တန်ပြန်တိုက်စစ် ၁
Vol. 21 Ch. 202
"ခင်ဗျားတို့တတွေ ဒီကို ရောက်လာဖို့ အမွှေးတိုင်လေးချောင်းထွန်း ကုန်တဲ့အထိ အချိန်ယူခဲ့တယ် ကျူ ပ်နေရာမှာ အခြားတယောက်ဆိုရင် လေးခါပြန်တောင် သေခဲ့လောက်ပြီးပြီ ဒီအတွက် ကျူ ပ်ကို အကြောင်းပြချက်ကောင်းကောင်းပေးဖို့သင့်တယ်"
နောက်ဆုံးကျန်ရစ်သော စွမ်းအင်အလင်းစက်မှုန်ကို စုပ်ယူကာ သူ့အောင်ပွဲကို အဆုံးသတ်ပြီးနောက် စုချန်းက ကျန်းရှကို လှည့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
သူ့အကြည့်မှာ မှုန်ကုပ်ကုပ်နှင့် ကျန်းရှတို့လူစုကို အစာမကျေဖြစ်နေဟန်တူသည်။ ဤအခြေအနေတွင် စုချန်းသာမဟုတ်၊ မည်သူမှ စိတ်လက်ပျော်ရွှင်လိမ့်မည်မဟုတ်။
"တောင်းပန်ပါတယ်ကွာ ငါတို့ မမျှော်လင့်တဲ့ ပြသနာတခုဖြစ်သွားလို့"
နောက်ဆုံးမှရောက်လာသော ဝမ်တောက်ရှန်းက အမောတကောနှင့် ရှင်းပြလိုက်သည်။
"မမျှော်လင့်တဲ့ ပြသနာမျိူ း တကယ်ကြုံခဲ့တာပါသခင် ကျွန်တော်တို့ ဒီနေရာကို အမြန်ဆုံး ရောက်လာနိုင်အောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"
သံမဏိကလည်း ဖြည့်စွက်ရှင်းပြလိုက်သည်။ ဝမ်တောက်ရှန်းနှင့် သံမဏိတို့၏ စကားကို ကြားလိုက်ရသောအခါ စုချန်း အနည်းငယ် စိတ်ပြေစပြုလာ၏။ ထိုအခါကျမှ အဖွဲ့ဝင်များအားလုံး ချွေးသံတရွှဲရွဲနှင့် မောပမ်းနွမ်းနယ်ဟန်ပေါက်နေကြကြောင်း စုချန်း သတိထားမိလိုက်သည်။ ဤနေရာသို့ အမြန်ဆုံးရောက်လာအောင် သူတို့အနေနှင့် အစွမ်းကုန် ပြေးလွှားလာခြင်းမှန်း သံသယဖြစ်စရာမလိုတော့။ မည်သည့်အတွက်ကြောင့်မှန်းမသိ တိမ်တိုက်ကျားသစ်တော့ ပါမလာချေ။
"ဘာဖြစ်လာသလဲ တိတိကျကျ ပြောစမ်းပါ"
ထိုအခါ ကျန်းရှတို့လူစုသည် အနားယူရင်း အခြေအနေကို စတင်ရှင်းပြလေသည်။
စုချန်းက မျောက်ဝံအမကို အဝေးသို မျှားခေါ်သွားပြီးနောက် ကျန်းရှတို့ခုနှစ်ယောက်သည် မျောက်ဝံအထီးအား ပြင်းပြင်းထန်ထန် ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ မျောက်ဝံဘီလူးကြီးသည် အလွန် အင်အားကြီးမားသည် ဆိုသော်ငြား ချီစွမ်းအားပညာရှင်ခုနှစ်ယောက်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ရေရှည် ခံနိုင်ရည်မရှိရှာတော့။
