← Chapters

သတ်ဖြတ်ခြင်း

Vol. 21 Ch. 201

သတ်ဖြတ်ခြင်း

Vol. 21 Ch. 201

ပတ်ဝန်းကျင်တခုလုံး သိမ်းငှက်အော်သံ၊ မျောက်အူသံများနှင့် ဆူညံနေ၏။ မီးလျံသိမ်းငှက်၏ ပေါက်ကွဲမှုကြောင့် နေရာအနှံ့တွင် မီးခိုးတအူအူနှင့် ဖြစ်နေလေသည်။

မီးခိုးငွေ့များ ပျောက်ကွယ်သွားသည့်အချိန်တွင် မျောက်ဝံဘီလူး၏ ကိုယ်ခန္ဓာပေါ်၌ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားလှသော ဒဏ်ရာကြီးတခုကို စုချန်း မြင်တွေ့လိုက်ရ၏။ အက်ဒမန်တင်းမျောက်ဝံ၏ ကိုယ်ခန္ဓာသည် ကျောက်ဆိုင်ကျောက်သားပမာ မာကျောသည်ကတော့ အမှန်။ သို့သော် အင်အားပြင်းထန်လှသော စွမ်းအင်လှိုင်းများကတော့ ထောပတ်ကို ဓားပူပူနှင့်လှီးချလိုက်သကဲ့သို့ မျောက်ဝံကြီး၏ ကိုယ်ခန္ဓာကို အလွယ်တကူပင် ဖောက်ထွင်းသွားတော့သည်။

သို့သော် တခနအကြာ ထိုဒဏ်ရာသည် အလိုအလျောက် ပျောက်ကင်းစပြုလာ၏။ မျောက်ဝံကြီး၏ ဒဏ်ရာပျောက်ကင်းစေသော စွမ်းရည်မှာ အံ့မခန်းပေတကား။ သို့တိုင်အောင် မျောက်ဝံကြီးသည် ပြင်းပြင်းထန်ထန် ဒေါသထွက်နေ၏။ ဤမတိုင်ခင်က မည်သည့်လူသားမျှ သူ့ကို ဒဏ်ရာရအောင် မလုပ်ခဲ့ဖူးလေရာ သူ ဒေါသထွက်သည်မှာလည်း သိပ်တော့မဆန်း။

အာဝူး!!!

မျောက်ဝံဘီလူးကြီးက ရင်ဘတ်ကိုထုရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ကိုယ်ခန္ဓာမှာလည်း လေထိုးထားသကဲ့သို့ မသိမသာ ဖောင်းကားလာ၏။

ထို့နောက် ၎င်းသည် စုချန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာပြန်၏။ ၎င်း၏ ကြီးမားလှသော ကိုယ်ခန္ဓာမှအရိပ်သည် စုချန်းတကိုယ်လုံးကို ဖုံးလွှမ်းနေ၏။ ရုတ်တရက်ကြီးမားလာသော မျောက်ဝံကြီး၏ ကိုယ်ခန္ဓာအရွယ်အစားကိုကြည့််ရင်း စုချန်း မအံ့သြပဲ မနေနိုင်တော့။

အက်ဒမန်တင်းမျောက်ဝံဘီလူးကို ဘီလူးဟု သတ်မှတ်ကြသည်မှာ ၎င်းတို့ ဘီလူးသားရဲဆိုးများ၏ သွေးဆက်ပါလာသောကြောင့် ဖြစ်သည်။ အရွယ်အစား ကြီးမားလာသည်နှင့်အမျှ ၎င်း၏ အင်အားမှာလည်း ပို၍ တိုးပွားလာတော့သည်။ အနှီမျောက်ဝံ၏ အင်အားကို အဓိက ထင်ဟပ်နေသောအရာမှာ ၎င်း၏ ကိုယ်ခန္ဓာအရွယ်အစားပင် ဖြစ်လေသည်။ တနည်းအားဖြင့် ၎င်းတို့၏ ကိုယ်ခန္ဓာအရွယ်အစားနှင့် ၎င်းတို့အင်အားမှာ တိုက်ရိုက်အချိူ းကျနေသည်ဟု ဆိုနိုင်သည်။

