မလေးရှားသို့
Vol. 5 Ch. 500
တောင်ပစိဖတ် သမုဒ္ဒရာအတွင်း၊ ဟောင်ဂိုဏ်း အခြေစိုက်ရာ နေရာ …
ဟောင်ဂိုဏ်း၏ တပည့်များစွာမှာ ဒူးများ ထောက်လျက် တောင်ထိပ် ရှိရာသို့ မျှော်ကြည့် နေကြ၏။
"ဘုန်း …"
ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ တောင်ထိပ်မှ အဖြူရောင် အလင်းတစ်ခု ပျံတက်လာကာ ကောင်းကင်၌ ရပ်တည်သည်။ အလင်း၏ အလယ်တွင်မူ ဆံပင်၊ မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအို တစ်ယောက် ရှိ၏။
"ဘိုးဘေးသခင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပဲ …"
ဂိုဏ်းခေါင်းဆောင်များက ဒူးများကို ကြမ်းပြင်၌ ထောက်ချရင်း အဘိုးအိုအား ဦးခိုက်ကြ၏။
"ဘုန်း …"
အဘိုးအိုက အဖြူရောင် အလင်းကို ကောင်းကင်၌ ချန်ရစ်ကာ ဟောင်ဂိုဏ်း ခေါင်းဆောင်ကြီး၏ ရှေ့၌ ဆင်းသက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဘိုးဘေး သခင်ကြီး ကျွန်တော်က အသုံးမကျတဲ့ ဆက်ခံသူ ဟောင်ချမ့်ဖန်းပါ …"
ဂိုဏ်းခေါင်းဆောင်ကြီးက ဒူးထောက်ရင်း အရိုအသေ ပြုလိုက်သည်။
"ထတော့ … ငါမရှိတဲ့ နှစ်သုံးဆယ်လုံးမှာ မင်းက ဂိုဏ်းကို ကောင်းကောင်း စီမံနိုင်ခဲ့တာပဲ"
အဘိုးအိုက လက်ကို ဝှေ့ယမ်းရင်း ဆိုလိုက်၏။
"ကျွန်တော်က တကယ်ပဲ မထိုက်တန်ခဲ့တာပါ … ဟောင်ဂိုဏ်းရဲ့ လွှမ်မိုးမှုနဲ့ အင်အားက ကျွန်တော့်ကြောင့်ပဲ နိမ့်ကျခဲ့ရတာ … အစ်ကိုလဲ့နဲ့ အခြား ခေါင်းဆောင်တွေ သေသွားရတာလည်း ကျွန်တော့်ကြောင့်ပါပဲ … အဲဒီ အကြောင်းတွေ တွေးမိတိုင်း တကယ့်ကို ယူကျုံးမရ ဖြစ်ရပါတယ်"
ဟောင်ချမ့်ဖန်းက ဒူးထောက်ရာမှ မထပဲ ဆိုသည်။
"ဒါတွေက မင်းရဲ့အမှား မဟုတ်ပါဘူး … ချန်းပေ့ရွှမ်းက မဟာကဝေကိုတောင် သတ်နိုင်ခဲ့တယ် ဆိုတော့ မင်းတို့ မယှဉ်နိုင်တာ သဘာဝ ကျပါတယ် … သုံးနှစ်တိတိ သူနဲ့ အပြန်အလှန် ယှဉ်နိုင်ခဲ့တာကတောင် တကယ့်ကို အံ့အားသင့်စရာ ကောင်းနေပြီ"
အဘိုးအိုက ပေါ့ပေါ့ပါးပါး ဆိုသည်။
"ဘိုးဘေးသခင် ခင်ဗျာ … ဘာကြောင့် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာသလဲ ကျွန်တော်တို့ သိခွင့် ရှိမလား …"
ဟောင်ချမ့်ဖန်းက ဒူးထောက်ရာမှ ထရင်း မေးလိုက်သည်။
"မြေကမ္ဘာ နတ်ဘုရား ထားခဲ့တဲ့ အစီအရင်က အားအနည်းဆုံး အခြေအနေကို ရောက်တော့မယ် … အစ်ကိုလင်းက အဲဒီ ရတနာသိုက်ကို ဖွင့်တဲ့နေရာမှာ သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်"
အဘိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်သည်။
ဟောင်ချမ့်ဖန်းနှင့် အခြားလူများမှာမူ တစ်ယောက်ကို တစ်ယောက် နားမလည်စွာသာ ကြည့်လိုက် မိကြတော့သည်။
***
စင်္ကာပူနိုင်ငံသည် အရှေ့တောင် အာရှတွင် တည်ရှိသော နိုင်ငံငယ်တစ်ခု ဖြစ်၏။ သို့သော်လည်း ချမ်းသာကြွယ်ဝမှုတွင်မူ ကမ္ဘာ့ထိပ်ဆုံးရှိ နိုင်ငံများနှင့်ပင် ယှဉ်နိုင်သော အနေအထား၌ ရှိသည်။ စင်္ကာပူအား ခြင်္သေ့မြို့တော် ဟုလည်း ခေါ်ဆိုကြသည်။
စင်္ကာပူမြို့ အလယ်တွင်မူ ရှေးဟောင်း ဘုရားကျောင်း တစ်ခု ရှိ၏။
နဂါးခန်းမ...။
နဂါးခန်းမကား ဟောင်ဂိုဏ်း၊ အစိမ်းရောင်ဂိုဏ်းတို့နှင့်အတူ တရုတ်၏ အင်အား အကြီးဆုံး ဂိုဏ်းကြီး သုံးခုအဖြစ် ရပ်တည်ခဲ့ဖူးသည်။
သို့သော်လည်း ရဲ့ချင်စန်း ပေါ်လာပြီးသည့် နောက်ပိုင်းတွင် အစိမ်းရောင်ဂိုဏ်း ပျက်စီးခဲ့ရသလို ဟောင်ဂိုဏ်းနဲ့ နဂါးခန်းမတို့သည်လည်း တရုတ်မှ ထွက်ပြေးခဲ့ရသည်။
နဂါးခန်းမသည် စင်္ကာပူတွင် လျင်မြန်စွာပင် အခြေချကာ နိုင်ငံ ထူထောင်ရေး လုပ်ငန်းများ၌ အားတက်သရော ပါဝင်ခဲ့သည်။ ထို့ကြောင့်ပင် စင်္ကာပူ၌ နဂါးခန်းမ၏ အရေးပါမှုက အစိုးရအောက် လျော့နည်းခြင်း မရှိချေ။
ခါတိုင်း နေ့များကဲ့သို့ပင် ယနေ့တွင်လည်း နဂါးခန်းမသည် ဆိတ်ငြိမ်နေ၏။
ခန်းမသခင်သည် ထုံးစံအတိုင်းပင် ဘိုးဘေးများအား ပူဇော်ရန် အတွက် ဘိုးဘေးခန်းမ အတွင်းသို့ ဝင်လာခဲ့သည်။
ဘိုးဘေးခန်းမ ရှေ့သို့ ရောက်သည်နှင့် တစ်စုံတစ်ခု ထူးခြားနေသည်ကို ခန်းမသခင် သတိထားမိလိုက်၏။ ခန်းမသခင်က လျင်မြန်စွာ ဘိုးဘေးခန်းမ အတွင်းသို့ ဝင်လိုက်ရာ အဇူရာ အလင်းများဖြင့် လင်းထိန် နေသည်အား တွေ့လိုက်ရသည်။
ခန်းမ၏ အလယ်တွင်မူ ဝင်ပေါက်ရှိရာဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေသော လူတစ်ယောက်အား မြင်တွေ့ရသည်။
"ဒါက …"
အဇူရာ အလင်းများ တောက်ပနေသည့် ပုဂ္ဂိုလ်အား တွေ့သည်နှင့် ခန်းမသခင်က ချက်ချင်း ဒူးထောက် ချလိုက်သည်။
"ကျွန်တော် ဆယ့်နှစ်ဦးမြောက် ခန်းမ သခင်က နဂါးသခင်ကြီးကို အရိုအသေ ပြုပါတယ် …"
"အင်း …"
အဇူရာ အလင်း တောက်ပနေသော ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခဏအကြာ၌ သူက သက်ပြင်း တစ်ချက်ချရင်း မေးလိုက်သည်။
"မင်းက ဆယ့်နှစ်ဦးမြောက် ဆိုတော့ မင်းရှေ့မှာ ခန်းမသခင် ဆယ့်တစ်ယောက် ပြောင်းပြီးပြီပေါ့ ဟုတ်လား …"