သူတို့အားလုံးသည် ရှိသမျှအင်အားကို ထုတ်သုံးကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သိပ်မကြာခင် မျောက်ဝံဘီလူးကြီး လဲကျတော့မည်။ သူတို့ အနိုင်ရတော့မည်။ ထိုအခိုက်မှာပင် နောက်ထပ် အဖွဲ့တဖွဲ့ ပေါ်ပေါက်လာ၏။
"နောက်တဖွဲ့ ပေါ်လာတယ် ဟုတ်လား ဘယ်သူတွေတုန်း"
စုချန်းက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"ဘယ်သူရှိရမလဲ ဟိုကောင် ခွေးမသား အမှိုက်ထုပ် ကျန်းချန်းအန်ပေါ့"
ဝမ်တောက်ရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ဒီကောင်က ပြောတယ် ငါတို့ ဝိုင်းတိုက်လို့ သေခါနီးဖြစ်နေတဲ့ အက်ဒမန်တင်းမျောက်ဝံဘီလူးဟာ သူတို့ပိုင်တာတဲ့ ဒါကြောင့် သူတို့ကို ပေးသင့်သတဲ့"
"သူက ခင်ဗျားတို့ရဲ့ မျောက်ဝံကို လိုချင်တာပေါ့ ဟုတ်လား"
စုချန်းက အံ့သြတကြီးနှင့် ပြောလိုက်သည်။
"သူများပစ္စည်းကို အခြောက်တိုက်လာလုနေတယ်ဆိုတော့ တယ်လဲ အထက်စီးဆန် ဘဝင်မြင့်နေတဲ့ ကောင်ပါကလား"
"ရိုးရိုးလိုချင်တာမဟုတ်ဘူးကွ သူတို့က မျောက်ဝံကိုအရှင်လိုချင်တာ"
စုချန်းက ခေတ္တစဉ်းစားရင်း လွှတ်ခနဲ ပြောလိုက်သည်။
"ချင်းလင်အာ"
အက်ဒမန်တင်းမျောက်ဝံဟူသည် တိုက်စစ် ခံစစ် နှစ်ဖက်လုံးတွင် အလွန် အင်အားကြီးမားသည့် သတ္တဝါမျိူ းဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းမှာ ရိုးရှင်းသော်လည်း လက်တွေ့ဆန်၏။ ချင်းလင်အာသာ ၎င်းကို ထိန်းချူ ပ်နိုင်ပါက လူသားများရှေ့တွင် ဒိုင်းကာအဖြစ် အသုံးပြုနိုင်မည့်အပြင် သူမခွန်အားနှင့်ပါ ပေါင်းစပ်တိုက်ခိုက်နိုင်မည် ဖြစ်သည်။ အကောင်းဆုံးအပိုင်းမှာကား အက်ဒမန်တင်းမျောက်ဝံသည် ထိန်းချူ ပ်ရ အလွန်လွယ်ကူခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ချင်းလင်အာတို့အဖွဲ့အနေနှင့် ၎င်းကို စိတ်ဝင်စားသည်မှာ အဆန်းမဟုတ်ဟု ဆိုနိုင်သည်။
ကြည့်ရသည်မှာ ကျန်းချန်းအန်တို့ လူစုသည် ချင်းလင်အာ အလွယ်တကူ ထိန်းချူ ပ်နိုင်မည့် အဆင့်မြင့်သားရဲသတ္တဝါဆိုးမျိူ းကို လိုက်လံရှာဖွေနေသော်လည်း ယခုအချိန်ထိ သင့်တော်သည့်ပစ်မှတ်ကို တွေ့သေးဟန်မတူ။ ထိုအချိန်တွင် စုချန်းတို့အဖွဲ့နှင့် အက်ဒမန်တင်းမျောက်ဝံ အပြင်းအထန် တိုက်ခိုက်နေသည်ကို မြင်သောအခါ မျောက်ဝံကို လုယူရန် စိတ်ကူးရလာပုံပေါ်သည်။ သူတို့အဖွဲဝင်များသည် ဝမ်တောက်ရှန်းမှလွဲ၍ တော်ဝင်မျိူ းနွယ်စုဝင်များ မဟုတ်လေရာ ကျန်းချန်းအန်တို့က သူတို့ကို ဂရုစိုက်ပုံမရ။
