာချိန်၌ ချန်းဖန်သည်လည်း မြန်မာရှိ အရှုပ်အထွေးများကို ရှင်းလင်းထားပြီး ဖြစ်သည်။

"ဆရာ … မလေးရှားကို ခုချက်ချင်းကြီး သွားမလို့လား …"

ယူကီရှီရိုဆာက အံ့အားသင့်စွာ မေးသည်။

"အင်းပေါ့ … အဲဒီမှာသာ ဝိညာဉ်ကုန်းမြေ တစ်ခုရှိရင် ငါ့ရဲ့ ကျင့်ကြံခြင်းလည်း နောက်တစ်ဆင့်ကို တက်နိုင်လိမ့်မယ်"

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဝိညာဉ်ပင်လယ် အဆင့်သို့ တက်ရောက်ပြီးချိန်မှ စ၍ ချန်းဖန်အတွက် အရင်းအမြစ်များမှာ ပိုမို ရှားပါးလာခဲ့သည်။ လုံလောက်သော ဝိညာဉ်ချီ ရင်းမြစ်ကို မရရှိပါက သူ့အနေဖြင့် နောက်ငါးနှစ် ကြာလျှင်ပင် မူလဝိညာဉ် အဆင့်သို့ ရောက်ရှိ နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် မြေကမ္ဘာအဆင့် နေခဲ့သော နေရာက သူ့အား စိတ်လှုပ်ရှားစေသည်။

ချန်းဖန် မလေးရှားသို့ စတင် ထွက်ခွာချိန်မှာပင် ကျင့်ကြံသူများစွာသည် တံခါးပိတ် ကျင့်ကြံခြင်းများမှ ထွက်လာခဲ့ကြ၏။

***

All Chapters