"ဟုတ်ပါတယ် ခင်ဗျာ … ဒါနဲ့ နဂါးသခင်ကြီး ဘာကြောင့် ထွက်ပေါ် လာရတာလဲ ခင်ဗျ …"
ခန်းမသခင်က ရိုရိုသေသေ မေးလိုက်သည်။
"ကတိတစ်ခုကြောင့်ပါ …"
အဇူရာ အလင်းရောင် တောက်ပနေသော ပုဂ္ဂိုလ်က ပြန်ဖြေသည်။
"နဂါးခန်းမနဲ့ လင်းမိသားစုက ဟိုးတုန်းကတည်းက မဟာမိတ်တွေပဲ … နောက်ပြီး ချန်းပေ့ရွှမ်းက မဟာကဝေကို မိန်းမ တစ်ယောက် အတွက် သတ်ပစ်ခဲ့တယ်လို့ ကြားတယ် … ငါ့မိတ်ဆွေကြီးတွေ တစ်ယောက်ပြီး တစ်ယောက် သေတာကို ငါထိုင်ကြည့် မနေနိုင်တော့ဘူး"
ခန်းမသခင်မှာမူ မည်သို့မျှ ပြန်မပြောပဲ ခေါင်းကိုသာ ငုံ့နေခဲ့တော့၏။
ထိုအချိန် တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစု၌ …
လင်းမိသားစု သခင်ကြီး အပါအဝင် အထွတ်အထိပ် ပညာရှင်များသည် ဂိတ်တံခါးဝတွင် ရပ်ရင်း တစ်စုံတစ်ယောက်အား စောင့်မျှော်နေကြသည်။
သိပ်မကြာခင်မှာပင် စူးရှကျယ်လောင်သော လေချွန်သံနှင့်အတူ အသက်လတ် လူတစ်ဦး ထွက်ပေါ်လာခဲ့၏။
ထိုလူက ဖြူစင်သန့်ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားကာ ဓားရှည်အား သိုင်းလွယ်ထားသည်။ သူ၏ပုံစံက သန့်ရှင်း သပ်ရပ်သော စာပေသမား တစ်ယောက်နှင့်ပင် တူနေသေးသည်။
အသက်လတ် လူအား တွေ့သည်နှင့် လင်းမိသားစု သခင်ကြီး အပါအဝင် လူတိုင်းက ဒူးထောက်ကာ ကြိုဆို လိုက်ကြ၏။
"ဘိုးဘေးသခင်ကို ကြိုဆိုပါတယ် …"
***
ထိုအချိန်၌ ချန်းဖန်ကမူ ယူကီရှီရိုဆာနှင့်အတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ကွာလာလမ်ပူသည် မလေးရှားနိုင်ငံ၏ မြို့တော် ဖြစ်သည်။ မြို့တော်တွင် လူဦးရေမှာ နှစ်သန်းခန့် ရှိရာ မြန်မာ၏မြို့တော် နေပြည်တော်ထက် အနည်းငယ် ပို၍ တိုးတက်သည်ဟု ဆိုနိုင်သည်။
လေယာဉ် ဆိုက်ရောက်ပြီး မကြာခင်မှာပင် တက္ကစီ ဒရိုင်ဘာ၏ အကူအညီဖြင့် ချန်းဖန်တို့ နှစ်ယောက် "ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း" တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
"ကြိုဆိုပါတယ် … ကျွန်တော်တို့ အဖွဲ့အစည်းက ခရီးစဉ်များစွာကို ဝန်ဆောင်မှု ပေးပါတယ် ခင်ဗျ … တောင်တက်မလား ရေငုပ်ချင်လား … ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ရွက် ပေးနိုင်ပါတယ်"
မန်နေဂျာက နွေးထွေးစွာ ပြုံးရင်း ချန်းဖန်တို့အား ကြိုဆိုသည်။
"ကျုပ်တို့ ဘော်နီယိုကျွန်းကို သွားချင်တယ် … လမ်းညွှန်တစ်ယောက်လည်း ငှားချင်တယ် … အဆင်ပြေမလား..."