နဂါးကျောင်းတော်တွင် သွေးဗီဇပါသူများနှင့် မပါသူများသည် အမြဲတမ်းလိုလို ဆန့်ကျင်ဘက်သာ ဖြစ်သည်။ တခူတရံတွင် တဖက်ဖက်က အကြောင်းကိစ္စ မယ်မယ်ရရ မရှိပဲ ပြသနာကို မီးခွက်ထွန်းရှာလေ့ရှိကြ၏။
ကျန်းရှတို့အဖွဲ့သည် မျောက်ဝံဘီလူးကြီးကို မပေးလို။ ကျန်းချန်းအန်တို့ကို ပြန်လည် တိုက်ခိုက်လိုကြသည်။ ကံမကောင်းစွာပင် သူတို့အနေနှင့် ကျန်းချန်းအန်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိ။ ရှိသည်ထားအုံး မျောက်ဝံဘီလူးကြီးကို အသေအကြေ တိုက်ခဲ့ရသောကြောင့် သူတို့အားလုံး မောပန်းနေခဲ့ပြီ။ အတိုချူ ပ်ပြောရလျင် တဖက်အဖွဲ့ကို သူတို့အနေနှင့် မည်သို့မှ ယှဉ်နိုင်စွမ်းမရှိလေရာ မျောက်ဝံဘီလူးကြီးအား ကျန်းချန်းအန်တို့ ခေါ်သွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
စုချန်းက ဝမ်တောက်ရှန်းကို မေးလိုက်ပြန်သည်။
"ကျူ ပ်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းကို ဒီကောင်တွေ လုနေတာ ချင်းလင်အာကကော ဒီအတိုင်း ကြည့််ရုံပဲ ကြည့်နေသတဲ့လား"
"သူကတော့ ကျန်းချန်းအန်နဲ့ တခြားလူတွေကို တောင်းပန်ဖို့ ကြိုးစားပါသေးတယ် ဒါပေမဲ့ မရပါဘူးကွာ"
ဝမ်တောက်ရှန်းက ပြောရင်း သက်ပြင်းချလိုက်သည်။ ဤနေရာတွင် ဝမ်တောက်ရှန်းသည် ချင်းလင်အာတယောက် မျောက်ဝံဘီလူးကြီးနှင့် သွေးဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း စုချန်းကို မပြောပြခဲ့။ ချင်းလင်အာသည် ကျန်းချန်းအန်အား တောင်းပန်ပေးခဲ့သည်ကတော့ မှန်၏။ သို့သော် စိတ်ပါလက်ပါမဟုတ်။ အဖြစ်သဘောမျှသာ။ စုချန်းကလည်း ဝမ်တောက်ရှန်း မပြောသော်လည်း သဘောပေါက်ပြီး ဖြစ်သည်။ ချင်းလင်အာသာ သွေးဆောင်ခြင်း မခံရလျင် မျောက်ဝံဘီလူး သူများနောက်ပါသွားသော်လည်း ဝမ်တောက်ရှန်း ဤမျှ စိတ်ညစ်နေမည် မဟုတ်။
သို့သော် စုချန်းက ထိုကိစ္စကို မည်သည့် မှတ်ချက်မှ မပေးသေးပဲ အေးစက်စက်လေသံနှင့် မေးလိုက်ပြန်သည်။
"နောက်တော့ ဘာဆက်ဖြစ်သလဲ ခင်ဗျားတို့ ဘာကြောင့် ချက်ချင်း ပြန်မလာတာလဲ"