ပေ၂၀ ဟူသော အရွယ်အစားသည် အက်ဒမန်တင်းမျောက်ဝံများ၏ အနိမ့်ဆုံးဖြစ်တည်မှုပုံစံဟု ဆိုနိုင်သည်။ အကြောင်းမှာ ထိုအရွယ်အစားသည် လူသားများထက် များစွာ ကြီးထွားနေသည့်တိုင် သားရဲသတ္တဝါဆိုးများအကြား အတွေ့များသည့် အရွယ်အစား ဖြစ်နေသောကြောင့်ပင်။ ဤမျှလောက်နှင့် ၎င်းတို့ကို ဘီလူးသားရဲဆိုးများဟု ခေါ်ဆိုရန် ခက်ခဲ၏။ သို့သော် ၎င်းတို့၏ သွေးဗီဇက ၎င်းတို့ ကိုယ်ခန္ဓာကို တသမတ်တည်း ကြီးထွားစေရန် ခွင့်ပြုခဲ့လေသည်။

အက်ဒမန်တင်းမျောက်ဝံများဟူသည် ဒေါသအလွန်ကြီး၏။ ထိုဒေါသက ၎င်းတို့၏ သွေးဗီဇကို နှိုးဆွပြီး ရလဒ်မှာကား ဆထက်တံပိုး အင်အားတိုးပွားလာခြင်းပေတည်း။

အာဝူး!!!

မျောက်ဝံကြီးသည် ဒေါသတကြီးနှင့် ဟိန်းဟောက်ပြီး စုချန်းထံသို့ ပြေးဝင်လာခဲ့လေပြီ။ ၎င်း၏ အမြန်နှုန်းကလည်း ယခင်ကထက် တိုးပွားလာကြောင်း သိသာနေသည်။ စုချန်းကလည်း လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်ပြီး နောက်ထပ် မီးလျံသိမ်းငှက်တကောင်ကို ဖော်ထုတ်လိုက်သည်။

မီးလျံသိမ်းငှက်သည် အတောင်တဖြတ်ဖြတ်ခတ်ကာ မျောက်ဝံဘီလူးကြီးထံသို့ ပျံသန်းသွား၏။ ဤတကြိမ်တွင်တော့ ၎င်းသည် မီးလျံစီးကြောင်းအဖြစ် ပြောင်းလဲပေါက်ကွဲသွားခြင်းမရှိတော့ပဲ အသိညဏ်ရှိသော ပီဘိ သိမ်းငှက်တကောင်ပမာ ချွန်ထက်သော နှုတ်သီးများနှင့် မျောက်ဝံကြီး၏ ဒဏ်ရာကို ကိုက်ခဲလိုက်သည်။ ထိုနေရာမှာ အက်ဒမန်တင်း ကိုယ်ခန္ဓာစွမ်းရည်နှင့် ကာကွယ်ထားခြင်း မရှိလေရာ မျောက်ဝံကြီး၏ အသားတစ်များ သိမ်းငှက်နှုတ်သီးထဲ ပါသွားတော့သည်။

မျောက်ဝံဘီလူးကြီးသည် နာကျင်စွာ အော်ဟစ်ငြီးငြူ ရင်း ကြီးမားလှသော လက်ချောင်းများဖြင့် သိမ်းငှက်ကို ရိုက်ချလိုက်သည်။ သို့သော် ထိုသိမ်းငှက်မှာ သိမ်းငှက်အစစ် မဟုတ်။ မူလစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တခုမျှသာတည်း။

စုချန်းသည် ထိုနည်းစနစ်ကို မီးခိုးထံမှ သင်ယူထားခြင်း ဖြသည်။ သူ၏ မီးလျံငှက်သည် အင်အားကြီးမား၏။ သို့သော် ပြိုင်ဘက်များ အဆင့်မြင့်လာသည်နှင့်အမျှ သူ၏ မီးလျံငှက်မှာ ရေရှည်တွင် အသုံးမဝင်နိုင်တော့။ ရှီကိုင်းဟွမ်သည် စုချန်း၏ ရေတွင်းထဲမှ ဖားသူငယ်ဘဝကို ကွက်ကွက်ကွင်းကွင်းပင် ညွှန်ပြနိုင်ခဲ့လေသည်။ သူသာ မီးလျံငှက်၏ လတ်တလောစွမ်းရည်ကို သာယာနေခဲ့ပါက သူ၏ အနာဂတ်အလားအလာမှာလည်း အကန့်အသတ်နှင့်သာ ရှိနေပေလိမ့်မည်။