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဘော်နီယိုကျွန်း … သေချာတာပေါ့"
ဘောနီယိုကျွန်းသည် ခရီးသွားလုပ်ငန်း၌ ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ ဟောလိဝုဒ် လောကသားများပင် ဘော်နီယိုကျွန်းသို့ မကြာခဏ လာရောက်ကာ စွန့်စားခန်း ရုပ်ရှင်များ ရိုက်ကူးလေ့ရှိသည်။
ဖုန်းအချို့ ခေါ်ယူ ဆက်သွယ်ပြီးနောက် မန်နေဂျာ၏ မျက်နှာက မည်းမှောင်လာခဲ့၏။ ထို့နောက် သူက ချန်းဖန်တို့ ဘက်သို့ လှည့်ကာ ရှက်ရွံ့စွာဖြင့် တောင်းပန်လိုက်သည်။
"ဆရာ ကျွန်တော်တို့မှာ လမ်းညွှန် တစ်ယောက်တော့ ရှိပါတယ် … ဒါပေမဲ့ ဆရာတို့ အခြား အုပ်စု တစ်ခုနဲ့ ပူးပေါင်းရလိမ်မယ်"
"အခြား အုပ်စုလား …"
ချန်းဖန်နှင့် ယူကီရှီရိုဆာတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးငေါ့ လိုက်ကြသည်။
"ဟုတ်ပါတယ် … ခုရာသီက ခရီးသွား ရာသီဆိုတော့ ဘော်နီယိုကျွန်းကို သွားတဲ့ ဧည့်သည်တွေ အရမ်း များပါတယ် … ဒါကြောင့်မလို့ပဲ လမ်းညွှန် အရေအတွက် မလောက်တော့တာပါ … ဒါပေမဲ့ အခု မထွက်ခွာရသေးတဲ့ အဖွဲ့ တစ်ဖွဲ့ ရှိပါသေးတယ် … ဆရာတို့သာ ဆန္ဒရှိရင် အဲဒီ အဖွဲ့နဲ့ ပူးပေါင်းနိုင်ပါတယ် … ကျွန်တော်တို့ ဈေးလျှော့ပေးပါ့မယ် …"
မန်နေဂျာက တောင်းပန်သော လေသံဖြင့် ဆိုလိုက်သည်။
"ကောင်းပြီလေ …"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် ဘော်နီယိုကျွန်းသို့ သွားရန်သာ လမ်းညွှန် လိုအပ်ခြင်း ဖြစ်သည်။ ကျွန်းပေါ်သို့ ရောက်သည်နှင့် ကိုယ့်အစီအစဉ်နှင့်ကိုယ် လှုပ်ရှား၍ ရတနာသိုက်အား ရှာဖွေရန် စဉ်းစားထားသည်။
"အိုကေ … ဆရာတို့ကို ကူညီပေးမယ့် လမ်းညွှန်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ လုပ်သက် အရင့်ဆုံး လမ်းညွှန်ပါ … သူက ကျွန်းပေါ်မှာ ရှိတဲ့ ကျောက်တုံး တစ်ခုချင်းစီရဲ့ နာမည်ကိုတောင် သိပါတယ် …"
မန်နေဂျာက ခဏမျှ စဉ်းစားရင်း သတိပေးလိုက်သည်။
"ဒါပေမဲ့ ဆရာတို့ ပူးပေါင်းရမယ့် အဖွဲ့ထဲမှာ မလေးရှားနိုင်ငံရဲ့ ဂုဏ်သရေရှိ မိန်းမ တစ်ယောက် ပါဝင်နေပါတယ် … ဆရာတို့ သူတို့ မပတ်သက် မိအောင်နေဖို့ ကျွန်တော် သတိပေးချင်ပါတယ် … မဟုတ်ရင် ဥပဒေအရ အရေးယူ ခံရလိမ့်မယ်"
"ဂုဏ်သရေရှိ မိန်းမ …"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
သူကား မြောက်ပိုင်း ကောင်းပင် အရှင်သခင် ဖြစ်သည်။ သူ့ထက် မည်သူက ပိုမို ဂုဏ်သရေ ရှိမည်နည်း။
"သူက ဒါ့တောက် တစ်ယောက်ပါ … သူနဲ့အတူသွားရင် ဆရာတို့ရဲ့ အပြုအမူတွေကို ဆင်ခြင် ပေးစေချင်ပါတယ် …"
မန်နေဂျာက ထပ်မံ၍ အလေးအနက် သတိပေးလိုက်သည်။
"ဒါ့တောက်" ဆိုသော အမည်အား ချန်းဖန် အတိတ်ဘဝက ကြားဖူးခဲ့သည်။
"ဒါ့တောက်" သည် မလေးရှား ခေါင်းဆောင်များက ချီးမြှင့်ထားသည့် ဘွဲ့ထူးတစ်ခု ဖြစ်သည်။ သူရဲကောင်း ဘွဲ့ထူး ကဲ့သို့ပင် ဒါ့တောက်သည် လူမှုဘဝ၏ အမြင့်ဆုံး အဆင့်အတန်းကို ကိုယ်စားပြုသည်။ မလေးရှားတွင် ဒါ့တောက်များသည် ဥပဒေ၏ အထက်၌ ရှိသည်ဟု ဆိုကြသည်။
***