အကယ်၍ မျောက်ဝံဘီလူးကိုကို ကျန်းချန်းအန်တို့ ယူဆောင်သွားသည် ဆိုပါက ဝမ်တောက်ရှန်းတို့ ခုနှစ်ယောက်အနေနှင့် စုချန်းကို အမြန်ဆုံး လာရောက်ကူညီသင့်သည် မဟုတ်ပါလား။
"ဟိုကောင် သွေးနတ်ဆိုးကျူံ းတင် ဆိုတဲ့ကောင်ပေါ့"
ဝမ်တောက်ရှန်းက ဒေါသတကြီးနှင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။
"ဒီကောင်က အဖွဲ့ထဲမှာ မင်းမပါမှန်း သတိထားမိသွားတယ်လေ ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ မေးခွန်းတွေထုတ် စကားတွေ လျှောက်ပြောပြီး တားဆီးတော့တာပဲ ငါတို့ သွားချင်လေလေ သူက တားလေလေပဲကွ"
စုချန်း မျက်မှောင်ကုတ်လိုက်သည်။
မျောက်ဝံဘီလူးများသည် အမြဲတမ်းလိုလို စုံတွဲသာ ရှိတတ်သော သဘာဝကြောင့် တခုခု ထူးဆန်းနေမှန်း ကျူံ းတင် သတိထားမိသွားပုံရသည်။ သို့သော် ၎င်းအနေနှင့် အဘယ်ကြောင့် မိမိကို ပစ်မှတ်ထားနေရသနည်း။ စုချန်းနှင့် ကျူံ းတင်အကြား မည်သည့်ပြသနာမှ မရှိ။ တောင်သုံးလုံးပြိုင်ပွဲတွင် ကျူံ းတင်ကို စုချန်း အနိုင်ယူခဲ့သည်မှာ မှန်၏။ သို့သော် ၎င်းမှာ ပြိုင်ပွဲသဘောအရသာ ဖြစ်သည်။ ထိုအတွက်ကြောင့်ပင် ချင်းလင်အာနှင့် စုချန်း အသင်းဖွဲ့နိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် တချိူ့လူများသည် ကိုယ်ကျိူ းအတွက်မဟုတ်ပဲ တခြားအကြောင်းတရာများကြောင့်လည်း ထိုသို့ပြုလုပ်တတ်မှန်း စုချန်း၏ အတွေ့အကြုံအရ သိရှိထားပြီး ဖြစ်သည်။ အထင်သေး၍ ဖြစ်စေ၊ ပျော်ရွှင်လို၍ ဖြစ်စေ သင့်အား တမင်သက်သက် ဒုက္ခပေးသူများ လောကကြီးတွင် အမှန်ပင် ရှိနေ၏။
စုချန်းသာ မမှားခဲ့လျင် ပြသနာက ရိုးရိုးလေးသာဖြစ်သည်။
ကျူံ းတင်၏ စိတ်ထဲတွင် ကျန်းရှတို့အဖွဲ့အား ဝမ်းချူ ပ်သည့်အခါတွင် ထိုင်မရထမရနှင့် စိတ်ကသိကအောင့် ကြုံတွေ့ရသလိုမျိူ း ပုံစံကို မြင်တွေ့လို၍ သက်သက်မဲ့ ရန်စနေခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဤကိစ္စက ကျူံ းတင်အတွက် ဟာသသက်သက် ဖြစ်နေသော်လည်း စုချန်းအတွက်တော့ သေရေးရှင်ရေး ဖြစ်နေ၏။ နောက်ဆုံးတွင် ကျန်းရှတို့ခုနှစ်ယောက် သွားချင်လွန်း၍ အရူးပမာ ဖြစ်နေသည်ကို ချင်းလင်အာ မကြည့်ရက်၍ ဝင်ပြောတော့မှ ကျူံ းတင်က လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုအတွက်ကြောင့်ပင် ကျန်းရှတို့အဖွဲ့ အရောက်နောက်ကျသွားရခြင်းပေတည်း။