အခြေအနေမှန်ကို နားလည်သဘောပေါက်သွားပြီးနောက် စုချန်းသည် မီးလျံငှက်ကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်ရမည့်နည်းလမ်းကို အစဉ်တစိုက် ကြိုးစားရှာဖွေနေခဲ့လေသည်။ အနီရောင်တောင်စောင်းတိုက်ပွဲတွင် မီးခိုး၏ တိုက်ကွက်များကိုကြည့်ရင်း မီးလျံငှက်ကို ပို၍ အားကောင်းလာစေရန် ပြုုပြင်ရမည့် နည်းလမ်းကို စုချန်း ကြံဆနိုင်ခဲ့၏။

မီးခိုး၏ မူလစွမ်းရည်မှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် စစ်မှန်သော ပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲနိုင်စွမ်းရှိ၏။ ထို့ကြောင့် ၎င်း၏ မီးခိုးငွေ့များသည် တခါသုံးမဟုတ်ပဲ ကိုယ်ပိုင် ဖြစ်တည်မှု ပုံစံများရှိပြီး ရန်သူကို ထပ်ခါထပ်ခါ တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။ တိုက်ပွဲကြာလာသည်နှင့်အမျှ ထိုသဏ္ဍာန်များ၏ ပေါက်ကွဲနိုင်စွမ်းမှာ လျော့နည်းသွားသော်လည်း အချိန်ကြာမြင့်စွာ တည်ရှိနိုင်သဖြင့် နှောင့်ယှက်နို်င်စွမ်းတွင်ကား များစွာ အားသာချက်ရှိလေသည်။ ပို၍ကောင်းသည်မှာ ၎င်းသည် မီးကို စုပ်ယူနိုင်စွမ်းရှိနေခြင်းပေတည်း။

ထိုအခိုက်အတန့်တွင် မျောက်ဝံဘီလူးကြီး၏ အာရုံသည် မီးလျံသိမ်းငှက်ထံသို့ ရောက်နေလေရာ စုချန်းကို အာရုံစိုက်နိုင်ခြင်း မရှိတော့။ ထိုအခွင့်အရေးကို ယူပြီး စုချန်းက နောက်ထပ် မီးလျံသိမ်းငှက်တကောင်ကို ဖန်တီးလိုက်ပြန်သည်။ မီးလျံသိမ်းငှက်၏ နောက်ထပ် စွမ်းရည်တမျိူ းမှာကား ၎င်းသည် အကောင်ရေပေါင်းများစွာ ပြိုင်တူတည်ရှိနိုင်ခြင်းပင် ဖြစ်သည်။

စုချန်း၏ လက်အစုံမှ မီးလျံသိမ်းငှက် တကောင်ပြီးတကောင် ပေါ်ထွက်လာ၏။ ၎င်းတို့သည် အတောင်တဖြတ်ဖြတ်ခတ်ကာ လေထဲတွင် ပျံသန်းရင်း မျောက်ဝံဘီလူးကြီးထံသို့ ခုန်ဆင်းတိုက်ခိုက်နေကြလေသည်။ မျောက်ဝံကြီးသည် ၎င်း၏ လက်နှစ်ချောင်းကို မြောက်ယမ်းကာ သိမ်းငှက်များကို ရိုက်ချနေ၏။ စုချန်း၏ မီးလျံသိမ်းငှက်များသည် အမှတ်တမဲ့ ကြည့်လျင် ကောင်းကင်ယံမှ ထိုးကျလာသော ဥက္ကာခဲများနှင့်ပင် တူနေသေးသည်။ မျောက်ဝံကြီးကတော့ ဆလိုက်မီးရောင်များအောက်တွင် ကခုန်နေသူတယောက်နှင့် တူနေ၏။

တချိူ့ မီးလျံသိမ်းငှက်များသည် မျောက်ဝံကြီး၏ ရိုက်ချက်ကြောင့် ပေါက်ကွဲကုန်၏။ တချိူ့မှာကား အလိုအလျောက် ရှုံ့တွလာကာ တည်ရှိနိုင်စွမ်းမရှိတော့ပဲ ပေါက်ကွဲကုန်ကြသည်။ မည်သို့ဆိုစေ ပေါက်ကွဲမှုတခု ဖြစ်ပေါ်တိုင်း မျောက်ဝံကြီး၏ ကိုယ်ပေါ်တွင် အသေးစားဒဏ်ရာတခုတော့ ဖြစ်ပေါ်လာစမြဲ။ ဒဏ်ရာများမှာ မပြင်းထန်လှ။ သို့သော် မျောက်ဝံကြီး၏ တကိုယ်လုံးတွင် ဒဏ်ရာဗလပွနှင့် ဖြစ်နေခဲ့လေပြီ။

