ကောနွမ်နွမ်
Vol. 6 Ch. 501
"သူက တော်တော် ငယ်သေးတာပဲ …"
"ဒါ့တောက်" ဘွဲ့ပိုင်ရှင် မိန်းကလေးအား တွေ့သည်နှင့် ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
ထိုမိန်းကလေးသည် အသက်နှစ်ဆယ်ခန့်သာ ရှိသေးပုံ ရပြီး သန့်ရှင်းသော ဆာဖာရီ ဝတ်စုံအား ဆင်မြန်းထား၏။ သူမက မေးစေ့အား မော့ကာ ချန်းဖန်တို့ ရှိရာဘက်သို့ ငေးမော ကြည့်နေခဲ့သည်။
"ငါတို့နဲ့ ပူးပေါင်းမှာ သူတို့လား …"
ဒါ့တောက် မိန်းကလေးက ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ထံ တစ်ချက် လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
ချန်းဖန်ကား သာမန် ပုံသဏ္ဌာန်သို့ ရုပ်ဖျက်ထားရာ ဒါ့တောက် မိန်းကလေး၏ စိတ်ဝင်စားမှုအား မဆွဲဆောင်နိုင်ချေ။ သို့သော်လည် ယူကီရှီရိုဆာအား တွေ့သည်နှင့် ဒါ့တောက် မိန်းကလေး၏ မျက်နှာက အနည်းငယ် ဝင်းလက်သွား၏။
"ကျွန်မတို့ သွားမယ့်နေရာက ပြန်လမ်းမဲ့ တောင်ကြားလို့ ခေါ်တယ် … အဲဒီ တောင်ကြားက ဘော်နီယို ကျွန်းရဲ့ အန္တရာယ် အများဆုံး နေရာမှာ တည်ရှိတယ် … ရှင်တို့ လိုက်မှာ သေချာရဲ့လား"
ဒါ့တောက် မိန်းကလေးက ချန်းဖန်တို့ ရှိရာသို့ လျှောက်လာရင်း မေးလိုက်သည်။
"ပြန်လမ်းမဲ့ တောင်ကြား …"
ထိုနာမည်ကြောင့် ချန်းဖန် မျက်ခုံးပင့်လိုက်မိ၏။ ထိုနေရာကား ရတနာသိုက် တည်ရှိသော နေရာပင် ဖြစ်သည်။
"ကျုပ်တို့လည်း အဲဒီကိုပဲ သွားမှာ …"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"နင် … ဟွန့် …"
ဒါ့တောက် မိန်းကလေးက နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်၏။
"ကောင်းပြီလေ … ငါ့သက်တော်စောင့်ကို နိုင်ရင် ငါတို့နဲ့အတူ လိုက်ခွင့် ပေးမယ် …"
ဒါ့တောက် မိန်းကလေး၏ စကားအဆုံးတွင် ကြီးမားသော ကြွက်သားစိုင်များနှင့် လူသန်ကြီး တစ်ယောက် ရှေ့သို့ တက်လာခဲ့၏။
ထိုလူသန်ကြီးကား အတွင်းအား ပညာရှင် တစ်ယောက် မဟုတ်သည့်တိုင် သိုင်းပညာကိုမူ အတော်လေး လိုက်စားထားပုံ ရသည်။ သူ၏လှုပ်ရှားမှုက ပရမ်းပတာ ဖြစ်မနေပဲ အစီအစဉ် ကျနနေ၏။
"သူ့နာမည်က ဆက်ရှယ်တဲ့ … မလေးရှား တော်ဝင် တပ်ဖွဲ့ထဲက အထူးစစ်သား တစ်ယောက်ပဲ … နင်သာ သူ့ကို နိုင်ရင် ငါတို့နဲ့ ပူးပေါင်းခွင့် ပေးမယ်"
ဒါ့တောက် မိန်းကလေးက လူသန်ကြီးအား ညွှန်ပြရင်း ပြောလိုက်သည်။
မန်နေဂျာကမူ အားနာသော မျက်နှာဖြင့် ချန်းဖန်တို့အား တောင်းပန်ဟန် ကြည့်သည်။
မလေးရှား တော်ဝင် တပ်ဖွဲ့ဝင် စစ်သား တစ်ယောက်သည် သာမန်လူ ငါးယောက်အား တစ်ပြိုင်နက်ပင် အနိုင်ယူနိုင်သည်။ ချန်းဖန် ကဲ့သို့သော သေးငယ်သည့် ကောင်လေးက လူသန်ကြီး ဆက်ရှယ်အား ကျော်ဖြတ်နိုင်ရန် အခွင့်အလမ်း မရှိချေ။
"ယူကီရှီရိုဆာ …"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ယူကီရှီရိုဆာအား တာဝန် လွှဲပေးလိုက်သည်။
"အင်း …"