အဖြစ်အပျက်ကို စုချန်း နားလည်သဘောပေါက်သွားလေပြီ။ ထိုအခါ သူက မေးလိုက်ပြန်၏။
"ဒါဆိုရင် တိမ်တိုက်ကျားသစ်ကော သူ ဘယ်မှာလဲ"
ကျန်းရှတို့ လူသိုက် တယောက်မျက်နှာကို တယောက် ကြည့်နေကြ၏။ ဝမ်တောက်ရှန်းက ပထမဆုံး စကားစလာသည်။
"တိမ်တိုက်ကျားသစ်က ဒီလို စော်ကားတာမျိူ းကို လက်မခံနိုင်ဘူးတဲ့ သူ အဲဒီကောင်တွေနောက် လိုက်သွားတယ်"
စုချန်း၏ မျက်လုံးထဲတွင် အလွန်အေးစက်သော အရိပ်တချိူ့ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက မေးလိုက်၏။
"သူတို့ ဘယ်ဘက်ကို ထွက်သွားသလဲ"
တုချိန်းက အနောက်ဘက်ကို လက်ညိုးထိုးပြလိုက်၏။
စုချန်း ပြေးပြီ။ ရှိသမျ အင်အားကို ထုတ်သုံးထား၍ သူ၏ အပြေးနှုန်းမှာ မီးခိုးငွေ့တန်းပမာ မြန်ဆန်လှသည်။ ကြောက်စရာ အပြေးနှုန်းပေတကား။ အဝေးဆီမှ လှမ်းအော်ပြောလိုက်သော စုချန်း၏ အသံကိုသာ တုချိန်းတို့ ကြားလိုက်ရသည်။ လူကိုကား မမြင်ရတော့။
"အဲဒီမှာပဲ စောင့်နေ ကျူ ပ် ခနနေရင် ပြန်လာခဲ့မယ်"
မျက်စေ့တမှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ မြန်ဆန်လှသော စုချန်း၏ လှုပ်ရှားမှုကြောင့် တုချိန်း မျက်လုံးများပင် ပြာဝေသွား၏။ သူမ၏ နှုတ်ဖျားမှလည်း အံ့သြတကြီးနှင့် ရေရွတ်လိုက်သော အာမေဋိတ်သံ ထွက်ပေါ်လာသည်။
"အိုး မြန်လိုက်တာ"
အခြေအနေက သေရေးရှင်ရေး ဖြစ်နေရာ စုချန်းအနေနှင့် မိမိ၏ အင်အားအမှန်ကို ဖုံးကွယ်ထားရန် အချိန်မရတော့။ ထိုအခါ လူတိုင်းလိုလိုသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်ကုန်ကြသည်။
ယုတ်စွအဆုံး စုချန်း၏ မိတ်ဆွေရင်းဟု ဆိုနိုင်သော ဝမ်တောက်ရှန်းကိုယ်တိုင်ပင် အငိုက်မိသွား၏။ သူက သံမဏိကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"ဒီနှစ်ပိုင်းတွေမှာ မင်းသခင်ဟာ မျှော်စင်ထဲမှာပဲ သုတေသနလုပ်ငန်းတွေနဲ့ အချိန်ဖြု န်းနေတယ် ထင်တာ သူ့အင်အားက ဘယ်လိုလုပ် တိုးပွားလာတာတုန်း"
"အသိပညာ ဗဟုသုတဆိုတာ အင်အားပဲလို့ သခင် အမြဲတမ်း ပြောလေ့ရှိပါတယ်ခင်ဗျာ"
".........."