မီးတောက်မီးလျံများသည် စိတ်ရှုပ်ထွေးစရာကောင်းလောက်အောင်ပင် အဆက်မပြတ် ပေါက်ကွဲနေ၏။ မျောက်ဝံဘီလူးကြီးသည်လည်း ဒေါသတကြီးနှင့် အော်ဟစ်နေသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့ပြီဖြစ်သည်။ သွေးထွက်လွန်လာသည်နှင့်အမျှ ၎င်း၏ ခွန်အားမှာ ဒီရေကျသကဲ့သို့ ဆုတ်ယုတ်လာ၏။ ၎င်း၏ အမွှေးများမှာလည်း မီးလောင်သွားခဲ့ပြီဖြစ်ပြီး တကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။ ဒဏ်ရာကင်းစင်သော နေရာဟူ၍ အပ်တထောက်စာမျှပင် မကျန်တော့။

၎င်း၏ ဒဏ်ရာပျောက်ကင်းစေသော စွမ်းရည်သည် ဤတကြိမ်တွင်တော့ များပြားလှသည့် ဒဏ်ရာများကို ဖာထေးနိုင်တော့ပုံမရ။ အချိန်ကြာလာသည်နှင့်အမျှ မျောက်ဝံကြီး၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိမ်းယိုင်လာ၏။ ခြေလှမ်းများမှာလည်း လေးလံနှေးကွေးလာခဲ့လေပြီ။

အမှန်အတိုင်း ပြောရလျင် စုချန်းကိုယ်တိုင်လည်း ဤထက်ကောင်းအောင် တိုက်ခိုက်နိုင်စွမ်းမရှိတော့။ မီးလျံသိမ်းငှက်သည် အစွမ်းထက်သလောက် မူလစွမ်းအင် ကုန်ခန်းလှ၏။ ပို၍ ဆိုးသည်မှာ အပြင်အားကိုပါ ဖြည့်စွက် အသုံးပြုနေရခြင်း ဖြစ်သည်။ အချိန်တိုအတွင်းတွင် စုချန်း၏ မူလစွမ်းအင်မှာ ကုန်သလောက် ဖြစ်သွားပြီ။ သို့သော် မူလကျောက်တုံးကို အသုံးပြု၍ မူလစွမ်းအင်ကို ပြန်လည်ဖြည့်တင်းနိုင်သောကြောင့် ထိုကိစ္စမှာ လက်ရှိအချိန်ထိ ပြသနာမရှိသေး။ သို့သော် ကုန်ဆုံးသွားသော ရုပ်ပိုင်းဆိုင်ရာ အပြင်အားကို မည်သို့ ပြန်လည်ဖြည့်တင်းမည်နည်း။

စုချန်းကား အလွန်မောပမ်းနေခဲ့နေခဲ့လေပြီ။ သူ့မျက်နှာမှာလည်း သွေးမရှိတော့သကဲ့သို့ သွေးဆုတ်ဖြူလျော်နေ၏။

"သေစမ်း တော်တော် ခံနိုင်ရည်ရှိတဲ့ကောင်ပဲ"

စုချန်း ကျိန်ဆဲလိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို မြောက်ပြီး မီးလျံငှက်ကို ဖော်ထုတ်လိုက်သည်။ အလွန်မောပန်းနေခဲ့ပြီဖြစ်၍ နောက်ထပ် မည်သည့် မီးလျံသိမ်းငှက်ကိုမှ သူ မဖန်တီးနိုင်တော့။

ပြင်းထန်အားကောင်းသော မီးလျံငှက်သည် မျောက်ဝံကြီးကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်မီးလျံများကြောင့် ကောင်းကင်တခွင်လုံး ရဲရဲနီသွားလေသည်။