ယူကီရှီရိုဆာက ရှေ့သို့ တက်ကာ ခန်းမ အလယ်၌ နေရာယူလိုက်၏။
"ဟမ် … နင်က သူနဲ့ တိုက်ခိုက် မလို့လား …"
ဒါ့တောက် မိန်းကလေးက ယူကီရှိရိုဆာအား အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်၏။
ယူကီရှီရိုဆာက မည်သို့မျှ ပြန်မပြောပဲ တိုက်ခိုက်ရန်သာ အသင့်ပြင်လိုက်သည်။
"ဘုန်း …"
ဆက်ရှယ်က ယူကီရှီရိုဆာထံသို့ အတင်း ဝင်လုံးကာ လက်သီးဖြင့် ထိုးသည်။ သူ၏ တိုက်ခိုက်မှုက စစ်သားပီပီ ရက်စက် ပြင်းထန်ပြီး ထိရောက်မှုကို အသားပေး ထားသည်။
သို့သော်လည်း စိတ်မကောင်းစရာကား သူ၏ တိုက်ခိုက်မှုက ယူကီရှီရိုဆာ အတွက် ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားနားခြင်းပင်။
"ဘုန်း …"
စက္ကန့်ပိုင်းမျှ အချိန် အတွင်းမှာပင် ယူကီရှီရိုဆာက ဆက်ရှယ်၏ လက်မောင်းများအား ချိုးပစ်လိုက်၏။
"အား …"
ဆက်ရှယ်က ငယ်သံပါအောင် အော်ဟစ်ရင်း နောက်သို့ ဆုတ်လိုက်သည်။ သူ၏မျက်နှာ တစ်ခုလုံးတွင်မူ ချွေးများက အထပ်ထပ် စီးကျနေခဲ့ပြီ ဖြစ်သည်။
"ဟမ် …"
ထိုမြင်ကွင်းကို ကြည့်ရင်း ဒါ့တောက် မိန်းကလေးနှင့် အခြား သက်တော်စောင့်များ ဆွံ့အ သွားကြ၏။ နုငယ် လှပသော မိန်းကလေးက ထိုမျှ အစွမ်းထက်ကာ ရက်စက် လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားကြချေ။
"ထပ်ပြီး စမ်းချင်သေးလား …"
ချန်းဖန်က ဒါ့တောက် မိန်းကလေးအား ကြည့်ရင်း ပေါ့ပြက်ပြက်ပင် မေးလိုက်သည်။
"ရှင် …"
မိန်းကလေး၏ မျက်နှာက ချက်ချင်းပင် ဒေါသဖြင့် နီရဲလာ၏။ သူမက ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အသက်လတ် လူကြီး တစ်ဦးက သူမထံသို့ လျှောက်လာကာ တစ်စုံတစ်ခုအား တီးတိုး ပြောလိုက်သည်။
မိန်းကလေးက ငြိမ်သက်စွာ နားထောင်ရင်း ယူကီရှီရိုဆာအား အံ့အားသင့်သည့် ဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
"ကောင်းပြီလေ … ရှင်တို့ အတူလိုက်လို့ ရပြီ"
အတန်ကြာမှ မိန်းကလေးက ချန်းဖန်အား ကြည့်ရင်း ခွင့်ပြုလိုက်သည်။
ချန်းဖန်က မည်သို့မျှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ သူပြုံးရသည့် အကြောင်းရင်းကား အသက်လတ်လူ၏ တီးတိုးစကားကြောင့် ဖြစ်၏။
"မိန်းကလေး … အဲဒီ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးက သိုင်းပညာရှင် တစ်ယောက် ဖြစ်မယ် ထင်တယ် … သူက ကျွန်တော်တို့ အစောင့်တွေထက် ပိုပြီး အစွမ်းထက်တယ် …"
အသက်လတ် လူသည် အတွင်းအား ပညာရှင် တစ်ယောက် ဖြစ်နိုင်သည်။ သူ့အနေဖြင့် ယူကီရှီရိုဆာ၏ စွမ်းအား အစစ်အမှန်ကို မခန့်မှန်း နိုင်ခဲ့သည့်တိုင် အတော်အတန် ရိပ်မိခဲ့ပုံရသည်။
ဒါ့တောက် မိန်းကလေးက ချန်းဖန်တို့အား ဆက်လက် စကားမပြောတော့ပဲ ဝင်ပေါက်ဆီသို့သာ ငေးကြည့်နေခဲ့၏။ သူမကား တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံ ရသည်။