စုချန်း ရှေ့သို့ တဟုန်ထိုး ပြေးလွှားနေ၏။ ကျန်းချန်းအန်တို့ ထွက်ခွာသွားပြီး သိပ်မကြာမီ သူ့အဖွဲ့က သူ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်လေရာ သင်းတို့ ဝေးဝေးမရောက်နိုင်သေး။
သိပ်မကြာမီ ခပ်လှမ်းလှမ်းမှ လူတစုကို စုချန်း မြင်တွေ့လိုက်သည်။ ကျန်းချန်းအန်တို့ အဖွဲ့ပေတည်း။ သို့သော် တိမ်တိုက်ကျားသစ်ကိုတော့ မတွေ့ရ။ တိမ်တိုက်ကျားသစ်သည် တောအလွန်ကျွမ်းသူ ဖြစ်သည်။ ထို့ကြောင့် တနေရာရာတွင် ပုန်းအောင်း၍ စောင့်ကြည့်နေမည်မှန်း စုချန်း အတပ်သိ၏။
ထို့ကြောင့် စုချန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ထိုအခိုက်မှာပင် သူ့နားထဲ၌ စကးပြောသံတသံကို ကြားလိုက်ရသည်။
"မင်းက ဒီကို ဘယ်လိုလုပ် ရောက်လာတာတုန်း"
စုချန်း လှည့်ကြည့်လိုက်၏။ တိမ်တိုက်ကျားသစ်ကား သူ့ညာဘက်တွင် မတ်တပ်ရပ်လျက် ရှိသည်။ သကောင့်သား မည်သည့်နေရာက မည်သို့ပေါ်လာမှန်း မသိလိုက်။ တယ်မြန်သည့်ကောင်ပါကလား။
မည်သို့ဆိုစေ သူ့ကို မြင်တွေ့လိုက်ရ၍ စုချန်း စိတ်သက်သာရသွားသည်။
"ဘယ်လိုရောက်လာရမှာတုန်း မင်းကိုတားမလို့ လိုက်လာတာပေါ့ကွ မိုက်ရူးရဲမဆန်စမ်းပါနဲ့ ကျားသစ်"
"ဒီကောင်တွေ ငါတို့ပိုင်တဲ့ပစ္စည်းကို အတင်းလုသွားတယ် တန်ရာတန်ကြေးမပေးပဲ ဘယ်သူမှ ဒါမျိူ း လုပ်ခွင့်မရှိဘူးကွ"
တိမ်တိုက်ကျားသစ်က ပြောလိုက်၏။
"ငါလည်း မင်းလိုပဲ တွေးမိတယ်"
စုချန်းက တိမ်တိုက်ကျားသစ်ကို နောက်မှ လှမ်းဆွဲရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလိုရှင်းလို့တော့ မရဘူးကွ မင်းဟာ တောနက်ထဲမှာ အလွန်အင်အားကြီးမားတယ်ဆိုတာ ငါ သိတယ် ဒါပေမဲ့ ပြိုင်ဘက်တွေကလည်း တယောက်မှ မညံ့ဘူးသူတို့အကုန်လုံးကို မင်းတယောက်တည်းနဲ့ ရှင်းနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ဤတကြိမ်တွင်တော့ တိမ်တိုက်ကျားသစ် ပါးစပ်ပိတ်သွား၏။ အမှန်တော့ ကျန်းချန်းအန်တို့ကို နိုင်လိမ့်မည်ဟု သူ့ကိုယ်သူလည်း ယုံကြည်မှုတော့ မရှိ။ သို့သော် ယုံကြည်မှုမရှိသည်က တပိုင်း၊ မဖြစ်မနေ လုပ်ဆောင်မည်က တပိုင်း ဖြစ်သည်။ ဤသည်မှာပင် တိမ်တိုက်ကျားသစ်၏ ဗီဇပေတည်း။
၎င်းကို စုချန်း ကောင်းကောင်းသဘောပေါက်၏။ ထို့နောက် သူက တိ်မ်တိုက်ကျားသစ်၏ ပုခုံးကို ခင်မင်ရင်းနှီးစွာ ပုတ်ရင်း ပြောလိုက်သည်။
"ဒီကိစ္စ ငါ့ကို လွှဲလိုက်စမ်းပါကွာ တခါတလေ လူတချိူ့ကို ပညာပေးဖို့ ပိုပြီး ညင်သာတဲ့ နည်းလမ်းတချိူ့ကို မင်းအနေနဲ့ ရှာဖွေသင့်တယ်ကွ"