ရှိသမျှခွန်အားကို ထုတ်ကာ မီးကုန်ယန်းကုန် တိုက်ခိုက်ပြီးသကာလ စုချန်းတယောက် အခြေအနေ မဟန်တော့။ မျက်လုံးများပင် ပြာဝေလာခဲ့လေပြီ။ ကျေးဇူးတင်စရာကောင်းသည်မှာ မျောက်ဝံဘီလူးကြီးသည် ပြင်းထန်လှသော ဒဏ်ရာများကို ရေရှည်တောင့်ခံနိုင်စွမ်းရှိတော့ပုံမရ။ ပြင်းထန်သော မီးလျံငှက်သည် မျောက်ဝံကြီး၏ ပြိုလဲလု အခြေအနေကို အဆုံးစွန်ထိ တွန်ူူးပို့လိုက်နိုင်ပုံရသည်။ အက်ဒမန်တင်းမျောက်ဝံဘီလူးကြီးကား စုချန်း၏ လက်ချက်ကြောင့် မြေကြီးပေါ်သို့ တအိအိနှင့် လဲပြိုသွားခဲ့လေပြီတည်း။

မျောက်ဝံဘီလူးကြီးကား ယခုအချိန်ထိ မသေသေး။ သို့သော် ပြန်ထနိုင်စွမ်းလည်း မရှိရှာတော့။ သူ့မျက်လုံးထဲတွက်တော့ မျော်လင့်ချက်ပျက်သုဉ်းသည့် အရိပ်အယောင်များ ယှက်သန်းနေ၏။ သူ့ဘဝတလျှောက်လုံး တခါမှ မလဲကျဖူး။ ဤတကြိမ်သာ လဲကျဖူးသည်။ သို့သော် ဤတကြိမ်လဲကျခြင်းကြောင့် သူ့အသက်ကို ပေးဆပ်ရပေတော့မည်။

ထိုအခါကျမှ စုချန်းတယောက် စိတ်သက်သာရကာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် မျောက်ဝံကြီး၏ အသက်ရှုပုံကို ဂရုတစိုက်အကဲခတ်ကာ ၎င်းအနီးသို့ တိုးကပ်သွား၏။ သူသည် လက်စွပ်အတွင်းမှ ပုလင်းငယ်တလုံးကို ဆွဲထုတ်ကာ မျောက်ဝံဘီလူးကြီး၏ သွေးများကို ခံယူလိုက်၏။ ပါးစပ်ကလည်း ပြောလိုက်သေးသည်။

"ငါ့ကို အပြစ်မတင်နဲ့ကွ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေမှာပဲ မသေခင် လူသားမျိူ းနွယ်ကို အကျိူ းပြုသွားတော့ ကောင်းတာပေါ့ မင်းရဲ့ ဒေါသက မင်းရဲ့ခွန်အားကို တိုးပွားလာစေတယ် စနစ်တကျသာ လေ့လာလိုက်ရင် အများကြီး အကျိူ းရှိနိုင်တယ်"

မျောက်ဝံဘီလူးကြီး၏ သွေးများကို ငါးပုလင်းစာတိတိ စုချန်း ထုတ်ယူပြီး လျှို့ဝှက်သိမ်းဆည်းခြင်းနည်းလမ်းကိုဘသုံး၍ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ အသက်ရှင်နေဆဲ သတ္တဝါဆိုးကြီးများ၏ သွေးတွင် အသက်ဓာတ်များ ပါဝင်၍ စနစ်တကျ သိမ်းဆည်းနိုင်ရန် အလွန် အရေးကြီးလှသည် မဟုတ်ပါလား။ တဖန် သူက ကျောက်စိမ်းပုလင်းငယ်တလုံးကို ထုတ်ပြီး မျောက်ဝံကြီး၏ နှလုံးသားအနီးတွင် ထားလိုက်သည်။ ထို့နောက် သူက ၎င်း၏ နှလုံးသားနေရာကို လက်ညိုးဖြင့် ထိုးဖောက်လိုက်ပြီး နှလုံးသွေးများကို ကျောက်စိမ်းပုလင်းနှင့် ခံယူလိုက်သည်။ နှလုံးသွေးဟူသည် သားရဲသတ္တဝါဆိုးများ၏ အလွန်သန့်စင်သော အစိတ်အပိုင်း ဖြစ်ပြီး ရှင်သန်နေဆဲ အခြေအနေတွင်သာ ထုတ်ယူ၍ရ၏။ ထုတ်ယူရာတွင်လည်း အကန့််အသတ်နှင့်သာ ဖြစ်သည်။