မကြာခင် အခန်းဆီသို့ လူငယ်၊ မိန်းမငယ် အချို့ ရောက်လာခဲ့၏။ အဆင်အပြင်များ အရဆိုလျှင် ထိုလူငယ်များသည် ချမ်းသာသော အသိုင်းအဝိုင်းမှ ဖြစ်ပုံရ၏။ သူတို့ အထဲတွင် လူဖြူ တစ်ယောက်လည်း ပါဝင်သည်။
သူတို့၏ စကားများအရ ဒါ့တောက် မိန်းကလေး၏ နာမည်မှာ ကောနွမ်နွမ်ဟု ချန်းဖန် သိရသည်။ သူမ၏အဖေက မလေးရှား၌ လွှမ်းမိုးနိုင်စွမ်း ရှိသော တရုတ်မျိုးဆက် တစ်ယောက် ဖြစ်၏။
"လူစုံရင် သွားကြရအောင်လေ …"
လမ်းညွှန်ကား အသက်လေးဆယ်ခန့် ရှိသည့် မလေးလူမျိုး တစ်ယောက် ဖြစ်သည်။ သူ၏ နာမည်က ဆယ်ဆန် ဖြစ်၏။
ကောနွမ်နွမ်နှင့် အခြားလူများကား ခရီးသွားရန် အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်သည်။ သူတို့တွင် ခရီးဆောင်အိတ်များ၊ အစားခြောက်များ စသည်ဖြင့် စုံလင်စွာ ပါဝင်ကြသည်။
သို့သော်လည်း ချန်းဖန်နှင့် ယူကီရှီရိုဆာတို့တွင်မူ နှစ်ယောက်ပေါင်း ဓားတစ်ချောင်းသာ ပါဝင်၏။ သူတို့၏ပုံစံက ခရီးသွားမည့် လူများနှင့်ပင် မတူကြချေ။
"အမကော … အဲဒီ အရှုပ်ထုပ် နှစ်ယောက်ကို ဘာလို့ ခေါ်ထားတာလဲ …"
လေယာဉ်ပေါ်တွင် ကောနွမ်နွမ်၏ ဘေးနား တစ်ဝိုက်၌ ထိုင်နေကြသော လူငယ်အချို့က ကောနွမ်နွမ်အား မကျေမနပ် မေးကြသည်။
"ဟုတ်တယ် အစ်မကော … ဝန်ပိုတွေ ခေါ်နေရသေးတယ်"
"သူတို့ နှစ်ယောက်က တရုတ်ဆိုတော့ ငါကူညီရမှာပေါ့ဟဲ့ …"
ကောနွမ်နွမ်က အိပ်ချင်ပြေ ကော်ဖီသောက်ရင်း ပြောလိုက်၏။
"နောက်ပြီး သူတို့က ဝန်ပိုတွေ မဟုတ်ဘူး... ဟိုမိန်းကလေးဆို ငါ့ရဲ့ သက်တော်စောင့်တွေ ထက်တောင် ပိုအစွမ်းထက်သေးတယ် သူက ဆက်ရှယ်ကိုတောင် အနိုင်ယူခဲ့တယ်လေ"
"ဘယ်လို …"
ထိုစကားကြောင့် လူငယ်များမှာ ဆွံ့အသွားကြ၏။
ဆက်ရှယ်ကား ကောနွမ်နွမ်၏ ဒုတိယမြောက် အစွမ်းအထက်ဆုံး သက်တော်စောင့် ဖြစ်သည်။ သူက အဘယ်ကြောင့် မိန်းကလေး တစ်ယောက်ထံတွင် ရှုံးနိမ့်ရမည်နည်း။
"ဟုတ်တယ် … အဲဒီ လူငယ်က အင်အားကြီး တရုတ် မိသားစု တစ်ခုက ဖြစ်ရမယ် …"
အသက်လတ် အရွယ် လူကြီးက ဝင်ပြောလိုက်၏။ သူ၏နာမည်က အန်ကယ်ရှဲ့ ဖြစ်သည်။
အန်ကယ်ရှဲ့သည် အသက်ငါးဆယ်ခန့် ရှိသည့် တရုတ်လူမျိုး သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ကောနွမ်နွမ်ပင်လျှင် သူ့အား မလေးမစား လုပ်ဝံ့ပုံ မပေါ်ချေ။
"တရုတ်ရဲ့ အင်အားကြီး မိသားစု တစ်ခုခုကလား …"
လူငယ်များက အံ့အားတကြီးဖြင့် ချန်းဖန် ရှိရာသို့ လှမ်းကြည့်ကြသည်။ သို့သော်လည်း ချမ်းသာခြင်းနှင့် ပတ်သက်သည့် အရိပ်အငွေ့ တစ်စုံတစ်ရာမျှ ချန်းဖန်ထံတွင် မတွေ့ရချေ။
"ပြန်လမ်းမဲ့ တောင်ကြား ခရီးစဉ် အတွင်းမှာ ငါတို့ သူ့ကို စစ်ဆေးကြည့်ရမယ်"
ကောနွမ်နွမ်က ကော်ဖီသောက်ရင်း တီးတိုး ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများကမူ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့သည်။
***