နောက်ဆုံး ကျန်သောသွေးတစက် ကျောက်စိမ်းပုလင်းအတွင်း စီးကျလာပြီးနောက် မျောက်ဝံကြီး၏ မျက်လုံးများ ပိတ်သွား၏။ အက်ဒမန်တင်းမျောက်ဝံဘီလူးကြီးကား လူငယ်လေးတယောက်၏ လက်ချက်နှင့် သေဆုံးသွားရရှာလေပြီ။

ကျောက်စိမ်းပုလင်းကို ကျကျနန သိမ်းဆည်းပြီးသည်နှင့် စုချန်းသည် မျောက်ဝံဘီလူးကြီး၏ အလောင်းမှ ထွက်ပေါ်လာသော စွမ်းအင်အလင်းမှုန်များကို စတင်စုပ်ယူလိုက်သည်။ အလင်းမှုန် တစက်တလေမျှပင် စုချန်း အဆုံးရှုံးမခံ။

ထိုအခိုက်မှာပင် အဝေးဆီမှ ပြေးလွှားလာသော လူရိပ်များကို စုချန်း မြင်တွေ့လိုက်ရသည်။

ကျန်းရှ၊ တုချိန်းနှင့် တခြားလူများပေတည်း။

စုချန်း!! စုချန်း!!!

နောက်ဆုံးတော့ သူတို့ ရောက်လာခဲ့လေပြီ။ စုချန်းကား မူးလဲမလို ဖြစ်နေခဲ့လေပြီ။ သို့သော် သူက အဖွဲ့သားများကို ကြိုးစားပြီး တုံ့ပြန်လိုက်ရှာသည်။

"ကျူ ပ်ဒီမှာ..."

"ဒါ စုချန်းပဲ သူ ဟိုမှာရှင့် သူ ဟိုမှာ.. သူမသေသေးဘူး ဘုရားမတာပဲ"

တုချိန်းကား စိတ်လှုပ်ရှားစွာနှင့် စုချန်းဆီသို့ တဟုန်ထိုး ပြေးလာ၏။ နောက်ကျမှရောက်လာခဲ့၍ စိတ်ပျက်နေသော တုချိန်း စိတ်သက်သာရသွားခဲ့လေပြီ။ ဘာပဲဖြစ်ဖြစ် စုချန်း မသေသေး။

"စုချန်း တော်သေးတာပေါ့ကွာ ကျူ ပ်တို့ တကယ် စိတ်မကောင်းဘူး မမျှော်လင့်တဲ့ အကြောင်းတခုပေါ်လာလို့ နည်းနည်းနောက်ကျသွားတယ် ခင်ဗျားကို တမင်တကာ ဒုက္ခပေးတာ မဟုတ်ပါဘူးဗျာ မျောက်ဝံဘီလူးကြီး လက်ထဲက လွတ်အောင်ပြေးနိုင်ခဲ့ရဲ့လား ဒီကောင်ကြီးက မရလိုက်ရင်လည်း ပြသနာမရှိဘူး ခင်ဗျား အခြေအနေကောင်းတယ်ဆိုရင် လုံလောက်ပါပြီ"

ကျန်းရှကလည်း ကပျာကယာ ပြေးလာရင်း သူတို့ နောက်ကျရသည့် အကြောင်းကို ရှင်းပြလိုက်၏။ သို့သော် အနီးသို့ရောက်တော့မှ စုချန်းသည် အက်ဒမန်တင်းမျောက်ဝံဘီလူး အသေကောင်ကြီး၏ ရှေ့တွင် မတ်တပ်ရပ်နေကြောင်း သူ မြင်တွေ့လိုက်ရသည်။

စုချန်းကား မျောက်ဝံကြီးကို ကိုယ့်နည်းလမ်းနှင့်ကိုယ် နောက်ဘဝသို့ ပို့ဆောင်ပေးခဲ့လေပြီ။

"ဘုရား....ဘုရား....ဒါ....ဒါ....."

ထိုမြင်ကွင်းကြောင့် လူတိုင်းလိုလိုသည် အသက်ရှုရပ်မတတ် အံ့သြကုန်ကြလေပြီတည်း။

All Chapters